Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

သုမောင် - သာဓုသာဓုသာဓု

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

သာဓု (သခင်ဖေသန်း) ၏ ပင်ကိုယ်စရိုက် လက္ခဏာအချို့

 

          ရေးလက်စ ဖခင်ကြီး၏ ဘဝအစိတ်အပိုင်းကို လစဉ် ရေးသားနေခဲ့ရာက မထင်မှတ်သည့် ထောင့်ကွေးမှ အကြောင်းတရားတချို့ ပေါ်လာသောကြောင့် ယခုစာစုကို ကြားဖြတ်ရေးရပါသည်။ “သာဓု သာဓု သာဓု” စာစုများမှာ စာ ဖတ်သူအဖို့ ပေါ့ပေါ့ပါးပါး ဖြစ်စေရန် စကားပြောရေးဟန်ဖြင့် ရေးခဲ့ပြီး ယခု စာမူကိုမူ စကားပြေ စာပေရေးဟန်ဖြင့် ရေးပါသည်။ ကြားဖြတ်ရေးသော စာမူ ဖြစ်သော်လည်း အကြောင်းအရာမှာ ယခုစာမူကို အထောက်အကူ ပြုပါလိမ့်မည်။ ဆိုလိုသည်မှာ ဤစာမူကို ဖတ်ရှုပြီးသောအခါ ရေးခဲ့ပြီးသမျှ “သာဓု” စာစုများကို ပြန်၍နွေးပြီး နမူနာ ယူနိုင်ပါသည်။ ရှေ့လဆက်ရေးမည့် စာမူကို ဖတ်ရသော အခါ၌လည်း ဤစာစုကလေးက အထောက်အပံ့ ပေးပါလိမ့်မည်။

          ဤစာစုကို ရေးဖြစ်ရသည်မှာ သားငယ် ထိန်ထိန်သာကြောင့် ဖြစ်ပါသည်။ ဤသို့ဖြစ်ပါသည်။ နာဂစ်မုန်တိုင်းစဲစ အလှူရှင်များ စတင်ကုသိုလ်ပြုကြသော အခါ သားဖိုးသောကြာက တတ်အားသရွေ့ ငွေအား၊ လူအားဖြင့် ကူညီပါသည်။ သို့သော် မုန်တိုင်းကြောင့် ရုပ်ရှင်၊ ဂီတနယ်များပါ ပျက်စီးသွားကြရလေရာ သားကြီးခမျာ လတ်တလော အလုပ်လက်မဲ့ ဖြစ်သွားပါသည်။ အိမ်၏ကုန်ကျ စရိတ်ကို အများဆုံး ထောက်ကူနေသော သားကြီးခမျာ ရုတ်တရက် စိတ်ဓာတ် ကျသွားပါသည်။ လှူချင်သလောက်လည်း မလှူနိုင်သဖြင့် စိတ်မကောင်းဖြစ် ရှာပါသည်။ ထိုအခိုက်မှာပင် စင်ကာပူမှ သူ့ပရိသတ်တစ်ဦးက အလည်အပတ် ဖိတ်ပါသည်။ ထိုအခါ သူသွားပါသည်။ စိတ်ပြေလက်ပျောက်သဘောရော ဟိုမှာ သူစွမ်းသည့် ပညာဖြင့် အလှူငွေရှာရန်ပါ ဖြစ်သည်။

          ထိုသတင်းကြားသောအခါ သားငယ်က ဖုန်းလှမ်းဆက်ပြီး သူ့အစ်ကို ကြီး ရောက်လာလျှင် သူနှင့်သူ့ညီမတို့ လတ်တလော ကြိုးစားနေသော ပြည်ပ ရောက် အလုပ်သမားငယ်၊ ကျောင်းသားကျောင်းသူငယ်တို့၏ နာဂစ်ရန်ပုံငွေ လုပ်ငန်း ပိုအောင်မြင်မည်ဟု ပြောပါသည်။ သူ့စိတ်ကူးလေးကို သဘောကျ သဖြင့် ကျွန်တော်က “သာဓု ခေါ်လိုက်ရာ သားငယ်က “သားက သာဓုမြေး မဟုတ်ဘူးလေ။ “အတာ့မြေး”ဟု ပြောပါသည်။ ထိုစကားရပ်ကလေးမှာ သူ့အဘိုး ကို သူတန်ဖိုးထားပုံမှာ ထူးခြားလှသဖြင့် ကျေနပ်ရပါသည်။ ထို့ပြင် ကျွန်တော် ရေးနေသော “သာဓု” ငယ်ဘဝ အတ္ထုပ္ပတ္တိမှာ “အတာ” ဝတ္ထုဘဝဖြစ်နေသောကြောင့်လည်း ပီတိပွားရပါသည်။ သူ့ စကားလေးကို ကလေးစကားဟု ယူ သော်လည်း ရပါသည်။ ဆင့်ပွားတွေးဆယူပါကလည်း ဆင်းရဲသူ ဆင်းရဲသားများ ကို စေတနာထားသော သာဓုခေါ် အတာ၏ ပင်ကိုသဘာဝကို ရိုးရိုးလေး ဖော်ကျူး နေသည်ဟု ဆိုရပါမည်။ သို့သော် ထိုမျှနှင့်တော့ ဤစာမူ ဖြစ်ပေါ်ရန် အကြောင်း မဟုတ်သေးပါ။

          မနေ့တစ်နေ့က ဖိုးသောကြာ စင်ကာပူမှ ပြန်ရောက်သောအခါ ဟိုက ရလာသည့် ငွေကြေးများဖြင့် ထပ်မံလှူဒါန်းရန် လေဘေးသင့်ဒေသများသို့ ထပ်သွားပြန်ပါသည်။ ထိုသတင်းသည် အလင်းတန်းဂျာနယ်၌ ပါရှိလာပါသည်။ ထူးခြားတာက မင်းသား၊ မင်းသမီးငယ်များ မိုးထဲလေထဲ ကိုယ်ထိလက်ရောက် လှူဒါန်းနေကြသော ဓာတ်ပုံများတွင် ဖိုးသောကြာ၏ ဓာတ်ပုံမှာ တောသူအဘွား ကြီးက ဖိုးသောကြာကို ထိုင်ကြည့်ရင်း ကျေနပ်ပီတိဖြင့် ရယ်မောပျော်ရွှင်နေပုံ ဖြစ်ပါသည်။ ထိုဓာတ်ပုံလေး၏ အောက်ခြေမှ ပုံစာမှာ “ကိုသုမောင်သား ဆိုတော့ ဦးသာဓုမြေးပေါ့နော်” ဟူ၍ ဖြစ်ပါသည်။ ထိုအဘွားကြီး ပြောလိုက်သော စကားရပ်သည် သားငယ်ပြောသော “အတာ့မြေး”ဆိုသော စကားရပ်နှင့် ထပ် တူမက တာသွားနေပါသည်။ ကျွန်တော်တို့၏ သာဓုအုပ်စု သဘာဝပင်ကို သဘောကို ပြောနေသကဲ့သို့ ဖြစ်ပါသည်။ ထိုထက်ကား မျိုးဆက်သုံးဆက်ကို ချစ်သော ပရိသတ်၏ ဖွင့်ဟချက် ဖြစ်ပါသည်။ ကျွန်တော်က ထိုစကားရပ် ကလေးကို ဂုဏ်ယူနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစကားရပ်သည် စာအုပ်စာပေ၊ ကျမ်း၊ မော်ကွန်းစသော ပညာရှင်များ၏ သတ်မှတ်ချက် မဟုတ်ဘဲ သာမန်တောင်သူလယ်သမား ဆင်းရဲသား (လက်ရှိ ဒုက္ခသည်) အဘွားကြီး၏ စကားဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုစကားပါ “ဦးသာဓုရဲ့ မြေးပေါ့နော်” ဆိုတာ ဖိုးသောကြာကိုသာ ကွက်ပြီး ပြောခြင်းဟု မယူဆရပါ။ သာဓုမြေး၊သာဓုအုပ်စုကို ခြုံငုံ၍ ပြောလိုက်ခြင်းဟု ယူပါသည်။ ဒါကြောင့် ဂုဏ်ယူရသည်ဟု ကျွန်တော်က ပြောရပါသည်။ ယခု ဤစာမူသည် သားငယ်၏ စကား “အတာ့မြေး” ဆိုတာနှင့် အဘွားအို၏စကား “

ဦးသာဓုမြေး” ဆိုတာ နှစ်ခုကို ပေါင်းစပ်လျက် ချဲ့ထွင်ရေးသားထားခြင်း ဖြစ်ပါသည်။

          ကျွန်တော်ရေးခဲ့သော “သာဓု”၏ “အတာဘဝ” စာစုများတွင် ကျွန်တော့် အမြင်နှင့် အဖေ့ဘဝ (အတာဝတ္ထုစာအုပ်)ကို ရောယှက်၍ စာချာအောင် ရေး ခဲ့ပါသည်။ ယခုစာစုတွင်မူ ဖခင်ကြီးနှင့် အတူနေခဲ့စဉ်က ကိုယ်တွေ့ ဖြစ်ရပ်များ ကိုသာ အခြေခံပါမည်။ သာဓု၏စရိုက်၊ အတာ၏ သဘာဝအပြင် ကျွန်တော့် အဖေ၏ ပင်ကိုသဘောကို ဖော်ပြပါလိမ့်မည်။

          ယနေ့ချိန်ထိ သာဓု၏ စာပေအဆင့်၊ ရုပ်ရှင်ဒါရိုက်တာ ပညာတို့ကို သုံးသပ်သူ အလွန်ရှားပါသည်။ ဒါသည် အဖေ့အားနည်းချက်လည်း ဖြစ်ကောင်း ဖြစ်မည်။ သုတေသီတို့ သတိမေ့သွားခြင်းလည်း ဖြစ်နိုင်သည်။ ဆရာမောင်စိမ်းနီ ကတော့ သူကိုင်နေသော“ပိတောက်ပွင့်သစ် စာပေမဂ္ဂဇင်း”တွင် မကြာခင် ဆရာ

သာဓုကို ဖော်ထုတ်မည်ဟု သိရသည်။ အများသူငါ ထားရှိသော ပညာရပ် စံချိန်မမီလို့လည်း ဖြစ်နိုင်ပါသည်။ စာပေဆု၊ အကယ်ဒမီဆု၊ နိုင်ငံ့ဂုဏ်ရည်ဆု စသည်ဖြင့် ရရှိခဲ့ဖူးသော်လည်း ဒါသည် တော်ရုံလူရနိုင်သော ဂုဏ်ထူးများ ဖြစ်ပါသည်။ ဥပမာ-ကျွန်တော်သည်ပင် (နိုင်ငံ့ဂုဏ်ရည်လို နိုင်ငံရေးဆုမျိုး) ဆုတွေရရှိခဲ့ဖူးသူ မဟုတ်ပါ။ တစ်နည်းအားဖြင့် ပြောရပါလျှင် သာမန်အရပ်သူ အရပ်သားတို့က အထင်တကြီး ရှိသော်လည်း ပညာရှင်၊ ပညာရှိတို့အနေနှင့်မူ သိပ်ပြီး ထူးခြားသောဂုဏ်ပုဒ်များမဟုတ်ပေ။ တရားသဘောနှင့်ဆိုပါမူ “အနတ္တ” မျှသာ ဖြစ်ပါသည်။ ထိုထိုသော ဆုများနှင့် ပတ်သက်၍ ကာယကံရှင်၏ ခံစားချက်ကမူ အရေးကြီးပြန်ပါသည်။ ဥပမာ

          “နိုင်ငံ့ဂုဏ်ရည်ဆု” ပေးမည်ဟု အဖေထံ သက်ဆိုင်ရာက လာတွေ့ချိန် တွင် အနီး၌ ကျွန်တော်ရှိနေပါသည်။ အဖေက နားမကောင်းသဖြင့် ကျွန်တော် က ကြားခံ ဘာသာပြန်ပေးရပါသည်။ ထိုပုဂ္ဂိုလ်တို့ရောက်ရောက်ချင်း လာရင်း ကိစ္စ စကားစရာ အဖေက မကြားပါ။ ထိုစဉ် မှတ်တမ်းဓာတ်ပုံရိုက်လိုက်သော ကြောင့် မီးရောင်ဝင်းခနဲ ဖြစ်သွားလေရာ...

          “ဟေ့ကောင်တွေ၊ သာဓု ဘယ်မှ ထွက်မပြေးဘူး၊ ဓာတ်ပုံရိုက်မနေကြနဲ့” ဟု ဘုတောသဖြင့် မနည်းကြီးအော်ပြီး ရှင်းပြရပါသည်။ ဒါတောင် “ငါကအသေခံတပ်ဗိုလ်သာ လုပ်ခဲ့တာ၊ နယ်ချဲ့ကို ပါးစပ်နဲ့ တော်လှန်ခဲ့တာကွ၊ မင်း တို့ ဆုပေးချင်ရင် တိုင်းပြည်အတွက် တကယ် အသက်စွန့်ခဲ့တဲ့ သာမန်ရဲဘော် လေးတွေကို သွားပေးကြ” ဟု ဆိုနေပြန်သဖြင့် ထိုကိစ္စမှာ သီးသန့်ရွေးချယ်ပေး ခြင်းဖြစ်ကြောင်း ရှင်းပြရပြန်ပါသည်။ (ရယ်စရာလေး ပြောလိုက်ချင်ပါသေး သည်။ ထိုနိုင်ငံ့ဂုဏ်ရည်ဆုနှင့်အတူ လစဉ် ရိက္ခာများထောက်ပံ့လေရာ အဖေ့ ခမျာ အကျေနပ်ကြီး ကျေနပ်ပြန်ပါသည်။ အကြောင်းမှာ သူ အလွန်ကြိုက်သော ဒူးယားစီးကရက် ပါဝင်နေသောကြောင့် ဖြစ်သည်။) လူဆိုတာ ထိုသဘော ရှိပါသည်။ ထိုသို့ ဂုဏ်ပြုဆုရသည်ကို ထော်လော်ကန့်လန့် လုပ်ခဲ့သလိုပင် သူရရှိခဲ့ဖူးသော အကယ်ဒမီရုပ်နှစ်ခုတွင် သူ ကွယ်လွန်ခါနီး ပြန်ရှာသောအခါ တစ်ရုပ်မှာ ပျောက်ဆုံးနေပါသည်။ (ယခုထိရှာမတွေ့တော့ပါ။) နောက်တစ်ရုပ်က သူ့ခုတင်အောက်တွင် တိုလီမိုလီတွေကြား ပက်လက်ကလေးလန်လျက် နေရရှာ သည်။ တန်ဖိုးမထားတာတော့ မဟုတ်။ အဖေသည် ဘယ်ပစ္စည်းကိုမျှ သပ် သပ်ရပ်ရပ် မသိမ်းဆည်းတတ်ခြင်း ဖြစ်သည်။ သို့သော် သူ စာပေဆုရခဲ့သော “ပတ်ကားဖောင်တိန်”ကလေးကိုမူ ကျွန်တော် ရှစ်တန်းကျောင်းသားဖြစ်သောအခါ တယုတယ ထုတ်ပေးရှာပြန်ပါသည်။ ထို့ထက်ကား သူ သွားတတ်လာတတ်သော လမ်းဘေးဈေးဆိုင်များဆီ ရောက်လို့ လမ်းဘေးကလေးတွေက “ဟာ၊ ဟိုမှာ သာဓုကြီးဟေ့” ဟု အော်ဟစ်နှုတ်ဆက်လျှင် သွားကျိုးလေးတွေ ပေါ်အောင် ရယ်မော သဘောကျတတ်ပြန်သည်။ သူ့စိတ်ထဲ ထိုကလေးတွေကို သူ ငယ်ငယ်က “အတာ” ကလေးတွေဟု ထင်နေပုံ ရလေသည်။

          စကားမစပ် လူကြီးသူမချင်း ကွာခြားပုံလေး ပြောချင်ပါသေးသည်။ စောစောက ပြောသလို အဖေ့နှင့် ခေတ်ပြိုင်စာရေးဆရာကြီးဖြစ်သော ပုဂ္ဂိုလ် ကြီးတစ်ယောက်ကိုလည်း အဖေကဲ့သို့ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပေးရန် သက်ဆိုင်ရာက အိမ်မှာ သွားရောက်တွေ့ဆုံခဲ့ရာ အိမ်ရှေ့ ဌာနဆိုင်ရာကား ဆိုက်တာမြင်လျှင်ပင် ထိုပုဂ္ဂိုလ်ကြီးသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဖေးပေါက်မှ ဆင်းပြေး ခဲ့ရှာပါသည်။ မောကြီးပန်းကြီးနှင့် ၃၃ လမ်း ရွှေကြည်အေး လက်ဖက်ရည် ဆိုင်သို့ ပြေးဝင်လာပြီး အိမ်သာထဲ ဝင်ပုန်းတာ ကျွန်တော့်မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ကျွန်တော်က ဆရာကြီးကို ဟာသလုပ်ပစ်တာ မဟုတ်ပေ။ လူကြီးနှစ်ယောက်သဘာဝ ကွာတာပြောခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုဆရာ ကြီးကား စာပေနယ်မှာကျတော့ အဖေ့ထက် လေးစားဂုဏ်ပြုခြင်း ခံရပြန်နေ ပါသည်။

          သူရို့ ခေတ်က စာပေလောကတွင် အဖေ့အား လုံချည်ဖြူဝတ်သူဟု အချို့က ကင်ပွန်းတပ်ကြပါသည်။ အရောင်အသွေးမရှိဟု ဆိုပုံရပါသည်။ အဖေက မတုံ့ပြန်ပေ။ လုံချည်ဖြူဆိုတော့ သန့်ရှင်းမည်ဟုသာ ကိုယ့်ဘာသာ သတ်မှတ်ပါသည်။ သဘောမှာ ထိုခေတ် လက်ဝဲလက်ယာ ဆိုရှယ်လစ်ဟူသော ဂုဏ်သုံးခုတွင် အဖေ မပါဝင်ခဲ့ပေ။ အဖေက နိုင်ငံရေးနှင့် အနုပညာကို ခွဲခြား ထားပါသည်။ ထိုသို့ဆိုသဖြင့် “အနုပညာသည် အနုပညာအတွက်” ဟူသော ရပ်တည်ချက်လည်း မဟုတ်ပြန်ပါ။ “ပြည်သူ့အတွက်” ဟူ၍လည်း မကြွေးကြော် ပါ။ စာဖတ်သူနှင့် တစ်သားတည်း လက်တွဲသွားချင်မည့် အယူအဆ ဖြစ်ပါသည်။ ထိုစာဖတ်သူသည် ဓနရှင်လား၊ ကွန်မြူနစ်လား၊ ဆိုရှယ်လစ်လား မစဉ်းစားပေ။ အဖေက “လူ”ကို လူသားဟုသာ မြင်ပုံရသည်။ ကိုယ့်လမ်းကိုယ်လျှောက်ရင်း လမ်းမှာ တွေ့သူများကို ပြုံးပြနှုတ်ဆက်သွားတတ်သော ရှေးမြန်မာကြီးမျိုးနှင့် ဆင်ဆင်တူပါသည်။ ထို့ကြောင့် သာဓု၏ စာပေအနုပညာများသည် ပုဂ္ဂလိက မဆန်ဘဲ ယေဘုယျ ဆန်နေခြင်း ဖြစ်ပါသည်။ ယေဘုယျဆန်သောကြောင့်ကြာရှည်ခံပါသည်။ ဒါကို စောစောက ပြောခဲ့သော ဖိုးသောကြာကို နှုတ်ဆက်နေ သည့် တောသူမကြီးက သက်သေခံနေပါသည်။ ရဲရဲကြီးပြောရပါလျှင် ပညာရှိတစ် ယောက်၏ ကဲ့ရဲ့ ချီးမွမ်းခြင်းနှင့် ထိုတောသူမကြီး အမှတ်တရနေခြင်းသည် ကွာခြားပါသည်။ ဒါကို ယောအတွင်းဝန် ဦးဘိုးလှိုင်က သူ့မြင်းထိန်းအား “ငါ့ကို နောင် မချီးကျူးလင့်၊ ရော့ အသပြာ” ဟု ရှက်စိတ်ဖြင့် နှုတ်ပိတ်တာမျိုး နှင့် ပမာမပြုလိုပါ။ ရွှေနန်းသုံး ဘုန်းတော်ဘွဲ့ စာပေဂီတများ ခေတ်စားနေချိန် တွင် ဝန်ကြီးပဒေသရာဇာသည် မူခွဲထွက်ပြီး လယ်သမား၊ ချောင်းသမား၊ ထန်းသမားများ ရွတ်ဆိုနိုင်ရန် ရိုးစင်းသော ကျောချင်းများ ဖွဲ့ပုံနှင့်သာနှိုင်းယှဉ် စေလိုပါသည်။ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် ဝန်ကြီးပဒေသရာဇာ ခံယူချက် ကွာခြားပုံဟု ထင်မိပါသည်။ ထိုကိစ္စနှင့် ဆက်စပ်၍ ကျွန်တော်သည် အဖေနှင့် ဆွေးနွေးဖူးပါသည်။

          တကယ်တော့ ဒိုးဒိုးဒေါက်ဒေါက် ရေးသောဟန်သည် သာဓုဟန်ဟု ဆိုရငြားလည်း “ဓား” ဝတ္ထုကြီးရေးခဲ့သည့် စာရေးဆရာကြီး “မင်းဆွေ” ၏ အငွေ့အသက်ပါနေကြောင်း အဖေက ဝန်ခံဖူးပါသည်။ သို့သော် ......

          “အဖေကြိုက်တဲ့ စာရေးဆရာကြီးတွေက မင်းသုဝဏ်နဲ့ ဇော်ဂျီကွ။ ဆရာကြီးတွေဟာ ရိုးသားသန့်စင်တဲ့ ပင်ကိုသဘာဝရှိတာ သူတို့စာတွေ၊ ကဗျာ တွေမှာ ပေါ်လွင်နေတယ် သားရဲ့။ ဒါ့ပေမဲ့ အဖေ့ရဲ့ စိတ်ဓာတ်က မဟုတ်မခံ

ဖြစ်နေတာကိုတော့ ပြင်လို့မရဘူး” ဟု ပြောဖူးပါသည်။ ဆရာကြီး မင်းသုဝဏ် ကို အဖေ အလွန်ချစ်ကြောင်းကိုကား ကျွန်တော်တို့ ငယ်စဉ်က ရုပ်ရှင်လိုက်ပြ တိုင်း အဖေသည် ကားနောက်ခန်းတွင် ဖျာကြီးခင်းပြီး ဆရာမင်းသုဝဏ်၏ သားသမီးများကိုပါ ကားဖြင့် ဝင်ခေါ်သွားလေ့ရှိတာ ကျွန်တော် မှတ်မိနေပါသည်။

          စောစောက ပြောသလို လက်ဝဲလက်ယာ စာရေးဆရာများက အဖေ့အား “လုံချည်ဖြူဝတ်သူ” ဟု ပြောတာ မှန်ကန်ကြောင်း သက်သေရှိပါသည်။ အဖေ့ အား မော်တော်ကားစီးသည့် ဓနရှင် စာရေးဆရာဟု ပုတ်ခတ်ဝေဖန်သည့် လက်ဝဲစာရေးဆရာတစ်ဦးသည် တစ်နေ့တွင် အဖေ့ကားနှင့်အတူ လိုက်ပါလာ ပါသည်။ ထိုစဉ်လမ်းဘေးဈေးသည်များ၊ သူတောင်းစားများကို မြင်သောအခါ လက်ဝဲဆရာက အလွန်သနားစရာကောင်းကြောင်း ဆင်းရဲသားဋီကာ ဖွင့်နေ ပါသည်။ ဤသို့ဖြင့် ကုန်းတက်တစ်နေရာ ရောက်သောအခါ အဖေ့ကားရှေ့မှ ကုန်းတက်မှာ မနိုင်မနင်း ဆွဲနေရရှာသော လန်ချားကုလားသည် နောက်ပြန် ကျလာလေရာ အဖေ့ကားဆီ ဦးတည်လာသဖြင့် ကားကို အလျင်အမြန် ဘရိတ်ဖမ်းလိုက်ရပါသည်။ ထိုစဉ် စောစောက ပြောသော ပြည်သူ့ဘက်တော် သား စာရေးဆရာက..... ။

          “ဟာ... ခွေးမသား ကုလား၊ ငါ ဆင်းရိုက်လိုက်ရ” ဟူ၍ လန်ချား ကုလားကို လှမ်းငေါက်ပါသည်။ (ထိုအကြောင်း သာဓုလူဝါးဝတယ် စာအုပ်တွင် ရှုပါ။)

          တစ်ကြိမ်တွင်လည်း “ပြည့်တန်ဆာများ ပေါ်ပေါက်လာရသည်မှာ ဂုဏ်ကြီး ရှင်၊ ဓနရှင် သူဌေးများက အိမ်ဖော်များကို ခြေတော်တင်ရာမှ စတင်ကြောင်း” ဝတ္ထုရေးလေ့ရှိသော စာရေးဆရာတစ်ဦးသည် အရက်မူးမူးဖြင့် ဆောင်ကြာမြိုင် တစ်ခုသို့ သွားရောက်ခဲ့ပြီး “အန်တီကြီး အသစ်ကလေး မရှိဘူးလား” ဟု မေး

ကြောင်း အဖေ့အား ပြန်ပြောသဖြင့် “အသစ်ကလေး” ဟူသော ဝတ္ထုကို အဖေ ရေးခဲ့ပါသည်။

          ကိုယ့်အဖေမို့ ကိုယ်ချီးမွမ်းနေတာဟု ထင်လျှင်လည်း ကျွန်တော်မတတ် နိုင်ပါ။ ရိုးသားစွာ ဝန်ခံရလျှင် ကျွန်တော်အကြိုက်ဆုံး စာရေးဆရာနှစ်ဦးမှာ ဆရာသော်တာဆွေနှင့် ဆရာသာဓု ဖြစ်ပါသည်။ ထို့ကြောင့်ပင် “သ” နှစ်လုံး ကျေ” ဟူသော ခေါင်းစဉ်ဖြင့် “သောကြာ” မဂ္ဂဇင်းတွင် ကျွန်တော် ဆောင်းပါး ရေးခဲ့ပါသည်။ ကြည့်ပါ။ သာဓု၊ သော်တာဆွေအကြောင်း သောကြာမဂ္ဂဇင်းမှာ