Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

သတင်းစာဆရာဦးသိမ်းမောင် - ရဲမြန်မာရာဇ၀င်၀ထ္ထု

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
[၁]
 တိတ်ဆိတ်သော ညဉ့်အချိန်

 

          တသွင်သွင်စီးဆင်းလျက်ရှိသော သံလွင်မြစ်ကြီး၏ ရေအလျဉ် သည် လပြည့်ကျော်တစ်ရက်နေ့ ပြူထွက်ပေါ်ထွန်းလျက်ရှိသော လရောင်အောက်တွင် တပြောင်ပြောင်တလျှပ်လျှပ် ငွေရောင်ဟပ်သကဲ့သို့ စိတ်ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အခြေကို ဖန်တီး၍နေလေ၏။ မြစ်ရေ ပြင်မှ ဖြတ်သန်းတိုက်ခတ်၍ ဆီးကာဆို့ပိတ်လျက်ရှိသော တောကြီးတောင်တန်းတို့အတွင်းမှ ဝှေ့ယူသယ်ဆောင်လာသော တောပန်းတောင် ပန်းတို့၏ ရနံ့သည်လည်း တသင်းသင်းတပျံ့ပျံ့ ကြိုင်လှိုင်လျက်ရှိလေ၏။

          လ တိတ်ဆိတ်သော ညဉ့်အချိန်၌ ထိုသံလွင်မြစ်၏ လရောင်အောက် တွင် ငွေရည်ဖြင့် ပက်ဖျန်းထားသကဲ့သို့သော မြစ်ရေအလျဉ်ကို ကြည့်ရှု ကာ လေပြည်လေအေး၏ တိုက်ခတ်တိုးဝှေ့ သယ်ဆောင်ကာယူသည့် တောပန်းတောင်ပန်းတို့၏ တသင်းသင်းတပျံ့ပျံ့ မွှေးကြူလှသော ရနံ့တို့ကိုခံစားရင်း မလှုပ်မယှက် အိမ်ပြတင်းမှ ခေါင်းကလေးထွက် လျက်ရှိသော ပုံသဏ္ဌာန်တစ်ခု၏ မျက်နှာသည်လည်း လရောင်ဖြင့်ဟပ်လျက်ရှိလေ၏။ လ၏ ရောင်ခြည်ဟပ်ခြင်းကိုခံရသော ထိုမျက်နှာ ကလေးသည် ယဉ်ကျေး၍ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော မိန်းမပျို ကလေး၏ မျက်နှာကလေးပင်ဖြစ်ကြောင်း ကောင်းစွာသိရှိနိုင်ပေ၏။

          လရောင်ခြည်ဖြင့် ပက်ဖျန်းခြင်းကိုခံရသော အဆိုပါမျက်နှာ ကလေးသည် တသွင်သွင် စီးဆင်းလျက်ရှိသော သံလွင်မြစ်၏ရေလျဉ်နှင့် ကြယ်တာရာအပေါင်းခြံရံလျက် ထွက်ပြူထွန်းလင်းနေသော ငွေသော်တာ လမင်းကို တောက်ပသောမျက်လုံးများဖြင့် နှစ်သက်စွာ တစ်လှည့်စီ ကြည့်ရှုကာ ရွှင်လန်းချမ်းမြေ့သော အမူအရာဖြင့် တစ်ခါတစ်ခါ ပြုံးမယောင်ယောင်ရှိလေ၏။ ထိုသို့ တိတ်ဆိတ်ငြိမ်သက်သည့် ညဉ့် အချိန်အခါ လရောင်အောက်တွင် တစ်စုံတစ်ရာ ပူပင်သောကရှိဟန် မတူသော ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ထိုမိန်းမငယ်၏ လှပ သော မျက်နှာကလေးကို ဝင်းအတွင်း အိမ်နှင့်မနီးမဝေး မီးလောင်ထား သော ကညင်ပင်ငုတ်တိုကြီးကိုမှီကာ ချစ်သွေးနှောသော မျက်လုံးများဖြင့် စိန်းစိန်းကြီး ကြည့်ရှုမောနေသော သူသည် မိမိ၏အလုပ်ဝတ္တရား ကိုလည်းကောင်း၊ တစ်ပါးသောသူ၏ ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် လျက်ရှိခြင်းကိုလည်းကောင်း၊ ထိုသို့ ကျူးလွန်ဝင်ရောက်ခြင်းကို ထိုမိန်းမ ငယ်ရှိသော အိမ်မှ အိမ်ကြီးရှင်တွေ မြင်သွားပါက မိမိအပေါ်၌ ကျရောက် ငြိတွယ်မည့် ဘေးအန္တရာယ်ကိုလည်းကောင်း တွေးတောဆင်ခြင်မိခြင်း အလျဉ်းမရှိသကဲ့သို့ တမေ့တမောကြီးသာလျှင် ပြတင်းဝမှ လှပသော မျက်နှာကလေးအား ခွဲခွာမသွားရက်ဘဲ အမြဲသာ ကြည့်ရှုနေလေ၏။

          ကညင်ပင်ငုတ်တိုကြီးကိုမှီကာ ကြည်သာသော နှလုံးဖြင့် ပြုံးပြုံး ကြီးကြည့်နေသော ထိုသူသည် တစ်ခါတစ်ခါ၌ အိမ်ဆီသို့ လက်လှမ်း၍ ခေါ်တော့မလိုလို၊ တစ်ခါတစ်ခါ၌ အသာအယာ ပြတင်းပေါက်အောက် နားသို့ပင် ရောက်သွားတော့မလိုလို ဟန်ပြင်လျက်ရှိသည်ကိုလည်းတွေ့မြင်ရပေ၏။ ထိုသို့ အချစ်ဇောဖြင့် မေတ္တာတောတွင် အတောမသတ် နိုင်အောင် ချာလပတ်လည်လျက် ကိုယ်လက်မှစ၍ မငြိမ်မသက်ရှိစဉ် သာယာနာပျော်ဖွယ်ကောင်းသော တေးသံကလေးသည် ပြတင်းဝဆီမှ ထွက်ပေါ်လာသဖြင့် ကညင်ပင်ငုတ်တိုကိုမှီနေသော သူသည် နားစွင့် လျက် မလှုပ်မယှက် ငြိမ်သက်စွာရှိရပြန်လေ၏။

       

          “ထွန်းလင်းတောက်ပရောင်ခြည်၊ ပွင့်လျှံစည်

           ဘုန်းတောက် ပနှုန်းနှင့်၊ ပထွန်းဝင်း၊ မိုးနှင့်မြတ်ရာ၊

           စံရွှင်ကာ အံ့ရာ ဆကြူးကြူး၊ လှိုင်းတမြူးမြူး၊

           ဆန်းထူးပြား သာလှလှလေ၊ ဘုန်းမိုးဝေ ငွေလှလေးလေး၊

           ယဉ်မျိုးယဉ်မျိုး ချုပ်စိုးတော်မူ၊ နှိုင်းနှုန်းဖက်ယူ မိုးမှာလူ။ 

           နတ်တူစံ မြန်းရရလေး၊ မြတ်ခြွေရံစံပယ်ခခလေး၊ 

          ဘုန်းပန်းထိန်ဝင်း လှိုင်ပျံ့ပျံ့ သင်း၊ ဝင်းပလာ ထွန်းသော်တာ..”

          

          ပြတင်းပေါက်ဆီမှ သီဆိုကျူးရင့်လိုက်သော တေးသံသည် လေပြည်နှင့် ရောထွေးလျက် အကြောအသွေးအတွင်းသို့ ချင်းနင်းဝင် ရောက်သည့်အလား ငြိမ်သက်စွာ နားထောင်နေသူ၏ အသည်းနှလုံး တွင်းသို့ ယူကျုံး၍ သွင်းလိုက်ဘိသကဲ့သို့ အေးခနဲ ရှိန်းခနဲဖြစ်ကာ နှလုံးလေတွေ့သဘောနှင့် အေကြီးဝှေ့လျက် ရှိလေ၏။ ထိုသို့ သဘော ဝှေ့လျက် အမေ့ကြီးမေ့ကာ မျက်စိကိုမှေးမှိတ်ရင်း ဆက်လက်သီဆိုသည့် အသံကို စည်းစိမ်နှင့်နားထောင်ပြီး သောတအာရုံခံစားလျက်ရှိရာ မည် သည့်အချိန်တွင် တေးဆုံး၍ အသံရပ်စဲသွားသည်ကိုမျှ မသိရှိဘဲ တောင် ခြေရင်းဘုန်းတော်ကြီးကျောင်းမှခေါင်းလောင်းကြေးစည်နှက်သံများနှင့် ပျင်းရိကြောက်မက်ဖွယ်ရာ ရှည်လျားစွာသော ခွေးအူသံများကို သဲ့သဲ့မျှကြားရသောအခါမှ အိပ်မှုန်စုံမွှားဖြင့် ကမန်းကတန်း မျက်စိများကို ပွတ် သပ်ရင်း ပြတင်းဆီသို့ ကြည့်ရှုမိလေ၏။ သို့သော် ကျက်သရေမင်္ဂလာ နှင့် ပြည့်စုံသောလှပသည့် မျက်နှာကလေးအစား ပိတ်လျက်ရှိသော ပြတင်းကိုသာ တွေ့မြင်ရလေ၏။ ကညင်ပင်ငုတ်တိုကို မှီလျက်ရှိသော သူသည်လည်း ပိတ်လျက်ရှိသော ပြတင်းတံခါးအား အနိဋ္ဌာရုံကဲ့သို့ သဘောထား၍လေလားမသိ၊ သုန်မှုန်စွာကြည့်ရှုလျက် အတန်ငယ်ကြာသောအခါ နှမြောတသ လွမ်းဆွတ်လှသော အမူအရာဖြင့် ဖြည်းနှေး လေးကန်စွာ ကညင်ပင်ငုတ်တိုကြီးမှ ထွက်ခွာသွားလေ၏။

          လရောင်သည်လည်း ဘော်အဆင်းကဲ့သို့ ဝင်းဝင်းထိန်လျက်ပင် ရှိလေ၏။ တောင်ခြေရင်း ဘုန်းကြီးကျောင်းဝင်းရှိ စေတီကြီး၏ထီးတော် မှ ဆည်းလည်းသံများသည်လည်း ဖြည်းညင်းစွာ တိုက်ခတ်အပ်သော လေအဟုန်ဖြင့် လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းဖွယ်ရာကဲ့သို့ မြည်ဟည်း လျက်ရှိသည်ကို ခပ်သဲ့သဲ့မျှကြားရပေ၏။ သံလွင်မြစ်တွင်း၌ အစဉ် စီးဆင်းလျက်ရှိသော ရေအလျဉ်သည်လည်း လရောင်အောက်တွင် တသွင်သွင် တိုက်ခတ်အပ်သော လေအဟုန်ကြောင့် တတုန်တုန် တလျှပ် လျှပ် ငွေသားရောင်ဟပ်လျက်ပင် ရှိလေ၏။ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော လှပသည့် မျက်နှာကလေးပေါ်ထွက်ရာအိမ်ကြီးသည်ကား ဆိတ်ငြိမ်လျက်၊ ကညင်ပင်ငုတ်တိုကြီးမှ ထွက်ခွာသွားသောသူ၏ နောက်ဘက်တွင် တဖြည်းဖြည်း ဝေးသည်ထက်ဝေးစွာ မထင်မရှား ကျန်ရစ်ခဲ့လေသတည်း။