Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

လှသမိန် - မြန်မာစကားပုံအဓိပ္ပါယ်နှင့်သုံးနည်း

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

(က)

ကရဏီယနှင့်ဆွမ်းစား အံသွားဗထက်ချိုက်လိုက်ပြီ

          “လက်ရှိအတိုင်းနေလာသည်မှာကြာပြီ၊ အထူးအထွေ အားထုတ်ဖွယ်မရှိ”ဟု ဆိုလို သည်။ “မိမိနည်းနှင့် မိမိအောင်မြင်မှု အတွေ့အကြုံ များလှပြီ။ အခြားနည်းရှာကြံလက်ခံ ဖွယ်မရှိ” ဟူ၍လည်း ဆိုလိုရာရောက်သည်။ ဤစကားမှာ ဆင့်ကဲတိုးတက်မှုကိုမရှာလိုဘဲ လက်ရှိနည်းဟောင်းနှင့် တင်းတိမ်တတ်သူများနှင့် လက်ရှိနည်းမှတစ်ပါး အခြားနည်း ကို မရှာကြံလိုသူများသာသုံးစွဲသော စကားမျိုးဖြစ်သည်။ မိမိလုပ်နည်းလုပ်ဟန်အရ အထိုက်အတန် အောင်မြင်မှုနှင့်ပင် အတွေ့အကြုံ ရှိလှပြီဟု အထင်ရောက်တတ်သူများ သုံးစွဲတတ်ကြသည်။ 

          ဤစကားပုံ ဖြစ်ပေါ်လာပုံမှာ ဤသို့တည်း။

          တစ်ခါသော် ရဟန်းကြီးတစ်ပါးကို ဒါယကာတစ်ဦးက “ဦးပဉ္စင်းကြီး စာပေပိဋကတ် ဆက်လက်သင်ကြားဖို့ ကောင်းတယ်၊ ဒါမှ ကြည်ညို ကိုးကွယ်သူပေါပြီး ဆွမ်းမရှား ကွမ်းမရှားရှိလိမ့်မယ်”ဟု တိုက်တွန်းသောအခါ ရဟန်းကြီးက “ဒကာကြီး၊ ကျုပ်အသက် လည်းကြီးပါပြီ၊ ပိဋကတ်တတ်မှသာ ဆွမ်းကွမ်းပေါတယ်ရယ်လို့တော့ မပြောပါနဲ့၊ ကျုပ်ကရဏီယနဲ့ ဆွမ်းစားလာတာပဲ အံသွားတွေတောင် ဗထက်ချိုက်လိုက်နေပြီ”ဟု ပြန်ပြော လိုက်လေသည်။

          “ကရဏီယ”ဟူသည်မှာ မေတ္တသုတ် ပရိတ် တတိယပိုဒ်၌ “ကရဏီယမတ္ထကုသ လေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ” စသည်ဖြင့် ပါရှိသည်ကိုရည်၍ ဆွမ်းကျွေးပင့်သောအခါ ဆွမ်းလှူအိမ်၌ မေတ္တသုတ် ပရိတ်ရွတ်လေ့ရှိသည်ကို ဖော်ပြလိုရင်းဖြစ်သည်။ အံသွား ဗထက်ချိုက်လိုက်နေပြီ ဆိုသည်မှာ ဆွမ်းစားရပေါင်းများလှသဖြင့် အံသွား မျက်နှာ ပြင်ပင်လျှင် ပွန်းပဲ့တိုက်စားဖန်များသောကြောင့် ဗထက်ချိုက်အက္ခရာကဲ့သို့ ချိုင့်နေပြီဟူ၍ ဆိုလိုရင်းဖြစ်သည်။

 

ကရိုးမကဘဲ ဆန်းက၍ နှပ်ပစ်ခံရသည်။

           ဇာတ်ခုံပေါ်တွင် ကရိုးကစဉ် နေရာအဝန်းအဝိုင်းအတွင်းက,ရမည်ဖြစ်လျက် ဇာတ်ခုံအစွန်းရောက်အောင် ပြေးလွှားခုန်ပျံကသဖြင့် ဇာတ်ခုံအစွန်ဘက်သို့ တစ်စုံတစ် ယောက်က နှပ်ညှစ်၍ ပက်ပစ်သည်နှင့်မလွတ်ဘဲ စွန်းပေခံရသည်ဟုဆိုလိုသည်။

          လုပ်ရိုးလုပ်စဉ်အတိုင်းပြုလုပ်ခြင်းသည် လမ်းရိုးလမ်းဟောင်းဖြစ်၍ အောင်မြင်ပြီး မြောက်မှုအတွက် သေချာပြီး ဖြစ်သည်။ သို့ရာတွင် ကွန့်ဆန်း၍ တစ်မျိုးတစ်ဖုံ အသစ် ထွင် ပြုလုပ်သောအခါ အတွေ့အကြုံမရှိသေးဘဲ စမ်းသပ်ရသည်ဖြစ်၍ အောင်မြင်မှု အတွက် မသေမချာဘဲ ဆုံးရှုံးနစ်နာမှုလည်း ရှိတတ်သည်။ အသစ်တီထွင်မှုတွင် စွန့် စားမှုရှိမြဲဖြစ်သည်။ ထိုသို့ရှိရာတွင် အဆန်းတီထွင်ကွန့်ထွက်မိ၍ ထိခိုက်နစ်နာမှုရှိသော အခါ လုပ်ရိုးလုပ်စဉ်မှ ကွန့်ထွက်၍သာထိခိုက်နစ်နာရသည်ဟု ယူဆလျက် ကရိုးကစဉ် နေရာက လွတ်အောင်ဆန်း၍က,သဖြင့် နှပ်အပစ်ခံရသည်နှင့် ခိုင်းနှိုင်းဆိုသည်။

          စကားပုံများသည် အယူအဆနှစ်ဖက်လုံးအတွက် ရှိမြဲဖြစ်၍ လိုရာဘက်၌ ဆွဲ၍ သုံးစွဲကြသည်။ စကားပုံရှိတိုင်း သဘောသဘာဝတ္ထသည် တထစ်ချအမှန်ဧကန်ဟူ၍ မယူဆသာပေ။ နှစ်ဖက်အစွန်းအားဖြင့် အလျဉ်းသင့်ရာ ပုံပမာ နှိုင်းကြသည်ဟုသာ မှတ်ယူရန်ရှိသည်။ ပျက်အစဉ်ပြင်ခဏဟူသော စကားပုံ၊ ဒီလိုနေဒီလိုသေရမည် ဟူသော စကားပုံမျိုးလည်းရှိသည်။

           (နီးစပ်သောစကားပုံများ)

           သေချင်တဲ့ကျား၊ တောပြောင်း၊ 

           ပြင်လွန်းတော့ဖင်ချွန်း။

          

ကုလားသိုက် ကျားဝင်ကိုက်သလို 

          ကုလားလူမျိုးအစုအဝေးတွင် ကျားဝင်၍ ဆူညံစွာအော်ဟစ်ကြသည်ကိုဆိုသည်။ ကုလားလူမျိုးများ စကားပြောသံသည် ဆူညံသည်ဟု မြန်မာများ၏ နားတွင်မှတ်ထင်သည်။ နှုတ်အာသွက်လက်ပေါ့ပါးသောလူမျိုးများဖြစ်၍ အာသံ လျှာလိပ်သံ များသော

ကြောင့် အစုအဝေးလိုက် တစ်ယောက်တစ်ခွန်း ပြောဆိုကြသောအခါ နားမလည်ကြသူ များအဖို့ နားငြီးဖွယ်ဖြစ်တတ်သည်။ ထိုကြောင့် သဘာဝအားဖြင့် သာမန်အခါ၌ပင် ဆူညံသည်ဟု မှတ်ယူလျှင် ကျားဝင်ရောက်ကိုက်ခဲသဖြင့် ကြောက်လန့်တကြားနှင့် အော်ဟစ်ပြောဆိုကြသည့်အခါ ပို၍ ဆူညံမည်ဟု တင်စားခိုင်းနှိုင်းဆိုခြင်းဖြစ်သည်။

         နားမခံသာဖွယ်ဆူညံခြင်းကို ပုံခိုင်းသည်။ 

        (နီးစပ်သောစကားပုံများ)

         လက်ပံပင် ဆက်ရက်ကျသည့်နှယ်။ 

         ဝါးတောဆင်နင်းသည့်နှယ်၊

         ဝါစေ့ဆိတ်ဝါးသည့်နှယ်။

 

ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာ

          ကုသိုလ်လို၍ပြုလုပ်သော်လည်း အကုသိုလ်က အဆပေါင်းများစွာ ပို၍ ရရှိနိုင်သည် ဟု ဆိုလိုသည်။ ကုသိုလ်လို၍ ဆွမ်းကျွေးရာ၌ ကြက်ဝက်တို့ကို သတ်ဖြတ်ပေးရန် ကြိုတင် မှာကြားခြင်း၊ မလောက်ငမည်ကို စိုး၍ပိတ်ပင် ဝန်တိုခြင်း၊ ကုန်ကျစရိတ်အတွက် သမ္မာ အာဇီဝ မဖြစ်သောနည်းဖြင့် စီးပွားရှာရခြင်း စသည်အားဖြင့် မကောင်းမှုများကို အဆများစွာ ပိုမိုကျူးလွန်မိတတ်သဖြင့် ကုသိုလ်နည်း၍ ငရဲက အဆများသည်ကို ပုံခိုင်း၍ ဆိုသည်။

          တစ်ပိဿာလျှင် ကျပ်တစ်ရာရှိသဖြင့် ဆယ်လီမူးနှင့် ပဲနှစ်ထောင်၊ ကျပ်သုံးပဲနှင့် တစ်ထောင့်ခြောက်ရာ၊ တစ်ဆနှင့် တစ်ထောင့်ခြောက်ရာမှနှစ်ထောင်အထိ အချိုးအဆ ကွာခြားပုံကိုတင်စား၍ ဆိုသည်။

          အကျိုးနည်း၍ အပြစ်များခြင်း၊ အမြတ်နည်း၍ အရှုံးများခြင်းစသည်တို့၌လည်း တင်စား၍သုံးနိုင်သည်။          

 

        (နီးစပ်သောစကားပုံများ) 

         ဖွတ်မရ ဓားမဆုံးသည်။

         အသားကတစ်ချိုး၊ အရိုးကခွက်တစ်ဆယ်။

 

 

 

ကံယုံ၍ ဆူးပုံမနင်းနှင့်။

           ဖြစ်လာမည့်အကျိုးအပြစ်ကို ရှောင်လွှဲ၍မရ၊ အကြောင်းပြုသလို အကျိုးဖြစ်ပေါ် ရမည်။ အကြောင်းကြောင့် ဖြစ်သော အပြစ်ကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍မရဟူ၍ ဆိုလိုသည်။

          မိမိကိုယ်အား ကံအလွန်ကောင်းလှသည်ဟု ယုံကြည်ရင်းရှိစေကာမူ ဆူးပုံကိုနင်း လျှင် စူးမည်သာ ဖြစ်သည်။ ကံကောင်း၍ ဆူးကိုနင်းသော်လည်း များဟူ၍မရှိ၊ ဆူးမည် သည်မှာ မိမိလောက် မာကျောသိပ်သည်းမှုမရှိသောအရာကို ဖိနှိပ်သောအားဖြင့် အချိုး အစားညီမျှစွာ စူးဝင်ထိုးဖောက်မည်မှာ နိယာမ တရားသာလျှင် ဖြစ်သည်။ ထိုကြောင့် အကြောင်းနှင့်အကျိုး၊ အပြုနှင့်အဖြစ် ဆက်သွယ်သောဟေတုပစ္စည်း၊ ကြောင်းကျိုးဆက် စပ်မှု နိယာမတရားကို မည်သည့်နည်းနှင့်မျှရှောင်လွှဲ၍မရ။ ကံကိုယုံကိုးနေ၍ နိယာမ သဘောမှ လွတ်ကင်းနိုင်ခြင်းမရှိ၊ ဝီရိယအစွမ်းဖြင့်၊ ဉာဏ်အစွမ်းဖြင့် ဆူးကိုရှောင်၍ နှင်းလျှင်သော်လည်းကောင်း၊ မစူးမဖောက်နိုင်သော အကာအကွယ် ပစ္စည်းဝတ်ဆင်၍ နင်းလျှင်သော်လည်းကောင်း စူးခြင်းမှ ကင်းလွတ်ပေလိမ့်မည်။

          ကံကိုချည်းယိုးမယ်ဖွဲ့ ယုံကြည်စွဲလမ်းလွန်းကာ ဖြစ်လာမည့်ကိစ္စကို မဖြစ်တန်ရာ ဟူ၍ အထင်သေး ပေါ့ဆစွာ သဘောမထားရာ။ အကျိုးအပြစ်သည် ပြုလုပ်သော အကြောင်းအားလျော်စွာ ဖြစ်ပျက်မည်ဟူ၍ ကံယုံတတ်သူများအား သတိပေး ပုံခိုင်းသော စကားဖြစ်သည်။ 

         (နီးစပ်သောစကားပုံများ) 

          ကံမရှိ ဉာဏ်ရှိတိုင်းမွဲ။

         

 ကိုယ်ကကျူး၊ ကိုယ့်ဒူးမှမယုံရ။

           မိမိကိုယ်တိုင်ကလွဲလျှင် အခြားသူကိုမပြောထားဘိ။ မိမိ၏ဒူးကိုသော်မျှပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ဟုဆိုသည်။

          သူတစ်ပါးကို ယုံကြည်စိတ်ချမိမှား၍ နစ်နာဆုံးရှုံးမှုများဖြစ်လေ့ဖြစ်ထရှိပေသည်။ ထို့ကြောင့် လောက၌ စိတ်သီးခြား၊ ကိုယ်သီးခြားရှိနေသော အခြားသူများကို ယုံကြည် စိတ်ချဖို့ရန်မှာ များစွာခဲယဉ်းလှသည်ဟု ပညာရှိတို့က သတိပေးလေသည်။ လောက ၌ ယုံကြည်စိတ်ချရမည့်တစ်ပါးသူမရှိကြောင်းကို မဟောသဓာဇာတ်တော်၌လည်း လျှို့ဝှက်ချက်ကို မည်သူ့အားမျှမပြောကြားသင့်ကြောင်းအဆို အရေးသာပုံကို ဝတ္ထုသက်သေဖြင့်တင်ပြထားသည်။ ထို့ကြောင့် တခြားသူတစ်ပါးကို မဆိုထားနှင့်။ မိမိ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သော ဒူးကိုမျှပင် စိတ်ချယုံကြည်နိုင်ဖွယ်မရှိဟုဆိုသည်။

          လူသည် မသွားတော့ဟု ဆုံးဖြတ်ထားသည့်နေရာသို့ အမှတ်မထင် သွားမိတတ် သည်။ ထိုသို့ဖြစ်ခြင်းမှာ ဒူးကိုစိတ်မချရခြင်းပင်ဖြစ်သည်။ ဒူးမနာနိုင်ဟုမှတ်ယူနေသော် လည်း ဒူလာရောဂါကြောင့် အမှတ်မထင်သောအခါ၌ နာကျင်ကိုက်ခဲ၍ လာတတ်၏။ သွေးသား ၃၂ ကောဋ္ဌာသနှင့် ဓာတ်လေးပါး၏ ဖောက်ပြန်ပြောင်းလဲမှုကို လူသည်ပြုပြင် ဖန်တီး၍ အလုံးစုံရမြဲ မဟုတ်ပေရာ ဒူးသည် အကြောင်းအဘက်ဘက်၌ စိတ်မချရသော မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် မိမိဒူးကိုမျှ မိမိမပိုင်နိုင် အစိုး သွမရလျှင် သူတစ်ပါးကို မိမိဆန္ဒအတိုင်း ဖြစ်မည် ဟုယုံကြည်စိတ်ချဖို့ရန် 

မဖြစ်နိုင်ကြောင်း ထင်ရှားစေသည်။   

          (နီးစပ်သောစကားပုံများ)

           လူရိုး သင်္ချိုင်းမှာသာရှိသည်။ 

           ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံစုံလုံးကန်း။

 

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ခုနစ်ပါး 

           မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာဖြစ်သည်ဟုဆိုလို သည်။

          ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန်သတ္တဝါများကား ခုနှစ်ပါးရှိသည်။ ထိုခုနစ်ပါးမှာ ...

          ၁။ တောက်တဲ့ 

          ၂။ ဇီးကွက်

          ၃။ ရွှေပြည်စိုး 

          ၄။ ယောက်ဖခွေးခေါ်ငှက် 

          ၅။ တစ်တီတူး(တီတီတွတ်)

          ၆။ ဥသြငှက်

          ၇။ ဘုတ်ငှက်

စသည်တို့ဖြစ်သည်။ တိရစ္ဆာန်သတ္တဝါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည် ဂုဏ်ပုဒ်ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝါဝင့်ရိုးမရှိ ဟူ၍ဆိုသည်။ ထိုစကားဖြင့် ကြား ဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ်တွင် အကျုံးမဝင်၊