Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - အရှေ့မြောက်တိုင်းတစ်ခွင်

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

အရှေ့မြောက်တိုင်းတခွင်

 

          ဆောင်းမှာ နှောင်းနေသည်ဟု ထင်ရသည်။ 

          ဒီဇင်ဘာလ (၄) ရက်နေ့သို့ ရောက်နေပြီး မချမ်းတတ်သေး။ ရန်ကုန်မှာ မချမ်းသော်လည်း သွားရမည့်နေရာမှာ ချမ်းလိမ့်မည်။ ထို့ကြောင့် အနွေးထည်တွေ အလုံအလောက်ယူခဲ့ပါသည်။

          လွိုင်ကော်မှာ လေယာဉ်ခဏရပ်နားတော့ ဆင်းကြည့်ပါသည်။ လေဆိပ် ဟိုနားသည်နား လျှောက်ကြည့်ပါသည်။ မချမ်းပါ။ မကြာမီက မိုးရွာထားသည့် လက္ခဏာများကို တွေ့ရသည်။

          နာရီဝက်လောက်ကြာတော့ ဟဲဟိုးသို့ရောက်သည်။ ဟဲဟိုးမှာလည်း ချမ်းသည်ကိုမတွေ့ရ။ ဟဲဟိုးလေဆိပ်မှာ မိတ်ဆွေဟောင်းမီမီခိုင် (မစ္စက် စဝ်ဆိုင်မွန်)ကိုတွေ့ရသည်။ မြန်မာပြည်အကြောင်း စာအုပ်တစ်အုပ် အင်္ဂလိပ်လိုရေးခဲ့သော မီမီခိုင်တစ်ယောက် ကြက်မွေးမြူရေးလုပ်နေသဖြင့် ရန်ကုန်မှ လေယာဉ်ဖြင့်ပို့လိုက်သော ကြက်ပေါက်စ ကုန်ထုပ်များကို လာရွေး နေခြင်းဖြစ်ပေသည်။

          ဖော်ကာဖရင်းရှစ်လေယာဉ်သည် ရှမ်းကုန်းမြေမြင့်မှ မန္တလေးသို့ ဆင်းလာသည်။ မန္တလေးလေဆိပ်မှာတော့ နေကလည်းမြင့်နေပြီမို့ မအေးရုံ မက ပူ၍ပင်နေပါပြီ။

          နာရီဝက်ကျော်ကျော် ရှမ်းကုန်းမြင့်ပေါ် ဆက်၍ ပျံသန်းလေသော် လားရှိုးမြို့သို့ ဆိုက်ရောက်လေသည်။ ရန်ကုန်မြို့မှ လားရှိုးသို့ရောက်သည်

အထိ ချိုချဉ်ဝေခြင်းနှင့် ကော်ဖီတစ်ခွက်စီ တိုက်ခြင်းမှတစ်ပါး ခရီးသည်များ အတွက် ဘာမျှလုပ်မပေးသော၊ အရေးပေါ်အခြေအနေအတွက် အသက် ကယ်အစီအစဉ်များအကြောင်းကိုပင် ညွှန်ပြရှင်းလင်းခြင်းမပြုသော လေယာဉ်မောင်မယ်များအား ဝတ်ကျေတိုင်းကုန် ကျေးဇူးတင်ကြောင်း ပြောကာ ကျွန်တော်တို့သည် ဖော်ကာဖရင်းရှစ်နှင့် ခွဲခွာခဲ့လေသည်။

          ကျွန်တော်တို့ဆိုသည်မှာ ကျွန်တော်နှင့် မြန်မာစာကထိကနှင့် စာရေး ဆရာဖြစ်သူ ဖိုးကျော်မြင့်ဖြစ်ပါသည်။ လေဆိပ်မှ ဆီးကြိုသူများထဲတွင် ကင်မရာတဖျပ်ဖျပ်ရိုက်နေသော ရုပ်ရှင်မင်းသား ကိုထွန်းဝေကို တွေ့လိုက် ပါသည်။ “အရှေ့မြောက်တိုင်းတခွင်” ခရီးစဉ်ကို အတူလှည့်ရန် ချိန်းထား သည့်အတိုင်း သူက ကျွန်တော့်ကို     လားရှိုးမြို့မှ စောင့်နေခြင်းဖြစ်၏။ (ကိုထွန်းဝေသည် ကျွန်တော့်အရင် ခရီးထွက်ခဲ့ပြီး လွိုင်ကော်နှင့် မေမြို့ တို့သို့ ရောက်ပြီးပြီဖြစ်၏။)

          လားရှိုးမြို့မှ ကျွန်တော့်ကို ကြိုဆိုသူများမှာ ဆရာဝန်၊ စာရေးဆရာ ကမ္ဘောဇခင်လှိုင်နှင့် နိုင်ငံတကာစာအုပ်နှစ်နှင့် စာဆိုတော်နေ့ ကျင်းပရေးကော်မတီမှ လူကြီးအချို့ ဖြစ်၏။ ဥက္ကဋ္ဌဆရာဩမှာ ရှမ်းဘောင်းဘီပွပွကြီးနှင့် အပေါ်အင်္ကျီကိုဝတ်ထားရာ ရှမ်းအမျိုးသားကြီးပင်ဖြစ်ရမည်ဟု ကျွန်တော် မှတ်ယူလိုက်၏။ အတွင်းရေးမှူးဖြစ်သူ အမျိုးသမီးကား မျက်လုံးခပ်မှေးမှေး၊ အသားခပ်ညိုညိုမို့ အကဲခတ်ရကျပ်နေလေသည်။

          ဆရာဝန် ကမ္ဘောဇခင်လှိုင်မှာလည်း အသားခပ်ညိုညိုပင်ဖြစ်သည်။ အရပ်အမောင်းကောင်းပြီး ဟန်အမူအရာကသာမက မျက်နှာသွင်ပြင်ကပင် သွက်လက်နေသည်။ သူကား ဘယ်လိုကြည့်ကြည့်၊ ရုပ်ကိုကြည့်ကြည့်၊ ဇာတိကိုကြည့်ကြည့်၊ စိတ်နေသဘောထားကိုကြည့်ကြည့်၊ အယူအဆကို ကြည့်ကြည့် ရှမ်း-ဗမာ ခွဲခြားမရသူဖြစ်သည်။

          ကမ္ဘောဇခင်လှိုင်သည် စာဆိုတော်နေ့ ကျင်းပရေးကော်မတီအနေနှင့် ကျွန်တော်တို့ကို ကြိုဆိုရသည်ကတစ်ဖက်၊ တိုင်းဆေးရုံအုပ်ကြီးအနေနှင့် ခွဲစိတ်ကုဆရာဝန် မစ္စတာရိုက်ကို ကြိုဆိုရသည်ကတစ်ဖက်နှင့် ဗျာများ နေလေသည်။ ဘိလပ်မှာ ခွဲစိတ်ကုဆရာဝန်ကို ဒေါက်တာဟုမခေါ် မစ္စတာ ဟုသာ ခေါ်သည်ဆိုသဖြင့် မစ္စတာရိုက်ဟုသာ ခေါ်လိုက်ပါသည်။ ကိုလံဘိုစီမံကိန်းအရ ခွဲစိတ်ကုပါရဂူအဖြစ်ဖြင့် အကြံဉာဏ်ပေးရန် နယ်လှည့်နေခြင်း ဖြစ်သည်။ မနက်က အချိန်အမှတ်မှားသွားသဖြင့် လားရှိုးသို့ ပထမ လေယာဉ်ဖြင့် မလိုက်ခဲ့နိုင်ဘဲ ကျွန်တော်တို့နှင့်အတူ ပါလာခဲ့ခြင်း ဖြစ်လေ သည်။ ထိုသို့ အချိန်မှတ်မှားခဲ့ခြင်းကြောင့် ဒုက္ခများရသူမှာ မစ္စတာရိုက် မဟုတ်ဘဲ ဆရာဝန် ကမ္ဘောဇခင်လှိုင် ဖြစ်နေရရှာသည်။

          လားရှိုးသို့ ကျွန်တော်တို့ မွန်းတည့်ချိန်လောက်တွင် ဆိုက်ရောက် လာခြင်းဖြစ်သည်။ ကြည်လင်သန့်ရှင်းသော ကောင်းကင်မှ နေမင်းကတောက်ပစွာ ထွန်းလင်းနေသော်လည်း မပူပြင်းချေ။ အေးမြသာယာသော ရာသီဥတုဖြစ်ပေသည်။

          ကမ္ဘောဇခင်လှိုင်သည် ကျွန်တော်တို့အား အသစ်တည်ဆောက်ထားသော သူ့အိမ်သို့ ပို့လိုက်၏။ သူကား ထိုအိမ်တွင်မနေ၊ အခြားတစ်အိမ်မှာ နေထိုင်လျက်ရှိသည်။ အိမ်သစ်မှာ ဧည့်ဂေဟာသဖွယ်ဖြစ်နေ၏။ ရန်ကုန်မှာ ရှိစဉ်တုန်းက ကမ္ဘောဇခင်လှိုင်ထံမှ “လားရှိုးရောက်လျှင် ဆရာတို့ လွတ် လပ်စွာ တည်းခိုစရာ အိမ်တစ်လုံးပေးထားမည်” ဟု စကားစလာသောအခါ ဤမျှနေရာကျမည်ဟု ကျွန်တော် မမျှော်မှန်းခဲ့မိပါ။

          ကမ္ဘောဇခင်လှိုင်၏ ထိုဧည့်ဂေဟာမှာ တစ်ထပ်တိုက်ကလေး ဖြစ် သည်။ သို့သော် ကုန်းလျှာပေါ်မှာ တည်ထားခြင်းဖြစ်ရာ လသာဆောင်ကား နှစ်ထပ်ဖြစ်သည်။ လသာဆောင်အောက်တွင် ကားရိုက်ထားစရာနေရာ ရှိသည်။ တည်ရာကုန်းကလေးမှာ လားရှိုး၏ အတော်မြင့်သောအပိုင်းမှာ ဖြစ်သဖြင့် လသာဆောင်မှနေပြီး ကြည့်လိုက်လျှင် မိုးကုပ်စက်ဝိုင်းအထိ ဖြစ်သော အရှေ့မြောက် မြင်ကွင်းကျယ်ကြီးကို တွေ့ရသည်။ လားရှိုးမြို့၏ မြင်ကွင်းကျယ်ကြီးပင်တည်း။ စိမ်းပြီး သစ်လွင်နေသည်။

          ၁၉၃၉ ခုနှစ်က ကျွန်တော် လားရှိုးသို့ ပထမဆုံးအကြိမ် ရောက်ခဲ့ ရသည်။ ထိုစဉ်က လားရှိုးသည် ဤမျှ စိမ်းကောင်းစိမ်းခဲ့သည်။ သို့သော် ဤမျှသစ်လွင်သည်ဟု ကျွန်တော် မမှတ်မိပါ။ ထိုစဉ်က လားရှိုးသည် ဤမျှလည်း မကြီး၊ ဤမျှလည်း မသာယာပါ။

          ကမ္ဘောဇခင်လှိုင်၏ ဧည့်ဂေဟာမှာ ခန်းမကြီးကို နှစ်ခြမ်းခွဲထားသည်။ တစ်ခြမ်းက ထိုင်ခန်းဖြစ်ပြီး ကျန်တစ်ခြမ်းက ထမင်းစားခန်းဖြစ်သည်။ ထမင်းစားခန်းတွင် လူအစိတ်လောက်ကို ထမင်းစားပွဲ တည်ခင်းနိုင်သည်။ ဧည့်ခန်းတွင် တောက်ပြောင်သစ်လွင်ပြီး လှပသော ပရိဘောဂများရှိသည်။ အထူးအဆန်းအလှအပ၊ အမှတ်တရပစ္စည်းများ ထည့်ထားသော ဗီရို များလည်းရှိသည်။ အိမ်ရှင်သည် အလှအပကိုကြိုက်တတ်သူဖြစ်ကြောင်း ဧည့်ခန်းကိုကြည့်လျှင် သိနိုင်ပါသည်။

          ထိုခန်းမကြီးကို ဝိုင်းရံလျက် ဘုရားခန်းတစ်ခန်းနှင့် အိပ်ခန်းငါးခန်း ရှိသည်။ ရေချိုးခန်းနှစ်ခန်းလည်း ရှိသည်။ အပြင်ဆောင်တစ်ဆောင် သီးသန့် ထုတ်ထားပြီး မီးဖိုချောင်လုပ်ထားသည်။

          ကျွန်တော်တို့အား အခန်းကိုယ်စီ နေရာချထားပေးပြီးနောက် ကမ္ဘောဇ ခင်လှိုင်က ကျွန်တော့်အား ဘုရားခန်းကိုပြရင်း...

          “ဆရာ ဘုရားဝတ်ပြုချင်ရင် ဘုရားခန်း ဒီမှာပါ” ဟု ပြောလေသည်။ ကျွန်တော်က ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။

          နေ့ခင်း တစ်ချက်တီးကျော်မှ နံနက်စာ ထမင်းစားကြသည်။ ထို့နောက် ညနေစောင်းအထိ နားနေကြ၏။

          လားရှိုးမြို့သို့ ရောက်သည်ဆိုလျှင် မည်သူမဆို မသွားဘဲမနေသော နေရာမှာ ညနေဈေးဖြစ်သည်ဟု သိရ၏။  ဗြောင်သွား၍ မသင့်လျော်လျှင် ရုပ်ဖျက်သွားကြသည်။ တပ်မတော်သားများမှာမူ ယူနီဖောင်းနှင့် မသွားရ။ ဈေးဝယ်ချင်၍ သွားသူလည်းရှိသည်။ ကြည့်ချင်၍ သွားသူလည်းရှိသည်။ ကြည့်ရုံသွားသူလည်း ဝယ်ချင်စိတ် ပေါက်လာတတ်သည်။

          ညနေသုံးနာရီမှစပြီး ခြောက်နာရီသာသာအထိ ဖွင့်သောဈေးဖြစ်၍ ကျွန်တော်က ညနေဈေးဟု ခေါ်လိုက်ခြင်းဖြစ်သည်။ အချို့ကမူ မှောင်ခို ဈေးဟုခေါ်သည်။ လားရှိုးမြို့သူမြို့သားတို့ကမူ ဈေးဟုသာခေါ်သည်။ တကယ်တော့ ထိုညနေဈေးကို မှောင်ခိုဈေးဟု မခေါ်သင့်တော့ပါ။ ညနေ ဈေးတွင် ခိုးကြောင်ခိုးဝှက် ရောင်းကြသည်မဟုတ်။ ဘယ်ဈေးသည်မဆို ရဲရဲဝံ့ဝံ့၊ တည်တည်ငြိမ်ငြိမ် ရောင်းနေသည်ကို တွေ့ရသည်။ ညနေဈေးတွင် ကျီးလန့်စာစား လက္ခဏာကိုလည်း လုံးဝမတွေ့ရပါ။ အဖမ်းအဆီးမရှိပါ။

          ညနေဈေးသည် လားရှိုးဈေးကြီး၏ အလယ်ကောင်တွင် တည်ရှိ သော လဟာပြင်ဈေးဖြစ်သည်။   နိုင်ငံခြားမှလာသော ကုန်အမျိုးအမည် ဤမျှ စုံလင်သောနေရာ ဘယ်မှာမှ ကျွန်တော် မတွေ့ဖူးသေးပါ။ အထည်အလိပ် ဆိုလျှင် နိုင်လွန်အမျိုးမျိုး၊ သက္ကလတ်အမျိုးမျိုး၊ တက်ထရက်၊ တက်ထရွန်၊ ဖော့ကရစ်၊ လှိုင်းကြီးလှိုင်းလေး စသည်ဖြင့် အမျိုးစုံရုံသာမက အဆင် အသွေးတွေကလည်း စုံလှသည်။ ထိုင်းနိုင်ငံဘက်မှ အရင်းရှင်လောက၏ အလှအပ အထည်အလိပ်များ၊ အခိုင်အခံ့ အထည်အလိပ်များသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆိုရှယ်လစ်အလှအပ အထည်အလိပ်များ၊ အခိုင်အခံ့အထည်အလိပ်များလည်း ရှိသည်။ ချုပ်လုပ်ပြီး အဝတ်အထည်များ ကလည်း ပုံမျိုးစုံဖြစ်သည်။

          နာရီမျိုးစုံ၊ ရေဒီယိုမျိုးစုံ၊ တိပ်ရီကော်ဒါမျိုးစုံ၊ ဖောင်တိန်မျိုးစုံ၊ ဆေးဝါးမျိုးစုံ။

           ဓာတ်ဘူးကြီးများ၊ ပန်းကန်ခွက်ယောက်များ၊ ဇလုံများ၊ အိုးများ။

          အလှကုန်ပစ္စည်းများကလည်း အမျိုးစုံလှသည်။ ဆံပင်ဆိုးဆေးများ ကိုပင် တွေ့ရသည်။ ခြယ်သပက်ဖျန်းသော ကိရိယာများနှင့်တကွ ရောင်းချ သည်။ သွားပွတ်တံမှာတော့ ဆိုရှယ်လစ်သွားပွတ်တံက အရင်းရှင် သွားပွတ်တံကို နိုင်နေသည်။ 

          ဂျော်နီဝါကား အနီပတ်၊ အနက်ပတ်များကို တွေ့ရသဖြင့် ဈေးမေး ကြည့်ရာ အနီက ၁ဝဝ၊ အနက်က ၁၂ဝ ဟု ဆိုလေသည်။ တရုတ်ပြည်မှ လာသော ကျားရိုးဘရန်ဒီဆိုသည်ကို တွေ့ရသဖြင့် စုံစမ်းကြည့်ရာ ကျောရိုး နှင့် တခြား တရုတ်ဘယဆေးပစ္စည်းများ ရောချက်ထားသော ဆေးအရက် ဖြစ်သည်ဟု သိရသည်။ တစ်ပုလင်း ရှစ်ကျပ်ဟုဆိုသဖြင့် အရက်လည်းဖြစ်၊ အားတိုးဆေးလည်းဖြစ်သော ကျားရိုးဘရန်ဒီကို ကျွန်တော် ဝယ်လိုက် လေသည်။ ညနေဈေးသို့ ကြည့်ရုံကြည့်ရန်လာခဲ့သော ကျွန်တော်သည် ဈေးစ ဝယ်မိလေပြီ။ သို့သော် များများစားစားတော့ မဝယ်ဖြစ်ပါ။ အကြောင်း မူကား အားလုံးလိုလို ဈေးကြီးသောကြောင့်ဖြစ်လေသည်။ ဂျော်နီဝါကား တစ်လုံး ၁၀၀ ကျပ်မှ ၁၂၀ ကျပ်အထိရှိသလို ဆံပင်ဆိုးဆေး တစ်ပုလင်း ၂၅ ကျပ်ဈေးရှိသည်။ ဈေးနှုန်းများကို နောကျေနေသော ထွန်းဝေကို မေးကြည့်ရာ ရန်ကုန်ဈေးနှုန်းများနှင့်မတိမ်းမယိမ်းပင်ဖြစ်သည်ဟု ဆို သည်။ အချို့ကုန်ပစ္စည်းများမှာ ရန်ကုန်ဈေးထက် အနည်းငယ်နိမ့်ပြီး အချို့မှာ အနည်းငယ်မြင့်သည်ဟု သိရသည်။

          သို့သော် အဆင်အသွေး၊ အမျိုးအစားစုံသဖြင့်လည်းကောင်း၊ ကျီး လန့်စာစား ဝယ်ရခြမ်းရခြင်း မဟုတ်သဖြင့်လည်းကောင်း၊ စိမ်ပြေနပြေ ရွေးချယ်ဝယ်နိုင်သဖြင့်လည်းကောင်း လားရှိုးညနေဈေးက တစ်ပန်းသာ နေသည်ဟု သိရသည်။ သို့သော် လားရှိုးတွင် အမြဲနေသူများသည် ဧည့် သည်ပို့ရုံမှတစ်ပါး ဤဈေးသို့ သိပ်မကပ်ကြဟုဆိုသည်။ ရိုးနေလို့လား၊ အီနေလို့လား၊ ဈေးကြီးလို့လား စသဖြင့်မေးကြည့်ရာ ဈေးကြီးခြင်းက အဓိကအကြောင်းဖြစ်သည်ဟု သိရသည်။

          ညနေဈေးမှာ ကြိတ်ကြိတ်တိုး စည်ကားနေ၏။ ဈေးရောင်းသူတို့မှာ များသောအားဖြင့် တရုတ်နှင့် ရှမ်းတရုတ်များ ဖြစ်ကြ၏။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော အရပ်ဖြစ်ရကား အခြားသော တိုင်းရင်းသား ဈေးသည်များလည်း ရှိပါသည်။ ရှမ်းစစ်စစ်နှင့် မြန်မာစစ်စစ်အချို့ပင် ပါပါသည်။ သို့သော် တရုတ်နှင့် ရှမ်းတရုတ်တို့ လုံးဝ လွှမ်းနေသည်။ ၁၉၃၉ ခုတုန်းက တွေ့ခဲ့ရသော ကုလားကုန်သည်များ ကို ယခုအခါ မတွေ့ရတော့ပြီ။ ဈေးဝယ်သူများလည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံပင် ဖြစ်သည်။ ဧရာဝတီမြစ်ဝှမ်းဆီမှ လာရောက်၍ ဝယ်ယူကြသူ တို့က အများစုဖြစ်သည်။ တစ်နိုင်တစ်မ ဝယ်ယူပြီး တစ်ဆင့်ရောင်းကြမည် ဖြစ်သည်။

          ဈေးတန်းထဲ လျှောက်ကြည့်နေကြစဉ် ပထမပိုင်း၌ မင်းသားထွန်းဝေ ရောက်နေကြောင်း လူမသိကြ။    နောက်ပိုင်းကျတော့ တစ်ယောက်ကစ တစ်ရာ သိသွားလေရာ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည်။ တစ်ယောက် တစ်ယောက် လက်တို့ပြီး လှမ်းကြည့်ကြသူများ၊ ရှေ့က ဆီးကြည့်သူများ၊ နောက်ကပြေးလိုက်ပြီး ကြည့်သူများ၊ ထွန်းဝေ၏ အရည်အချင်းတစ်ခုကား အခြေမပျက် အကြည့်ခံခြင်းဖြစ်သည်။ လူများဝိုင်းကြည့်၍ ရင်လည်း ကော့ မသွား၊ ခါးလည်းကုန်းမသွား၊ မျက်နှာလည်းမေ့မသွား၊ မျက်နှာလည်း လွှဲမသွား၊ သူလုပ်စရာရှိတာ လုပ်သွားသည်။ သူပြောစရာရှိတာ ပြောသွား သည်။ ဈေးဝယ်သောအခါ တရုတ်လိုပြောဝယ်သဖြင့် တရုတ်ဈေးသည်နှင့် ရှမ်းတရုတ်ဈေးသည်တို့က တအံ့တသြဖြစ်ကြရုံမက သဘောလည်း ကျကြဟန်ရှိသည်။

          သို့ဖြင့် ညနေဈေးတန်းကို လှည့်နေကြစဉ် လားရှိုးသတင်းထောက် ကိုအောင်မင်းက ကျွန်တော်တို့ကို လာခေါ်သည်။ ကိုအောင်မင်း၏ရုပ်မှာကောလိပ်ဂျင်နေဝင်းနှင့်ဆင်သဖြင့် ဈေးလူထုအဖို့ စိတ်ဝင်စားဖွယ်တစ်ခု ဖြစ်နေသေးသည်။ သို့သော် မကြာပါ၊ လားရှိုးမြို့သား ကိုအောင်မင်းပင် ဖြစ်ကြောင်း သိသွားကြလေသည်။ ကိုအောင်မင်းက ကျွန်တော်တို့အား ကုန်ကားကြီးများ ဆိုက်ရောက်လာပုံ လိုက်ကြည့်ရန်ခေါ်လေသည်။

          လေဟာပြင်ဈေး အပြင်ဘက်တစ်နေရာတွင် ကုန်ကားကြီးတစ်စင်း ရောက်လာလေသည်။ လမ်းဘေးထိုးဆိုက်လိုက်ရာ ကျွန်တော်တို့မှာ ပြေး ရှောင်လိုက်ကြရသည်။ ကုန်ကားဆိုသော်လည်း လူစီးဘတ်စ်ကားကြီးပင်ဖြစ်၏။ ကုန်ထုပ်ကြီးများကို အမိုးပေါ်မှာလည်းကောင်း၊ အတွင်းမှာလည်းကောင်း အပြည့်အသိပ် တင်ထားသည်။ လူများကလည်း ဘတ်စ်ကားထဲ တွင် ကုန်ထုပ်များကြားမှ အပြည့်အသိပ် လိုက်ပါလာကြလေသည်။ ထို ဘတ်စ်ကားပေါ်တွင် ယောက်ျားဦးရေမှာ နည်းပါးလှသည်။ အရွယ်လတ်ပိုင်း မိန်းမများသာ များသည်။ ကုန်ကားကြီး နေရာတကျ ရပ်ပေးလိုက်သောအခါ ထိုမိန်းမများသည် အထုပ်ကိုယ်စီရွက်၊ အထုပ်ကိုယ်စီဆွဲကာ ဆင်းလာကြ လေသည်။ သူတို့သည် နယ်စပ်မှ နိုင်ငံခြားကုန်များကို တစ်နိုင်တစ်မ ဝယ်လာခဲ့ကြခြင်းဖြစ်၏။ ခရီးရောက်မဆိုက်ပင် လမ်းဘေးချ၍ ရောင်းကြ သည်။ သို့သော် လေဟာပြင်ဈေးမှာလို လက်လီရောင်းခြင်းကို အဓိက မထားကြချေ။ လက်ကားရောင်းခြင်းကို အဓိကထားကြလေသည်။ ပွင့်ရိုက် တရုတ်အိပ်ရာခင်းကြီးများကို တွေ့သဖြင့် ကျွန်တော်တို့က ဈေးမေးလိုက်ရာ တစ်ထည်လျှင် ၄ဝ ဟု မိန်းမကြီးတစ်ယောက်က ဆိုလေသည်။ ဈေးတော် သည်ထင်သဖြင့် ကျွန်တော်တို့က ဝယ်မည်ပြုသောအခါ ပထမမိန်းမကြီး ထက် အာဏာပိုင်ဟန်တူသော ဒုတိယမိန်းမကြီးက ပထမမိန်းမက ဈေးမှား ပြောခြင်းဖြစ်ကြောင်း၊ ဈေးမှန်မှာ ၇ဝ ကျပ်ဖြစ်ကြောင်း ပြောလိုက်လေသည်။ ကျွန်တော်တို့သည် မဝယ်ဘဲ လှည့်ပြန်ခဲ့ကြ၏။ မော်တော်ကား အပိုပစ္စည်း များရောင်းသော ဆိုင်တစ်ဆိုင်ကို ဝင်ကြည့်ရာ ပြည်တွင်းဖြစ် အပိုပစ္စည်း များကိုလည်းကောင်း၊ နိုင်ငံခြားလုပ် အပိုပစ္စည်းများကိုလည်းကောင်း တွေ့ရ

လေသည်။ တရုတ်လုပ် ပန်ကာကြိုးများပင် ရှိသည်။ ဤဒေသတစ်ဝိုက်တွင် ဘာကြောင့် ဆလွန်းမော်တော်ကားအိုကြီးများနှင့် လူစီး၊ ကုန်တင်ဘတ်စ် ကားအိုကြီးများ လှုပ်ရှားသွားလာနေနိုင်သည်ကို ပြောပြနေသော မော်တော် ကားအပိုပစ္စည်းဆိုင်ပေတည်း။ 

          နိုင်ငံခြားမှ ကုန်ပစ္စည်းများမှာ ဘတ်စ်ကားများနှင့်သာ လှိမ့်ဝင် နေသည်မဟုတ်၊ လားများကိုစီး၍လည်း ဝင်နေသည်။ ကုန်သည်၊ ဈေးသည် များသည် စုပေါင်း၍ တစ်ဖွဲ့ လျှင် လားအစီး ၁၀ဝ မှနေပြီး ၈ဝဝ အထိ ငှားကာ နယ်စပ်ကိုဖြတ်ပြီး ကူးသန်းရောင်းဝယ်နေကြလေသည်။ မြန်မာပြည် ဘက်မှ ပို့ကုန်များထွက်သလို နိုင်ငံခြားမှ သွင်းကုန်များဝင်နေသည်။ တကယ်တော့ ဤ ကူးသန်းရောင်းဝယ်မှုသည် လူထုနှင့်ချီ၍ ပြုလုပ်နေသော

နယ်စပ်ကုန်သွယ်ရေး (Border Trade) ဖြစ်နေကြောင်း တွေ့ခဲ့ရပါသည်။ မြန်မာပြည်ဘက်မှ ဘာကုန်တွေပို့နေသည်ကို ဆက်လက် လေ့လာရပါ ဦးမည်။

          ကုန်ကားကြီး ဆိုက်ရောက်လာသည်ကို ကြည့်ရှုလေ့လာပြီးနောက် တည်းခိုအိမ်သို့ ပြန်ခဲ့ကြလေပြီ။ မှောင်လည်းမှောင်ပြီး အေးလည်း အေးလာ လေပြီ။

          ဘာကြောင့် သူတို့တစ်တွေ ညနေ ခြောက်နာရီကျော်လျှင် ဆိုင်တွေ ပိတ်ကြသနည်းဟု ကျွန်တော် စုံစမ်းသောအခါ ဤသို့ တွေ့ရသည်။

          လေဟာပြင်ဈေးတွင် ဆိုင်ထွက်သူများမှာ များသောအားဖြင့် လားရှိုး မြို့ ဆင်ခြေဖုံးမှာ နေထိုင်ကြသည်။ ညဉ့်နက်မှ ဆိုင်ပိတ်ပြီး ရောင်းရငွေပိုက်၍ ကျန်ကုန်အထုပ်အပိုးများကို လက်တွန်းလှည်းပေါ် တင်တွန်းကာ ပြန်ကြ သောအခါ လမ်းမှ လုယက်ယူတတ်သည်။ ထိုရန်ကို ကြောက်ကြသဖြင့် ခြောက်နာရီကျော်လျှင် လေဟာပြင်ဈေးကို ပိတ်ကြရခြင်း ဖြစ်လေသည်။