Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

လှသမိန် - ဟောနည်းပြောနည်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
အခန်း(၁) 
စကားပြောခြင်း၏တန်ဖိုး

 

           နှုတ်ကောင်းလျှင် ပြည်စိုးသည်

           နှုတ်ချိုလျှင် လျှိုတစ်ပါး၊

           နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ၊ 

          မုန်းစေလိုလည်း ခံတွင်းလက်လေးသစ်၊

          ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်။

          

          ဤစကားပုံများသည် လူတိုင်းလိုပင် ကြားဖူး၊ စဉ်းစားဖူးကြသော စကားပုံအဟောင်းများ ဖြစ်လေသည်။ စင်စစ်သော်ကား စကားသည် လူ့လောကကြီးနှင့် ကမ္ဘာကြီးကို ဖန်တီးခြယ်လှယ်နေသည်ဟုဆိုလျှင် ချဲ့လွန်းကားလွန်းရာ မရောက်နိုင်ပေ။

          အဏုမြူလက်နက် ပိတ်ပင်ရေး ဆွေးနွေးပွဲ၊ လုံခြုံရေး ကောင်စီ ဆွေးနွေးပွဲ၊ ပါတီဗဟိုကော်မတီဆွေးနွေးပွဲ၊ နယ်နိမိတ်ပြဿနာ ဖြေရှင်း ရေးဆွေးနွေးပွဲ၊ ကမ္ဘာ့ပညာရှင်ကြီးများ၏ နှီးနှောဖလှယ်ပွဲ၊ အငြင်းပွားမှု ပြဿနာများ စေ့စပ်ဆွေးနွေးပွဲစသော စသော စကားပြောပွဲကြီးများသည်ကမ္ဘာ့ရပ်တည်နိုင်မှု အသွင်အပြင်ကို စီမံဖန်တီးစိုးပိုင်၊ ကြိုးကိုင်နေသော စကားပြောပွဲကြီးများ ဖြစ်ပေသည်။ နိုင်ငံအတွင်း၌ကြည့်လျှင်ပင် မြို့ရွာ အသီးသီး၌ အကြောင်းအမျိုးမျိုးအားဖြင့် ပြောဆိုနေကြသည့် စကားပြော ပွဲများ၏သတင်းများသည် နေ့ရက်မပြတ်ပါရှိနေပေသည်။ စကားပြော နေကြသူများတွင် တရားသူကြီး၊ ဆရာဝန်၊ ကျောင်းဆရာ၊ ရပ်ရွာ ခေါင်းဆောင်၊ သဘင်သည်၊ ဈေးသည်၊ မျက်လှည့်ဆရာ၊ ဗေဒင်ဆရာ၊ မော်တော်ယာဉ်လက်မှတ်ရောင်းသူမှစ၍ လူအသီးသီးနှင့် ဆက်ဆံနေ ကြရသူများသည် စကားဖြင့်ပင် အလုပ်လုပ်၍ နေကြရလေသည်။ စေ့စေ့ တွေးသော်စိတ်ထဲမှ အတွေးအသိကို နှုတ်မှဖွင့်ပြော၍ လက်မှ အကောင် အထည်ဖော်နေကြသော လူ့လောကတွင် စကားပြောခြင်းကို အလုပ် တစ်ခုအဖြစ် အသိအမှတ်ပြုကြရပေလိမ့်မည်။

          စကားပြောခြင်းသည် လူမှုဆက်ဆံရေးလောက ကျယ်ပြန့်သည် နှင့်အမျှ ပြောဆိုဆက်ဆံခွင့်ကလည်း များပြားလာ၍ ပြောရန် အကြောင်း အရာကလည်း တိုးတက်များပြားလာလေသည်။ သိပ္ပံပညာကလည်း အသံသွင်းစက်၊ အသံဖမ်းစက်၊ အသံလွှင့်စက်၊ အသံချဲ့စက်၊ အဝေးပြော ကြိုးရှိ-ကြိုးမဲ့ကိရိယာများ စသည်တို့ကို တီထွင်ပြုလုပ်ပေးခဲ့ကြပေ သည်။ ထိုအချိန်တွင် စကားပြောသူများသည် မိမိတို့ပြောဆိုချက်များ အောင်မြင်အောင် ကြိုးစားလာကြရလေသည်။ 

          စကားပြောသံကို ချဲ့၍ရသည်။ ကြာရှည်ခံအောင် သိုလှောင်၍ ရသည်။ ထပ်ပြန်နားထောင်၍ရသည်။ အဝေးသို့ပို့၍ရသည်။ ဤ အစွမ်းများကို သိပ္ပံပညာရှင်များ၏စက်ကိရိယာများက ပြုလုပ်ပေးနိုင်ကြ လေသည်။ သို့ရာတွင် စကားပြောဟောချက်တစ်ခုကို ပရိသတ်က စွဲမက် နှစ်သက်အောင် သိပ္ပံပညာရှင်များကသော်လည်းကောင်း၊ အခြားသူ တစ်စုံတစ်ယောက်ကသော်လည်းကောင်း ပြုပြင်ဖန်တီးခြင်း မပြုနိုင်ပေ။စကားပြောသူကသာလျှင် မိမိအစွမ်းဖြင့် ပိုမိုလေ့လာကြိုးစားကာ အောင်မြင်မှုရယူရပေသည်။

          “ပြဒါးသေ၍ တပြေဝ, မဝ မပြောနိုင်သော်လည်း စကားအောင်၍ ဖိနှိပ်ချုပ်ချယ်သော ပြည်ပအန္တရာယ်များကို အသက်နှင့်လဲကာ တော်လှန် တိုက်ခိုက်ခဲ့ကြပေသည်။ ကမ္ဘာ့အရေးတော်ပုံကြီးများကို စကားဖြင့်ပင် လှုံ့ဆော်ခဲ့ကြပေသည်။ ဒေါမာန် တဟုန်းဟုန်းဆူကြွနေသော လူများကို လည်း ရေအိုးထဲသို့နှစ်ချလိုက်သော မီးကျီးခဲအလား၊ ငြိမ်းအေးပိပြား သွားအောင် ကမ္ဘာ့ခေါင်းဆောင်ကြီးများက စကားဖြင့်ပင် ဆောင်ရွက်ခဲ့ ကြပေသည်။ အိန္ဒိယနိုင်ငံ၏ကံကြမ္မာသည် မဟတ္တမဂန္ဒီ၊ ဂျဝါဟလာလ် နေရူးတို့၏ စကားများအောက်တွင် ပုံသွင်းခဲ့ပေသည်။ သန်းပေါင်းများ စွာသော တရုတ်အမျိုးသားတို့အား မော်စီတုံးသည် သဘောတရားရေးကို စကားဖြင့် ဟောပြောသွန်သင်ကာ ရှေ့တန်းသို့ ပို့ဆောင်ပေးခဲ့သည်။

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏စကားများအတိုင်း အဆုံးအမ ခံယူခဲ့ကြပေသည်။ ဤသို့ သောသာဓကများကို ကမ္ဘာ့နိုင်ငံများနှင့်ချီ၍ တင်ပြနိုင်ပေသည်။ 

          စကားသည် အရေးပါသည်မှာ အမှန်ပင် ဖြစ်သည်။ သို့ဖြစ်သော် မည်သည့်အတွက် အရေးပါရသနည်း။

          ကျွန်ုပ်တို့၏ စကားများနှင့်ပတ်သက်၍

          ၁။ အကျိုးကျေးဇူးကို ပေးစွမ်းမည့်အကြောင်းအရာများ ပါရှိရမည်။ 

          ၂။ သဘာဝကျ၊ မှန်ကန်သည့်အချက်ကို အခြေတည်ရမည်။ 

          ၃။ ဆိုလိုရင်းအချက်သည် ပေါ်လွင်၍ နားလည်လွယ်ရမည်။ 

          ၄။ ရည်ညွှန်းသည့် လှုံ့ဆော်မှုကို အပြည့်အဝပေးစွမ်းနိုင်သောအားမာန်ပါရှိရမည်။ဟူသော အခြေခံအချင်းအင်္ဂါတို့နှင့် ပြည့်စုံခြင်းကြောင့် အရေးပါခြင်းပင် ဖြစ်ပေသည်။ ဤအချက် ၄ ချက်ကို စဉ်းစားလျှင် ရှေးဦး ၂ ချက်သည် “အကြောင်းအရာ နှင့်သက်ဆိုင်၍ နောက် ၂ ချက်သည် တင်ပြပုံတင်ပြ နည်း” နှင့် သက်ဆိုင်ပေသည်။ ဤအပိုင်းနှစ်ပိုင်းစလုံးကို ပေါင်းစပ်သည် ရှိသော် စကားပြောအတတ်ပညာအဖြစ် တည်ထွန်းလာရပေသည်။ လူ့လောကကြီးကို ခြယ်လှယ်ဖန်တီးသော စကားများသည် ဤအချင်း အင်္ဂါများနှင့်ပြည့်စုံ၍ ပညာမြောက်သောစကားမျိုးသာလျှင် ဖြစ်ပေသည်။

          ပါးစပ်ရှိသောလူတိုင်း စကားပြောဆိုနေကြပေသည်။ သို့ရာတွင် အချို့စကားများသည် နှစ်ဦးနှစ်ယောက်နှင့်သာ သက်ဆိုင်၍ အချို့စကား များမှာ မိသားစုနှင့်သာ သက်ဆိုင်ပေသည်။ အချို့စကားမှာ မြို့ရွာနှင့် ဆိုင်၍ အချို့စကားမှာ တိုင်းပြည်လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်ပေ သည်။ အချို့စကားမှာ ကမ္ဘာကြီးတစ်ခုလုံးနှင့် သက်ဆိုင်ပေသည်။ ပြောသမျှစကားများသည် သက်ဆိုင်သော အတိုင်းအတာသို့ ပေါက်ရောက် ကြသည်။ သို့ရာတွင် အောင်မြင်သောစကားများက အောင်မြင်၍ လေလှိုင်း ခါရုံဖြင့် ပျောက်ပျက်သောစကားက ပျောက်ပျက်သွားကြလေသည်။ အကျိုးကိုပြုသော စကားကပြု၍ အပြစ်ကို ပြုသောစကားက ပြုကြပေ သည်။ ကမ္ဘာတည်အောင် ကျန်ရစ်မည့်စကားများကလည်း ကျန်ရစ်ပေ မည်။

          စကားပြောသူတိုင်း၌ ရည်ရွယ်ချက် ရှိပေမည်။ ရည်မှန်းသော ပရိသတ်အတိုင်းအတာလည်း ရှိပေမည်။ သို့ရာတွင် စကားပြောတတ်သိ လိမ္မာသူတို့က အကျိုးရရှိ၍ စကားပြောမတတ်ကျွမ်းသူတို့မှာ အရေးနိမ့် ကြရပေသည်။ ကျွန်ုပ်တို့သည် ဓားမှာ ခုတ်ဖြတ်နိုင်သော လက်နက်ဖြစ် ကြောင်း သိကြသည်။ ကျောက်ခဲသည် ပစ်ပေါက်နိုင်သော လက်နက်ဖြစ် ကြောင်း သိကြသည်။ သို့ရာတွင် စကားကြောင့် အဆိပ်သောက်စေသည်။ စကားကြောင့် မေတ္တာပန်းကို ဆွတ်လှမ်းရသည်။ စကားကြောင့် ရန်သူထွက်ပြေးရသည်။ စကားကြောင့် အလုပ်အကိုင် အဆင်ပြေသည်။ စကားကြောင့် ဝတ်ကြောင်မှ လွတ်အောင် ရုန်းသည်။ ဤရွေ့ဤမျှ ထက်မြက်သောစကားကို အကောင်အထည် ဒြပ်မရှိသောကြောင့် လက်နက်ဟူ၍လည်း မထင်ကြချေ။ ကိရိယာ တန်ဆာပလာဟူ၍လည်း အသိအမှတ်မပြုမိပေ။

          စင်စစ်အားဖြင့် ကျွန်ုပ်တို့သည် စကားဖြင့် ခြိမ်းခြောက်၏။ စကား ဖြင့် ဝါကြွား၏။ စကားဖြင့် စည်းရုံး၏။ စကားဖြင့် ခိုင်းစေ၏။ စကား ဖြင့် နှိမ်၏ ။ စကားဖြင့် မြှောက်၏။ စကားဖြင့် ရှုပ်ပွေ၏။ နောက်ဆုံး စကားဖြင့် ကိုင်၍ပေါက်ကြ၏။ စကားဖြင့်ပင် တိုက်ခိုက်ကြ၏။ စကား ဖြင့် လှည့်ဖြားအသည်းခွဲ၏။ စကားဖြင့် လှုံ့ဆော်၏။ စကားဖြင့် ကုန်းချော ၏။ စကားဖြင့် မိတ်ဖွဲ့ ၏။ 

          အသုံးတတ်လျှင် တတ်သလောက် လိုတရသော လက်နက်စကြာ သည် စကားမဟုတ်ပါလော။ သို့ရာတွင် အသုံးတတ်မှ လိုရာကို စေစား ၍ရ၏။ ကြားနာရသူ မခံမရပ်နိုင်အောင် သွေးကြွလာပါမှ လှုံ့ဆော်မှု အောင်ပွဲရ၏။ မေတ္တာသက်ဝင် ချစ်ခင်အောင်ပြောတတ်မှ မိတ်ဖွဲ့မှု အောင်ပွဲရ၏။ သေနတ်ရှိသော်လည်း ကိုင်တွယ်ပစ်ခတ်တတ်ရ၏။ ပစ်ခတ်ရန် ခဲယမ်းအလုံအလောက်လည်း ရှိရ၏။ စကားသာ ပြောတတ် ၍ စကားစွမ်းမဖော်တတ်လျှင် ပါးစပ်ရှိရကျိုးမနပ်ဘဲ အရှုံးသာပေါ်၏။ စကားအရာ အောင်မြင်သူတို့၏ပါးစပ်တွင် စက်ကိရိယာ အပိုတစ်စုံ တစ်ရာပါသည် မဟုတ်ပေ။

          စကားသည် ဈေးအပေါဆုံးလက်နက်လည်း ဖြစ်၏။ လူတိုင်း ပိုင်ဆိုင်သော လက်နက်လည်းဖြစ်၏။ သို့ရာတွင် ဓားချင်းတူစေကာမူ ထက်သောဓားလောက် တုံးသောဓားသည် အသုံးမဝင်ပေ။ ချိန်သားတည့်အောင်ပစ်တတ်သူ၏လက်မှ သေနတ်နှင့်မပစ်တတ်သော သူ၏ လက်မှ သေနတ်တို့သည် တန်ဖိုးချင်းမတူပေ။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး အတူပိုင်ဆိုင်ကြသော စကားလက်နက်သည် တစ်ဦးနှင့်တစ်ဦး အစွမ်းသတ္တိချင်းမတူဘဲ ရှိကြလေသည်။ အစွမ်းထက်အောင်ပြုပြင်၍ အသုံးတတ်အောင်လေ့ကျင့်ကာ နေရာမှန်တွင် သုံးစွဲသူများက အောင်ပွဲရ ကြ၏။ ပစ်စလက်ခတ်ထား၍ ထိုက်ထိုက်တန်တန် မသုံးတတ်သူအဖို့မှာ အရေးမရဖြစ်နေကြရ၏။ အတောင်ရှိသော သတ္တဝါသည် ခြေဖြင့်သွား၍ မတင့်တယ်သကဲ့သို့ စကားပိုင်သောသူသည် စကားဖြင့် စေစားခြင်းမပြုလျှင် အရှုံးပင် ဖြစ်ပေမည်။ ဆန်လက်ဝယ်ရှိသူသည် ထမင်းငတ်ကောင်း ပါသလော။ ယောက်မကို ခါး၌ထိုး၍ လက်နှင့်မွှေလျှင် တင့်တယ်ပါမည်

လော။ မြင်းကိုဆွဲ၍ ခြေကျင်သွားလျှင် ခရီးတွင်ပါမည်လော။ မီးအိမ် ရှိလျက် မှောင်ထဲတွင် ထိုင်၍နေအံ့လော။ ဤအချက်များကို စဉ်းစားလျှင် မိမိ၌ရှိသော မိမိပိုင်သော စကား (ဝါ) စကားပြောခြင်း အတတ်ပညာဖြင့် လူ့လောက၏အကျိုးကျေးဇူးကို အမြတ်ရအောင် သို့မဟုတ် အကျိုးရှိအောင် စေစားကြရလိမ့်မည်သာ ဖြစ်ပေသည်။