Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ၆၀ကျော်မှရေးသောဝထ္ထုများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

သည်နေ့တော့ မင်းကို မတွေ့ခဲ့ရပါလား အလှရယ်

 

အချိန် - ၁၃၃၇ ခုနှစ်၊ နတ်တော်လပြည့်ပြီးခါစ၊ တစ်ခုသော နံနက်ခင်း။ 

နေရာ - မန္တလေးမြို့၊ အအေးပိုသော ဆောင်းကာလနှင့် အချမ်းပိုသောဒေသ ဖြစ်ပါသည်။

          သို့သော် ကျွန်တော်ကား အိပ်ရာထဲ ကွေးမနေပါ။ နံနက်ခင်း စောစောစီးစီး ထပြီး လမ်းလျှောက်ပါသည်။ မနေ့ကလည်းလျှောက်၊ ဒီနေ့လည်းလျှောက်။ ကွာသည်ကတော့ မနေ့ကထက် ဒီနေ့ အနည်းငယ် (၁၀ မိနစ်လောက် ထင်ပါ ရဲ့) နောက်ကျသွားသည်။

          ကျွန်တော် တည်းခိုသည့်အိမ်ကား ၈၃ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ သခင်ဗဟိန်း(ကွယ်လွန်)၏ အစ်မများနေသောအိမ်။ ထိုအိမ်မှနေပြီး နန်းတော်ဘက် သို့ လျှောက်သည်။ အနောက်မှ အရှေ့သို့၊ တရုတ်တန်းရောက်တော့ တောင်မှ မြောက်သို့။ နောက်တော့ တောင်ဘက်ကျုံးကြီးအတိုင်း အနောက်မှ အရှေ့သို့၊ အရှေ့ တောင်ကျုံးထောင့်ရောက်တော့ ပြန်လှည့်ခဲ့သည်။

          အိမ်မှထွက်ခဲ့စဉ်က မှောင်နေသေး၏။ လဆုတ်လသည် တိုက်တာ အဆောက်အဦများ၊ နောက် သစ်ပင်များကြား နစ်မြှုပ်သွားခဲ့ပြီ။ လမ်းမီးတိုင်များ ကတော့ တလက်လက် ရှိသေးသည်။ သို့သော် လမ်းမီးတိုင်များမှာ ချမ်းနေကြဟန် တူပါ၏။ နှင်းစောင်ကြီးခြုံကာ ကွေးနေကြသည်။

          အိမ်ကထွက်စတွင် လမ်းသွားလမ်းလာ လူတစ်ယောက်စ၊ နှစ်ယောက်စ တွေ့ရသည်။ တိုက်တွေ၊ အိမ်တွေ၊ ဆိုင်တွေမှာ တံခါးပိတ်လို့ အိပ်ကြတုန်း၊ ဆိုင်တွေထဲမှာ အနိုးကြားဆုံးကား လက်ဖက်ရည်ဆိုင်အချို့ ဖြစ်သည်။ ရေနွေးကျိုလို့ နွားနို့ ချက်ပြီးကြပြီ။ နံပြားဖုတ်လို့ ပဲပြုတ်ကြော်နေကြပြီ။ ဆိုင်ရှင်ကို အမီလိုက်၍ လုံ့လဥဿဟကြီးသော ဖောက်သည်အချို့ကား ငုတ်တုတ်ထိုင်၍ စောင့်နေကြပြီ။ တကယ်ပင် ငုတ်တုတ်ထိုင်နေကြ၏။    ကုလားထိုင်ပေါ်မှာ ခြေ ချမထိုင်နိုင်ပါ။ ဆောင့်ကြောင့် ထိုင်ကြရ၏။ လက်တွေကို ပေါင်ကြားညှပ်၍၊ အပေါ်အင်္ကျီကို ရင်စေ့၍၊ ခေါင်းကို သဘက်နှင့် လုံအောင် (နားရွက်ပါလုံအောင်) ပေါင်း၍။

           လမ်းပေါ်တွင် မန္တလေးသရုပ်ဖော် အနှေးယာဉ်ဖြစ်သော မြင်းလှည်း ကလေးများ တစ်စီးစ၊ နှစ်စီးစ ပြတ်တောင်း ပြတ်တောင်း လှုပ်ရှားသွားလာနေ ကြ၏။ အိမ်ကထွက်စ ရုန်းစကန်စ ဖြစ်၍လားပဲ မသိ။ မြင်းကလေးများသည် ပြေးရင်းလွှားရင်း အမြီးထောင်ကာ မကာနှင့် အီး တစ်ဒူဒူပေါက်၍ ချေးတုံးတွေ အစီအရီ စွန့်ကျဲသွားကြလေသည်။ လမ်းလျှောက်သူတွေမှာ ယင်းတို့ကို တက် မနင်းမိအောင် အထူးဂရုပြု၍ ရှောင်ကြရ၏။

           နှစ်ပြလောက် ကျော်သွားမိသောအခါ နိုးကြားနေသော အိမ်တစ်အိမ်ကို တွေ့မြင်ရသည်။ အိမ်ရှေ့ပေါက် ခေါက်တံခါးကြီး တစ်ချပ်ကို ဖွင့်ထားရာ အထဲက မီးရောင် အပြင်သို့ ထွက်နေသည်။ အပြင်ထွက်နေသော မီးရောင်အောက် မှာ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ်ကျန ပြေပြစ်သော အရိပ်သဏ္ဌာန်နှင့် မိန်းမတစ်ယောက်သည် ဘုရားပန်းအိုးဟု ထင်မှတ်ရသောအရာတစ်ခုကို ဆွဲထုတ် လာသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ အိမ်ဝိုင်းထဲမှာတော့ ထူထပ်စွာ ဝတ် ဆင်ထားပြီး တဘက်နှင့် ခေါင်းကို လုံအောင်ပေါင်းထားသော အရပ်ရှည်ရှည် ယောက်ျားတစ်ယောက်က မတ်တတ်တံမြက်စည်းကြီးနှင့် လှည်းကျင်းနေလေ သည်။

           တရုတ်တန်းသို့ ရောက်သောအခါ ကျွန်တော် အံ့သြရသည်။ အလင်းရောင် မှုန်တိမှုန်ဝါးထဲမှာ လူတွေ အတော်ကလေး စည်ကားနေပေပြီ။ လမ်းသွားလမ်းလာ လူထုမဟုတ်၊ ဈေးဖွင့်ရန် ပြင်ဆင်နေသော လူထု ဖြစ်၏။ ကားကြီးကားငယ်တွေ ထဲမှာ လည်းကောင်း၊ မြင်းလှည်းတွေပေါ်မှ လည်းကောင်း၊ ဆိုက်ကားတို့မှ လည်းကောင်း၊ ကုန်ပစ္စည်းချနေသူများ။ ဘယ်လို ကုန်ပစ္စည်းတွေပါလိမ့်။ ဟင်းသီးဟင်းရွက်၊ သစ်သီးပန်းမန် မဟုတ်သည်ကတော့ သေချာသည်။ မှောင်ကျသောနေရာများမှာ မသိနိုင်သေးသော်လည်း လမ်းမီးရောင်အောက်မှာ တော့ အသေအချာ မြင်ရပါပြီ။ အထည်အလိပ်များ အလိပ်လိုက်၊ အလိပ်လိုက်။ အခြား မှော်ခိုပစ္စည်းများ အထုပ်လိုက်၊ သေတ္တာလိုက်။

          မီးရောင်အောက် တစ်နေရာမှာတော့ လုံ့လဥဿဟ ကောင်းလှသော ဈေးသည်နှင့် အလားတူ လုံ့လဥဿဟ ကောင်းလှသော ဈေးဝယ်တို့သည် ကုန်ကိုဖြန့်ပြ၊ ကုန်ကိုကိုင်ကြည့်၊ ဈေးမေး၊ ဈေးပြော၊ ဈေးဆစ် လုပ်နေကြသည် ကို မြင်လိုက်ရ၊ ကြားလိုက်ရပါသည်။ တစ်ခဏလေးရပ်၍ ဂရုစိုက် အကဲခတ်လိုက် သောအခါ သူတို့၏ လက်များ အနည်းငယ် လှုပ်သလို၊ သူတို့၏ အသံများ အနည်းငယ်တုန်သည်ကို သတိပြုမိပါသည်။ သို့သော် တစ်စုံတစ်ရာကို ကြောက်လို့ မဟုတ်။ ရာသီဥတုက အေးလွန်းလို့သာ ဖြစ်ပါ၏။ 

          ကျွန်တော်လည်း ချမ်းလှသောကြောင့် ရှေ့ဆက် ခပ်သွက်သွက် လျှောက်ခဲ့ပါသည်။ မှောင်ခိုဈေး အညစ်အကြေးများကို လေ့လာရန် မဟုတ်၊ ကျန်းမာရေး၊ သန့်ရှင်းရေးအတွက် လမ်းလျှောက်လာခဲ့သည် မဟုတ်ပါလား။

          သို့ဖြင့် ကျုံးထောင့် (အနောက်တောင်ထောင့်)သို့ ရောက်ခဲ့ပါပြီ။

          ကျုံးပတ်လည်တစ်ဝိုက်မှာတော့ အတော်ပင် သက်ဝင်လှုပ်ရှားနေပါပြီ။ ခပ်မှန်မှန် လမ်းလျှောက်လာသော လူကြီးများနှင့် မိန်းမကြီးအချို့၊ မြန်မြန် လမ်းလျှောက်သော၊ ပြေးသော လူလတ်နှင့် လူငယ် လုံမငယ်များ၊ ပြေး ဆော့ကစားသော လူပျိုပေါက်၊ အပျိုပေါက်ကလေးများ။

          တစ်နေရာတွင် လက်ဆွဲမီးဖိုကလေးချပြီး မုန့်လုပ်ရောင်းနေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရသည်။ မုန့်ပေါင်းလား၊ မုန့်လုံးရေပေါ်လား ဘာမုန့် ရောင်းနေသည်ဟု ကျွန်တော် မသိခဲ့ပါ။ သို့သော် ပူပူနွေးနွေး ရောင်း နေရာ ပြေးလွှားဆော့ကစားပြီးစ ကလေးသူငယ်အချို့ စားနေကြသည်ကို မြင် ရပြီး ကျွန်တော်လည်း အားကျမခံ ဝင် မစားမိအောင် အတော်ပင် ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းခဲ့ရ၏။ ကျွန်တော်က လမ်းဆက်လျှောက်ရဦးမည်။ ခုမှ ကိုယ် လက်လှုပ်ရှားမှု အရှိန်ရပြီး အချမ်းပေါ့ခါစ ဖြစ်သည်။ ထွက်လာခါစ ငယ်ထိပ်ကို လေအေးရိုက်သဖြင့် နှာရည်တွေ ယိုစီးလာခဲ့ရာ ခုမှ ရပ်ခါစ ဖြစ်သည်။ အေးနေသော လက်ဖျားများသည်လည်း ပူနွေးစပြုပါပြီ။     ကျွန်တော်သည် မြန်နှုန်းကို လျှော့ချ၍မရ။ တကယ်တော့ လွတ်လွတ်လပ်လပ် လျှောက်၍ရသော နေရာဖြစ် သည်မို့ မြန်နှုန်းကို တိုးနိုင်က တိုးဖို့သာ ရှိသည်။

          လမ်းမကြီးပေါ်တွင် ခရီးသည်တင် ဘတ်စ်ကားကြီးများ စတင် ပြေးဆွဲ နေလေပြီ။

          လမ်းလျှောက်သူတို့သည် လမ်းမ ကတ္တရာခင်း ကျောက်လမ်းပေါ်မှာ လျှောက်သူက လျှောက်သည်။ ကျုံးကြီးဘေး ကျောက်ပြားခင်း လူသွားလမ်းပေါ်မှာလျှောက်သူက လျှောက်သည်။ ကျွန်တော်ကတော့ အဆင်ပြေသလို လမ်းမပေါ် ဆင်းလျှောက်သည့်အခါ လျှောက်၍ ကျုံးဘေး ကျောက်ပြားခင်းလမ်း လူ သွားလမ်းပေါ် တက်လျှောက်သည့်အခါ လျှောက်သည်။ 

           ကျုံး ဟိုဘက်ကမ်းနှင့် မြို့ရိုးကြားရှိ ဥယျာဉ်တွင် နီယွန်မီးချောင်းများ ထွန်းထားရာ ကလေးများ အစုလိုက် အပြုံလိုက် ဆော့ကစားနေသည်ကို တွေ့ ရသည်။ သူတို့ထံ အသံဗလံများသည် သည်ဘက်ကမ်းသို့ သောသောညံအောင် လာနေ၏။ သူတို့၏ ပျော်ရွှင်မှုသည် ကျွန်တော့်ကို ကူးစက်နေပါ၏။ သူတို့

ဆော့ကစားနေသည်ကို ပြေးသွားပြီး ကြည့်လိုက်ချင်စိတ် ပေါက်လာ၏။ ထို အခိုက် နီယွန်မီးချောင်းများ ငြိမ်းသွားလေသည်။ ငွေနှင်းမှုန်မှုန်ကြားထဲမှ ကလေးငယ်တို့၏ ဆော့ကစားသံတို့ကား မစဲသေး။ ကျွန်တော်သည် ရှေ့ဆက် လို့သာ လမ်းလျှောက်ခဲ့ပါ၏။

          မှောင်ရာမှ လင်းနေသော နံနက်ခင်းသည် အသွင်ပြောင်းနေသည်။

          အရှေ့ဘက် ကောင်းကင်ပြင်တွင် တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာများ ထွန်း တောက်နေကြသည်။ မိုးကုတ်စက်ဝိုင်းအပေါ်တွင် ငွေရေးကောက်ကြောင်းများကို တွေ့နိုင်သည်။ သို့သော် အရှေ့ဘက်မှ ပတ္တမြားရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် အနောက်ဘက်သို့လည်း ရောင်ပြန်မဟပ်သေး။ တောင်မြောက်ဝဲယာသို့လည်း ရောင်ဖြာမကူးယှက်သေး။

          မင်္ဂလာတံတားကို ကျော်လာခဲ့ပြီ။

          လမ်းလျှောက်သူ ရှားပါးလာသည်။ လူသွားလူလာ နည်းလာသည်။ အနှေးယာဉ်၊ အမြန်ယာဉ်များလည်း လှုပ်ရှားမှု မရှိတော့သလောက် ဖြစ်၏။

          မြင်ကွင်းတွင် ဝင်ရောက်လာသော နန်းတော်မြို့ရိုးနှင့် ကျုံးတို့သည် ဝိုးတဝါး မဟုတ်တော့။ မှောင်ရီရီတွင် တောင်ကုန်းတန်းလိုလို၊ သစ်ပင်ခင်တန်း လိုလို ထင်ရသောမြို့ရိုး မဟုတ်တော့။ မှောင်ရီရီတွင် မြေတလင်းပြင်လိုလို၊ ရေမျက်နှာပြင်လိုလို ထင်ရသော ကျုံး မဟုတ်တော့။

          ကျွန်တော်သည် မြန်နှုန်းကို အနည်းငယ် လျှော့လိုက်သည်။ မနေ့က ဒီနေရာမှာ အလှနှင့် တွေ့ခဲ့ရသည် မဟုတ်ပါလား။ အသွားမှာတော့ မဟုတ်။ အပြန်မှာ တွေ့ခဲ့ရသော အလှ။ ကျွန်တော့် အသည်းနှလုံးမှာ ထာဝစဉ် စွဲ ငြိသွားသော အလှ။

          အလှကို ကျွန်တော် ယနေ့ ထပ်တွေ့ချင်နေသည်။ အရှေ့ပြင်တံတား လှည့်အပြန်တွင် အလှကို တွေ့ရဦးမည်ဟု ထင်သည်။ ကျွန်တော်သည် မနေ့က ဖူးတွေ့ခဲ့ရသော အလှကို ယနေ့ မြင်ယောင်နေပါ၏။

         မနေ့မနက်က ကျွန်တော် ဒီနေရာရောက်သောအခါ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းတွင် ချိုပြုံးသော နေလုံးကြီးသည် ပြူတစ်ပြူတစ်နှင့် လူးလွန့်ကာ ထွက်လာလေပြီ။ အခြားအချိန်မှာ အကြည့်မခံသော နေလုံးကြီး၊ ထိုအချိန်မှာတော့ ပြုံးရွှင်စွာ အကြည့်ခံနေ၏။ ကြာပန်းငုံကြီး ပွင့်အာလာတော့ အပေါ်ထပ် ပွင့် ချပ်စိမ်းများ တစ်လွှာပြီးတစ်လွှာ ကွာကျနေလို တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာတို့သည် တဖြည်းဖြည်း၊ တရွေ့ရွေ့ ဘေးသို့ ဖယ်ပေးနေကြသည်။ တိမ်တိုက်၊ တိမ်လွှာ၊ တိမ်ညန့်များကို ကွယ်ထားသော ငွေရေးကောက်ကြောင်းများသည် လူးလွန့် ဖြန့်ကား ထွက်နေကြ၏။ အရှေ့ဘက် ကောင်းကင်ပြင်မှ ပတ္တမြားရောင်၊ နီလာရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် အနောက်ဘက် ကောင်းကင်ပြင်တွင်ရောင်ပြန်ဟပ်နေကြသည်။ တောင်ဘက်၊ မြောက်ဘက်သို့လည်း ရောင်ဖြာကူးယှက် နေကြသည်။ တကယ်တော့ လောကဓာတ်ကြီးတစ်ခုလုံးအနှံ့ ပတ္တမြားရောင်၊ နီလာရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် ကွန့်မြူးနေကြလေပြီ။

          ရောင်စုံကွန့်မြူးသော မြို့ရိုးကြီးကား မကြုံစဖူး အလှထူးနေ၏။ နီညို သော အုတ်ချပ်များသည်ပင် အခါတိုင်းလို မဟုတ်။ ရွှေအိုရောင် ပေါက်နေသလား မပြောတတ်။ မွမ်းမံပြင်ဆင်ထားသော ပြာသာဒ်များက ပိုနွဲ့ နှောင်း ကြော့ရှင်း နေသည်။ မူလအနေအထားအတိုင်း မွမ်းမံပြင်ဆင်ထားသော ပစ္စင်၊ ရင်းတာ၊ သူရဲခို၊ ပြအိုးတို့ကား ပိုမိုခံ့ညားထယ်ဝါနေသည်။ မြို့ရိုးခြေရင်းတွင် ရတနာပုံ ရွှေမြို့တော် တည်စကပင် စိုက်ထားခဲ့သည်ဟု ထင်ရအောင် အိုမင်းနေသော သစ်ပင်အိုကြီးတစ်ပင်နှင့် ထန်းပင်ကြီးနှစ်ပင်တို့သည် ချိုပြုံးသော နေလုံးကြီးမှ လွှတ်လိုက်သည့် ရောင်ခြည်နုများအောက်တွင် နုပျိုလန်းဆန်းနေကြဟန် ရှိသည်။ မကြာသေးမီကလေးက မြေတလင်းပြင်လိုလို၊ ရေမျက်နှာပြင်လိုလို ထင်ခဲ့ရသော ကျုံးကြီးသည် မှန်ချပ်ကြီးဖြစ်လာကာ နေဝန်းနီ၊ ကောင်းကင်၊ မြို့ရိုး၊ ထန်းပင် စသည်တို့ကို ထင်ဟပ်နေလေသည်။ ပတ်ဝန်းကျင် အရှိတရား၏ ပကတိအလှနှင့် ဝိကတိအလှတို့ သဟဇတဖြစ်သွားလေသောအခါ အလှသည် အလှဆုံး ဖြစ်သွား လေသည်။

          ကျွန်တော်သည် “မနေ့က ထိုအချိန်၊ ထိုနေရာတွင် တွေ့ခဲ့ရသော အလှကို စားမြုံ့ပြန်၍ စည်းစိမ်ခံနေမိသည်။ ယနေ့တစ်ဖန် ပြန်လည်ဖူးတွေ့ ဆုံဆည်းကာ ခံစားကြည်နူးလိုလှသည်။ အမှန်မုချ အလှနှင့် ပြန်တွေ့ရပါဦးမည်။ မတွေ့လို့ မဖြစ်ပါ။

           ကျွန်တော် လမ်းလျှောက်ထွက်ခဲ့သည်မှာ အတော်ကြာပါပြီ။ ခရီး အတော်ပေါက်ခဲ့ပါပြီ။ မြန်နှုန်းမှာ အလိုအလျောက် လျော့ကျသွားသင့်ပါပြီ။ သို့သော် အလှနှင့် ပြန်တွေ့လိုဇောကြောင့် မြန်နှုန်းသည် လျော့ကျခြင်း မဖြစ်ခဲ့။

           ရှေ့တောင်ထောင့်ကို ကျော်လွန်ခဲ့သည်။ ပန်တျာကျောင်းကို ရောက် ခဲ့သည်။ အရှေ့မြို့ရိုး အလယ်ပေါက်တံတားအထိ လျှောက်ခဲ့သည်။ အရှေ့ပြင် လမ်းမကြီးအတိုင်း အရှေ့ကောင်းကင်ပြင်သို့ မျှော်ကြည့်လိုက်၏။ နေကား မထွက်သေး။ သို့သော် ရှေ့တော်ပြေး ရောင်ခြည်တို့သည် မှောင်ထုကို လုံးဝ ဖြိုခွင်းလိုက်လေပြီ။ နှင်းမှုန်မြူခိုးတို့ကား ဆိုင်းနေဆဲ ဖြစ်သောကြောင့် ရှမ်း ကုန်းပြင်တောင်တန်း တောင်ရိုးများကို ဝိုးတဝါးသာ မြင်ရ၏။

          ကျွန်တော်သည် နောက်ပြန်လှည့်၍ အသော့နှင်ခဲ့၏။ အလှနှင့် ပြန် တွေ့ လိုသည့်ဇောသည် ကျွန်တော့်ကို ဖမ်းစားနေမြဲသာ ဖြစ်သတည်း။

          ကမ်းနဖူးတွင် လူတစ်ယောက် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေ သည်။ လမ်းလျှောက်ခြင်းကို ရပ်နားပြီး ခြေဆန့်၊ လက်ဆန့်၊ ခါးကွေး၊ ခါး လိမ် လုပ်နေခြင်း ဖြစ်ပါ၏။

          နောက်တစ်နေရာတွင် အဖေလုပ်သူ ခေါင်းဆောင်သော သားသုံးယောက် စကားတပြောပြောနှင့် လမ်းလျှောက်နေကြသည်ကို တွေ့ရ၏။ 

          ခရီးသည်တင် ဘတ်စ်ကားကြီးတစ်စီး ဈေးချိုဘက်သို့ ဝေါခနဲ မောင်း သွားလေသည်။

          ဟော... အလှနှင့် မနေ့က တွေ့ခဲ့ရသော နေရာသို့ ပြန်ရောက်လာပြီ။ ကျွန်တော်သည် မြန်နှုန်းကို လျှော့ချပြီး ကျုံးကမ်းနဖူးပေါ် သွား၍ ရပ်၏။ အရှေ့သို့ကို မျှော်လိုက်၊ မြောက်ဘက်ကို လှည့်လိုက်၊ ကောင်းကင်ပြင်သို့ မျက်စိအစုံကို လွှင့်လိုက်၊ တစ်ဘက်ကမ်းမှ မြို့ရိုးကို ကြည့်လိုက်၊ ကျုံးရေ မျက်နှာပြင်ပေါ် မျက်စိ လျှပ်တိုက်လိုက်နှင့် အလှကို ရှာပါသည်။ ဘယ်မှာမှ မတွေ့ရ။ ပြုံးရယ်နေသော နေလုံးနီမဟုတ်တော့။    နေမင်းသည် နုပျိုသောရောင်ခြည်များကို လွှတ်နေလင့်ကစား စေ့စေ့အကြည့်ခံသော မျက်နှာ မဟုတ်။ တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာ စသည်တို့ကား ရှိပါသေး၏။ သို့သော် တိမ်နီသည် ပတ္တမြားအရောင် မဟုတ်တော့၊ တိမ်ဝါသည် ရွှေရောင် မဟုတ်တော့၊ တိမ်ပြာ သည် နီလာရောင် မဟုတ်တော့။ တိမ်လွှာ၊ တိမ်တိုက်၊ တိမ်ညွန့်များကိုကွပ်ထားသော ငွေရေးကောက်ကြောင်းများသည်လည်း ကနုတ်ဟန်၊ ယိုးဒယား ပန်းအလှ မရှိကြတော့ပြီ။

          ပြုပြင်မွမ်းမံထားသော မြို့ရိုးကြီးသည် ပြအိုး၊ သူရဲခို၊ ပစ္စင်၊ ရင်တား၊ ထီးပြာသာဒ်များနှင့် ခံ့ညားဆဲပင် ဖြစ်သော်လည်း ဝိုးတဝါး အလင်းရောင်မှာ မြင်ခဲ့ရသလို မန်းတောင်လက်ယာ ကဗျာမဆန်တော့ချေ။   ပြတ်သားသည့် အလင်းရောင်တွင် မြို့ရိုးကြီး၏ အဖာအထေးများကို ထင်ရှားစွာ မြင်နေရ၏။ မြို့ရိုးခြေရင်းရှိ သစ်ပင်အိုကြီးမှာ အရိုးပြိုင်းပြိုင်းနှင့် ကမ္မဋ္ဌာန်းရုပ် ပေါက်နေသည်။ ထန်းပင်အိုကြီးကလည်း ပင်စည် ကလန်ကလား၊ အရွက်ခြောက် ကိုးရိုးကားရား နှင့် မနည်းကြီး အားတင်းကာ ရပ်နေသော်လည်း ခနော်နီခနော်နဲ့ နိုင်လှသည်။ အရှိတရား၏ ပကတိသွင်ပြင်က ထိုသို့ရှိနေစဉ် ကျုံးရေမျက်နှာပြင်တွင် ထင် ဟပ်နေသော အဖြစ်တရား၏ ဝိကတိသွင်ပြင်က အလှပျက်နေသည်မှာ အံ့သြစရာ မရှိပါချေ။ ဪ... ဒီကနေ့တော့ မင်းကို မတွေ့ခဲ့ရပါလား အလှရယ်။ ကိုယ်က နောက်ကျသွားတာလား၊ အလှက ရောက်မလာတာလား။

          ကျွန်တော်သည် ဝမ်းနည်းကြေကွဲ ညည်းညူလျက် အပြန်လမ်းအတိုင်း ဆက်လျှောက်ခဲ့ပါလေသည်။

          မင်္ဂလာတံတားပေါ် ရောက်တော့ တံတားပေါ် လျှောက်ကာ ကျုံးနှင့် မြို့ရိုးကြားရှိ ဥယျာဉ်တွင်းသို့ ဝင်ခဲ့လေသည်။    အရိပ်ကောင်းသစ်ပင်၊ သီးပွင့်ကောင်း သစ်ပင်နှင့် ပန်းပင်ပန်းနွယ်၊ ပန်းချုံတို့ဖြင့် လည်းကောင်း၊ အပန်းဖြေ အနားနေရန် နေရာထိုင်ခင်းတို့ဖြင့် လည်းကောင်း၊ ဆော့ကစားစရာ ပစ္စည်းကိရိယာ တို့ဖြင့် လည်းကောင်း၊ ပျော်ပွဲစားစရာ ဆိုင်ကနားတို့ဖြင့် လည်းကောင်း အဆန်းတကျယ် ပြုပြင်စီမံထားသော ဥယျာဉ်ဖြစ်ပါ၏။ သို့သော် ကျွန်တော်တော့ ထိုဥယျာဉ်ထဲမှာလည်း အလှကို ရှာမတွေ့တော့ပါ။

          မန္တလေး၊ မတ္တရာမီးရထားက ကျုံးကို ဖြတ်ကျော်ထားသောနေရာသို့ ရောက်သောအခါ ကျွန်တော်သည် ဥယျာဉ်မှထွက်ပြီး တံတားပေါ် တက်ခဲ့လေ သည်။ တံတားပေါ် ခဏရပ်နားပြီး အရှေ့ဘက် ကောင်းကင်သို့ မျှော် လိုက်သည်။ ပြီးတော့ တောင်မြောက်လှည့်ကာ ငေးမျှော်ပြန်သည်။ မြို့ရိုးကြီး ဆီသို့ မျက်စိအစုံကို လွှတ်သည်။     ကျုံးရေမျက်နှာပြင်ကို မျက်စိလျှပ်တိုက် လိုက်သည်။ အလှကိုကား ရှာမတွေ့။ တံတားပေါ်မှာ စိတ်ပျက်ပျက်နှင့် ခေါင်း ငိုက်စိုက်ချကာ တံတားအောက်က ရေကြည်ရေကို ကြည့်နေမိသည်။ ရေမျက်နှာပြင်ပေါ်တွင် ရောင်ခြည်နုတို့က တဖျတ်ဖျတ်တောက်ပ၊ တရွရွလှုပ်