Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သာဓု - အတာ

Regular price 11,000 MMK
Regular price Sale price 11,000 MMK
Sale Sold out

“ဒီမှာ ကိုတာကြီး”

           အသက်အရွယ်ကိုစစ်သော်

           ဆယ့်ခြောက်နှစ်ထက် ပိုပုံမရသေးသော လူငယ်တစ်ဦးသည်သို့လျှင် ခေါ်လိုက်သော အသံကြောင့် ဈေးထဲသို့လှမ်းလုလု ဖြစ်နေသည့် ခြေလှမ်းသည် ရုတ်တရက် တန့်သွားရာမှ ချာခနဲ သမင်လည်ပြန် လှည့်ကြည့်လိုက်သည်၌ တုတ်တုတ်ဝဝနှင့် အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ကို ပြုံးစေ့စေ့အသွင် ဖြင့် မမျှော်လင့်ဘဲ မြင်လိုက်ရသောကြောင့် လူငယ်တွင် ရုတ်ခြည်း မျက်နှာပျက် သွားကာ တစ်စုံတစ်ရာ ပြောတော့မည်ပြုစဉ်

          ဘယ်သွားမလို့လဲ ကိုတာကြီး” ဟူ၍ပင် မချိုမချဉ်မျက်နှာထားဖြင့် မိန်းကလေးက ထပ်ဆင့် မေးလိုက်ပြန်သောကြောင့်

          “ငါ ဟိုဘက်ဈေးမှာ မုန့်ဟင်းခါးသွားစားမလို့၊ ဒါနဲ့ နေစမ်းပါဦး၊ နင် ဘာပြုလို့ ငါ့နောက်လိုက်လာတာလဲ”

          လူငယ်သည် တောင်မြောက်လေးပါးသို့ စိုးရိမ်တကြီး မျက်လုံးကစား ရင်းက မေးလိုက်သည်ကို

          “ပြောစရာရှိလို့ပေါ့”

          “ပြောစရာရှိရှိ ဘာဖြစ်ဖြစ်၊ နင် ဒီလိုလိုက်လာတာ မကောင်းဘူး၊ လမ်း ထဲက အသိတစ်ယောက်ယောက် မြင်သွားရင် နင့်ကို ဘယ်လိုထင်မလဲ။ ငါ့အဖို့ မကောင်းဘူး”

          လူငယ်သည် အရွယ်နှင့်မလိုက်အောင် တည်ငြိမ်သော မျက်နှာထားဖြင့် သို့ပြောလိုက်သည့်တိုင်အောင်

          “အမယ် ကျွန်မက အကောင်းပြောမလို့ဟာ”

          “နားမလည်ဘူး သွား၊ ငါ အခုပြန်လာမှာပဲ၊ လမ်းထဲရောက်မှ ပြော၊ နင် နောက်ကို ဘယ်တော့မှ ဒီလို လိုက်မလာနဲ့၊ လူမြင်မတော်ဘူး”

            ဆိုဆိုပြောပြောပင် လူငယ်လည်း စကားကို ဤတွင်ဖြတ်၍ ခတ်သုတ်သုတ် လှည့်ထွက်သွားသောကြောင့် မိန်းကလေးတွင်အကြောင်သားကျန်ရစ်ခဲ့တော့ ၏။

          ထို့နောက် မိနစ်လေးဆယ်ခန့်အကြာတွင် အဆိုပါလူငယ်သည် သိမ်ကြီး ဈေး ဈေးရုံဘက်မှ ခပ်မှန်မှန်လျှောက်လာသည်ကို တွေ့ရပြီး နာရီစင်အောက် အရောက်တွင် လက်ဝဲဘက်သို့ ချိုးကွေ့ကာ လမ်းကျယ်ကြီးတစ်ခုထဲသို့ လှည့် ဝင်သွား၏။

          လမ်းထဲသို့ ပြန်ဝင်လာသော ထိုလူငယ်၏ ယခု အမူအရာကိုကြည့်ရ သည်မှာ ထွက်သွားစဉ်ကနှင့်မတူဘဲ တစ်စုံတစ်ယောက်ကို ရှာသည့်နှယ် ဝဲယာ နှစ်ဘက်သို့ မျက်လုံးတလည်လည်ရှိနေသည်ကို တွေ့ရ၏။

          သူတွေ့လိုသူကို မမြင်ရသောကြောင့်လော မသိ၊ ထိုလူငယ်လည်း နောက်ဆုံးအကြိမ်အနေဖြင့် ထိုထိုဤဤ ကြည့်လိုက်ပြီးမှ ကုလားလက်ဖက်ရည် ဆိုင်ဘေးရှိ လှေကားပေါ်သို့ ခြေလှမ်းကြဲဖြင့် လှမ်းတက်သွားတော့၏။

          ချက်ချင်းဆိုသလို ထိုကုလားလက်ဖက်ရည်ဆိုင်အပေါ်ထပ်ရှိ ဝရန်တာသို့ လူငယ်သည် စူးစမ်းရှာဖွေသော မျက်လုံးများဖြင့် ရောက်လာသည်ကို တွေ့ရပြန်၏။

          ယခုအကြိမ်တွင်မူ လူငယ်၏ မျက်လုံးများသည် မျက်စောင်းထိုးရှိ တိုက်ခန်းတစ်ခုဆီတွင်သာ အာရုံစူးစိုက်နေသည်ကိုတွေ့ရပြီး သုံးလေးမိနစ်ခန့် အကြာတွင် ဘာကိုမြင်လိုက်ရသည်မသိ၊ သုတ်သုတ်ပျာပျာ လှည့်ဆင်းသွားပြန် လျက် တစ်စုံတစ်ယောက်အား စောင့်ကြည့်သလိုဖြင့် လှေကားရင်းတွင် ရပ်ရင်း လမ်းတစ်ဖက်သို့ စူးစိုက်နေ၏။ 

          စောစောက သူ အာရုံစူးစိုက်နေခဲ့သော မျက်စောင်းထိုး တိုက်ခန်း၏ လှေကားဆီမှ မိန်းကလေးတစ်ယောက် ဆင်းလာသည်ကို တွေ့လိုက်ရသည်နှင့် လူငယ်သည် ခပ်သွက်သွက်ကူးသွားကာ

          “ကဲ အေးချို၊ နင် ငါ့ကို ဘာပြောချင်သလဲ၊ ခု ပြောနိုင်တယ်”

          လှေကားရင်း၏ အပြင်ဘက်သို့ ခြေနှစ်လှမ်းလောက် လှမ်းမိနေပြီဖြစ်သော အဆိုပါမိန်းကလေးအား လူငယ်က မျက်နှာချင်းဆိုင်ရပ်ရင်း ဣန္ဒြေရရပင် ပြောလိုက်၏။

          ခပ်စောစော ဈေးဝတွင်တွေ့စဉ်က မိန်းကလေး၏ အမူအရာ ရဲတင်း ဖျက်လတ်ခဲ့သလောက် ယခုမူ ရှက်အမ်းအမ်းဖြစ်နေ၏။ ..

          “ပြောလေ အေးချို၊ နင် ဘာပြောမလို့လဲ ငါ့ကို”

          မိန်းကလေးသည် တစ်စုံတစ်ရာကို စိုးရိမ်ကြောင့်ကြသလိုဖြင့် ပတ်ဝန်းကျင် ကို အကဲခတ်နေပြန်သဖြင့်

          “ကိစ္စမရှိပါဘူး တဲ့၊ ဒီနေ့ သောကြာနေ့ပါ၊ ကုလားဆိုင်တွေ ပိတ်တာပဲ” 

           လူငယ်သည် ၎င်းတို့ရပ်နေရာ လှေကားတစ်ဖက်တစ်ချက်ရှိ ပိတ်ထား သော ကုလားကုန်တိုက် နှစ်တိုက်ကိုကြည့်ရင်း ပြောလိုက်မှ မိန်းကလေးလည်း ရဲရဲတင်းတင်း ပြောတော့မည်ကဲ့သို့ နှုတ်ခမ်းပြင်တဲ့ကာ

          “တခြားအကြောင်းတော့ မဟုတ်ပါဘူး ကိုတာရဲ့၊ မမစိုး ကလေ”

           ဟူ၍ အေးချိုက စကားစလာသည် မှန်သော်လည်း ရှေ့မဆက်သေးဘဲ ဤမျှနှင့်တန့်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားသလို တွေနေပြန်၏။

           အတာတွင်လည်း မမစိုး ဟူသော အမည်နာမကို ကြားလိုက်ရသည်နှင့် ထူးထူးခြားခြား မျက်နှာထားပြောင်းသွား၏။

           သူတို့ရပ်ကွက်ထဲမှ ကာလသားများသာမက ရန်ကုန်မြို့၏အစွန်အဖျားဖြစ် သော ကမာရွတ် အင်းစိန် စသည်တို့မှ  လူပျိုပရိသတ်သည်ပင် တကူးတထောက် လာရောက်ပိုးပန်းရလောက်အောင် ချောသော ခင်စိုးလှ။   ချော၍ လှပြီး လှ သလောက် ကျက်သရေရှိသော ခင်စိုးလှ၏ မျက်နှာကလေးကို အတာသည် ချက်ချင်း မြင်ယောင်လာ၏။

          “အင်း၊ ဘာပြောသလဲ၊ နှင့် မမစိုးက”

          သို့ အတာက မေးလိုက်မှပင် အေးချို့၌ လှုပ်လှုပ်ရှားရှားဖြစ်လာကာ ပြောင်စီစီကလေး ပြုံးတဲ့ပြီးမှ

          “မမစိုးက ပြောနေတယ်၊ ဒီလမ်းထဲက လူပျိုတွေဆိုရင် သူ့ကို အားလုံး စာပေးဖူးတာချည့်ပဲတဲ့၊ ကိုတာတစ်ယောက်သာ”

          ဤလိုစကားမျိုးကြားရလိမ့်မည်ဟု အဘယ်သောအခါကမျှ မျှော်လင့် မထားခဲ့၍လော မသိ၊ အတာတွင် မျက်ဆံတပြူးနှင့် အေးချိုအား စူးစိုက်ကြည့် နေမိသည်မှအပ ဘာတစ်ခွန်းမှ မပြောနိုင်ရှိနေ၏။

          “နို့ ကိုတာကကော မမစိုးကို ဘာလို့ စာမပေးတာလဲ ဟင်” 

          “ဒါ နင်နဲ့ ဘာဆိုင်သလဲ” ဤတွင် အတာက ခပ်သွက်သွက် ပြန်မေးလိုက်၏။

          “ကျွန်မနဲ့တော့ မဆိုင်ပါဘူး၊ မမစိုးက မေးခိုင်းလို့ပါ” 

          “ဘာ ခင်စိုးလှက မေးခိုင်းတယ်ဟုတ်လား၊ ဘာမေးခိုင်းတာလဲ” 

          “ကိုတာက သူ့ကို ဘာလို့ စာမပေးတာလဲတဲ့”

           ထိုစကားကို ရုတ်တရက် မဖြေ၊ အတာသည် မျက်မှောင်တစ်ချက် ကြုတ် လိုက်ပြီးမှ -

          “ငါ သူ့ကို ဘာဖြစ်လို့ စာပေးရမှာလဲ၊ သူ့ကို ငါမှ မကြိုက်တာ” 

          “ဟင်”

           တအံ့တဩပင် အေးချိုက ရေရွတ်ရင်း အတာအား မော်ကြည့်နေ၏။

           “အေး၊ နင့်ကိုမေးရင် ငါဒီလိုပဲပြောတယ်လို့ ပြောလိုက်”

           “ကိုတာ မမစိုးကို မချစ်ဘူး၊ ဟုတ်လား” 

           အတာက ခပ်တင်းတင်းပင် ခေါင်းခါပြလိုက်သောကြောင့်    

          “တကယ်ပဲ မချစ်ဘူးလား ဟင်၊ မမစိုး ဘယ်လောက်လှသလဲ” 

          “သူ လှတာနဲ့ ငါကချစ်ရမှာလား၊ ကဲ နင်ဘယ်သွားမလို့လဲ၊ သွားတော့”

           စကားကို ဤတွင်ဖြတ်၍   အတာလည်း သူ့အိမ်ဘက်သို့ ကူးလာခဲ့၏။

          အိမ်ပေါ်ရောက်၍ မိနစ်ပိုင်းလောက်မျှ မထိုင်ရသေးမီ လမ်းမဆီမှ လေချွန်သံတစ်ခု ပေါ်လာသည်နှင့် အတာလည်း ဝရန်တာသို့ အပြေးကလေး လှမ်းထွက်လာ၏။

          “ဟေ့ အတာကြီး၊ လာလေကွာ မလိုက်ဘူးလား” 

           ရွယ်တူလူငယ်တစ်ဦးက အောက်မှနေ၍ လှမ်းခေါ်နေသည်ကို

          “သွားနှင့်ကြတော့ကွာ၊ ငါလိုက်လာခဲ့မယ်”

           ထိုအဖြေကို အောက်မှလူငယ်က ကျေနပ်ပုံမရဘဲ တစ်စုံတစ်ရာထပ်ပြော တော့မည်ရှိစဉ်မှာပင် အတာလည်း ချာခနဲ လှည့်ဝင်လာခဲ့တော့၏။

          “ဘာလို့ စာပေးရမှာလဲ၊ ငါမှ သူ့ကို မကြိုက်တာ”

          ဤလို ခပ်ပြတ်ပြတ်ပြောခဲ့သော အတာသည် ကုလားထိုင်တစ်လုံးတွင် ခြေပစ်လက်ပစ်ထိုင်ရင်း ထိုပြဿနာကိုပင် စဉ်းစားခန်းဝင်နေသည် ထင်ရ၏။

 

*****

 

          လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်က ခင်စိုးလှနှင့် ပတ်သက်၍ ကြုံတွေ့ခဲ့ ရဖူးသော အဖြစ်ကလေးတစ်ရပ်ကို အတာသည် အမှတ်တရ မြင်ယောင်လာ၏။

          အတာသည် ဆယ်နှစ်သားအရွယ်လောက်ကပင်စ၍ ကွမ်းကို ကောင်း ကောင်းကြီး စားတတ်နေခဲ့၏။    ဤသည်မှာ စင်စစ် အတာ၏ မိုက်တွင်း နက်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးလိပ်သောက်တတ်နေခြင်း မဟုတ်။ အဒေါ် အစ်မများက အတာကလေး လေးငါးခြောက်နှစ်သားအရွယ်ကပင် ဆေးလိပ်ညှိခိုင်းလေ့ရှိသောကြောင့် တစ်စတစ်စနှင့် သောက်တတ်သွားခြင်း ဖြစ်၏။

          သို့တိုင်အောင် မိဘများကမူ အတာအား ကွမ်းစားခွင့်ကို လုံးဝ မျက်နှာသာမပေးဘဲ တင်းတင်းကျပ်ကျပ် တားမြစ်ထား၏။ အတော့တွင်သော်ကား ဆေးလိပ်ကို သရေစာသဖွယ် အရသာခံတတ်နေပြီဖြစ်သည့်အတိုင်း မိဘကွယ်ရာတွင် မြိန်မြိန်ရှက်ရှက် စားလေ့ရှိခဲ့၏။

           တစ်ခါက အတာသည် ကွမ်းဝယ်ရန် လမ်းထဲရှိ ကွမ်းယာဆိုင်သို့ လျှောက်သွားစဉ်

          “ထီ” ခနဲ တံတွေးထွေးလိုက်သော အသံကြောင့် အတာတွင် ရုတ်တရက် ခြေလှမ်းတန့်သွားကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်၌ ခင်စိုးလှနှင့် တကွသော မိန်းမပျိုတစ်စုကို တွေ့ရ၏။ ၎င်းတို့ထိုင်နေကြသည်မှာ အတာ ကွမ်းဝယ်ရန်သွားသည့် ကွမ်းယာဆိုင်နှင့် ကပ်လျက်ရှိသော ပိုးထည်ဆိုင် တစ်ဆိုင်၏ မျက်နှာစာတွင်ဖြစ်သောကြောင့် အတာသည် အားလုံးသော မိန်းမပျို လေးများ၏ အမူအရာကို ပြတ်ပြတ်သားသား အကဲခတ်မိ၏။ တခိခိနှင့် ပါးစပ် တွင် လက်ဝါးကိုယ်စီအုပ်၍ ရယ်နေကြသည့်အသံကိုလည်း ကြားရ၏။

          “ငါလာတာမြင်လို့ တမင်ထွေးတဲ့ တံတွေးများလား”ဟု အတာသည် ခပ်သုတ်သုတ် တွေးလိုက်သေး၏။ ချက်ချင်းဆိုသလိုပင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဟူသကဲ့သို့လည်း ဖြစ်နိုင်သည်ကို တွေးမိပြန်သည့်အတိုင်း သူ မူတည်လာရာ ကွမ်းယာဆိုင်သို့ပင် ဣန္ဒြေမပျက် လှမ်းထွက်သွားတော့၏။

          ကွမ်းတစ်ရာဝယ်၍ ပြန်လာရာ၌ အတာသည် အဆိုပါ မိန်းမပျိုတစ်သိုက် ထိုင်နေကြသော ပိုးထည်တိုက်ရှေ့မှပင် ဖြတ်လျှောက်လာခဲ့၏။ ဤတွင်လည်း တစ်ဖန် “ထီ ́ခနဲ ထွေးလိုက်သော တံတွေးသံကို ကြားလိုက်ရပြန်၏။

          ဤအကြိမ်တွင်မူ အတာသည် အတော်ကလေး ဒေါသဖြစ်သွားပုံရ၏။ မိန်းမပျိုတစ်စုထိုင်နေရာ ခုံတန်းရှည်လေးအနီးတွင်ပင် အတာသည် ခြေစုံရပ်လျက် တင်းမာသော မျက်နှာထားဖြင့် စိန်းစိန်းစားစား ကြည့်မိ၏။

          အတာ၏ မာတင်းလှသော အမူအရာကို တွေ့ ရသောကြောင့်လား မသိ။ မိန်းမပျိုတစ်စုသည် ပထမအခေါက်ကကဲ့သို့ လှောင်ရယ် ရယ်သံများ ပေါ်မလာ တော့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ယောင်ပေပေဖြစ်နေ တော့၏။

          ဤလို ထွီခနဲ ထွေးလိုက်သော တံတွေးသံသည် မည်သူ၏အသံဖြစ် ကြောင်း အတာသည် ကောင်းကောင်းကြီးသိ၏။ ပျက်ပြားနေသော မိန်းမပျို တစ်စု၏ ဣနြေအရလည်း ထိုတံတွေးမှာ သူ့အားရည်ရွယ်၍ ထွေးလိုက်ခြင်း ဖြစ်သည်ကို သူသဘောပေါက်၏။ သို့သော် အတာသည် ဘာတစ်ခွန်းမှ မပြော။ “ဒါ ဘာလုပ်တာလဲ” ဟူသော သဘောမျိုးဖြင့်သာ စောင်းကြည့်၍ ထွက်လာခဲ့၏။

          အတာလည်း သို့လျှင် မဖွယ်မရာ ကြုံလိုက်ရသည့်အဖြစ်ကြောင့် ထင့် သွားသည့်စိတ်ဖြင့် မကျေမချမ်း လျှောက်လာခဲ့ပြီး ထိုမိန်းမပျိုတစ်သိုက်ထိုင်နေ သည့် တိုက်ခန်းနှင့် သုံးတိုက်ခန့်အကွာ ဂိုဒေါင်တစ်ခုရှေ့တွင် စကားပြောနေကြသော လူရွယ်ကာလသားတစ်စုနှင့် ရော၍ထိုင်လိုက်၏။

          “ဟေ့ အတာကြီး၊ ဘာဖြစ်လာတာလဲကွ၊ မျက်နှာကြီး မှုန်ကုပ်ကုပ်နဲ့”

          အတာ၏ အမူအရာကို သတိထားမိသူ လူငယ်တစ်ယောက်က သို့လျှင် ကောက်ကာငင်ကာ လှမ်းမေးလိုက်သဖြင့်

          “ဟိုငတိမပေါ့ကွ၊ ငါ ကွမ်းသွားဝယ်တာ ငါ့ကိုစောင်းပြီး တံတွေးနဲ့ ထွေးတယ်”

          ထိုစကားကြောင့် တဒေါင်ဒေါင်နှင့် မယ်ဒလင်ခေါက်နေသူရော သီချင်း ဆိုနေသည့် လူငယ်များပါ အဆိုအတီးရပ်သွားပြီး အတော့စကားတွင် အာရုံစိုက် လာကြ၏။

          “ဘယ်သူလဲ၊ ခင်စိုးလှလား”

           ပထမ စ၍ မေးသူကပင် ဆက်လက်မေးခွန်းထုတ်လိုက်သောကြောင့်

          “အေးပေါ့ မောင်မောင်၊ သူ့အပြင် ဘယ်သူရှိဦးမှာလဲ၊ အားလုံးထဲမှာ ဒီငတိမ အကဲဆုံးပဲ၊ တောက်”

           အတာသည် သို့ပြောရင်း တောက်တစ်ချက်ကိုပင် ခပ်ပြင်းပြင်းခေါက် လိုက်၏။

          ဤတွင် မောင်မောင်မှအပသော အခြားလူငယ်များကမူ တစ်ယောက်ကို တစ်ယောက် လက်တို့၍လည်းကောင်း၊ အတာအား မသိမသာ မေးငေါ့သူက ၍ မဲ့ပြသူက ပြကြ၏။

          “အဲဒီတော့ သူ့ကို မင်း ဘုမှုတ်ခဲ့ရောလား”ဟု မောင်မောင်က မေးသဖြင့်

          “ဘာမှမပြောခဲ့ဘူးကွ၊ ငါ့ကို စောင့်ပြီး ထွေးတာရယ်လို့ အတပ်စွပ်စွဲရမှာ ကလဲ”

           အတာလည်း စကားကို ရှေ့မဆက်သေးဘဲ စဉ်းစားသလိုတွေနေပြီးမှ

          “ဒါပေမဲ့ အသွားအပြန်ရော သူတို့ရှေ့ကို ငါရောက်မှချည်းထွေးတယ် ဆိုတော့၊ ဒါ ရှင်းနေတာပဲကွ”

          မကျေနပ်နိုင်သလို အံတကြိတ်ကြိတ်နှင့် ပြောနေရာမှပင် အတာသည် ထိုင်ရာမှ ထရပ်တဲ့ပြီး

          “တစ်ခေါက်ထပ်သွားဦးမယ်ကွာ၊ ဒီတစ်ခါထွေးရင်တော့ သေချာပြီ၊ ငါ့ကို စောင်းထွေးတာ ဖြစ်မှာပဲ”

          ပြောပြောဆိုဆိုပင် ကွမ်းကို ဟန်မပျက်စားရင်း လှမ်းထွက်သွားသော ကြောင့် လူငယ်တစ်စုတွင်   အကြောင်သားငေးရင်း ကျန်ရစ်ခဲ့ကြ၏။ သို့လျှင် လူငယ်ကာလသားတစ်စုက ပွဲကြီးပွဲကောင်းတစ်ခုကို  တွေ့ရတော့မည်ကဲ့သို့ ရင်တလှပ်လှပ်ဖြင့် အတာသွားရာသို့ ငေးကြည့်နေကြသကဲ့သို့ပင် မိန်းမပျိုတစ်သိုက်ကလည်း အတာလျှောက်လာသည်ကို မြင်ရသည်နှင့် တစ်ယောက်ကို တစ်ယောက် လက်တို့သူကတို့၍ အချို့ကလည်း ခင်စိုးလှအား မြှောက်ထိုးပင့်ကော် လုပ်ပေးသည့် လက္ခဏာမျိုးဖြင့် တီးတိုးပြောဆိုနေကြ၏။

          သို့နှင့် အတာလျှောက်လာခဲ့၍ ထိုအပျိုတစ်သိုက်ရှေ့ရောက်သည်ဆိုလျှင် ပင် ထွီခနဲ ထွေးလိုက်သော တံတွေးသံသည် စောစောကအတိုင်း ပေါ်လာပြန်၏။

          အတာကမူ တစ်စုံတစ်ရာ ဘာမျှမပြောသေး၊ တစ်ချက်မျှသာလှည့် ကြည့်ပြီး ကွမ်းယာဆိုင်သို့ လျှောက်သွားကာ ကွမ်းတစ်ရာထပ်ဝယ်၍ အိတ်ထဲ ထည့်ပြီး ပြန်ထွက်လာခဲ့၏။

          “ထွီ”

           ထိုတံတွေးသံသည် စောစောကထက်ပင် ကျယ်လောင် ပြတ်သားစွာ ပေါ်လာပြန်၏။

          ဤတစ်ကြိမ်တွင်သော်ကား အတာသည် ထိုမိန်းမပျိုတစ်စုနှင့် ထိလုနီး ပါးကပ်သွားပြီး လက်ထဲမှ ကွမ်းကို ခပ်ဆောင့်ဆောင့် ပေါက်၍ လွှင့်ပစ် လိုက်ပြီးမှ ခါးကို တင်းတင်းကလေး ထောက်တဲ့ကာ ခင်စိုးလှတစ်ဦးတည်း ကိုသာ ခပ်စူးစူးစိုက်ကြည့်နေသဖြင့် ကျန် မိန်းမပျိုတစ်စုတွင် ရင်ကလေး တဒုဒုခုန်ကာ ကြုံလာမည့်အရေးကို အထိတ်တလန့် စိတ်စောနေမိကြ၏။

          “နင် ဘာလူဝါးဝတာလဲ ခင်စိုးလှ ဟင်၊ နင့်ကို ငါ ဘာလုပ်လို့ ဒီလို တံတွေးနဲ့ စောင်းထွေလား ဘာလား လုပ်ရတာလဲ”

          အတာသည် ပြတ်သားပီသလှသော အသံဖြင့် မေးလိုက်၏။ ခင်စိုးလှ ထံမှမူ ရုတ်တရက် အဖြေထွက်မလာသေး။ စောစောက တံတွေးထွေးရဲခဲ့ သလောက် ယခုမူ ကွဲအက်တုန်လှုပ်နှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။

          “ဒါဟာ သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး သိလား”

          “ရှင့်ကို ကျွန်မ ကျွန်မ ဘာ ဘာလုပ်လို့လဲ”

          ယခုမူ ခင်စိုးလှတွင် မနေသာတော့သည့်အတိုင်း စကားလုံးများသည် သို့လျှင် အထစ်ထစ်အငေါ့ငေါ့ ထွက်လာ၏။

          “ဟဲ့ ဘာဖြစ်ကြတာတုံး”

          မိန်းမပျိုများထိုင်နေရာ ပိုးထည်တိုက်အတွင်းမှ အသက်ငါးဆယ်ခန့် အရွယ် အဒေါ်ကြီးတစ်ယောက်သည်    ထိုမေးသံနှင့်အတူ ရုတ်တရက် ရောက် လာ၏။

          ထိုအချိန်၌ လူပျိုတစ်သိုက်သည်လည်း ထိုအခင်းနှင့် မလှမ်းမကမ်းသို့ ရောက်လာကြလျက် မောင်မောင်နှင့် အခြားတစ်ယောက်သော လူငယ်သာလျှင်