Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

သုမောင် - သက်သတ်လွတ်အက်ဆေးများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ကျွန်တော်၏ ကလောင်များ

 

            “ကျွန်တော်၏ ကလောင်များ” ဆိုသည်မှာ ယခုနှယ်ခါ လူသုံးများ နေသော ဝေါဟာရဖြစ်သည်။ “ကလောင်ခွဲ၊ “ကလောင်ဝှက်” “လျှိုကလောင်” စသော မိမိ၏ စာရေးဆရာ အမည်နာမများကို သီးခြားခွဲ၍ ကင်ပွန်းတပ် ဝိသေသပြုခြင်းဟု မဆိုလိုပါပေ။ ကျွန်တော် ငယ်စဉ်မှစ၍ ခုနှယ်ခါထိ သုံးစွဲနေခဲ့သော ခဲတံ၊ ဖောင်တိန်၊ ဘောပင် စသော စာရေးကိရိယာများကို ဆိုလိုပါသည်။ ယင်းစာရေးကိရိယာများကို ရှေးယခင်ကတော့ “ကလောင်တံ” ဟူ၍ပင် သုံးနှုန်းခဲ့ပါသည်။ တကယ်ပင်လည်း ငှက်မွေးထိပ်အရင်းပိုင်းတွင် “ကလောင်တံ”တပ်၍ သုံးစွဲခဲ့သောကြောင့် ဖြစ်ပါသည်။ နောက်ပိုင်းတွင် လည်း စာရေးသူတို့အား “ကလောင်ရှင်” “ကလောင်သမားဟု အများက အာလုတ်ပြုခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ သို့ရာတွင် ပစ္စည်းကိရိယာအနေ နှင့်မူ “ကလောင်တံ၊ ဘောပင်” “ဖောင်တိန်'ဟု သီးခြားသတ်သတ်ခေါ်ဆိုကြ ပါသည်။ ကလောင်တံခေတ်ကား ကုန်ဆုံးခဲ့ပါပြီ။ ခေတ်ကုန်သွားပြီ ဖြစ်သော “ဖောင်တိန် မူကား လောကဓမ္မတာအတိုင်း တစ်ပတ်လည်၍ ခုနှယ်ခါ တစ်သစ်ဆန်းလာပြန်တာ တွေ့ရပါသည်။ တချို့ ပုဂ္ဂိုလ်များ (ကျွန်တော် အပါအဝင်) ဖောင်တိန်ကို တကူးတကန့် ပြန်သုံးလာကြပါသည်။ အထူးသဖြင့် ရုံးပြင်ကနားနှင့် အရေးတကြီးကိစ္စများတွင် အသုံးပြုကြပါသည်။ တချို့ကလည်း စတိုင်တစ်မျိုးဖြင့် သုံးပါသည်။ ကျွန်တော်ဆိုလျှင် လုံးချင်း ဝတ္ထုများ ရေးသားစဉ်ကာလက “ကလောင်တံ” စစ်စစ်ကို သုံး၍ စာရေးဖူးပါ သည်။ ဝါကျများရေးလိုက်၊ မင်အိုးတွင် မင်တို့လိုက်နှင့် စာရေးရသည်မှာ အရသာတစ်မျိုး တွေ့ရပါသည်။

          ကျွန်တော်သည် ဖောင်တိန်ကို ငါးတန်းကျောင်းသားဘဝတွင် စတင်သုံးစွဲခွင့် ရခဲ့ပါသည်။ ကျောင်းနေစတွင်မူ “ခွေးတံဆိပ်”ခဲတံကို စတင် သုံးရပါသည်။ ကျွန်တော် ဖောင်တိန် စ၍ကိုင်ရသောအခါ ကျွန်တော့်ဖခင်က သူ၏ ပတ်ကားဖောင်တိန် နံပါတ် ၆၁ ကို လက်ဆောင်ပေးပါသည်။ အကြောင်းထူး တိုက်ဆိုင်မှုရှိသောကြောင့် ဖြစ်ပါသည်။ ယင်းကား..

          ၁၉၅၁ ခုနှစ်တွင် ကျွန်တော့်အားမွေးဖွားခဲ့ရာ ထိုနှစ်မှာပင် ကျွန်တော့်ဖခင် စာရေးဆရာ “သာဓု 'သည် သူ၏ “တပ်ထဲက မြတ်ကိုကို” ဝတ္ထုလုံးချင်းဖြင့် စာပေဗိမာန်စာပေဆုကို ရရှိပါသည်။ ထိုစာအုပ်ကိုပင် တက္ကသိုလ် ဝင်တန်းကျောင်းသုံးပြဋ္ဌာန်းခံရပါသည်။ ထိုဆုအတွက် ငွေသား နှင့်အတူ စောစောကပြောသော ပတ်ကား ၆၁ ဖောင်တိန်ကိုလည်း အမှတ်တရ ရရှိပါသည်။ ထို့ကြောင့် ထိုစာပေနှင့် ထိုအထိမ်းအမှတ် ဖောင်တိန်သည် ကျွန်တော်၏ မွေးကံ”နှင့် ဆက်နွှယ်နေသည်ဟု ဖခင်ကြီးက ယူဆသည်ဟု ထင်ပါသည်။ ထို့ကြောင့်ပင် ကျွန်တော် ၅ တန်းရောက်၍ ဖောင်တိန် စတင် ကိုင်တွယ်ရသောအခါ ထိုဖောင်တိန်ကို မှတ်မှတ်ရရ ကျွန်တော့်အား လက်ဆောင်ပေးခြင်း ဖြစ်တန်ရာပါသည်။

          ထိုဖောင်တိန်မှာ အိမ်နှင့်အိုးက စိမ်းပြာရောင်ကလေး ဖြစ်ပါသည်။ အဖုံးက ငွေရောင်နှင့် ချိတ်တံမြားကလေးမှာ ရွှေရောင်ဖြစ်ပါသည်။ ကျွန်တော်လည်း ဖောင်တိန် စကိုင်ရသည်ကို အကြောင်းပြု၍ ထိုဖောင်တိန် ကို အလွန်မက်လှပါသည်။ အများသူငါကဲ့သို့ ဖောင်တိန် အသစ်စက်စက် လိုချင်ခဲ့သော်လည်း အဖေ့ဖောင်တိန်မှာ အဖိုးတန်ဖြစ်ကြောင်းကိုလည်း ကြားဖူးနားဝဖြင့် သိနေခဲ့ပါသည်။ ပတ်ကား ၆၁ မို့ ဈေးကြီးကြီး အမျိုး အစားကောင်းကြောင်းမျှသာ သိပါသည်။ စာပေဆုရသော အထိမ်းအမှတ် ဆိုသော တကယ့်တန်ဖိုးတော့ မသိခဲ့ပါပေ။ သို့သော် ထိုဖောင်တိန်ကိုကျွန်တော့်မှာ ရက်ပိုင်းသာ ကိုင်ခွင့်ရခဲ့ပါသည်။ တန်ဖိုးအစစ်အမှန်ကိုရော၊ ငွေကြေးတန်ဖိုးကိုပါ သိထားသော ကျွန်တော့်ကြီးတော်ကြီးက လူမမည်ကျောင်းသားကလေးမျှဖြစ်သော ကျွန်တော်နှင့် ထိုဖောင်တိန် မလိုက်ဖက် တန်ရာဟု အကြောင်းပြကာ ပြန်လည်သိမ်းယူသွားပါသည်။ သူ့ မောင် ဖြစ်သော ကျွန်တော့်ဖခင်အား အကျိုးအကြောင်းရှင်းပြပြီး ကျွန်တော့်ထက် အတန်းလေးတန်းကြီးပြီး စာလည်းပိုတော်သော ကျွန်တော့်အစ်ကို “မောင်ဝဏ္ဏ”ကို ပေးအပ်လိုက်ပါတော့သည်။ ထိုကြီးတော်ကြီးက အစ်ကိုမောင်ဝဏ္ဏအား အလွန်လည်း ချစ်လေသည်။ ထိုဖောင်တိန်ကိစ္စ ထိုတွင် နိတ္ထိတံပါသည်။ ကျွန်တော်ကလည်း ကလေးပီပီ မစွဲလမ်းခဲ့ပါ။ နောက် တစ်ကြောင်းမှာ ကျွန်တော့်အတွက် ပိုင်းလော့” ဖောင်တိန်အသစ်တစ်လက် ချက်ချင်းပြန်ဝယ်ပေးသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်ကမူ နောက်ပိုင်း တွင် ပိုင်းလော့ဖောင်တိန်ကိုပင် ပို၍ ကြိုက်နှစ်သက်သွားပါသည်။ အကြောင်း မှာ ထိုခေတ်က ကျောင်းသားငယ်များမှာ ဖောင်တိန် ကောင်းမကောင်းကို စားပွဲခုံပေါ် ပစ်ပေါက်စိုက်ကြည့်ခြင်းဖြင့် သက်သေထူတတ်သောကြောင့် ဖြစ်ပါသည်။ မှတ်မိသလောက်ဆိုရပါမူ ထိုခေတ်က ပေါ်ပေါက်ခဲ့သော ဖောင်တိန်အမျိုးမျိုးတွင် ဒုတ်” ခနဲမြည်ကာ ဖင်ကလေးခါယမ်းနေအောင် စိုက်သွားတတ်ပြီး စာပြန်ရေးသောအခါတွင်လည်း မူလအတိုင်း ချောမွေ့ နေပါသည်။ ထိုအခါ ကျွန်တော်သည် အဖေလက်ဆောင်ပေးသော စာပေ ဆုရ ပတ်ကား ၆၁ ကို မေ့လျော့သွားတာ မဆန်းတော့ပါချေ။

          ကျွန်တော်သည် သူဌေးသားများ အနေများသော စိန့်ပေါလ် ကျောင်းမှ သူဆင်းရဲသားများ အတက်များသော နတ်မောက်စက်မှုလက်မှု ကျောင်းသို့ မိမိအလိုအရ ပြောင်းရွှေ့ ပညာသင်ခဲ့ပါသည်။ ထိုအခါတွင်တော့ ကျွန်တော်သည် ‘ဝင်စင်” တရုတ်ဖောင်တိန်နှင့် ပေါ်စပြုပြီဖြစ်သော ဘောပင် များကို ဝယ်ယူသုံးစွဲခဲ့ပါသည်။ ‘ဝင်စင်” တရုတ်ဖောင်တိန်မှာ စက်မှုပုံဆွဲ ဘာသာရပ်တွင် တစ်ကြောင်းမျဉ်းဆွဲရာ၌ အလွန်သေသပ်လှပသောကြောင့် ဖြစ်ပါသည်။ စာရေးတော့ ဘောပင်ဖြင့်ပင် ရေးပါသည်။ နတ်မောက်ကျောင်း တွင် ကျောင်းဘောလုံးလက်ရွေးစင် ဖြစ်လာခဲ့ပါသည်။ အခြား ပြေးခုန်ပစ် အားကစားများ၌ကား စိတ်မဝင်စားလှပေ။

          သို့သော် တစ်နှစ်တွင် တန်းမြင့်ခုန်ပြိုင်ပွဲ၌ သူငယ်ချင်းတစ်ယောက် နေမကောင်းသဖြင့် “ကျန်စစ်သားအသင်း အတွက် လူစားဝင်ပြီး ပြိုင်ရာ ပထမရပါသည်။ ထိုအခါ ဆုအဖြစ် မိန်းမကိုင်ပတ်ကား ၄၅ တစ်လက် ချီးမြှင့်ခံရပါသည်။ ပတ်ကားဖောင်တိန်သည် ကျွန်တော့်ဘဝထဲ တစ်ပတ် လည်၍ ဝင်လာပြန်ပါသည်။ သို့သော် ကျွန်တော်က ထိုဖောင်တိန်ကို မသုံး ဘဲ ဆုရအထိမ်းအမှတ် သိမ်းထားလိုက်ပါသည်။ ထိုဖောင်တိန်ကလေးကား အဖုံးရောအိမ်ပါ နီညိုရောင်ဖြစ်ပြီး တစ်လက်လုံး ပလတ်စတစ်ဖြစ်ပါသည်။ ပတ်ကားမူမပျက်တာဆိုလို့ ချိတ်မြားကလေးသာ ရွှေရောင်သတ္တုသား ဖြစ်ပါ သည်။ ထိုကာလမှာပင် ကျွန်တော့်ညီ မောင်ဉာဏ်ပေါ် (နောင် စာရေးဆရာ မင်းလူ) သည် ရှစ်တန်းအောင်မြင်ပါသည်။ ထိုအခါ အမှတ်တရအဖြစ် ကျွန်တော် သိမ်းထားသော အားကစားဆုရ ပတ်ကား ၄၅ ဖောင်တိန်ကလေး အား ညီငယ်ထံ လက်ဆောင်တစ်ဆင့် ပါးလိုက်ပါသည်။ သည်နေရာမှာ ရယ်စရာကလေး ပြောရပါမည်။ တစ်နေ့တွင် “မင်းလူ”သည် မြို့ထဲမှ ဘတ်စ ကားဖြင့် နောက်ပေါက်တွဲလောင်းခိုရင်း ပြန်လာခဲ့ရာ အနီးရှိ လူငယ် တစ်ယောက်က ထိုပတ်ကားဖောင်တိန်ကို ခါးပိုက်နှိုက်လိုက်လေသည်။ ထိုဖောင်တိန်၏အဖုံးမှာ အရစ်ဖြင့်ပိတ်ရသည် မဟုတ်ဘဲ သည်အတိုင်းစွပ်၍ ပိတ်ရသည်ဖြစ်လေရာ ခါးပိုက်နှိုက်လက်ထဲသို့ အဖုံးချည်းသက်သက် ပါသွား ပါတော့သည်။ ထိုကိစ္စကို “မင်းလူကလည်း သိလိုက်လေသည်။ ထိုအခါ “မင်းလူ က အောက်ပါအတိုင်း ခါးပိုက်နှိုက်အား တုံ့ပြန်ပါတော့သည်။

           “ဒီမှာ ဘော်ဒါ... အချင်းချင်း မလုပ်ကောင်းပါဘူး။ ငါက နတ်စင် ဘော်ထောက်ရပ်ကွက်က ခါး” ပါ။ မင်းက ဘယ်အပိုင်းကလဲ။ ဒီတော့ နံဘေးလူမရိပ်မိခင် ငါ့ဖောင်တိန်အဖုံး သူ့နေရာတကျ ပြန်စွပ်ပေးကွာ” ဟူ၍ ပင် ဖြစ်ပါသည်။ ဟိုခါးပိုက်နှိုက်ခမျာလည်း “မင်းလူ” အား သူ့လိုပင် ခါးပိုက် နှိုက်ထင်၍ ဖောင်တိန်အဖုံးကို နေရာတကျ အသာအယာ ပြန်စွပ်ပေးသွား လေတော့သည်။

            သော်... ထိုစဉ်က “မင်းလူ” မဖြစ်သေးသော “ကိုဉာဏ်ပေါ်”သည် ပြုံးတုံ့တုံ့စာတွေရေးတော့မည့် စာရေးဆရာ မင်းလူ၏ အတိတ်နိမိတ် မီးခဲ တရဲရဲ အလောင်းအလျာပါပဲ ဆိုသည်ကို ပြသခဲ့ပါသည်။ ကျွန်တော်သည်စာပေနယ်သို့ ရောက်သောအခါ ထိပ်တန်းဘောပင်မျိုးစုံကို ကိုင်တွယ်ရပါတော့သည်။ စာရေးဆရာတို့ ဘောပင်မျိုးစုံကို ကိုင်ရသည်ဟု မဆိုလိုပါပေ။ ဖြစ်နိုင်ရင် စာရေးဆရာဟူသည်မှာ ကလောင်တံ၊ ဘောပင် သို့မဟုတ် ထိပ်တန်းတစ်မျိုးတည်းတွင် စာရွက်တစ်သမတ်တည်းသာ သုံးစွဲချင်ပါမည်။ မိမိ၏ အတွေး၊ အရေးတို့ကို စဉ်ဆက်မပြတ် အလျဉ်မီစေရန် စာရွက်နှင့် သုံးနေကျ ကလောင်က အရေးပါလှပါသည်။ သို့သော် ခေတ်အလျောက် ပေါ်ပေါက်လာသော ကောင်းနိုးရာ ဘောပင်များနောက်သို့လည်း လိုက်တန် ကလိုက်ရပါသည်။ ဈေးချိုသာမှုပေါ်မူတည်၍လည်း သူနှင့်လိုက်ဖက်သောဘောပင်ကို သုံးစွဲရပြန်ပါသည်။ ထို့ကြောင့် ဘောပင်၊ ဖောင်တိန် အမည်မည် ဖြစ်သွားတတ်ပါသည်။ အကောင်းစား ‘ဘောပင်” “ဖောင်တိန်” မှာလည်း ဗီရိုထဲ ရှိနေတတ်ပြန်သည်မှာ လက်ဆောင်အဖြစ် ပေးပို့ကြရာ၌ ကာယကံရှင် မှာ စာရေးဆရာဖြစ်နေသောကြောင့် အကောင်းဆုံး အမှတ်တရပစ္စည်းမှာ လည်း “ဖောင်တိန်” နှင့် “ဘောပင်” သာ ဖြစ်နေပါသည်။ စကားမစပ်ပြောရပါ လျှင် တစ်လောဆီက ကျွန်တော့်ထံ မင်းလူက တရုတ်နိုင်ငံလုပ် “ဖောင်တိန်” ရွှေရောင်တစ်လက် လက်ဆောင်ပေးပို့ပါသည်။ စုံစမ်းကြည့်သောအခါ တရုတ်ကုန်တိုက်တစ်ခုတွင် ပြန်လည်ရောင်းချနေသော ကျွန်တော် ငယ်ငယ် ကကြိုက်ခဲ့သည့် ‘ဝင်စင်” အမျိုးအစားဖြစ်နေသဖြင့် “မင်းလူ” စိတ်ကူးနှင့် မှတ်ဉာဏ်သတိတရရှိမှုကို ချီးကျူးအသိအမှတ်ပြုရ ပြန်ပါသည်။

           သည်လိုနှင့် “ကလောင်တံ”သံသရာထဲ ဝဲလည်နေခဲ့ရာမှ မှတ်မှတ် ရရပင် “ပတ်ကား” အမျိုးအစား ကလောင်တံတစ်ချောင်း ကျွန်တော့်စာပေ ဘဝထဲ ပြန်ဝင်လာပြန်ပါသည်။ ဖခင် ဆရာသာဓု၏ ပတ်ကားဘောပင် ပင် ဖြစ်နေပြန်ပါသည်။

           ဤသို့ တစ်ပတ်လည်ဆက်နွယ်မိပါသည်။

           ၁၉၉၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ဖခင်ကြီး ကွယ်လွန်ပါသည်။ စာရေးဆရာကြီး ကွယ်လွန်သောအခါ ငွေကြေးဓန စိန်ရွှေဥစ္စာတိုက်တာ ခမ်းနားမြောက်မြားစွာ မထားရစ်နိုင်ရှာခဲ့ပါ။ ရုပ်ရှင်ဒါရိုက်တာ၊ ကုမ္ပဏီပိုင်ရှင် တစ်ယောက်အနေနှင့်မူ ခြံမြေအနည်းငယ် ကျန်ရစ်ပါသည်။ ဆိုကြပါစို့။ ကျွန်တော်တို့အတွက် ပညာအမွေ ချန်ထားရစ်ပါသည်။ ပစ္စည်းအမွေလည်းကျွန်တော်တို့ မလိုအပ်ပါပေ။ သို့ရာတွင် ကျွန်တော့်အတွက်မူ ပစ္စည်းအမွေ အချို့ကို မက်မက်မောမောရှိခဲ့တာ အမှန်ဟုဝန်ခံရပါမည်။ ကျွန်တော့်လက် ပေါ် ကွယ်လွန်သောကြောင့် ဖခင်ကြီးထံမှ ကျွန်တော် တရားဝင် အမွေပစ္စည်း သုံးခု တောင်းဆိုခဲ့ပါသည်။ နားကြပ်ကိရိယာ၊ စိန်ပေါက်ကြယ်သီးနှင့်၊ ပတ်ကားဘောပင်တို့ ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်က နားလေးပါ သည်။ လည်ကတုံးရှပ် အမြဲဝတ်ပါသည်။ အဖေ့ နောက်ဆုံးအချိန်များမှာ ရေးခဲ့သော ဘောပင်ဖြင့် ကျွန်တော်က ထိုအချိန်မှစပြီး စာရေးတော့မည်ဟု စိတ်ကူးရပါသည်။ အဖေကလည်း ထိုပစ္စည်းသုံးမည်ကို လိုလိုလားလား အမွေပေးခဲ့ပါသည်။ ကျွန်တော် “သုမောင်”ကလည်း အဖေကွယ်လွန်ချိန်မှစ၍ စာပေများကို သာဓု”၏ ပတ်ကားဘောပင်ဖြင့်သာ ရေးခဲ့ပါတော့သည်။ သဘောမှာ 'သာဓု ၏ ဘောပင်ဖြင့် “သုမောင်၏ 'စာပေများကို ဖန်တီးခြင်း ပင်။ မည်သူက မည်သို့ပင် အထင်ရှိစေကာမူ ကျွန်တော့်အနေနှင့်မူ ထိုကိစ္စမှာ စာရေးတိုင်း အရသာတစ်မျိုးရှိခဲ့ပါသည်။ အရပ်စကား ဇာတ်စကားဆိုရပါမူ နတ်စီးသည်ဟု သုံးသပ်ကြပါလိမ့်မည်။

            သို့သော် တစ်နေ့သောအခါတွင် “သုမောင်”တယုတယ ကိုင်တွယ် နေသော “သာဓု 'ဘောပင်သည် မတော်တဆ ပျောက်ရှသွားပါတော့သည်။ လမ်းထွက်လျှင် အိတ်ထဲ ဘောပင် စသည် ထည့်မသွားတတ်သောအကျင့်ကြောင့် တစ်ခါတွင် အမှတ်မဲ့ဆိုသလို ထိုဘောပင်ကို အင်္ကျီအိတ်ထဲ ချိတ် သွားမိရာက တစ်နေရာရာမှာ သတိမေ့ကျန် ပျောက်ဆုံးသွားခြင်း ဖြစ်ပါလိမ့် မည်။ မည်သို့ပင်ရှိစေ... ထိုကိစ္စသည် ကျွန်တော့်အတွက် ရေးကြီးခွင့်ကျယ် မဟာပျောက်ဆုံးမှုကြီးဟု ဆိုရပါတော့မည်။ အကြောင်းကား ထိုဘောပင် သည် သာမန်ကာလျှံကာ မဟုတ်ပါ။ ပတ်ကားဘောပင် ဖြစ်သည်။ စာရေး ဆရာကြီး “သာဓု၏ နောက်ဆုံးလက်ရေး” ကို ဖော်ကျူးသွားသော “ ကလောင်တံ” ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ဖခင်၏အမွေအနှစ်ဖြစ်ပါ သည်။ ရိုးရိုးအမွေမဟုတ် စာပေအမွေ၊ စာရေးဆရာကြီးက စာရေးဆရာငယ်

အား ပေးအပ်ခဲ့သော စာပေဖန်တီးဖို့ရာ “ကလောင်အမွေ” ဖြစ်ပါသည်။ ခုတော့ ဆရာ “သာဓု”၏ကလောင်မှာ ဆရာ သုမောင်”ကြောင့် ပျောက်ဆုံး ခဲ့ရလေပြီ။