Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

သခင်ဗစိန် - ကျွန်တကာ့ကျွန်ခေါ်လယ်သမားအရေး

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အချီးစကား

 

(၁) လယ်သမားအရေး၏ သဘော

            လယ်သမားအရေးဆိုရာ၌ လယ်ယာကိုင်းကျွန်းနှင့် ပတ်သက်၍ လုပ်ကိုင်စားသောက်ကြသော မြန်မာပြည်ရှိ လူများစု၊ ဆင်းရဲသား လူထု ကြီး၏ အရေးကို ဆိုလိုသည်။ လယ်သမားအရေးတွင် လယ်ယာ လုပ်ငန်းနှင့် ပတ်သက်သော ပြဿနာများနှင့် လယ်ယာကို လုပ်ကိုင်ကြ သော အလုပ်သမားများ၏ အခက်အခဲ ဖြေဆိုချက်များ ပါရှိရပေမည်။

          မြန်မာပြည်တွင် တောနှင့်မြို့ ရှိရာ များစွာသော မြန်မာတို့သည် တောရွာများတွင်သာ နေထိုင်ကြ၏။ မြို့ရွာများတွင် နေထိုင်ကြသော မြန်မာဦးရေတို့မှာ တောရွာရှိ မြန်မာများနှင့် နှိုင်းစာက မပြောပလောက် အောင် နည်းပါးပေ၏။ တောရွာများတွင်နေကြသော မြန်မာတို့၌ လယ်ယာ ကိုင်းကျွန်းအလုပ်သာ မည်မည်ရရ ရှိကြ၏။ လယ်ယာများတွင် အငှား ကူလီအဖြစ် လည်းကောင်း၊ လယ်ငှားလုပ်သူအဖြစ် လည်းကောင်း၊ မိမိတို့ပိုင် လယ်မြေကလေးများကို လုပ်ကိုင်ကြရသူများအဖြစ် လည်းကောင်း တို့မြန်မာတို့သည် တောရွာများတွင် အများအားဖြင့် နေထိုင် စားသောက်ကြကုန်၏။ ထို့ကြောင့် အထက်ဖော်ပြရာပါ အလုပ်များအရလုပ်ကိုင်စားသောက်ကြသူများမှာ တောင်သူလယ်သမားများသာ ဖြစ်ကြ၏။ 

 

(၂) လယ်သမားများ၏ဝန်

           တိုက်အိမ်ဆောက်ရာတွင် အောက်ဆုံးရှိ အုတ်ချပ်သည် အထက် အုတ်ချပ်များ၏ အလေးဝန်ကို တစ်ဆင့်တစ်ဆင့် အဖိခံရသကဲ့သို့၊ မြန်မာပြည်ရှိ တောင်သူလယ်သမားတို့သည်လည်း အောက်ဆုံးရှိ အုတ် ချပ်ကဲ့သို့ မြန်မာရှိ အထက်တန်းစားအမျိုးမျိုးတို့၏ ဝန်လေးများကို အဖိအနှိပ်အခံရဆုံး ဖြစ်၏။

          မြန်မာပြည်ရှိ တောင်သူလယ်သမားတို့၏ လက်ရှိအခြေမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားလျက်ရှိနေကြ၏။ ၎င်းတို့၏ အခက် အခဲ၊ ဒုက္ခများနှင့် အတွေ့အကြုံများကို စိစစ်ရှာဖွေက ထင်ရှားမည် ဖြစ်ကြောင်း။

          ရာသီဥတုအလိုက် လယ်ယာများကို တစ်သီးသာ လုပ်ကိုင်ကြရ သဖြင့်၊ တစ်နှစ်တွင် အလုပ်မလုပ်ရသော ကျန်ခြောက်လတွင် လယ် သမားတို့သည် အလုပ်လက်မဲ့များသာ ဖြစ်ကြရ၏။ တစ်သီးမှ နှစ်သီး ဖြစ်ရန်ကိုလည်း အစစ ချို့တဲ့နေသဖြင့် မြန်မာတောင်သူလယ်သမားတို့ သည် ထမြောက်အောင်မြင်စွာ မဆောင်ရွက်နိုင်ကြချေ။

          လယ်ခွန်၊ လူခွန်၊ သဿမေဒခွန်၊ သီးစားခခွန်၊ စပါးတိုးခွန်၊ ကုလား ချစ်တီးငွေတိုးခွန်၊ မြန်မာငွေချေးသမား အတိုးခွန်တို့ကို တောင် သူလယ်သမားတို့သည် တိုက်ရိုက်ပေးဆောင်နေရသည့်အပြင်၊ လူ အလျောက် လူအသက်ရှင်နေခြင်းငှာ ဆန်စပါးတစ်ခုတည်းနှင့် မပြီးမြောက်သဖြင့် အဝတ်အစား၊ အဆောက်အအုံနှင့် လူ၏ အသုံးအဆောင် များအတွက် သွယ်ဝိုက်သော အခွန်တို့ကိုလည်းပေးဆောင်ကြရသေး၏။

 

(၃) လယ်သမားများ၏ အခြေ

           မြန်မာလယ်သမားများသည် လူပင် ဖြစ်သော်လည်း၊ လူကဲ့သို့ သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ အနည်းဆုံး ဝမ်းဝရန်နှင့် ခါးလှရန်ကိုပင် မဖူလုံနိုင် ဖြစ်နေကြ၏။ လယ်အလုပ်အတွက်၊ နံနက်စောစော အိပ်ရာကထပြီး၊ မိုးရွာ၊ နေပူ ကျဲကျဲတွင် ကျွဲ၊ နွားနှင့်ဖက်၍ ထွန်တုံးနှင့် အသက်မွေးကြရ၏။ နံနက်စာ ကို လယ်ကန်သင်းတွင် ထိုင်၍ လယ်ပုစွန်လုံးကို အခွံမချွတ်ဘဲ ပွဲတော် တည်ကြရ၏။ ညနေအိမ်ပြန်ရောက်သောအခါ သက်ငယ်ခုနစ်ပျစ်၊ ကြမ်းခုနစ်ချောင်းရှိသော တဲကုပ်တွင် ကြယ်မြင်၊ လမြင် အိပ်စက်ကြရ ပြန်သည်။ လယ်သမားများ၏ သားသမီးများမှာ ခေတ်ပညာကို မသင် ကြရ၊ အနည်းဆုံး ဘုန်းကြီး ဦးသုမန၏ တက္ကသိုလ်တွင် ဧဝံမေသုတံ အထိ အချို့ သင်ကြားရပြီး၊ အချို့မှာ အကျိုးအကြောင်း မညီညွတ်သဖြင့် ဧဝံမေသုတံအထိပင် မသင်အံနိုင်ရာ။ ကကြီးရေ ကသတ်ကက်နှင့်ပင်

ကျောင်းထွက်လက်မှတ်ယူကြရတော့၏။ ကျန်းမာရေးနှင့် ပတ်သက်ပြန် လည်း ဘုန်းကြီး ဦးသုမနပင် ဆေးမင်းကြီးသဖွယ် ပြုမူရပြန်သည်။ ကလေးခေါင်းကိုက်က တစ္ဆေမှင်စာပစ်ရခြင်း၊ နတ်အိုးပန်းလဲရခြင်းတို့ကို လုပ်ရသည့်အပြင် စပါးအထွက်များရန်၊ စီးပွားလာဘ်လာဘ တိုးတက် ရန် ဦးရှင်ကြီးတင်ခြင်းနှင့် လယ်စတင်ထွန်ရန် နေ့ကောင်းရက်သာများ ရွေးကြရပြန်၏။

          ကမ္ဘာ့ဗဟုသုတနှင့်ပတ်သက်၍ မြန်မာလယ်သမားတို့ သိရှိချက် တို့မှာ အလွန်နည်းပါးလေသည်။ လေ၊ မြေ၊ မိုး၊ ရေ၊ ကောင်းကင်နှင့် အနီးအနားရှိ လယ်ကန်သင်းများ၊ ကိုင်းပင်များမှ ကျော်လွန်၍ သိရှိရန် အထူးခဲယဉ်းနေ၏။

          မြန်မာလယ်သမားများမှာ ကျေးရွာတွင် နေထိုင်ကြရာ၊ ကျေးရွာ သူကြီးကို ဘုရင်ခံအဖြစ် အသိအမှတ်ပြု နေကြရပြီး ကာကီဘောင်းဘီနှင့်ပုလိပ်ကိုမြင်က၊ ကြမ်းကြုတ်ခက်ထန်သော ကျား တိရစ္ဆာန်တို့ကို တွေ့ မြင်သောအခါတို့၌ သော်လည်းကောင်း၊ ကြောက်မက်ဖွယ် ကောင်းသော သရဲသဘက်တို့ကို တွေ့ သည်ဟု ထင်မြင်သောအခါတို့၌သော် လည်း ကောင်း၊ ပြုမူသကဲ့သို့ အနီးဆုံး ကောက်ရိုးပုံသို့ ထွက်ပြေး ပုန်းအောင်း လေ့ ရှိကြခြင်းမှာ များစွာသော လယ်သမား ကျေးတောသားတို့၏ မကြာမီ နှစ်များက အတွေ့အကြုံများပင် ဖြစ်၏။ နိုင်ငံရေးလုပ်ငန်းများ အကျိုးကျေးဇူးအတွက် ပုလိပ်ကိုကြောက်ရခြင်း၊ သူကြီးကို လိုသည် ထက် ပို၍ အသိအမှတ်ပြုရခြင်းတို့မှာ တစ်နှစ်ထက် တစ်နှစ် ပပျောက်စ ပြုလျက်လာပြီ ဖြစ်၏။

          ယင်းသို့ဖြစ်ရာ၊ မြန်မာတောင်သူလယ်သမားတို့၏ နေရေး၊ ထိုင် ရေး၊ စားရေး၊ သောက်ရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေး၊ ပညာ သင်ကြား ရေးတို့မှာ လူ၏ စံချိန်နှင့် နှိုင်းယှဉ်လိုက်က မရှိသလောက် နည်းပါး လျက်ရှိခြင်းမှာ အမှန်ဖြစ်၏။ မည်သည့်အတွက် ယခုကဲ့သို့ ဆိုးရွား အောက်ကျသော အခြေသို့ ကျရောက်နေရခြင်း အကြောင်းရင်း အမှန်တို့ ကို၊ တို့မြန်မာ တောင်သူလယ်သမားတို့ ကွင်းကွင်းကွက်ကွက် သိရှိ ထင်မြင် သဘောပေါက်လိုက်ကြပေပြီ။

 

(၄) ကံ ဉာဏ် ဝီရိယ မကောင်းလို့ ဆင်းရဲရခြင်းလော 

          မြန်မာများ၊ အထူးသဖြင့် မြန်မာဆင်းရဲသားလူထုကြီးဖြစ်သော မြန်မာတောင်သူလယ်သမားတို့ ယခုကဲ့သို့ သည်းမခံနိုင်လောက်အောင်အောက်ကျသောအခြေသို့ ကျရောက်နေကြရခြင်းကို ကံမကောင်း၍သော် လည်းကောင်း၊ ဝီရိယမရှိ၍ သော်လည်းကောင်း၊ ဉာဏ်မကောင်း၍သော်လည်းကောင်း၊ အသုံးအဖြုန်းများ၍ သော်လည်းကောင်း၊ အပျော် အပါး အားကြီး၍ သော်လည်းကောင်း၊ သတ္တိမရှိ၍ သော်လည်းကောင်း၊

အခြေအမြစ်ကို မစူးစမ်းသူတို့နှင့် မြန်မာတို့၏ ရန်သူ၊ သွေးစုပ်သမားများ က ဆင်းရဲရသည်ဟု စွပ်စွဲပြောဆိုကြ၏။ အမှန်မှာ ထိုစွပ်စွဲချက်တို့မှာ အခြေအမြစ်မရှိသည့်အပြင် လုံးဝ မှားယွင်းကြောင်းကို လယ်သမား အရေးကို စုံစမ်းစစ်ဆေးခြင်းအားဖြင့် တွေ့ရှိရမည် ဖြစ်၏။

            ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တို့တွင် အထူးပါရဂူမြောက် တတ် ကျွမ်းသော ရဟန်းပုဂ္ဂိုလ်တို့၊ လူပုဂ္ဂိုလ်တို့အဆိုမှာ၊ ဗြဟ္မာပြည်က အပ် တစ်ချောင်းနှင့် လူ့ပြည်က အပ်တစ်ချောင်းတို့သည် အပ်သွားချင်းသာ ထိဖွယ်ရာရှိ၏။ လောကတွင် လူဖြစ်ရန် ခဲယဉ်း၏ဟု ဆိုကြောင်း၊ မြန်မာတောင်သူလယ်သမားများသည် လူသားစင်စစ်များ ဖြစ်ကြသည့် အပြင်၊ ကမ္ဘာပေါ်ရှိ အခြားသော အမေရိကန်၊ အင်္ဂလိပ်၊ ရုရှား အစရှိသော လူသားများကဲ့သို့ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ကြ၍ မျက်စိနှစ်လုံး၊ နှာခေါင်းနှစ်ပေါက်နှင့် ပါးစပ်ကန့်လန့်များရှိကြခြင်းကို မည်သူမျှ ငြင်းနိုင် ကြမည် မဟုတ်ပေ။ ၎င်းပြင် လူဖြစ်ပြန်လည်း ဗုဒ္ဓသာသနာအတွင်း လူဖြစ်ရန် အလွန်ခဲယဉ်း၏ဟုဆိုရာ၊ ဤအချက်တွင်လည်း မြန်မာ

တောင်သူလယ်သမားတို့ အထူးကံကောင်းကြကြောင်းကို ဝန်ခံကြရမည် ဖြစ်၏။ ထိုကောင်းသောကံတို့အပြင် ရာသီဥတုအားဖြင့် လည်းကောင်း၊ မြေဩဇာအားဖြင့် လည်းကောင်း၊ သဘာဝဓမ္မအားဖြင့် လည်းကောင်း၊ ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊ ဓာတ်သတ္တုတို့နှင့် ပြည့်စုံပေါများသော မြန်မာပြည်တွင် လူဖြစ်ရခြင်းမှာ ပထမတန်း ကံကောင်းသည့်အတွက်ဟု ဆိုရမည် ဖြစ်၏။ သဘာဝဓမ္မအားဖြင့် သာယာဝပြော ပေါများသော တိုင်းပြည်တွင် လူဖြစ်ရခြင်းထက် ကောင်းသောကံရှိမည် မဟုတ်ပေ။

          ဝီရိယတည်း ဟူသော ထကြွလုံ့လအရာတွင်၊ အခြားလူမျိုးများ ထက် မသာလျှင်သာ မသာပေမည်၊ ယုတ်လျော့သည်ဟု မဆိုနိုင် မြန်မာလယ်သမားသည် မြန်မာပြည်ကို အုပ်ချုပ်သော မျက်နှာဖြူဘုရင်ခံ

ထက် ထကြွလုံ့လအရာတွင် ယုတ်လျော့သည်ဟု ငါတို့ မဆိုနိုင်ချေ။ နဖူးကချွေး၊ ခြေမ ဒုတ်ဒုတ်ထိ ကျဆင်းလောက်အောင်၊ ထွန်တုံးကိုင် ရသော မြန်မာလယ်သမား၏ ဝီရိယမှာ မြန်မာပြည် ဟိုက်ကုတ် တရား ဝန်ကြီးချုပ်၏ ပင်ပန်းခြင်းထက် ယုတ်လျော့သည်ဟု လူမှန်က ဆိုနိုင်ရန် ခဲယဉ်း၏။

          ဉာဏ်အရာတွင်မူ မြန်မာတို့သည် တစ်ထွာပြက တစ်တောင် မြင်တတ်လေ့ရှိကြ၏။ ကမ္ဘာတွင် တိုးတက်ထွန်းကားနေသော လောက ဓာတ်ပညာ၊ လက်မှုစက်မှုပညာတို့သည် သင်နိုင်ရန် အခွင့်အရေးရှိက တတ်နိုင်ရန် အခွင့်အရေးရှိကြ၏။ အင်္ဂလိပ်တတ်က မြန်မာတတ်နိုင်၏။ ဂျပန်တတ်က မြန်မာတတ်နိုင်၏။ လောကဓာတ်ပညာ၊ စက်မှုလက်မှု ပညာတို့ကို အင်္ဂလိပ်တစ်ဦးသာ တတ်ရမည် မဟုတ်၊ ထိုပညာတို့သည် အင်္ဂလိပ်တို့၏ ဘိုးဘွားပိုင်ပစ္စည်း၊ အမွေအနှစ်များလည်း မဟုတ်၊ ထာဝရ ဘုရားသခင်ကလည်း အင်္ဂလိပ်တို့သာ ထိုပညာအရပ်ရပ်တို့ကို တတ်ရမည်၊ မြန်မာတောင်သူလယ်သမားတို့ မတတ်ရဟု ဗျာဒိတ်ထားခဲ့ သည်ကို မတွေ့ရ။ ရှေးအခါက ရုရှားကျေးတောသားများကို ကျောက် တုံးကျောက်ခဲ၊ လူအလူနကြီးများဟု ရာဇဝင်များတွင် တွေ့ရှိရ၏။ ယခု အခါမှာမူ၊ ထိုလူအ၊ လူနကြီးတို့သည် လောကဓာတ်ပညာ၊ စက်မှုလက်မှု ပညာအရပ်ရပ်တို့ကို တတ်ကျွမ်းသည့်အပြင် မြန်မာတို့ထက် အထူး သဖြင့် မြန်မာတောင်သူလယ်သမားတို့ထက် အစစအရာရာတွင် သာ လျက် ရှိကြသည်။ လောကတွင် လူအလျောက်လူ၊ သာယာဝပြောလျက် ရှိကြ၏။ အဘယ့်ကြောင့်နည်း၊ မြန်မာတောင်သူတို့ထက် ဉာဏ်ကောင်း ၍လော၊ ကျောက်တိုင် ကျောက်ခဲဟု စွပ်စွဲလောက်အောင် (အ-န) နေသောသူတို့က လျင်သည်၊ ပါးသည်၊ ဖြတ်သည်၊ ဉာဏ်ထက်သည် ဟု အသိအမှတ်ပြုခြင်းခံရသော မြန်မာလယ်သမားများထက် အဆင့်