Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သိပ္ပံမောင်ဝ - မောင်လူအေး၏အမိတက္ကသိုလ်စာများ

Regular price 61 MMK
Regular price Sale price 61 MMK
Sale Sold out

သိကြားမင်းထံ လျှောက်လွှာ

 

ကောဝိဠာရ၊ ရုက္ခပင်မင်း၏အနီး၊ အံ့ချီးစဖွယ်၊ ဆန်းကြယ်ခမ်းနား၊ ကြီးမား အထု၊ ပဏ္ဍုကမ္ဗလာ၊ မြကျောက်ဖျာအထက်၌၊ ကျက်သရေအမျိုးမျိုးတို့ဖြင့်၊ ကွန့်တင့်တယ်စွာ၊ လ-စန္ဒာကို၊ တာရာကြယ်နက္ခတ်အစုံ၊ ဝန်းအုံရံခ သကဲ့သို့၊ မြတ်လှဒေဝီ၊ နတ်ရွှေညီတို့၏အလယ်တွင်၊ စံပယ်ကွန့်မြူးကာ၊ မဟာဒေဝရာဇ်၊ နတ်တကာတို့၏ သင်းကျစ်လည်းဖြစ်ထသော၊ ရှစ်သောင်း လေးထောင်၊ အမြင့်ဆောင်သော၊ တောင်များသနင်း၊ မြင်းမိုရ်တောင်မင်းကို စဉ်လျက်၊ တစ်ချက်တည်းနှင့် ပျက်စီးယိုယွင်းအောင် စွမ်းဆောင်နိုင်သည့်၊ ဝရဇိန်လက်နက်၏ သခင်လည်းဖြစ်ထသော၊ သဟဿနေနတ်၊ ဘွဲ့ခံရင်း ဖြစ်သည့်အတိုင်း၊ စိစစ်နှိုင်းညှိ၊ တစ်ထောင်သော အမြင်မျက်စိဖြင့်၊ သတိ ရေးယူ၊ လူတို့၏နယ်ဘက်ကို တစ်ချက်တစ်ချက် ရှုမျှော်၍၊ မသူတော် တရား၊ လိုက်စားတိမ်းစောင်း၊ အပါယ်လောင်းဖြစ်ကြသည့်၊ မကောင်းသူတို့ ကို ပယ်၊ ကောင်းသူတို့ကို ကယ်လေ့လည်းရှိထသော၊ သက္ကမာယိန်၊ ပုရိန္ဒဒ၊ နာမထင်ရှား သိကြားမင်းအရှင်သခင်မြတ်ဘုရား။

          လူ့ပြည်လူ့ရွာ လူ့ခန်းဝါတွင်၊ ရတနာရိပ်မြုံ၊ သာမျိုးစုံသည်၊ ရန်ကုန် ပြည်သာ၊ မြောက်မျက်နှာဝယ်၊ ကမာရွတ်ခေါ်၊ ထင်ပေါ်ဂါမာ၊ သညာမည် သီး၊ ရွာအနီး၌ ၊ အံ့ချီးဖွယ်တည်ထား၊ ယူနီဘာစီတီကျောင်းသားများ၏။ပျော်ပါးမွေ့လျော်ရာဖြစ်သော၊ ကျောင်းတော်ကြီးအတွင်းမှာ၊ အဋ္ဌာရသ၊ သိပ္ပံအမျိုးမျိုးကို၊ အားကြိုးမာန်တက်၊ ကျက်မှတ်လေ့လာနေရပါသော ကျွန်တော်မျိုး မောင်ဝက၊ ဟတ္ထပဒုံ၊ လက်ကြာမုံဖြင့်၊ ခြေတော်အစုံကို ဦးခိုက် လျက်၊ တိုက်ရိုက်လျှောက်ကြား၊ အသနားတော်မြတ် ခံလိုသည်မှာ။ 

          ကျွန်တော်မျိုးတို့နေထိုင်ရာ၊ အိမ်ဂေဟာအနီး တောအုပ်ကြီးတွင်၊ ခိုမှီးပိုင်စိုး၊ လွှမ်းမိုးအထူး၊ ကွန့်မြူးစံပယ်ကာ၊ ခြင်ငယ်ဖြုတ်အပေါင်းတို့၏ ဦးစီး၊ ၎င်းတောအနီးရှိ အသီးသီးအတန်တန်၊ တွင်းကန်အိုင်ချောင်း၊ မကောင်း ယွင်းပျက်၊ ရွှံ့ညွန်ဗွက်ဟူသမျှတို့၏ အရှင်၊ ခြင်ဘုရင်အပေါင်းတို့သည်၊ ထုံးဟောင်းဥပမာ၊ အလားတူရှာလိုက်လျှင်၊ ဝေသာလီပြည့်ရှင်၊ ငါးရာသော လိစ္ဆဝီဘုရင်တို့ကဲ့သို့၊ အသွင်မယွင်း၊ မိမိတို့အချင်းချင်းလျှင်၊ အသင်းအပင်း ဖွဲ့စည်းကာ၊ သူရိယာနေဝန်း၊ ဂေါယာကျွန်းသို့၊ ယွန်းသည်နှင့်တစ်ပြိုင်နက်၊ အနောက်ဘက်မျက်နှာ၊ နေရောင်ဝါအပျောက်၊ ဆည်းဗျာရောက်လတ်သော်၊

ကြောက်လန့်ဖွယ်ကြီး၊ အင်မတီး အင်မတန်၊ စိတ်မာန်ထက်ပြင်း၊ တစ်စက္ကန့် အတွင်းမှာ၊ များစွာမိုင်ပေါင်း ပေါက်ရောက်နိုင်သော၊ အံ့လောက်ဖွယ်အပြီး၊ လေယာဉ်ပျံတပ်ကြီးများ ချီတက်၍လာသလို၊ ညီညာပျံသန်း၊ ကျွန်တော်မျိုး နေရာအခန်းသို့၊ ကြွမြန်းဝိုင်းအုံတော်မူကြပြီးလျှင်၊ မကြင်မနာ၊ ညှာတာ ထောက်ထားခြင်း၊ အလျှင်းလုံးလုံးမရှိ၊ ဖိစီးလွှမ်းမိုး၊ ကျွန်တော်မျိုးနှင့် ညှိုး သူရန်ဘက်၊ အဆက်ဆက်က မဟုတ်ရပါဘဲ၊ အဓမ္မအတင်း ချင်းနင်းဝင် ရောက်ခါက၊ ကျွန်တော်မျိုးခမျာကို၊ ညီလာခဲကိုက်၊ ခြင်သူပုန် တိုက်ခိုက်၍ နေကြပါကြောင်း။

          ကျွန်တော်မျိုးလည်း၊ အားကြိုးမာန်တက်၊ ရန်သူတို့ အနှိပ်စက်ကို၊ သက်သက်ခံ၍မနေနိုင် ထိုင်ကာထကာ၊ ဘယ်ညာနှစ်ဖက်၊ အစုံသောလက်ဝါး ပြက်တို့ဖြင့်၊ တဖတ်ဖတ် တဖုတ်ဖုတ်၊ အတွင်သားရိုက်ပုတ်၍၊ အဟုတ်လက် မလွှတ်၊ အတင်းဇွတ်လျှင်၊ အဝတ်နှင့်ယမ်းလိုယမ်း၊ စွမ်းနိုင်သမျှခုခံ၍ မရသော အခါ၊ အာရှတိုက်အတွင်း၊ သတင်းကြီး၍၊ ဉာဏ်သိမ်မွေ့သည်၊ အရှေ့အင်္ဂလန်၊ ဂျပန်ပြည်ထွက်၊ လက်နက်အပေါင်းတို့တွင်၊ အကောင်းဆုံးဖြစ်ပေသော ခြင်သေမှိုင်းဆေးတို့ဖြင့် မနှေးမပြတ်၊ အထပ်ထပ်အခါခါ၊ ပစ်ဖောက်ရွံ့ လွှတ် ပါသောကြောင့်၊ အရာအထောင်မက၊ များလှစွာသော၊ ခြင်အို၊ ခြင်ပျံ၊ ခြင်စစ်ဗိုလ်တို့သည်၊ ထိုထို စစ်မြေတလင်း၌၊ ပျက်စီးခြင်းသို့ ဆိုက်ရောက်ကြ ပါသော်လည်း၊ ကျန်ရှာသူ ခြင်စစ်သားများက၊ မနားမရပ်၊ တစ်စပ်တည်း

ဆက်လက်၍၊ မိမိတို့၏အသက်ကိုပင် မညှာတာ၊ ကြိုးစားကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြန်သောကြောင့် ဂျပန်လက်နက်များပင် မဖျက်ဆီးနိုင်၊ ယိမ်းယိုင် ခွေညှိုးကာ၊ ကျွန်တော်မျိုး၏ ရှေ့တပ်မကို ရုပ်သိမ်းလိုက်ရပါကြောင်း။

          ကျွန်တော်မျိုးတပ်မ၊ အခြေအနေ မလှသည်ကို၊ မြင်ကြသောအခါ ခြင်စစ်သည်အပေါင်းတို့သည် သောင်းသောင်းဆူပွက်၊ တက်သည့် လေယာဉ် ပျံ၊ မိုတိုစက်အသံကဲ့သို့၊ ဆူညံစုဝေး၊ အောင်သံကိုပေးကြလျက်၊ ဘေးဆီးရန် ကာ၊ စိတ်မှာအားကိုး၊ ကျွန်တော်မျိုး၏ မြို့ရိုးတည်းဟူသော အိပ်ခန်းကို ဝိုင်းဝန်းလျက်၊ ဗလက္ကာရ၊ အဓမ္မအတင်း၊ ချင်းနင်းဝင်ရောက်ကြပြီးလျှင်၊ နှုတ်သီးမွေးအမှင်တည်းဟူသော၊ အင်မတန့်ကြောက်ဖွယ်ရာ၊ အရိန္ဒမ လှံစကြာကြီးတို့ဖြင့်၊ ညှာတာမတွေ၊ ကျွန်တော်မျိုးကိုယ်သွေးကို၊ ဘေးက ဖောက် နံကဖောက်။ အိမ်ထောင်စုံ သားမယားတို့ပါ၊ အများအပြားသောက် ကြသဖြင့်၊ ရွံ့ကြောက်ငေးမှိုင် မခံမရပ်နိုင်သည့်အတွက်၊ အထက်ခံတပ် တည်းဟူသော ကြာခြည်ယံသို့ ပြောင်းပြီးလျှင်၊ ပုန်းအောင်းလျက်နေရာ၊ ခြင်သူပုန်များစွာတို့သည် မဟာစစ်အောင်ပွဲသဘင်၊ ဆင်ယင်ကျင်းပကာ၊ ဝမ်းသာရွှင်ကြည်၊ အောင်စည်အောင်မောင်းတို့ကို၊ ရိုက်ညောင်းတီးဆော်ကြ ပြီးသော်၊ အဖော်အပေါင်းတို့ စုဝေးလျက်၊ တပ်မကို မဖျက်ဘဲ၊ ဆက်လက်

စောင့်စားနေကြသဖြင့် စိတ်ကကြောက်ရွံ့၊ မထွက်ဝံ့မထွက်သာ၊ ကြာခြည်ယံ အတွင်းမှာပင်၊ အစာရေပြတ် ထမင်းငတ်လျက်၊ မရပ်မတည်နိုင်၊ ယိမ်း ယိုင်မချိ၊ ပျက်စီးလုနီးပါးရှိလေရကား၊ အရှင်သိကြားမင်းမှ မကယ်လျှင်၊ သေဖွယ်ရာ ရှိတော့သဖြင့်၊ အထိကရ ရန်ဘေး၊ ခြင်သူပုန်တို့နှင့် ဝေးရအောင်၊ ဖေးမ စောင့်ရှောက်တော်မူပါမည့်အကြောင်းကို၊ စုပေါင်းလေးမူ၊ ယူနီဘာ စီတီ၊ သညီထင်လင်း၊ ကောလိပ်ကျောင်းမဂ္ဂဇင်းတွင် ထည့်သွင်းလျှောက် ထား၊ ဝတိနယ်က ကြားဖို့ရန်၊ အသနားတော်မြတ်ခံပါသည်။ သုဇိတာအစ၊ လေးဝသော မိဖုရားကြီး၊ အသီးသီးခြွေရွေ၊ နှစ်ကုဋေ ငါးသန်းသော မိဖုရား ငယ်တို့၏သခင်၊ ဤအရှင် သိကြားမင်းကြီးဘုရား။ ။

                                                                                                                                  အမည်-မောင်ဝ

                                                                                                                                  နေရပ်-ချောင်က

 

                                                                        ယူနီဘာစီတီကောလိပ်မဂ္ဂဇင်း၊ အတွဲ ၁၆၊ အမှတ် ၁၊ ၁၉၂၅။