သက်လုံ - တရုတ်ပညာရှိကြီးမိန်းရှပ်
ရှေးဟောင်းတရုတ်ပြည်၏ ချိုမင်းဆက် ဆိတ်သုဉ်းခါနီးတွင် ကွန်ဖြူးရှပ်၏ ပညာနဲ့သက်ခံခဲ့ကြသည့် အတွေးအခေါ်အုပ်စုများ မြောက်မြားစွာ ပေါ်ထွက်လာလေသည်။ သို့တိုင်အောင် ကွန်ဖြူးရှပ်၏ အတွေးအခေါ် အောင်ပွဲခံနိုင်ရန်အတွက် ဆက်လက်၍ မြေတောင်မြှောက်ပေးမည့် လူတော်များ ထွက်ပေါ်လာနိုင်ခြင်းမရှိဘဲ ဖြစ်နေရာက မိန်းရှပ်အမည်ရှိ ပညာရှိတစ်ဦး ထွန်းကားလာသည်တွင်မှ ကွန်ဖြူးရှပ် ၏အတွေးအခေါ်တို့သည် တရုတ်ပြည်တွင် အောင်လံလွှင့်ထူ မင်းမူလာနိုင်တော့၏။
စကားပြောကောင်းလှခြင်း၊ သိက္ခာရဲရင့်မှုရှိခြင်း၊ ယုံကြည်မှုပြင်းပြခြင်းတို့အား ဖြင့် မိန်းချုပ်သည် ကွန်ဖြူးရှပ်၏ ဆုံးမပို့ချချက်များကို လူကြိုက်များအောင် ပြုလုပ် နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သူသည် အခြားသော အတွေးအခေါ်ဂိုဏ်းများ၏ အယူဝါဒ၊ သင်ကြားချက်များကို တိုက်ဖျက်နိုင်ခဲ့သည်။
ကွန်ဖြူးရှပ်၏ အဆုံးအမလမ်းကြောင်းဝယ် မိန်းရှပ်တစ်ယောက် ထိန်လက် ဝင့်ကြွားလှသည်ဖြစ်ရကာ ပထမပညာရှိဖြစ်သော ကွန်ဖြူးရှပ်နှောင်းကာလတွင် သူ သည် ဒုတိယပညာရှိ” ဖြစ်လာရတော့၏။
တရုတ်ဘာသာဖြင့် မိန်ဇူ ဟုခေါ်တွင်သော သူ၏နာမည်ကို ခရစ်ယာန် ဘာသာဝင်များ၏ လက်တင်ဘာသာဖြင့် မှတ်တမ်းပြုခဲ့ကြသော မိန်းရှပ်ဟူသော အမည်ဖြင့်ပင် ကမ္ဘာကျော်လာသည်။ ဤပုဂ္ဂိုလ်ကြီးသည် ကွန်ဖြူးရှပ် ကွယ်လွန်ပြီး နောက် နှစ်ပေါင်း တစ်ရာကျော်ခန့်တွင် မွေးဖွားလာခြင်းဖြစ်သည်။
သူ၏ မွေးသက္ကရာဇ်နှင့် ကွယ်လွန်သည့် သက္ကရာဇ်တို့မှာ ခန့်မှန်းခြေအားဖြင့် ဘီစီ ၃၇၂- ၂၈၉ တို့ဖြစ်ပေ၏။ ကွန်ဖြူးရှပ်ကဲ့သို့ပင် သူ၏မွေးဖွားချိန်နှင့်ပတ်သက် ၍ နိမိတ်တွေပေါ်ပေါက်ကြောင်း မှတ်တမ်းများရှိခဲ့၏။ သူ့ကို ကိုယ်ဝန်ရှိစဉ် နတ်သားတစ်ပါးသည် သူ့မိခင်အား ကိုယ်ထင်ပြခဲ့သည်ဆို၏။ ထို့အပြင် မိန်းရှပ်မွေးဖွားချိန် ၌ တောက်ပ၍အသွေးအရောင်စုံလှသော အလင်းကြီးသည် ဖွားမြင်ရာနေရာတစ်ဝိုက် တွင် ထွန်းလင်းနေခဲ့သည်ဟုလည်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
ဤသို့သောအမှတ်အသားများကို ပညာရှိများအား ကြည်ညိုမှုကြောင့် အမွှန်း တင်မှတ်သားထားခြင်း ဖြစ်ဟန်တူသည်ဟူ၍လည်း ကမ္ဘာ့ပညာရှင်များက မှတ်ချက် ချကြ၏။
မိန်းချုပ်သည် ယခုခေတ် ရှန်တုန်ပြည်နယ်တွင်ရှိသော စို့ပြည်နယ်တွင် မွေးဖွား ခဲ့သည်။ သူသည်လည်း ကွန်ဖြူးရှပ်ကဲ့သို့ပင် ငယ်စဉ်ကပင် ဖခင်ကိုဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ သူ၏ဖခင် ကွယ်လွန်ချိန်တွင် သူသည် အသက်သုံးနှစ်အရွယ်မျှသာ ရှိ သေးသည်။ သို့ဖြင့် မိခင်သည် သူ့ကိုကြီးပြင်းအောင် မွေးဖြူလာခဲ့လေရာ သူ၏မိခင် ကြီးမှာ ယခုခေတ်တိုင်အောင်ပင် “မိန်းမယ်တော်ကြီး” ဟူ၍ပင် နာမည်ကျော်ခဲ့ရတော့ သည်။
နာမည်ကျော်လောက်အောင်ပင် မိန်းမယ်တော်ကြီးသည် မိန်းရှပ်ကို မွေးမြူလာ ခဲ့၏။ နာမည်ကျော်ဖြစ်ရပ်ကား “အိမ် သုံးကြိမ်ပြောင်းခြင်း” ဖြစ်ရပ်ပင်တည်း။
ရှေးဦးစွာ သူတို့နေထိုင်ခဲ့သော နေရာမှာ သုသာန်နားတွင် ဖြစ်၏။ ထိုအခါ ကလေးငယ် မိန်းရှပ်သည် ဈေးရောင်းတမ်း၊ ဈေးဝယ်တမ်းများ ကစားသည်။ ဤ သည်ကိုလည်း မိန်းမယ်တော်ကြီးက မကျေနပ်ချေ။ ဤပတ်ဝန်းကျင်များကို သူ မကြိုက်ခြင်းဖြစ်သည်။ သို့ဖြင့် ချက်ချင်းပင် ထ၍ပြောင်းရွှေ့ပြန်၏။
တတိယအကြိမ်တွင်ကား ကျောင်းနားတွင် နေထိုင်ရသည်ဖြစ်ရာ မကြာမီပင် ကလေးငယ်မိန်းရှပ်သည် တပည့်လုပ်တမ်း၊ ဆရာလုပ်တမ်း ကစားလေရာ မယ်တော် ကြီးမိန်းသည် ကျေနပ်ပျော်ရွှင်သွားလေတော့သည်။
မိန်းရှပ်သည် ငယ်ရွယ်စဉ်ကပင် ကွန်ဖြူးရှပ်ကို အထင်ကြီးလေးစားခဲ့သည်။ သူသည် အောက်ပါအတိုင်း ပြောကြားခဲ့၏။
“ကမ္ဘာပေါ်မှာ လူသားတွေရယ်လို့ စတင်ပေါ်ပေါက်လာပြီးကတည်းက ယနေ့ အထိ နောက်ထပ် ကွန်ဖြူးရှပ်တစ်ယောက်ဆိုတာ မပေါ်ပေါက်ခဲ့ဘူး။ ငါဟာ သူ့လို ဖြစ်ဖို့ စာပေသင်ကြားချင်တယ်။ ကွန်ဖြူးရှပ်လက်ထက် တပည့်တစ်ယောက် မဖြစ် နိုင်ပေမယ့် ကွန်ဖြူးရှပ်ရဲ့ တပည့်တွေရဲ့ ပညာကိုယူပြီး ငါ့ရဲ့ အရည်အသွေးတွေကို ထက်မြက်အောင် ကြိုးစားခဲ့တယ်”
မိန်းရှပ်သည် ဤမျှပင်လျှင် ကွန်ဖြူးရှပ်ကို လေးစားကြည်ညိုခဲ့သည်။ သို့ဖြစ်သည့်တိုင်အောင် ပညာရှိကြီးနှစ်ဦးတို့၏ စိတ်သဘောအနေအထားများမှာ ကွာခြား လှပေသည်။
ကွန်ဖြူးရှပ်သည် သူ့အတွင်းပိုင်းက သူ့စိတ်ကိုသာ အာရုံစိုက်ထားပြီး သိမ်မွေ့ လှသည့် လူကြီးလူကောင်းဖြစ်သည်။ စကားပြောရာတွင် သတိဖြင့် ထိန်းချုပ်ပြော ဆိုခြင်းကို လွန်စွာပြုလုပ်တတ်သည်။
မိန်းရှပ်ကား အပြင်လူများကို အာရုံစိုက်တတ်သည်။ စကားကို ဖောဖောသီသီ ပြောတတ်ရာ ဇဝနဉာဏ်ကောင်းခြင်းအတွက်ပင် နာမည်ကျော်နေရ၏။
အခြားသူများက အယူဝါဒကို တိုက်ခိုက်လိုသည့်သဘောဖြင့် စကားဆိုလာ သည်တွင် ကွန်ဖြူးရှပ်သည် တစ်ခါတစ်ရံ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတတ် သည်။ မိန်းရှပ်ကား ဤသို့မဟုတ်ချေ။ သွက်သွက်လက်လက်၊ ပိုင်ပိုင်နိုင်နိုင် ချေပ ပြောဆိုလေရာ တိုက်ခိုက်ပြောလာသူ တစ်ဖက်သားမှာ ခံစစ်နေရာသို့ပင် ရောက်သွား ရသည်ဆို၏။
မိန်းရှပ် လူလားမြောက်သောအချိန်ကား ဘီစီလေးရာစု၏ နှောင်းပိုင်း တစ်ဝက် သောကာလတွင် မတည်မငြိမ်နှင့် စစ်မက်တွေ ဖြစ်ပွားနေသောကာလ ဖြစ်နေသည် နှင့်အညီ မိန်းရှပ်သည်လည်း သူ စံပြုထားသော ကွန်ဖြူးရှပ်ကဲ့သို့ပင် ရှိသလောက် စွမ်းရည်ကို ဖော်ထုတ်ရာတွင် အောင်မြင်သင့်သလောက် မအောင်မမြင်ဖြစ်ရ၏။
ရှိကျီ (သမိုင်းမှတ်တမ်းများ) ကျမ်းတွင် ဖော်ပြထားချက်များကို မှီး၍ရေးသားရ မည်ဆိုလျှင် မိန်းရှပ်သည် ပညာပြည့်စုံသောအခါတွင် ချီပြည်နယ်မှ ဘုရင်ရွမ်ထံပါး သွားရောက် ခစားပါသော်လည်း ဘုရင်က သူ့အား ရာထူးမပေးနိုင်ခဲ့ချေ။ သို့ဖြင့် သူသည် လျန်ပြည်နယ်မှ ဘုရင်ပေါ့ထံ သွားရောက်ခစားပြန်၏။ သို့ရာတွင် ဘုရင် ဟေ့က မိန်းရှပ်သည် တတ်ယောင်ကားသာဖြစ်၍ သူ၏စကားများမှာ အနှစ်မပါဟု ထင်မြင်ယူဆသည်။
ထိုအချိန်က ပြည်နယ်များမှ ကိုယ့်အစုနှင့်ကိုယ် မဟာမိတ်ပြုကြ၍ စစ်ထိုးကြ ရန် ပြင်ဆင်နေခိုက်ဖြစ်ရာ မိန်းရှပ်သည် တပည့်ဖြစ်သူ ဝမ်ချိန်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ရာ ကွန်ဖြူးရှပ်၏ အဆုံးအမများကို ဖြန့်ဖြူးရန် စာဖြင့်ရေး၍ရေးသားသည် တွင် အခန်းခုနစ်ခန်းရှိသော မိန်းဇူကျမ်းကြီး (The Works of Meng Tza) ဖြစ် လာလေသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဘုရင်မွေ့နှင့် အဆင်မပြေဖြစ်ရခြင်းမှာ လည်း အယူအဆချင်းမတိုက်ဆိုင်ကြ၍ ဖြစ်ပေလိမ့်မည်။ ဘုရင်ပေါ့သည် အကျိုးအမြတ်ကို မျှော်ကိုး၏။ မိန်းရှပ်အတွက် အကျိုးအမြတ်ရရှိရန်ဟူသော စိတ်ကူးမျိုး လုံးဝမရှိချေ။ ထို့ကြောင့် ဘုရင်ဟေ့က တိုင်းပြည်အတွက် အကျိုးအမြတ်ရရှိအောင် ဘာလုပ်သင့်သနည်းဟု အကြံဉာဏ်တောင်းခံသောအခါတွင် မိန်းရှပ်က အောက်ပါ အတိုင်း ပြန်ဖြေကြားခဲ့၏။
“အဘယ့်ကြောင့် အရှင်မင်းမြတ်က အကျိုးအမြတ်စကားကို ပြောရပါသလဲ။ လူသားဆန်တဲ့နှလုံးသားနဲ့ တရားမျှတခြင်းသဘောတရားတွေ ပေါ်ပေါက်တည်ရှိ နေသမျှ လုံလောက်နေပြီသာ ဖြစ်ပါတယ်”
ထို့နောက် သူက ဘုရင်မင်းမြတ်သည် သူ့တိုင်းပြည်အတွက် အကျိုးအမြတ် ကို မျှော်ကိုးနေလျှင် မှူးကြီးမတ်ကြီးများက သူတို့၏မိသားစုအတွက် အကျိုးအမြတ် ကို မျှော်ကိုးကြမည်။ ငယ်မတ်ငယ်များနှင့် ပြည်သူပြည်သားများက မိမိတို့ အတွက် အကျိုးအမြတ်ကို မျှော်ကိုးကြမည်ဖြစ်သဖြင့် အချင်းချင်းမညီမညွတ်ဖြစ်လာ ကြကာ နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း လျှောက်တင်လေသည်။
ထို့အပြင် နောက်ဖြစ်ရပ်တစ်ခု ရှိသေး၏။ ဘုရင်ပေါ့၏စစ်တပ်သည် စစ်ရေး ရှုံးနိမ့်ခဲ့သဖြင့် အရှက်ရခဲ့ရသည်။ နယ်မြေဆုံးရှုံးရသည်။ ထို့အပြင် သားတော်အကြီး ဆုံးကိုပင် ဆုံးရှုံးလိုက်ရ၏။ ဤသို့သောအခြေအနေမျိုးတွင် ဘုရင်ဟေ့က ရန်သူကို တုံ့ပြန်လက်စားချေလိုသည်ဖြစ်၍ မိန်းရှပ်ထံတွင် အကြံဉာဏ်တောင်းသည်။
မိန်းရှပ်က ကြမ်းတမ်းသောစွမ်းအင်ကို အားထားခြင်းမပြုသင့်ကြောင်း၊ အပြစ် ဒဏ်ပေးခြင်းများကို လျှော့သင့်ကြောင်း၊ လွန်လွန်းသောအခွန်အတုတ်များကို မကောက်ခံသင့်ကြောင်း ဘုရင်မင်းမြတ်၏အရည်အသွေးများကို တိုးတက်ကောင်း မွန်အောင် လျှောက်ကြား၏ ။ သူ၏ လျှောက်တင်ချက်တွင်ပါဝင်သည့် အောက်ပါ စကားရပ်များကိုကြည့်ပါ။
“ယခုကဲ့သို့သောအခြေအနေမျိုးတွင် အရှင်မင်းမြတ်၏လူများအား ရန်သူ၏ ချပ်မိန်ညိုအဝတ်တန်ဆာများနှင့် သူတို့ရဲ့ ချွန်ထက်တဲ့လက်နက်တွေကို ခုခံတွန်း လှန်ဖို့ သစ်သားတုတ်တွေကို ပေးအပ်ထားသင့်ပါတယ်”
မိန်းရှပ်ဆိုလိုသည်မှာ ဤအခြေအနေမျိုးတွင် ရန်ကိုရန်ချင်း တုံ့ပြန်သည်ထက် အနုနည်းဖြင့်တုံ့ပြန်ပြီး အောင်မြင်မှုကိုရယူသင့်ကြောင်း ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် သဘာဝကျစွာပင် ဘုရင်ပေါ့ သည် သူ့စကားကို နားမဝင်ခဲ့ချေ။ ဤ အကြောင်းများကြောင့်ပင် ဘုရင်ဟွေက မိန်းရှပ်ကို တတ်ယောင်ကား စာအုပ်ကြီး သမားဟု မှတ်ယူထားခြင်းဖြစ်သည်ဟု ထင်ရပေ၏။
မည်သို့ပင်ဖြစ်စေ မိန်းရှပ်သည် လျန်ပြည်နယ်တွင် ဆက်လက်၍နေထိုင်နေ သေးရာ ဘီစီ ၃၁၉ အထိဖြစ်သည်။ ထိုနှစ်တွင် ဘုရင်ပေါ့ နတ်ရွာစံ၍ သားတော် က ဘုရင်ရှင်အဖြစ် နန်းတက်လာသည်။ မင်းပျိုဖြစ်သူနှင့် တစ်ချီတွေ့ဆုံပြီးသည် တွင် ဘုရင်နှင့်ပတ်သက်၍ မိန်းရှပ်က အောက်ပါအတိုင်းပြောပြသည်။
“ငါက သူ့ကို အဝေးကကြည့်လိုက်တော့ ငါ့အမြင်က သူဟာ ပြည့်ရှင်ဘုရင် နဲ့မတူဘူး။ တစ်ခါ အနီးအပါးရောက်သွားပြန်တော့ ငါဟာ သူ့ကို မကြည်ညိုဘူး”
ဘာကျန်ပါသေးသနည်း။ သူသည် မင်းပျိုကို မကြည်ညိုသည်နှင့် ချီပြည်နယ် သို့ ထွက်ခွာခဲ့ခြင်းဖြစ်ပေ၏။
ချီပြည်နယ်သည် နှစ်ပေါင်းနှစ်ရာကျော်မျှ ကုပ်ကုပ်ကလေးဖြစ်နေ၏။ သို့သော် ရွှမ်ဘုရင်မင်းမြတ်လက်ထက်တွင်ကား တစ်ချီပြန်၍ ထွန်းကားစည်ပင်လာရပြန်
လေသည်။ ပညာရှိများအတွက် သူ၏နန်းရင်ပြင်တံခါးကို ထာဝစဉ်ဖွင့်ထား၏။ ရည်ရွယ်ချက်သော်ကား နိုင်ငံအုပ်ချုပ်မှုနှင့်ပတ်သက်၍ သူ့အားအကြံပေးရန်နှင့် တတ် သိထားသောပညာများကို ဖြန့်ချိဝေငှပေးရန်ဖြစ်သည်။
သို့ဖြစ်လေရာ ပညာရှင်များနှင့် ပညာဆည်းပူးနေကြသူများသည် သူ၏ နန်း ရင်ပြင်သို့ စုရုံးဝင်ရောက်လာကြကုန်၏။ ရွှမ်ဘုရင်သည် ပညာရှိများအား ထည်ဝါသောနေထိုင်စရာများကို ပေးသည်။ ပမာဏကြွယ်ဝသော လစာရိက္ခာတော်များကို ပေးသည်။ ဘွဲ့ထူးဂုဏ်ထူးများကို ချီးမြှင့်သည်။ သို့သော် အုပ်ချုပ်ရေးဌာနများတွင် မူ သူတို့အား လုပ်ကိုင်ခွင့်ရာထူး ဌာနန္တရ မပေးခဲ့ချေ။ ယင်းသို့ မပေးခဲ့ခြင်းကား ပညာရှိများသည် သူ့အား အကြံပေးရာနှင့် ပညာပေးရာတို့တွင် လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်စေခြင်းငှာ ဖြစ်ပေ၏။
ရွှမ်မင်းမြတ်သည် ပညာရှိကြီးမိန်းရှပ်တစ်ယောက် မိမိ၏ ချီပြည်နယ်သို့ လာ နေသည် ကြားသည်နှင့်တစ်ပြိုင်နက် သူ၏သားတော်အား နယ်စပ်သို့သွားရောက် ၍ ပညာရှိကြီးကို ကြိုဆိုရန်စေလွှတ်လိုက်သည်။ နန်းတော်သို့ ရောက်သောအခါ တွင် ဘုရင်မင်းမြတ်သည် မိန်းရပ်အား ကြီးမြင့်သော ရာထူးဌာနန္တရကို ပေးတော် မူ၏။ ဤအတိုင်းဆိုလျှင် ချီပြည်နယ်သည် မိန်းရှပ်အတွက် ပညာစွမ်းပြသရန် အကောင်းဆုံးဒေသဖြစ်သည်ဟု ယူဆဖွယ်ရှိလေသည်။
သို့သော် ဤသို့မဟုတ်ချေ။
အခြားပြည်နယ်များတွင် တွေ့ရခဲ့ရသည့် ချို့တဲ့အားနည်းချက်များကို ဆရာ ကြီးမိန်းရှပ်သည် ရင်ဆိုင်နေရတော့၏။ ရွမ်ဘုရင်သည်လည်း အခြားသော ပဒေသရာဇ်များကဲ့သို့ပင် မိမိအရှိန်ဩဇာ အားကောင်းနေရန်ကိုသာ အာရုံစိုက်သည်။ လှပသောမိန်းမများနှင့် ဥစ္စာဓနကြွယ်ဝမှုတွင် စိတ်ပါလွန်းလှသည်။
ရွှမ်ဘုရင်သည် ယဉ်ကျေးရည်မွန်သော စာပေများနှင့် အကျွမ်းဝင်ခြင်းတော့ ရှိသဖြင့် ဆရာကြီးမိန်းရှပ်သည် ဘုရင်၏စိတ်သဘောနှင့် လိုက်လျောညီထွေရှိအောင် ညှိကြည့်သည်။ ဘုရင်၏စိတ်ဓာတ်ကို ကောင်းရာကောင်းကြောင်းဆီသို့ မွမ်းမံ တွဲ ခေါ်သွားရန် သူ ကြိုးစားအားထုတ်သည်။
သူကသာ ကြိုးစား၏။ ရွှမ်ဘုရင်က သူကြိုးစားသလို ပြောင်းလဲဖြစ်ပေါ်လာ ပါသလား။ အောက်ပါကောက်နုတ်ချက်ကလေးကို ဖတ်ကြည့်လျှင် အထင်းသား ပေါ်လွင်လာပါလိမ့်မည်။
“မင်းမြတ်၏ အမတ်တစ်ယောက်ဟာ ဇနီးနဲ့ သားသမီးတွေကို မိတ်ဆွေ တစ်ယောက်ဆီမှာ အပ်နှံခဲ့ပြီး ခရီးထွက်သွားတယ်ဆိုပါတော့။ သူဟာ ခရီး က ပြန်လာ တဲ့အချိန်မှာ သူ့ ဇနီးနဲ့ ကလေးတွေဟာ အအေးဒဏ်ခံနေရပြီး အစားအစာ ငတ်ပြတ်နေရတာကိုမြင်ရင် သူဟာ မိတ်ဆွေကို ဘာလုပ်ထိုက် ပါသလဲ”ဟု မိန်းရှပ်က ဘုရင်ကြီးကိုမေးသည်။
“စွန့်ပယ်ပစ်လိုက်ရမယ်”ဟု ဘုရင်ကြီးက ပြော၏။
“တကယ်လို့ မင်းမြတ်ရဲ့ နန်းရင်းဝန်ဟာ သူ့လက်အောက်က အရာရှိအရာခံ တွေကို မအုပ်ချုပ်နိုင်ဘူးဆိုပါတော့။ မင်းမြတ်ဟာ သူ့ကို ဘာလုပ်မလဲ”
“အလုပ်က ဖြုတ်ပစ်လိုက်မှာပေါ့”ဟု အဖြေသည် လွယ်လွယ်ပင် ထွက်ပေါ် လာ၏။
“ဒါဖြင့် ကောင်းပြီ၊ မင်းမြတ်ရဲ့ တိုင်းပြည်ထဲမှာ အုပ်ချုပ်ရေးဟာ ညံ့ဖျင်းနေ တယ်ဆိုပါတော့။ ဘာလုပ်မလဲ”
ရွှမ်ဘုရင်သည် တစ်ဘက်သို့ မျက်နှာလှည့်၍ အခြားသောအကြောင်းအရာ များကို ပြောဆိုလျက်ရှိလေ၏။
ရွှမ်ဘုရင်မင်းမြတ်သည် ပညာရှိကြီးမိန်းရှပ်၏ ဆိုဆုံးမစကားများကို လိုလိုချင်ချင်နားထောင်လောက်အောင်တော့ ယဉ်ကျေးသိမ်မွေ့သူဖြစ်ပါသည်။ သို့သော် ပြည်နယ်တွင် အုပ်ချုပ်ရေးကောင်းမွန်လာဖို့ အတွက်တော့ သူ စိတ်မဝင်စားပါ။
မိမိ၏အသိလိမ္မာကို ဖြန့်ဖြူးပေးနိုင်စရာ ပရိသတ်မှာ လှုပ်ရှားလုပ်ကိုင်နိုင်ခြင်း မရှိသော အဖိုးမတန်သည့်ပရိသတ်မျှလောက်သာဖြစ်သည်ကိုသိရှိရသော ပညာရှိကြီး မိန်းရှပ်သည် နောက်ဆုံးတွင် ချီပြည်နယ်ကို စွန့်ခွာ၍ ထွက်လာခဲ့လေတော့သည်။