Skip to product information
1 of 13

Other Websites

ဝဏ္ဏကျော်ထင်ဦးဘသန်း - မဟာစည်ထေရ်မြတ်အတ္ထုပ္ပတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
မဟာစည် ထေရ်မြတ်၏ အတ္ထုပ္ပတိ
                                                နမော တဿ ဘဂဝတော အရဟတော
                                                          သမ္မာသမ္ဗုဒ္ဓဿ။

 

          ယခုအခါ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတဝန်းလုံး မကြား ဘူး မသိဘူးသူ မရှိလောက်အောင် ထင်ရှားကျော်စောလျက် ရှိတော်မူသော သာသနဓဇ သိရီပဝရ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကို ဤမျှထင်ရှားခြင်း ကျော်ဇောခြင်းမရှိမီအခါကပင် ထိုအရှင်မြတ်၏ အကြောင်း ခြင်းရာများနှင့်တကွ ကျွန်တော်ကိုယ်တိုင် ကြားသိခဲ့ရသဖြင့် စိတ်ဝင်စားခြင်း ဖြစ်ခဲ့ရပါသည်။

 

အကြောင်း တိုက်ဆိုင်ပုံ 

           ကောဇာသက္ကရာဇ် ၁၂၉၀-ပြည့်နှစ်၊ နယုန်လ (၁၉၂၈-ခု ဇွန်လ)တွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ရှိ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် ရှင်ဗုဒ္ဓဃောသ အထက်တန်းကျောင်းကြီးကို (သပိတ်မှောက်ခေတ်အတွင်း ယိုယွင်းပျက်စီး နေရာမှ) သာသနဓရအသင်းက ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ ထိုသို့ဖွင့်လှစ်ရာ တွင် ဗုဒ္ဓဘာသာနှင့် မြန်မာစာပေဘက်က သင်ကြားပေးရန် ဆရာတဦးလိုလျက် . ရှိသဖြင့် ရန်ကုန်မြို့၌ရှိသော ကျွန်တော့်အား သာသနဓရအသင်း၏ ဆုံးဖြတ်ချက် အရ ခေါ်ယူခန့်ထားခဲ့ပါသည်။ 

          ထိုသို့ ခန့်ထားသည့်အတိုင်း ၁၂၉၀-ပြည့်၊ ဝါဆိုလ (၁၉၈၂-ခု၊ ဇူလိုင်လ) တွင် အလုပ်ဝင်၍ ဗုဒ္ဓဘာသာ ပါဠိဘာသာနှင့် မြန်မာဘာသာများကို သင်ကြားပေးရမည့် ဆရာအဖြစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်၍ တနှစ်မျှအကြာ ၁၂၉၁-ခု၊ ဝါဆိုမှီ မဟာစည်ဆရာတော် ခေါ်တွင်မည့်(ရဟန်းသိက္ခာ ၆-ဝါရ) အရှင်သောဘန သည် မော်လမြိုင်မြို့ တောင်ဝိုင်းကလေး တိုက်ကျောင်းသို့ ကြွရောက်သီတင်းသုံး တော်မူပါသည်။ 

           အရှင်မြတ်သည်မော်လမြိုင်မြို့မှကုလလေးတာအပြန်ငါးရာမျှမက ဝေးကွာ၍ သုညာဂါရ(တောရကျောင်း)အစစ်ဖြစ်သော ထိုတိုက်ကျောင်း၌ “မဝေးနီးမော၊ မရောလူရှင်၊ မှက် ခြင်,ပါးနည်း၊ ပစ္စည်းမိတ်ဆွေ၊ ရလွယ်လေ။ ငါးထွေကျောင်းအင်္ဂါ”ဟူသော ဆောင်ပုဒ်အရ-           

          ၁။ မြို့ရွာမှ မဝေးလွန်း မနီးလွန်းခြင်း၊

          ၂။ ရှင် လူ အသွားအလာ မများ၍၊ ရှင် လူတို့နှင့် ရောနှောမှု မရှိခြင်း၊ 

          ၃။ ခြင်, မှက် ကိုက်ခဲခြင်းအန္တရာယ် နည်းပါးခြင်း၊ 

          ၄။ ပစ္စည်းလေးပါးအတွက် ငြိုငြင်ဖွယ်မရှိ ရလွယ်ခြင်း၊

          ၅။ သူတော်ကောင်းမိတ်ဆွေကို ရနိုင်ခြင်း။

          ဟူသော တောရကျောင်း အင်္ဂါ (ကျောင်းကောင်းအင်္ဂါ)   ငါးပါးနှင့် ပြည့်စုံပုံကို သိတော်မူသည့်အတိုင်း သီတင်းသုံးတော်မူလျက် ပဋိပတ် အခြေခံဖြစ်သောပရိယတ်စာပေတို့ကို ပို့ချပေးတော်မူသည်။ 

          ကျွန်တော်သည် ရှင်ဗုဒ္ဓဃောသ အထက်တန်းကျောင်းတွင် လုပ်ကိုင်နေစဉ်သာသနဓရ အသင်းဥက္ကဋ္ဌ မင်းတိုင်ပင်အမတ် ဦးချစ်ဖေ၊ ကျောင်းအုပ်ကြီး ဦးဖိုးရင် စီ-ဘီ-အေ အထက်တန်းရှေ့နေ၊ ကျောင်းဆရာကြီး ဦးအောင်ဘုံ ဘီ-အေ-ဘီ-အီး-ဒီ တို့၏ သဘောတူညီချက်အရ သာသနဓရအသင်း၏ အမှုဆောင် ကော်မတီတွင် ကော်မတီတဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရ ပါသည်။

           ထို အမှုဆောင်ကော်မတီသည် လစဉ် အစည်းအဝေးခေါ်ကာ ကျောင်း ကိစ္စများကို ဆောင်ရွက်ရသည်။ လစဉ် အစည်းအဝေးခေါ်တိုင်း ကျွန်တော် ကိုယ်တိုင် အစည်းအဝေးတက်ရသည်တွင် (တောင်ပိုင်းကလေးသို့ ဥပုသ်နေ့တိုင်း သွားရောက် ဥပုသ်စောင့်လေ့ ရှိကြသော) ကော်မတီလူကြီးများနှင့်လည်း တွေ့ဆုံ ရပါသည်။ ထိုကော်မတီလူကြီးတို့မှာ...

          ၁။ ဦးထွန်းဝင်း၊ မင်းတိုင်ပင်အမတ်၊ အထက်တန်းရှေ့နေ(ယခုကွယ်လွန်ပြီ) 

          ၂။ ဦးကြာပွင့်၊ အသင်းအကျိုးဆောင် (ယခုကွယ်လွန်ပြီ)

          ၃။ ဦးလေးစိန်၊ စတီးဘရားသားစာရေးကြီး (ယခုကွယ်လွန်ပြီ)  

တို့ဖြစ်ပါသည်။ ထိုလူကြီးတို့တွင် ဦးထွန်းဝင်းနှင့် ဦးကြာပွင့်တို့မှာ တောင်ဝိုင်း ) ကလေး ဇေတဝန်ကျောင်းသို့ သွားသူများ ဖြစ်ကြပါသည်။ ဦးလေးစိန်ကား တိုက်ကျောင်းသို့ သွားရောက် ဥပုသ်စောင့်သူ ဖြစ်သည့်အတိုင်း မဟာစည်ဆရာ တော်လောင်း အရှင်သောဘန(စာချဘုန်းကြီး) အကြောင်းကို ကျွန်တော့်အားဖောက်သည်အချဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့ပါသည်။

           

ထိုခေတ် မော်လမြိုင်သာသနာ 

           မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော မြို့များတွင် တတိယ စွဲသော မြို့ဖြစ်၏။ ဥတုရာသီမျှတခြင်း၊ အစားအသောက်ပေါခြင်း၊ စိမ်းစို လန်းဆန်းသော ရှုမျှော်ခင်းရှိခြင်း တို့ကြောင့် နေစချင့်ဖွယ် တင့်တယ် သာယာသော မြို့ဖြစ်ပေသည်။ သို့ရာတွင် သာသနာရေးဘက်က ကြည့်လိုက်သော် စာသင်သံဃာ ၁၀၀-ပြည့်သော ကျောင်းတိုက်ဟူ၍ တတိုက်မျှ မရှိချေ။ မော်လမြိုင်မြို့၏ အစိတ်အပိုင်းဖြစ်သော ဒိုင်းဝန်ကွင်း မျှလောက်သာှိကြသောညောင်တုန်းမြို့၊ဓနုဖြူမြို့၊ပခုက္ကူမြို့၌စာသင်သံဃာ၁၀၀ကျော်ရှိသောကျောင်းတိုက်ကြီးများရှိကြ၏။ ညောင်တုန်းမြို့၌ ရွှေဟင်္သာ တောရတိုက်၊ ဓနုဖြူ မြို့၌ ခင်မကန်တိုက်၊ တောင်ပေါ်ကျောင်းတိုက်၊ ဂန္ဓာရုံကျောင်းတိုက်၊ ပခုက္ကူမြို့၌ မဟာဝိသုတာရာမတိုက်  (အရှေ့တိုက်-အနောက်တိုက်)ဤကျောင်းတိုက် တို့မှာ မြို့နှင့်မလိုက်အောင် စည်ကားခဲ့ကြ၏။ သို့ရာတွင် ဤကျောင်းတိုက်ကြီး တို့၏ အားထားရာ မြို့များမှာ မော်လမြိုင်မြို့၏ အခြေအနေကို မမှီနိုင်ကြပေ။ ထိုအချိန်က မော်လမြိုင်မြို့တွင် ပရိယတ္တိကို အားပေးသော ပရိယတ္တိ သဒ္ဓမ္မပါလ အသင်း၊ သုသုမာစာရအဖွဲ့ တို့လည်း မပေါ်လာကြသေးချေ။ တနှစ်တခါ ဝိနည်း အာဂုံပြန်ပွဲ ကျင်းပကာ အားပေးသော ဝိနယာနုဂ္ဂဟအသင်း ဟူ၍ကား ရှိနေသည် ဟူ၍ သိရပါသည်။

          စာသင်သံဃာများ သီတင်းသုံးချင်လောက်အောင် ခမ်းနားကျယ်ပြန့်လှသော တောင်လေးလုံး ကျောင်းတိုက်၊ တောင်ပေါက်ကျောင်းတိုက်၊ အရှေ့ကံ့ကော် ကျောင်းတိုက်၊ ပုဂံတောင်ကျောင်းတိုက်နှင့် မဟာမြိုင်ကျောင်းတိုက်ကြီးတို့ကား ထင်ရှားလှသော ရှေးအဆောက်အဦများဖြင့် တင့်တယ်လှ၏။ ပဋိပတ်ဘက်က အားထုတ်လိုသော ယောဂီများအတွက် တောင်ဝိုင်းကလေး ပဓာနိကာရုံ၊ ဇေတဝန် တိုက်၊ တိုက်ကျောင်း၊ တောင်ဝိုင်းကြီး ရွှေကျင် ကျောင်းတိုက်တို့လည်း တိတ်ဆိတ် ငြိမ်သက်သော တည်နေရာအားဖြင့် ထင်ရှားလျက် ရှိကြပါသည်။

          သို့ရာတွင် ပရိယတ္တိဘက်နှင့် ပဋိပတ္တိဘက်က မြို့နေ ခမ်းနားကျောင်းတိုက် ကြီးတွေ ခန့်ညားသလောက် အထက်တန်း ရောက်လာသည်ဟု မဆိုနိုင်ခဲ့ချေ။ ပထဝီ အနေအထားအရ စာသင်သား သံဃာများ သွားရေး လာရေး ချောင်ကျ နေသောကြောင့် ပေလောဟု တွေးတော မိပါသည်။ ပဋိပတ္တိဘက်က တကိုယ်ရေ တကာယ အားထုတ်တော် မူကြသော မဟာထေရ်ကြီးများလည်း ရှိပါသည်။ ထိုအခါ ပဋိပတ် အတွက် ကျော်စောသတင်း ထွက်နေသည်မှာ မုဒုံမြို့ ဂျုံးဂျုံးကျတောရဆရာတော်နှင့် သထုံခရိုင် ဒုံဝန်းတောရ (ရွှေရောင်ပြတောင်ခြေ) ကျောင်း ဘုန်းတော်ကြီး ဦးအုန်းခိုင်တို့ပင် ဖြစ်ပါသည်။ ဂျုံးဂျုံးကျတောရ ဆရာတော်ကြီး သည် ပဋိပတ်ဘက်က ထက်ထက်မြက်မြက် အားထုတ်တော်မူနေယင်း ပျံလွန်တော် မူသွားရာ အလောင်းတော်ကို ဒုကုဋ်သင်္ကန်းကြီးဖြင့် လွှမ်းခြုံ ထားရာမှ ရုတ်တရက် အလောင်းတော် ပျောက်ကွယ်၍ လွှမ်းခြုံထားသော ဒုကုဋ် သင်္ကန်းသာ ကျန်ရစ်ကြောင်း ပြောစမှတ် ပြုကြပါသည်။ ဤမျှ ပြင်းပြင်း ထန်ထန် အားထုတ်တော်မူသော ဆရာတော်ကြီး ဖြစ်၍ ပြန်လွန်တော် မူပြီး နောက်လည်း ဂျုံးဂျုံးကျတောရသို့ အလောင်းတော် ပြင်ဆင်သော ခုတင်နှင့် သင်္ကန်းတော်ကို ဖူးမြော်ရန် သွားရောက်ကြသော ရှင်လူတို့ကား ပြတ်သည်ဟူ၍ပင် မရှိပေ။

          လူနာမည်ဖြင့် ကျော်စောတော်မူသော ဘုန်းတော်ကြီး ဦးအုန်းခိုင်သည် ကား အသက်လွန်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကာ သဒ္ဓါတရား ကျောင်းသို့ ရောက်ဘူးသူများ၏ ပြောပြချက် အရ သိရသည်မှာ “ဘုန်းတော်ကြီးသည် သပိတ် တလုံး၊ သင်္ကန်း သုံးထည် စသော ရဟန်း ပရိက္ခရာမှ တပါး အခြား အသုံးအဆောင် အပိုမထား တပါးတည်း သီတင်းသုံးတော် မူသည်။ ကျိန်းစက်ရာတွင် ခေါင်းအုံးဟူ၍ မရှိ၊ လူ့ခေါင်းရိုးကို ခေါင်းအုံးအဖြစ် ထားတော်မူသည်။ အနီးပတ်ဝန်းကျင်ရှိ ရွာများ၌ ဆွမ်းခံ၍ ရသမျှဖြင့် ရောင့်ရဲတော်မူသည်။ ဆွမ်းခံရွာဟူ၍ အတည်တကျ အမှတ်မထား၊ ဟိုရွာတလှည့် သည်ရွာတလှည့် ဆွမ်းခံတော်မူသည်”ဟူ၏။

          ဘုန်းတော်ကြီး၏ ပဋိပတ် ဂုဏ်သတင်းကြောင့် မော်လမြိုင်၊ မုတ္တမ၊ သထုံ စသော ပတ်ဝန်းကျင် မြို့ရွာတို့မှာ မကြာမဏ ဘုန်းတော်ကြီး ထံပါးသို့ သွားရောက်ဖူးမြော် ပူဇော်ကန်တော့ကြလေသည်။ ဘုန်းတော်ကြီးထံ ချည်းကပ်၍ တလ ကိုးသီတင်း တရားအားထုတ် နေထိုင်ကြသူကား မရှိချေ။ နေစရာ ထိုင်စရာ ကမ္မဋ္ဌာန်းကျောင်း အဆောက်အဦ ဟူ၍လည်း ဘုန်းတော်ကြီး သီတင်းသုံးသောကျောင်း ကလေးမှတပါး မရှိချေ။ (မဟာစည်တောထွက်ခန်းတွင် ထပ်မံ ဖော်ပြပါဦးမည်။

          မော်လမြိုင်မြို့သည် တနင်္သာရီခရိုင်တွင် တိုင်းမင်းကြီး ရုံးစိုက်ရာ အချက် အချာ မြို့ကြီးဖြစ်သည်နှင့်အညီ လောကီရေးဘက်က သူဌေးကြီး၊ သူကြွယ်ကြီး၊ ဝတ်လုံတော်ရကြီး၊ ကုန်သည်ကြီး၊ မင်းတိုင်ပင်အမတ်ကြီးတို့ ဖြစ်ထွန်းရာပေဟု ဆိုရသကဲ့သို့ လောကုတ္တရာ သာသနာရေးဘက်တွင် တနိုင်ငံလုံးက မျှော်ကြည့် လောက်အောင် ပိဋကတ်ပါရဂူ၊ ပဋိပတ် တံခွန်ထူ ပုဂ္ဂိုလ်များ ထိုအခါက မပေါ် ပေါက်၊ မထင်ရှားခဲ့ချေ။

          ဤသို့ သာသနာရေးဘက်က ရွက်ကြမ်းရေကျို မျှသာ ရှိနေသည်ကို အား မရ မကျေနပ်နိုင်သဖြင့် ဒိုင်းဝန်ကွင်း သစ်ကုန်သည်ကြီး ကျိုက်သံလန်စေတီတော် ဂေါပက ဦးဘချစ်က “ဆရာရေ ကျနော်တို့မြို့ဟာ အစစအရာရာ လိုလေသေး သည် မရှိအောင် ပြည့်စုံတဲ့မြို့ ဖြစ်ပါလျက် သာသနာရေးဘက်က စာသင်သား ၁၀၀-ပြည့်တဲ့ ကျောင်းတိုက် တတိုက်မျှ မရှိဘူး၊ တခြားမြို့က လာပြီး ပညာ သင်ကြား နည်းယူရလောက်အောင် ထင်ရှားတဲ့ ပုဂ္ဂိုလ်မျိုးလဲ မတွေ့ရဘူး၊ အဲဒါ ဘာကြောင့်လဲ ဆရာ”ဟု စာရေးသူကို မေးဘူးရာ “ကျွန်တော့်အထင် ပြောရယင်၊ လူကြီးမင်းတို့ မော်လမြိုင်မြို့က အစားကောင်း အသောက်ကောင်းပေါ်ပြီး နေရေး ထိုင်ရေး အလွန်ချမ်းသာတဲ့မြို့ ဖြစ်ပါတယ်၊ အစားကောင်းစားနေရတဲ့ လူချမ်းသာ သူဌေးများဟာ စည်းစိမ်ယစ်ပြီး ပညာကို သိပ်မသင်ချင်ကြဘူး၊ သူဌေးသား ပညာတတ်ဟာ အင်မတန်ရှားပါသည်”ဟု ဖြေခဲ့ရဘူးပါသည်။ ကျွန်တော့် ချက် မှန် မမှန်ကား မပြောတတ်၊ ဦးဘချစ်မှာမူ ခေါင်းတညိတ်ညိတ် ဖြစ်နေသည်ကို တွေ့ရပါသည်။ (ဦးဘချစ်ကား သာသနာ ကြီးပွားစေလိုသောဆန္ဒ ပြင်းထန်လှသူ ဖြစ်ပါသည်၊ ယခုအခါ ကွယ်လွန်သွားရှာပြီ)။

          ဤသို့ သောအချိန်အခါ သာသနာရေးအတွက် မျှော်လင့်ချက် ဒီဂရီ တက်နေဆဲတွင် အရှင်သောဘနသည် မော်လမြိုင် တောင်ဝိုင်းကလေးတိုက်ကျောင်းသို့ ဆိုက်ရောက်တော်မူလာခဲ့သည်။ ထိုအရှင်သည် ထိုအခါက မဟာစည် ဟူသော အမည်မရသေး၊ ပဋိပတ်ကိုလည်း အားထုတ်တော် မမူရသေး။ သို့ရာတွင် ပဋိပတ်ကို အားထုတ်ရန် ဥပနိဿယ အခြေခံကောင်းသော ဌာနသို့ ကား ဆိုက်ရောက်လာချေပြီ။ မင်းဖြစ်မည့် ပုဂ္ဂိုလ်သည် ဘုန်းကံအလျောက် အောင်မြေ ကို နင်းမိသကဲ့သို့ မော်လမြိုင် အောင်မြေကို နင်းမိလေပြီ။ အောင်မြေနင်းမိပုံကား ထင်းရှားပါလတ္တံ့။ 

          “တောအရပ်များသည် အလွန်ပျော်မွေ့ဖွယ် ကောင်းကုန်၏၊ ဤသို့ သော

           တောအရပ်၌လူသာမန်တို့ မပျော်မွေ့ နိုင်ကြ၊ တရားဓာတ်ခံ ရင့်သန်သော 

          ပုဂ္ဂိုလ်မျိုးတို့ကားနှစ်သက် ဖွယ်အာရုံ ( ကာမဂုဏ် ) တို့ကို ရှာမှီးလေ့မ

          ရှိကြကုန်”

 ဟုကျမ်းဂန်တို့တွင်တောနှင့်တောပျော်ပုဂ္ဂိုလ်အကြောင်းကို ဖော််ပြထားပေသည်။ ဤသို့သော ကြည် နူးဖွယ်ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော တောကို ညွှန်ပြပါ ဆိုလျှင် တောင်ဝိုင်းကလေးဌာနကို ညွှန်ပြရ ပေလိမ့်မည်။

       

   တောင်ဝိုင်းကလေး

           မော်လမြိုင်မြို့သို့ ရောက်လာသူ ရပ်ဝေးဧည့်သည်မှန်သမျှ တောင်ဝိုင်း ကလေးသို့ ရောက်ကြသည်သာများသည်။ တောင်စွယ်များက နောက်ခံကားပြု ထားပုံ၊ သစ်ပင်အမျိုးမျိုးတို့ အစီအရီ ပေါက်ရောက်နေပုံ၊ ရာသီမပြတ် စိမ်းလန်း

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)