Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

လှသမိန် - ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

လူအသိတရား

          

          သတ္တလောကတွင် သတ္တဝါအမျိုးအမည်ပေါင်း ကုဋေကုဋာ မရေတွက် နိုင်အောင် ရှိသည်။ ကုန်းနေကိုးကုဋေ၊ ရေနေ ဆယ်ကုဋေဟု အဆိုရှိ သည်။ အကောင်အရေအတွက်သည်လည်း တိုးပွားလျက် ရှိသည်။ ထိုသတ္တလောကတွင် လူဖြစ်လာရသည်မှာ အလွန်ကံကောင်းပေသည်။ လူသည် အသိဉာဏ်အရှိဆုံးသော၊ အတိုးတက်ဆုံးသော သတ္တဝါဖြစ်၍ ကျန်းဂန်အရ လူ့ဘဝကိုရဖို့ရန်မှာ လူ့ပြည်က အပ်တစ်ချောင်းနှင့် ဗြဟ္မာ ပြည်ကချလိုက်သော အပ်တစ်ချောင်းတို့ ထိပ်ဖျားချင်းထိမိရန်ထက် ပို၍ခဲယဉ်းကြောင်း၊ မဟာသမုဒ္ဒရာတွင် မျောပါနေသော နဖားရှိသစ်လုံး ၏ နဖားပေါက်ထဲသို့ လိပ်ကန်းတစ်ကောင်၏ ဦးခေါင်းဝင်ရန်သာ လျှင် ဖြစ်နိုင်ဖို့ လွယ်သည်။ လူ့ဘဝကိုရဖို့ရန် အလွန်မလွယ်ကူကြောင်း ဆိုသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘောဟူ၍ ဖြစ်နိုင်ရနိုင်ခဲသော အကြောင်းကို ညွှန်ပြထားပေသည်။ ထိုမျှ ခဲယဉ်းသောဘဝကို ရရှိထားသောလူသည် မိမိဘဝကို ထိုက်ထိုက်တန်တန် အသုံးမချ၊ မကြိုးစားဘဲ သမုဒ္ဒရာမှ ရေပွက်ကဲ့သို့ လွယ်လွယ်နှင့် ပျက်သုဉ်းဆုံးပါးသွားရမည် ဆိုလျှင် အလွန်ပင် ရင်နာစရာ နှမြောတသစရာ ဆုံးရှုံးခြင်းပင် ဖြစ်ပေ လိမ့်မည်။

          လူ့ဘဝကို ရလာသည်ဆိုလျှင် တာဝန်နှင့် ရပိုင်ခွင့်သည် ရှိလာပေ သည်။ လူသားအနေဖြင့် ဘဝ၏ သာယာခံစားမှုများကို ရယူခံစားနိုင်ပေ သည်။ သို့ရာတွင် သာယာခံစားစရာများက အလွယ်အသင့်ရောက်လာ သည်မဟုတ်ပေ။ မိမိကရရှိခံစားရအောင် ကြိုးစားအားထုတ်ရပေသည်။ လူတစ်ယောက်ဖြစ်လာလျှင် လူ့တာဝန်ကို ထမ်းဆောင်ရပေသည်။ (ဝါ) အလုပ်လုပ်ရပေသည်။ အလုပ်မလုပ်ဘဲ ဘဝမတည်တံ့၊ မတိုးတက် နိုင်ပေ။

          မွေးလာကတည်းက ဝမ်းခေါင်းချဲ့ဖို့၊ အဆုတ်ပြန့်ကားလာဖို့ ငိုယို ရသည်။ လေကို ရှူရှိုက်ရသည်။ ကိုယ်ခန္ဓာ ပွားစည်းဖို့အတွက် နို့ချိုကို အငမ်းမရ စို့လာရသည်။ ဤသည်တို့မှာလည်း တာဝန်နှင့် အလုပ်ပင် ဖြစ်ပေသည်။ လုပ်စရာလုပ်သင့်သည်ကို မလုပ်လျှင် အသက်ရှင်နေလိမ့် မည်မဟုတ်၊ ဘဝဆုံးပါးသွားပေလိမ့်မည်။

           လူ့ဘဝသို့ရောက်လာ၍ ကြီးပြင်းလာသည်နှင့်အမျှ အစာ စားရ သည်။ သဘာဝ အပူအအေးဘေးရန်တို့ကို ကာကွယ်ရသည်။ မိဘက တာဝန်ယူ ပြုစုကျွေးမွေးသည်လည်းရှိ၍ မိမိ၏နောင်ရေးတွင် မိမိဘာသာ ရပ်တည်ရမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ရသည်လည်း ရှိသည်။ ငှက် ပေါက်စကလေးများကို မိခင်ငှက်မကြီးက အစာရှာဖွေယူလာ၍ ခွံ့ကျွေး ရသည်။ ပျံချိန်တန်လျှင် အပျံသင်၍ မိမိအစာကို မိမိရှာဖွေစားသောက် ကာ ဘဝကို ရပ်တည်ရသည်။ လူများသည်လည်း ထိုအတိုင်းပင် ဖြစ် သည်။ ငယ်ရွယ်စဉ်ကစ၍အတတ်ပညာသင်ကြရသည်မှာ ဘဝအတွက် အရင်းအနှီး ရှာဖွေစုဆောင်းရခြင်း ဖြစ်သည်။ နှုတ်မှုပညာ၊ လက်မှုပညာ၊ အသိပညာ၊ အတတ်ပညာ အရင်းအနှီးကောင်းရရှိအောင် နှစ်ကာလ ကြာရှည်ခက်ခဲပင်ပန်းစွာ သင်ကြားဆည်းပူးရသည်။ ပညာတတ်လာပြီး အရွယ်ရောက်လျှင် အလုပ်ရှာရသည်။ အလုပ်လုပ်ရသည်။ သက်သာလှ သည်ကား မဟုတ်။ အိမ်ရာထောင်ဖို့အတွက် အိမ်ထောင်ဖက်ရှာရသည် မှာလည်း လွယ်ကူသည်မဟုတ်။ မိမိ၏ ပြည့်စုံမှု၊ ကြိုးစားမှုတို့အပေါ် တွင် ရလဒ်တည်နေပေသည်။   အိုးနှင့်အိမ်နှင့်ဖြစ်လာသောအခါတွင် လည်း ဘဝရပ်တည်ရေး၊ တာဝန်ရှိသူများကို ပြုစုကျွေးမွေးရေး၊ တိုးတက် ကြီးပွားရေး၊ ဘဝသာယာရေးတို့အတွက် အသက်မသေဆုံးမချင်း အားထုတ်ကြိုးစား၍ အပင်ပန်းခံရပြန်ပေသည်။

          သူတော်စင်တို့၏ အမြင်အရ ဘဝဇာတိ ဖြစ်ရခြင်းသည် ဇရာ၊ ဗျာဓိ၊ မရဏမှအစ ဒုက္ခအမျိုးမျိုး ခံစားရန် ဒုက္ခတွင်းထဲသို့ ခြေချခဲ့ခြင်း ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ လူ့ဘဝကိုရသည်မှာ အရတော်သော်လည်း ဒုက္ခများ၊ တာဝန်များနှင့် မကင်းပေ။ ဒုက္ခများ၊ တာဝန်များကို ထမ်းဆောင်ရန် သဘောတူ အာမခံချက်ဖြင့် ဝင်လာခဲ့ခြင်းဖြစ်၍ ဘဝ အတွက် အလုပ်လုပ်ရ၊ ဒုက္ခနှင့် ရင်းနှီးရသည်မှာ မထူးဆန်းပေ။

          လူဖြစ်လာလျှင် လူ့တာဝန်များကို ပိုင်းခြားသိရမည်။ လိုလိုချင်ချင် တာဝန်ခံယူရပေမည်။ လူတစ်ယောက်အနေဖြင့် ဖြည့်တင်းစရာ၊ ကျင့်ဆောင် စရာများ ရှိပေသည်။ မြတ်စွာဘုရားသည်ပင် ဘုရားအဖြစ်ကို ရရှိရန် ကြိုးစားအားထုတ်တော်မူရာတွင် ဘုရားအဖြစ် ရောက်ရန်အတွက်လည်း ကောင်း၊ အဆွေအမျိုးတို့ကို ကယ်တင်ချေချွတ်ရန်အတွက်လည်းကောင်း၊ လောကသူ လောကသားသတ္တဝါအများကို ကယ်တင်ဆောင်ပို့ရန် အတွက်လည်းကောင်း ဦးတည်ရည်ရွယ်၍ ဖြည့်ကျင့်အားထုတ်တော်မူရ ပေသည်။

          ဘဝ၏လုပ်ရပ်ဟူသမျှတွင် ဦးတည်ချက်ရှိရပေသည်။ ထိုဦးတည် ချက်ကို ရှေးရှု၍ ဖြည့်တင်းအားထုတ်ရပေသည်။ လူတစ်ယောက်ဖြစ် လာလျှင် ဘာလုပ်ဖို့လိုသနည်း။ ဘာဦးတည်ချက် ရှိရမည်နည်း။ လူတိုင်း က ကြိုတင်သိရှိထားရန် လိုပေသည်။ ထိုအသိ၏လမ်းညွှန်မှုဖြင့် ဘဝ ခရီးကို လှမ်းလျှောက်ရပေမည်။ 

          လူတစ်ယောက်တွင် မိမိ၏ဘဝအတွက်လည်း ဖြည့်ဆည်းအား ထုတ်ရသည်။ မိမိဆွေမျိုး အသိုက်အဝန်းအတွက်လည်း ကူညီပံ့ပိုးရပေ မည်။ မိမိနှင့် အကျိုးကျေးဇူးဆက်စပ်နေသော လူသားများ၊ နိုင်ငံသား များအတွက်လည်း အားထုတ်ဆောင်ရွက်ရပေမည်။ တတ်နိုင်လျှင် လူသားအားလုံးအတွက် အကျိုးပြုနိုင်သောလုပ်ရပ်များ၊ တီထွင်မှုများကို ပေးချန်ခဲ့ရန် အားထုတ်ရပေမည်။ မိမိဘဝအတွက် အောင်မြင်အောင် လုပ်နိုင်သူသည် လူတော်ပင် ဖြစ်သည်။ လူသတ္တဝါများအတွက် အကျိုး ပြုနိုင်သူဖြစ်ပါမူကား ထိုသူသည် လူစွမ်းကောင်းပင် ဖြစ်ပေသည်။ လူသားများအတွက် ကာကွယ်ရင်း အသက်စွန့်သွားသော အာဇာနည် များ၊ လူသားအတွက် တီထွင်ကြံဆလုပ်ကိုင်ရင်း အသက်စွန့်သွားရသော အာဇာနည်များလည်း ရှိပေသည်။ ထိုသို့သော လူစွမ်းကောင်း၊ အာဇာနည် တို့ကြောင့် လူအများပင် အကျိုးခံစားရသည်များလည်း ရှိပေသည်။ သူတို့တီထွင်ကြံဆအားထုတ်စွန့်စားမှုအကျိုးကို မိမိက ခံစားနေရုံသာမက မိမိသည်လည်း ထိုသူတို့ကဲ့သို့ လူသားတို့၏အကျိုးကို တစ်နည်းနည်း ထမ်းဆောင်နိုင်သူမျိုးဖြစ်အောင်လည်း ကြိုးစားရပေလိမ့်မည်။

          ဤသို့ဆိုလျှင် လူတစ်ယောက်၏တာဝန်သည် မသေးလှကြောင်း၊ သူနိုင်စွမ်းသလောက် အသိတရားရှိသလောက် လူ့တာဝန်များ များပြား နိုင်သည်ကို သိနားလည်နိုင်ပေသည်။ လူသည် မိမိဘဝရပ်တည်မှု၊ တိုးတက်အောင်မြင်မှုအတွက်ပင် မည်မျှလောက် ကြိုးစားအားထုတ်ရ သည်၊ မည်မျှပင်ပန်းသည်ကို သိရှိနိုင်ပေသည်။

          လူ့ဘဝတွင် ဘဝရပ်တည်ရေး တစ်ခုတည်းအတွက်ပင်လျှင် အပြင်းအထန် ရုန်းကန်ကြိုးစားကြရပေသည်။ လူတစ်ယောက်နှင့်တစ်ယောက် ဉာဏ်ရည် လုံ့လဝီရိယ၊ ဘဝပတ်ဝန်းကျင်၊ အခါအခွင့်၊ ကံအကျိုးပေး စသည် မတူညီနိုင်ပေ။ ကြီးပွားတိုးတက်နေသူလည်း ရှိသည်။ အခြေ မလှဘဲ ဘဝနုံချာနေသူလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း တိုးတက်ကြီးပွားလိုသော ဆန္ဒရှိကြသည်ဖြစ်ရာ ကြိုးစားမှုနည်းလမ်း မှန်ကန်လျှင် ထိုက်သင့်သော တိုးတက်မှုကို ရရှိမည်သာ ဖြစ်ပေသည်။

          လူတိုင်းတွင် သဘာဝဖြစ်တည်ဖွဲ့စည်းမှုအရ ဦးခေါင်းတစ်လုံး၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက် အကူအညီရှိကြသည်။ ဦးခေါင်းနှစ်လုံး၊ လက်ခြေသုံးဖက်ရှိသူများ တစ်ခါတစ်ရံ ထွန်း၍ဖြစ်ပေါ်တတ်သော်လည်း ထိုသို့ သဘာဝလွန်ကဲသူသည် အသက်ဆိုးပင် မရှည်တတ်ပေ။ အသက် ရှင်လျက်လည်း သာမန်လူထက် ပို၍ ထူးခြားသော စွမ်းရည် မရှိနိုင်ပေ။ အများနည်းတူ လူများတွင် ဦးခေါင်းတစ်လုံးချင်းတူသော်လည်း ဦးနှောက် အစွမ်းချင်း၊ အလုပ်လုပ်ပုံချင်း မတူညီပေ။ ဉာဏ်အရာ၌ ထိုးထွင်းစဉ်းစား ဉာဏ်၊ မှတ်ဉာဏ် အင်အားကောင်းသူ မကောင်းသူအနေဖြင့် ကွာခြား တတ်ပေသည်။ သို့ရာတွင် ထိုဉာဏ်ရည်ကို တိုးတက်အောင် လေ့ကျင့် ရယူနိုင်ပြီး ဉာဏ်နည်းသူက လုံ့လဝီရိယဖြင့် ပံ့ပိုး၍ ဖြည့်တင်းနိုင်ပေ သည်။           

          လူ့ဘဝတွင် ချောင်ချောင်နေ၍ မရသည်ကို သိနားလည်ထားရန် လိုပေသည်။ ကလေးဘဝတွင် မသိနားမလည်သည်ကို သိနားလည် အောင် သွန်သင်၍ အသိဉာဏ်ပေးထားရပေမည်။ လောကတွင် သစ်ပင် ရော သတ္တဝါများပါ မသေမသေဘဲ ရှင်ကျန်နေရန်အတွက် အားသွန် ကြိုးပမ်းကြရပေသည်။ အန္တရာယ်ကို ရှောင်ရှားပြီး အာဟာရကို ရှာဖွေ စားသုံးကြရပေသည်။ ပေါ့ပေါ့တန်တန် ရပ်တည်သောအပင်နှင့် သတ္တဝါ တို့ သက်ဆိုးမရှည်နိုင်ဘဲ စောစောသေပျက်ကြရပေသည်။ ကြံ ကြံခံနိုင်ပြီး လုပ်သင့်ရာအလုပ်ကို လုပ်ကိုင်နေမှ အသက်ရှင်နေနိုင်ပေသည်။

          အသက်မဲ့ဟု ထင်ရသောသစ်ပင်သည် ရေကို စုပ်ယူရသည်။ လေထဲမှ ဓာတ်ငွေ့ ကို စုပ်ယူရသည်။ မလိုသောဓာတ်ငွေ့ကို ထုတ်ပစ်ရ သည်။ အလင်းရောင်ဖြင့် အစာချက်လုပ်ရသည်။ မျိုးမတုံးအောင် မျိုးစေ့ ဗီဇပေါက်ပွားရသည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ပြန်လည်ထုတ် လုပ်ရသည်။ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ ရပ်ခံရသည်။ လေနှင့်အလိုက် သင့် ယိမ်း၍ အမြစ်များက ခိုင်ခိုင်တွယ်ကုပ်ထားရသည်။ လုပ်သင့်သော အလုပ်ကို မလုပ်လျှင် ထိုသစ်ပင်သည် အသက်မရှင်နိုင်ပေ။ ထို့ပြင် သစ်ပင်အလိုက် အသီးအပွင့်များ သီးပွင့်ပေးရသည်။ အမြစ်၊ အခေါက်၊ အရွက် စသည်တို့က တစ်နည်းနည်း အသုံးဝင်ပေးရသည်။ အာဟာရ အဖြစ်၊ ဆေးဝါးအဖြစ်၊ လေကာအဖြစ်၊ အရိပ်ကာအဖြစ်၊ မြေဆီထိန်း အဖြစ်၊ အလှတန်ဆာအဖြစ် အကျိုးပြုပေးရသည်။ အကျိုးလုံးဝမပြုသော အပင်ကို လူတို့က ခုတ်ထွင်ပစ်သည်။ ထင်းဆိုက်ပစ်မည်။ ကျွဲ၊ နွား ကျွေးပစ် မည်မှာ သေချာပေသည်။ 

          သစ်ပင်တို့သည်ပင်လျှင် ထိုသို့ အလုပ်လုပ်ရပြီး လောကအကျိုး ဆောင်ရသေးလျှင် သက်ရှိတို့ဘဝ အမြင့်ဆုံး လူသားအဖို့ ဆိုဖွယ်ရာ မရှိတော့ပေ။ လှုပ်ရှားရမည်၊ အားထုတ်ရမည်၊ ရုန်းကန်ရမည်၊ကြံစည် ကြိုးစားရမည်သာ ဖြစ်ပေသည်။

          ချမ်းသာသော လူမျိုးခြား ကုန်သည်တစ်ဦးက ရှစ်နှစ်သား သားငယ် ကျောင်းသားကလေးကို အားလပ်သည့်အခါ မြေပဲလှော်ထုပ် ပေးပြီး ရောင်းခိုင်းသည်ကို တွေ့ရပေသည်။ မြင်ရသူများက ထိုဖခင်အား “ခင်ဗျား သည်လောက်ဆင်းရဲနေသလား၊ ကလေးကို ဘာဖြစ်လို့ ဈေးရောင်းခိုင်းရသလဲ”ဟု အပြစ်တင်ပေသည်။ ထိုအခါ ထိုသူဌေးက ရှင်းပြ သည်။ သူတို့ပိုက်ဆံကို ဘယ်လိုရှာရတယ်ဆိုတာ၊ ပိုက်ဆံရှာဖို့ ဘယ်လို