Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ဇာတ်ဆရာဦးဖိုးစိန်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
(၁)
ဗမာ့ဇာတ်သဘင် သရဖူ

 

(၄ - ၂ - ၅၂)

          ဦးဖိုးစိန်၊ ဇာတ်ဆရာ ဦးဖိုးစိန်၊ ဘုရားဒကာ ဦးဖိုးစိန်။

          ဦးဖိုးစိန်ကား မကြာမီ အသက် ၇ဝ ပြည့်တော့မည်။

          ဦးဖိုးစိန်သည် လွန်ခဲ့သော အနှစ် ၅၀ ကျော်လုံးလုံး ဗမာ့ဇာတ် သဘင်၏ သရဖူ ဖြစ်နေခဲ့၏။

          ဦးဖိုးစိန်သည် လွန်ခဲ့သောအနှစ် ၅၀ ကျော်လုံးလုံး ဗမာ့ယဉ်ကျေး မှုလောကတွင် အတောက်ပြောင်ဆုံးသော ကြယ်တစ်လုံးဖြစ်ခဲ့၏။

          ဦးဖိုးစိန်သည် လွန်ခဲ့သော အနှစ် ၅၀ ကျော်လုံးလုံး အဆက် မပြတ် ထင်ရှားကျော်ကြားသဖြင့် နာမည်အကြီးဆုံး ဗမာတစ်ယောက် ဖြစ်၏။ ဗမာထဲတွင် သူ့လောက်နာမည်ကြီးသူ အလွန်ရှားပေသည်။

          လက်ချိုးရေလျှင် လက်တစ်ဖက်ပင် ကုန်နိုင်ဖွယ်မရှိ။

          ဦးဖိုးစိန်ဆိုလျှင် လူတိုင်းက မေတ္တာထားကြသည်။ ဘတ်စ်ကား သမားက ဦးဖိုးစိန်၏ဇာတ်ပစ္စည်း တင်ဖို့ပါဆိုလျှင် ဈေးပေါပေါနှင့် ပို့သည်။ ယနေ့တိုင် ဦးဖိုးစိန်ကြီး သင်္ဘောပေါ်မှ ဆင်းသည်ဆိုလျှင်

ကုန်တင်ကုန်ချကူလီက လမ်းဖယ်ပေးသည်။ လမ်းလုပ်ပေးသည်။ ကူလီ ခလျှော့ယူကြသည်။ ဤအချက်သည် ဦးဖိုးစိန်အား ပြည်သူကမေတ္တာထားပုံကို ပြရုံမက ပြည်သူက ဇာတ်သဘင်စသော အနုပညာကို မည်မျှ ချစ်မြတ်နိုးကြောင်း သရုပ်ဆောင်ခြင်းဖြစ်လေသည်။

          မျောက်ကလေးအကတတ်လျှင် မျောက်ဖိုးစိန်ဟု ခေါ်လိုက်ကြ သည်။ တစ်ယောက်ယောက် အကအဆိုကောင်းလျှင် ဖိုးစိန်ကွဟု သြဘာပေးကြသည်။ ဖိုးစိန်သည် အက-အဆို-ဇာတ်သဘင်စသော စကားများကို အစားထိုးနိုင်သော ဝေါဟာရသစ် ဖြစ်လာခဲ့သည်။ ဤမျှ သာမကသေး၊ ဗမာလို ရည်ရည်မွန်မွန်ရှိသောကုလားကို ကုလားဖိုးစိန်ဟု ခေါ်တတ်ကြသည်။ ဖိုးစိန်သည် ဗမာ့အရည်အသွေးကို အဓိပ္ပာယ်ဖော် နိုင်စွမ်းရှိသည့် ဝေါဟာရသစ် ဖြစ်လာခဲ့သည်။

          ကျွန်တော်သည် ဦးဖိုးစိန်၏ဇာတ်ပွဲများကို များများမကြည့်ဖူးပါ။ စစ်မဖြစ်မီက နှစ်ကြိမ်သာ ကြည့်ဖူး၏။ သို့ရာတွင် ဦးဖိုးစိန်အတက်ဆုံး အချိန်တွင် ကြည့်ရခြင်းမဟုတ်၊ အမှန်အားဖြင့် ကျချိန်တွင်ကြည့်ရခြင်း ဖြစ်လေသည်။ ၎င်းပြင် ကျွန်တော်သည် အသက် ၁၅ နှစ်လောက်တုန်း က စိန်ကတုံးကိုကြည့်ရပြီး စွဲထားသဖြင့် စိန်ကတုံးစွဲရှိလေသည်။ ထို့ကြောင့် ကျွန်တော့်အဖို့ဆိုလျှင် ဖိုးစိန်ကား အသည်းစွဲမဟုတ်ခဲ့ပါ။ ဖိုးစိန် သည် ကျွန်တော့်အသည်းစွဲဖြစ်အောင် အစဖော်ပေးသူမှာ သခင်နုဖြစ်လေ သည်။

            ၁၉၃၇ ခုနှစ်လောက်တွင် ကျွန်တော်သည် ဆရာလွန်း- သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိကို ရေးသားပြီးစီးလေရာ သခင်နုက ဦးဖိုးစိန် ၏ အတ္ထုပ္ပတ္တိကိုရေးရန် တိုက်တွန်းလေသည်။ ကျွန်တော်က ဦးဖိုးစိန်က ဘာကောင်းလို့ ကျော်နေတာလဲဗျဟု မေးမိရာ သခင်နုက မင်းဘာသာ လေ့လာယူ၊ လာလိုက်ခဲ့ဟုဆိုပြီး ဦးဖိုးစိန်ထံသို့ ခေါ်သွားလေသည်။ ကျွန်တော်ကား သခင်နုလောက် ဦးဖိုးစိန်အတွက် စိတ်အားထက်သန် ခြင်း မဖြစ်ချေ။ သို့ရာတွင် ထိုစဉ်က သခင်နုနှင့်ကျွန်တော်တို့၏ ဆက်ဆံ ရေးမှာ အစ်ကိုအကြီးဆုံးနှင့် ညီအထွေးဆုံးဆက်ဆံရေးလို ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ထပ်ဆင်ခြေဆင်လက် အထွန့်တက် နေသေးသော်လည်း ကိုယ်တိုင်ကမူ သခင်နုနှင့်အတူ ဦးဖိုးစိန်ထံ ပါသွား ပါလေသည်။

          ဦးဖိုးစိန်သည် ဂျူဗလီဟောတွင် ပွဲကလျက်ရှိလေသည်။ ဂျူဗလီ ဟောအပေါက်ဝတွင် ဦးဖိုးစိန်၏ဇနီးသည် ငွေဖလားကြီးကိုင်လျက် ရုံဝင် လက်မှတ်များကို သိမ်းလျက်ရှိ၏။ သခင်နုသည် ၎င်းအားသွားပြောပြီး ကျွန်တော်တို့သည် ဇာတ်စင်ပေါ်သို့ တက်သွားကြလေသည်။

          ပထမဆုံးအနီးကပ်၍ မြင်ရသောဦးဖိုးစိန်ကို ယနေ့တိုင် ကျွန်တော် မှတ်မိသေး၏။ ကားလိပ်များနောက်ကွယ်မှာ သခင်နုက ကျွန်တော့်အား ဦးဖိုးစိန်နှင့် မိတ်ဆက်ပေးပါသည်။ ထိုစဉ်က ဦးဖိုးစိန်မှာ အသက် ၅၅ နှစ် ကျော်လေပြီ။ ပင်စင်ယူသောအသက်ဖြစ်သဖြင့် ဦးဖိုးစိန် သည် အတော်ပင်နဲ့နေပေလိမ့်မည်ဟု ကျွန်တော်ထင်ခဲ့၏။ ကျွန်တော့် ရှေ့ရှိ ဦးဖိုးစိန်ကား ဇာတ်မင်းသားအဝတ်အစား ဆင်ပြီးသားဖြစ်ရုံမက တစ်ချီကပြီး ဝင်လာခါစဖြစ်လေသည်။ နဖူးပြင်တွင် မျက်နှာချေမှ စိမ့်ယို ထွက်နေသော ချွေးသီးချွေးပေါက်များကိုပင် မြင်နေရ၏။ တွန့်သော အရေများကိုလည်း ရေးရေးမြင်နိုင်သည်။ သို့ရာတွင် ဦးဖိုးစိန်တွင်နဲ့သော အမူအရာကား လုံးဝမရှိ။ လူငယ်ကလေးလိုပင် ဖျတ်ဖျတ်လတ်လတ်နိုင်လှသဖြင့် ကျွန်တော့မှာ အံ့သြ၍မဆုံး ဖြစ်နေလေသည်။ အခုအရွယ် ရောက်တောင် ကနိုင်တုန်းနော်ဟု ကျွန်တော်က တအံ့တဩပြောလေရာ ဦးဖိုးစိန်က ကနေရမှ လှုပ်ရှားနေရမှ ကျန်းမာတယ်ဟု ပြောလေသည်။ မှန်ပေသည်။ ကခြင်းသည် ကျန်းမာရေးလေ့ကျင့်ခန်း တစ်မျိုးပင်။ ၎င်း နောက် သူ့သားနှင့်တကွသော လူငယ်များ သူ့လိုဇွဲမရှိခြင်းကို ညည်းညူ လေသည်။

          ကျွန်တော်သည် ဤတစ်ချက်ဖြင့်ပင် ဦးဖိုးစိန်အတွက် စိတ်အား ထက်သန်မှု သခင်နုနီးပါး ရှိလာလေတော့သည်။ အစီအစဉ်မှာ ဦးဖိုးစိန် ၏ အတ္ထုပ္ပတ္တိကိုမရေးမီ ဦးဖိုးစိန်အား အဘက်ဘက်မှလေ့လာရန် ဖြစ် ၏။ ဘယ်နေ့မွေး၊ ဘယ်မှာစာသင်ဆိုသည့် အချက်တွေထက် ဦးဖိုးစိန် ၏အနုပညာမှာ ဘယ်သို့၊ ဦးဖိုးစိန်ဇာတ်အုပ်စီးပုံ၊ ဦးဖိုးစိန်၏လူမှုဆက် ဆံရေး စသည်များကို အထူးထား၍ ဖော်ထုတ်ရန်ဖြစ်လေသည်။ ထို့

ကြောင့် ဦးဖိုးစိန်ဇာတ်နှင့် နယ်များသို့ ကျွန်တော်ကိုယ်တိုင် အတော်ကြာ လိုက်ပါသွားရန် ဆုံးဖြတ်ကြ၏။

          နောက်မကြာမီပင် ၁၃၀၀ပြည့် အရေးများ ပေါ်လာသည်။ ၎င်း နောက် ဒုတိယကမ္ဘာစစ် ဖြစ်လာလေသည်။ ဗမာပြည်သို့ပင်ဒုတိယကမ္ဘာ စစ်ကြီး ကူးစက်လာခဲ့၏။ ကျွန်တော်နှင့်သခင်နုတို့လည်း နိုင်ငံရေးလှိုင်း တံပိုး၏ ပုတ်ခတ်ချက်ကြောင့် ဦးဖိုးစိန်နှင့်ဝေးရာသို့သာ မျောပါသွားခဲ့ ကြလေကုန်သည်။ သို့ရာတွင် ဦးဖိုးစိန်အကြောင်း ရေးရန်ကိုကား မမေ့ခဲ့ ပါ။

          ထို့အပြင် နိုင်ငံရေးလုပ်လေလေ တိုင်းပြည်တွင် နိုင်ငံရေး စီးပွား ရေးတို့ အရေးကြီးသလို ယဉ်ကျေးမှုအရေးကြီးကြောင်း သိလေဖြစ်ပေရာ နိုင်ငံရေးတိုက်ပွဲများကြားမှာ လက်မလည်အောင် ဖြစ်နေသည့်အခါ ဖြစ် စေ၊ နိုင်ငံရေးတိုက်ပွဲ ခပ်အေးအေးဖြစ်နေ၍ လက်အားနေသည့်အခါမှာဖြစ်စေ ကျွန်တော်သည် ယဉ်ကျေးမှုခေါ်သံသို့ နားစွင့်မိပါသည်။ တရုတ် ယဉ်ကျေးမှုအဖွဲ့ လာသောအခါ ဦးဖိုးစိန်ကြီးအား အဖိတ်သွားရင်း ဦးဖိုး စိန်အကြောင်းကိုရေးရန် အစီအစဉ်အဟောင်းသည် ကျွန်တော့် စိတ်ဝယ် အသစ်တစ်ဖန် ဖြစ်ခဲ့ပြန်ပါသည်။

          ဦးဖိုးစိန်၏အသက် ၇၀-ပြည့်မြောက်မည့် အချိန်ကလည်း နီးလာ ပြီဖြစ်၍ စာတစ်အုပ်ဖြစ်အောင် မရေးအားသည့်တိုင် တတ်နိုင်သလောက် ရေးရန် ဆုံးဖြတ်လိုက်ပါသည်။

          သို့ဖြင့် မကြာမီက ဦးဖိုးစိန်ထံသို့ သွားခဲ့ပြန်လေသည်။