Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သိုက်ထွန်းသက် - ဝထ္ထုတို ၅ ပုဒ်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

ပင်နီဆီလင်နဲ့ မတည့်တဲ့လူ

 

          အိမ်ထောင်ပြုတယ်ဆိုတာ ဘုရားတည်သလိုမျိုး ဆေးမင်ရည် စုတ်ထိုးသလိုမျိုး နောင်ပြင်ရန်ခက်တဲ့အမှုလို့ “မကျန်တင် နားလည် ထားတယ်။ အဲဒါကြောင့် အိမ်ထောင်မပြုနိုင်ဘဲ တွန့်ဆုတ် တွန့်ဆုတ် လုပ်ရင်း အသက်ပဲ သုံးဆယ်နား သီခဲ့တာလေ။ ဒါပေမဲ့ အိမ်ထောင် ပြုဖို့ အကြောင်းဖန်လာပုံကတော့ ဆေးမင်ရည်စုတ်ထိုးတာနဲ့ ပတ်သက် နေပြန်ရော။

          ဒီလူကြီးကို မကျန်တင် စတွေ့ဖူးခဲ့တာက ဒေါက်တာနေအေးရဲ့ ဆေးခန်းလေးမှာပါ။ ရာသီဥတုအကူးအပြောင်းမို့ အဖျားအနာ များလှ တဲ့ကာလမှာတောင် ဒေါက်တာလေးရဲ့ ဆေးခန်းက ဓမ္မာရုံလေးလို ငြိမ်ဆိတ်လို့။ စားသုံးသူ သမဝါယမဆိုင်လေးလို လူသူကင်းရှင်းလို့။ အပြင်ဘက်ခန်းက ခုံတန်းလျားပေါ်မှာ ဧည့်သည်မျှော်နေတဲ့ ယပ် တောင်နှစ်ချောင်းသာ ပက်လက်လန် လဲလျောင်းလို့။

          ဘာသံမှမကြားရတော့ ခန်းဆီးစကို လက်က ဖယ်ကြည့်မိတယ်။ 

          အဲဒီမှာ... 

          ဆရာဝန်ကလေးက ဒီလူကြီးရဲ့ အနာကို စိတ်ရှည်လက်ရှည်ဖို့နေတယ်။ အနာက ခြေသလုံးမှာလား။ ပေါင်မှာလား မကျန်တင် တကယ်သတိမထားမိလိုက်ပါဘူး။ ဒါပေမဲ့ ခန်းဆီးစ ဖယ်ဖယ်ချင်း မကျန်တင်ရဲ့ မျက်လုံးနှစ်လုံးကို အရင်စောင့်ဖမ်းဖို့ စောင့်မျှော်နေသလို မျိုးနဲ့ ဒီလူကြီးရဲ့ မျက်လုံးတွေကို ရင်ဆိုင်လိုက်ရတယ်။ ရဲတင်းလိုက်တဲ့ အကြည့် စူးလှလိုက်တဲ့မျက်လုံး။ စက္ကန့်ပိုင်းလောက် အချိန်လေးမှာပဲ မထီတရီ သရော်တော်တော်လုပ်နိုင်လိုက်သေးတယ်။ခန်းဆီးစနောက်ခေါင်းပြန်ရောက်သွားပေမဲ့ လူကြီးကို မကျန်တင် မြင်နေတုန်း။

          မကျန်တင် ရောဂါသည်းပါပြီ။ ခုံတန်းလျားလေးပေါ် ထိုင်ချရ အောင် သုံးလေးလှမ်း ပြန်လျှောက်ရတာကိုပဲ ခြေလှမ်းမမှန်ချင်တော့ ဘူး။ ဒူးတွေ တဆတ်ဆတ်တုန်လို့။ တစ်နေ့လုံး ငုပ်လျှိုးနေတဲ့ ချွေးက အလန့်တကြား ပြန်ထွက်လာတယ်။ ဒါပေမဲ့ အဖျားကတော့ တရှိန်း ရှိန်း တဖိန်းဖိန်း တက်လာသလိုလို။ မကျန်တင် ရေငတ်လိုက်တာ။

          ဆေးခန်းအပြင်ဘက် ဒီလူကြီးပြန်ထွက်လာရင် ဘယ်လိုရင်ဆိုင် ရမှာလဲ။ သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲနေလိုက်တာက အကောင်းဆုံး လို့ မကျန်တင် ဆုံးဖြတ်တယ်။

          ကိုယ်တော်ချောက ကြာတော်မူလှချည့်လား။ ဒေါက်တာလေး ကလည်း စနစ်ကျလွန်းတယ်။ ဆေးထိုးအပ်ကို မြူစွမ်လို နူးအောင် များ ရေနွေးနဲ့ ပြုတ်နေသလား။ မကျန်တင် မျက်လုံးထဲ မြင်နေကျ ဆေးထိုးအပ်ချွန်ချွန်ကို မမြင်တော့ဘူး။ ဒါပေမဲ့ ဆေးထိုးခံဖို့ စောင့် ရတာက အသည်းတုန် အူတုန်စရာ။ ဒီတစ်ခါ တုန်နေတာကတော့ လူကြီးမျက်လုံးတွေကြောင့်။

          ကြာသင့်တာထက် ကြာနေတဲ့ အခန်းထဲက စကားပြောသံ ကြား ရတယ်။ ဒေါက်တာလေးက လူကြီးကို အပြစ်တင်ပြောဆိုနေတဲ့ အသံ။ တစ်ခုခုတော့ တစ်ခုခု။ ဘာတွေများ လွဲမှားကုန်ကြပါလိမ့်။ မိန်းမပီပီ စပ်စုချင်လာတယ်။ ခန်းဆီးစတော့ ဖယ်မကြည့်ရဲတော့ဘူး။ ချွတ်ထားတဲ့ ဖိနပ်လေးကိုတော့ ကောက်လျှိုမိပြီ။ ဖင်တကြွကြွ။

          လူကြီးထွက်လာတော့ သူ့မျက်လုံးတွေကို မရှောင်နိုင်ခဲ့ဘူး။ မျက်လုံးတွေက အရောင်တဖျတ်ဖျတ်။ မကျန်တင်ကို ပြုံးပြသွားပုံက မချိုလေးရယ်မှ မချဉ်။

          အထဲရောက်တော့ ဒေါက်တာလေးကို စကားစမိတယ်။ ဘာဖြစ် ကြတာလဲလို့။ ဒေါက်တာနေအေးက အလွန်စကားနည်းတာ။ ပြောတော့လည်း တစ်လုံးချင်း။ မျက်မှန်လေးပင့်တင်ပြီး ဖြည်းဖြည်းလေး ပြန်ပြောတယ်။

          “ကျွန်တော့်ကို ပင်နီဆီလင်နဲ့ မတည့်တာ ကြိုမပြောဘူး။ ဆေးထိုး ခါနီးမှာတဲ့။

          မကျန်တင်ကို ဆေးထိုးဖို့ တင်ပါးလေး ဂွမ်းစနဲ့ ပွတ်ရင်းကတောင် ခင်ဗျားရော ပင်နီဆီလင်နဲ့ တည့်ရဲ့ လားလို့ မေးလိုက်သေးတယ်။ သူ့ဖောက်သည် လူနာအကြောင်း ဒေါက်တာသိလျက်နဲ့ မေးလိုက် တာပါ။ ဒါပေမဲ့ အပ်ကတော့ အသားထဲဝင်သွားပြီ။ မကျန်တင်က တစ်ချက်လေးအတွန့် ။ ဆရာဝန်လေးက မပြုံးချင်ပြုံးချင် ပြုံးတယ်။

           တကယ့်လူဗျာ..ရှားတယ်တဲ့။ မကျန်တင်နဲ့ဒီလူကြီး အကြောင်း ပါတော့ ဒီလူကြီးနဲ့ ပင်နီဆီလင်ထိုးဆေး မတည့်တဲ့အကြောင်း ဒေါက်တာလေး ဘယ်လိုသိခဲ့တယ်ဆိုတာ မကျန်တင် သဘောပေါက် ပါတယ်။ မကျန်တင်လည်း ဒေါက်တာလေးသိပုံ သိနည်းမျိုးနဲ့ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိလိုက်ရတော့ ဒါကြောင့်လည်း “တကယ့် လူဗျာ ရှားတယ်”လို့ ဒေါက်တာလေးက ထောပနာခဲ့တာကိုး။

          ကြည့်စမ်းပါဦး။ 

          သူ့တင်ပါးနှစ်ဖက်လုံးပေါ်မှာ ဆေးမင်ရည်ထိုးထားတယ်။ ဆယ်ပြားစေ့လောက်ရှိတဲ့ စာလုံးမည်းမည်း စာတန်းရှည်နှစ်ခု။

          “ပင်နီဆီလင် မတည့်ဘူးတဲ့။ 

          ဒီလိုနဲ့ အတိတ်ကို စားမြုံပြန်ဖြစ်ရော...။ 

          ‘တော် ပင်နီဆီလင်မတည့်တာ တော့်ပါးစပ်က ဖွင့်ပြောတော့ သေမှာလား”

          ငါ့ပါးစပ်က မပြောချင်လို့ တင်ပါးမှာ စာရေးထားတာပေါ့ကွ”

          “ဒါကတော့ သေရေးရှင်ရေးကိစ္စ။ မသာပေါ်မယ့် ကိစ္စ။ တော် သိထားမှတော့ ပါးစပ်က ပြောလိုက်ပေါ့”

          “နင့်ဆရာဝန်ကရော မေးဖော်ရလို့လား။ အဲဒါ သူတို့လုပ်ရမယ့် အလုပ်” 

          ဒီလိုအချီအချပြောပြီး မကျန်တင် မျက်စောင်းထိုးတယ်။ ခြေ ဆောင့်တယ်။ ဒီလူကြီးက ပြီတီတီ။

ငါ့မိန်းမက မရခင်ကတည်းက တွေးပူတာကိုး။ တစ်ခုခု ဖြစ် ရင်လည်း ဆေးခန်းမှာ ဖြေဆေးရှိပါတယ်ကွ။ ငါကလည်း အဖြစ်မခံပါဘူး။ဆရာဝန်ကငါ့တင်ပါးမှာရေးထားတဲ့စာကိုမဖတ်မိဘဲစွတ်ထိုးတော့မယ်လုပ်ရင်တော့ ဖွင့်ပြောမှာပါ”

          ပြီးတော့ တဟေးဟေးရယ်လိုက်သေး။

          “ဆရာဝန်က တင်ပါး ငုံ့ကြည့်ပြီး ဘာတွေရေးထားတာလဲဗျ” တဲ့။ ငါက ဆရာဖတ်ကြည့်ပါဆိုတော့ လှည့်ပြီးဖတ်တယ်။ ဖတ်ပြီးတော့ ရှူးရှူးရှဲရှဲဖြစ်တာပဲ။ ငါဖြင့် တောင်းပန်လိုက်ရတာ။ သူက ငါ့ကို မမေးမိဘဲ ဆေးတွေဘာတွေ လုပ်ပြီးနေတော့ ရှက်လည်းရှက် သွားပါလိမ့်မယ်။ ဟား..ဟား”