လူထုစိန်ဝင်း - အရှက်နှင့်တန်ဖိုး
နှုတ်ဆက်လိုက်ပါတယ် အင်္ဂလန်ရဲ့ နှင်းဆီပန်းလေးရေ... တို့များရဲ့ နှလုံးသားမှာ အမြဲထာဝရ ရှင်သန်နေပါစေ။ အခုတော့ မင်းကို ကောင်းကင်ဘုံက ပိုင်ဆိုင်သွားပြီ။ ကြယ်ကလေးတွေက မင်းနာမည်ကို ဟစ်ကြွေးနေကြတယ်။ မင်းဟာ လေပြင်းထဲက ဖယောင်းတိုင်ကလေးလို နေခဲ့တယ် လို့ ငါက ထင်မြင်နေမိတယ်။
မိုးကျလာတဲ့အခါမှာ
နေဝင်ချိန်နဲ့အတူ မင်းမှေးမှိန်ကွယ်ပျောက်မသွားခဲ့ဘူး။ မင်းရဲ့ ခြေရာလေးတွေ ဟောဒီနေရာမှာ အမြဲကျန်နေလိမ့် မယ်။
အင်္ဂလန်ရဲ့ အစိမ်းလန်းဆုံး တောင်တန်းကြီးတွေ တစ်လျှောက်မှာပေါ့။
မင်းရဲ့ သမိုင်းက ဆိတ်သုဉ်းမသွားခင်မှာ
မင်းရဲ့ ဖယောင်းတိုင်လေးက လောင်ကျွမ်း ချုပ်ငြိမ်းသွား မှာပါ။
မင်းရဲ့ အပြုံးတွေ မရှိတော့တဲ့ အချည်းနှီး နေ့ရက်တွေမှာ ချစ်ခင်နှစ်သက်ခြင်းကို တို့များ ဆုံးရှုံးခဲ့ရပေါ့။ တို့အမျိုးသားရဲ့ ရွှေရောင်ရင်သွေးငယ်အတွက်
ဟောဒီ မီးရှူးတိုင်ကို တို့အမြဲသယ်ဆောင်သွားကြမယ်။ ဘယ်လိုပင် ကြိုးစားပေမဲ့
အဖြစ်မှန်တွေက တို့ကို မျက်ရည်တွေ ဝေနေစေခဲ့တယ်။
နှစ်ပရိစ္ဆေဒပေါင်းများစွာ တို့ကို မြူးထူးရွှင်လန်းစေခဲ့တာ တွေကို စကားလုံးတွေနဲ့ ဖော်ထုတ်ဖို့ မတတ်နိုင်ခဲ့ဘူး။ မင်းသိတာထက်တောင် အများကြီးပိုပြီး မင်းရဲ့ ကရုဏာတောင်ပံတွေကို တသသ ဖြစ်နေကြမယ်။
မင်းရဲ့ ဝိညာဉ်ကို ဆုံးရှုံးခဲ့ရတဲ့ တိုင်းပြည်က နှုတ်ဆက်လိုက်ပါတယ် အင်္ဂလန်ရဲ့ နှင်းဆီပန်းလေးရေ...။
တစ်လုံးစီထွက်လိုက်၊ အတွဲလိုက် လှိမ့်လိုက်နဲ့ လှိုင်း တစ်ခုလို ငြိမ်ခုန်နေတဲ့ စန္ဒရားသံနဲ့ အတူ လှိုက်မောဖွယ် သီချင်းသံက ဝတ်ကျောင်းတော်ကြီးအတွင်းမှာ လွင့်မျောလို့။ ဝတ်ကျောင်းတော်ကြီးမှာ ရှိနေကြတဲ့ လူပေါင်း (၂၀၀၀) ဟာ အသက်ရှုဖို့တောင် မေ့ပြီး သီချင်းသံထဲမှာ နစ်မြောနေ ကြလို့။
သီချင်းသံလို့ ပြောလိုက်ရပေမဲ့ တကယ်တော့ သီချင်းဆိုသံ မဟုတ်ပါဘူး။ ကြေကွဲနေတဲ့ နှလုံးသားက မချိတင်ကဲ ငိုညည်းနေတဲ့ ငိုသံ၊ ရှိုက်သံပါ။ လွမ်းမော ဆွတ်ပျံ့ဖွယ်ရာ နှလုံးသားတွေရဲ့ ငိုကြွေးသံပါ။
သီချင်းကို ကြီးစွာသော အားထုတ်ခြင်းနဲ့ သီဆိုနေတဲ့ အဆိုတော် အယ်လ်တန်ဂျွန်ရဲ့ အသံဟာ ဝါရင့်ကျွမ်းကျင်တဲ့ ဂီတပညာရှင်တစ်ဦးပီပီ သူ့ ရဲ့ မူလပင်ကိုသံအတိုင်း ပီပီ သသ ကြည်ကြည်မြမြ ထွက်လာနေပါတယ်။ တုန်သွားတာ နစ်သွားတာမျိုး မရှိပါဘူး။ ပုံမှန်ပါပဲ။
ဒါပေမဲ့ စန္ဒရားခုံမှာ ထိုင်ရင်း အလွမ်းတေးကို ဟစ် ကြွေး သီကျူးနေတဲ့ သူ့မျက်နှာကတော့ ဆွေးမြည့်တမ်းတ ယူကျုံးမရ ဖြစ်နေတဲ့အသွင်ကို ဆောင်နေတယ်။ မျက်မှန် ထူထူကြီးရဲ့ နောက်က သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေနေတာကို မမြင်ရပေမဲ့ သူ့မျက်နှာက သူမျက်ရည် မကျဘဲ ငိုကြွေးနေတယ်ဆိုတာကို သိသာစေတယ်။
သူတင်လားဆိုတော့ မဟုတ်ပါဘူး။ ဝတ်ကျောင်း တော်ကြီးတွင်း ရောက်ရှိနေကြတဲ့ ဂုဏ်သရေရှိ မင်း ယောက်ျား၊ မင်းမိန်းမ အားလုံးရဲ့ မျက်နှာတွေကလည်း သူတို့ ရင်ထဲမှာ ရှိုက်ငင်ငိုကြွေးနေကြတယ်ဆိုတာ ထင်ထင် ရှားရှား ပြနေပါတယ်။ တချို့က ရာဇဣန္ဒြေကိုတောင် မငဲ့နိုင်တော့ဘဲ ပဝါဖြူနဲ့ မျက်လုံးထောင့်စွန်းကို တို့နေတာ ကို မြင်နေရပါတယ်။
“နှုတ်ဆက်လိုက်ပါတယ် အင်္ဂလန်ရဲ့ နှင်းဆီပန်း ကလေးရေ” လွမ်းတေးကို သီဆိုသူက ဒီအပိုဒ်ကလေးကို သီဆိုလိုက်တာနဲ့ ကျွမ်းကျင်တဲ့ ကင်မရာဆရာဟာ ကင်မရာ ကို ဖျတ်ခန် တစ်ဖက် လှည့်လိုက်တယ်။ မြင်ကွင်းထဲမှာပေါ်လာတာကတော့ မျက်နှာကိုငုံ့ပြီး လက်ဖဝါးနှစ်ဖက်ပေါ် မှောက်ထားရင်း အသံတိတ် ရှိုက်ငိုနေတဲ့ ဆယ့်သုံးနှစ်သား လေး။ အင်္ဂလန်ရဲ့ ရင်သွေးရဲ့ ရင်သွေးလေး။
ဆယ့်သုံးနှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားလေး ဟယ်ရီဟာ လူမြင်ကွင်းမှာ ရာဇဣန္ဒြေကို တစ်လျှောက်လုံး ထိန်းထားနိုင်ခဲ့တယ်။ သူ့မယ်တော်ရဲ့ ရုပ်ကလာပ်ကို တင်
ဆောင်ထားတဲ့ အမြောက်တင်လှည်းရဲ့ နောက်က ဖြည်း ဖြည်းချင်း လျှောက်လှမ်းပြီး လိုက်ပါခဲ့တုန်းကလည်း သူ မျက်ရည်ကျမပြခဲ့ဘူး။ လမ်းဘေးတစ်ဖက်တစ်ချက်မှာ တန်း စီရပ်ကြည့်နေကြတဲ့ လူအထောင်အသောင်းတို့ဆီက မချုပ် တည်းနိုင်လို့ ထွက်လာတဲ့ ငိုသံတွေကို နားထဲမှာ ကြားနေ ရပေမဲ့ ဟယ်ရီကလေးဟာ ဣန္ဒြေမပျက်ခဲ့ဘူး။ မဟာဆီ မဟာသွေးတို့ရဲ့ ရာဇအိကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။
စက်တင်ဘာ ၁၁ ရက်နေ့၊ ကြာသပတေးနေ့က ဘားလ်မော်ရယ် နန်းတော်ထဲက ဝတ်ကျောင်းထဲမှာ ဝတ်ပြု ဆုတောင်းပွဲလုပ်ပြီး ပြန်ထွက်လာတော့ နန်းတော်တံခါးဝရဲ့ အပြင်မှာ သွားလေသူအတွက် ပန်းစည်းတွေ အစုလိုက် အပုံလိုက် ဖြစ်နေတာကို ရပ်ကြည့်နေတုန်းက ဟယ်ရီ ကလေးဟာ ရင်ထဲမှာ ဆို့တက်လာပုံရတယ်။ ရုတ်တရက် သူ့ဖခင်ရဲ့ လက်ကိုလှမ်းပြီး ဆုပ်ကိုင်လိုက်မိတယ်။ သူ့ ဖခင်က သားငယ်ရဲ့ လက်ကလေးကို အချိန်အတော်ကြာ ဆုပ်ကိုင်ထားလိုက်တယ်။ မဟာဆီမဟာသွေးတို့ရဲ့ ထုံးစံကလူမြင်ကွင်းမှာ စိတ်လှုပ်ရှားမှု ပြလေ့မရှိကြဘူး။ ဣနြေနဲ့ သိက္ခာနဲ့ တည်တည်ကြည်ကြည် နေပြကြရတယ်။
မင်းသားလေး ဟယ်ရီနဲ့ သူ့ခမည်းတော် ချားလ် မင်းသားတို့ လက်ချင်းဆုပ်ပြီး ရပ်နေကြတဲ့ပုံကို နောက်တစ် နေ့ သတင်းစာတွေမှာ ဖော်ပြထားကြတယ်။
ကြေးမုံသတင်းစာက
“စိတ်ချရတဲ့ လက်ထဲမှာ”
ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့တယ်။ ဆန်းသတင်း စာကတော့
“ဖေဖေ့ရဲ့ မေတ္တာလက်”
လို့ ခေါင်းစဉ် တပ်ထားတယ်။
ကလေးသာသာ အရွယ်လေးတွေ ဖြစ်ပေမဲ့ အဖြစ် ဆိုးကြီးကို၊ မိတဆိုးဘဝ ရောက်ခဲ့ရတဲ့အဖြစ်ကို တည်တည် ငြိမ်ငြိမ် ဣန္ဒြေရရ ရင်ဆိုင်နိုင်ကြတဲ့ မင်းသားလေးဟယ်ရီ နဲ့ သူ့နောင်တော် ဝီလျံ (၁၅နှစ်) တို့ကို သတင်းစာတွေက ဝိုင်းပြီး ချီးကျူးခဲ့ကြတယ်။
ဒါပေမဲ့
“နှုတ်ဆက်လိုက်ပါတယ် အင်္ဂလန်ရဲ့ နှင်းဆီပန်းလေး ရေ”လို့ ဆိုလိုက်တဲ့ သူ့မယ်တော်ရဲ့ ချစ်မိတ်ဆွေကြီး အသံကို ကြားရတော့ သူထိန်းထားလို့ မရတော့ဘူး။ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ကျိတ်ရှိုက်လိုက်မိတော့တယ်။
အင်္ဂလန်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ဝက်စ်မင် စတာ ဝတ်ကျောင်းတော်ကြီးထဲမှာ အစဉ်အလာမရှိခဲ့တဲ့
ရော့ခ်အဆိုတော်တစ်ဦး သီချင်းဆိုခွင့်ပြုတာကို မနှစ်မြို့ခဲ့ ကြတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဝင်ဆာနန်းတော် ကြီးထဲက တော်ဝင်မိသားစုတွေ အားလုံးပါ အခုတော့ အယ်လ်တန်ဂျွန်ရဲ့ နှလုံးသားထဲက တေးသံမှာ နစ်မြောနေ ကြတယ်။
အယ်လ်တန်ဂျွန်ကို သူ့မယ်တော်ရဲ့ ဈာပနမှာ သီချင်း ဆိုစေဖို့ သားတော်အကြီး ဝီလျံမင်းသားက တောင်းဆိုခဲ့တာ ဖြစ်တယ်။ အယ်လ်တန်ဂျွန်ဟာ သူ့မယ်တော် ဝေလနယ်ရဲ့ သခင်မ ဒိုင်ယာနာမင်းသမီးနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေ ကြီးတစ်ယောက် ဖြစ်တယ်။
အင်္ဂလန်ထီးနန်းရဲ့ အစဉ်အလာတွေကို ဆန့်ကျင်ချိုး ဖောက်ပြီး ထောင်ထားခြားနားရင်းက အိမ်ရှေ့စံမိဖုရား ဘဝကို စွန့်လွှတ်ကျောခိုင်းခဲ့တဲ့ ဒိုင်ယာနာဟာ ကွယ်လွန် သွားချိန်အထိ ပဒေသရာဇ်တွေကို စိန်ခေါ်အနိုင်ယူသွားခဲ့ ပါသေးတယ်။ အင်္ဂလိပ်ရွှေနန်းတော်ကြီးရဲ့ ထုံးတမ်းစဉ်လာ မှာ နိုင်ငံတော်အလံကို ဘက်ကင်ဟမ်နန်းတော်ကြီးမှာ တိုင် ဝက် လွှင့်ထူရိုးထုံးစံ မရှိခဲ့ပါဘူး။ ဒိုင်ယာနာ ကွယ်လွန် သွားတာနဲ့ နိုင်ငံတစ်နံတစ်လျားမှာရှိတဲ့ အလံတွေကို တိုင် ဝက်ထိ လျှော့ချပြီး ဝမ်းနည်းကြောင်း ပြသကြပေမဲ့ ဘက်ကင်ဟမ်နန်းတော်ကြီးမှာတော့ တိုင်ဝက်လွှင့်ထူသွား ခြင်း မရှိပါဘူး။ ဘာအလံမှ လွှင့်ထူထားခြင်းကို မရှိပါဘူး။ အင်္ဂလိပ်တို့ထုံးစံက ဘုရင်မကြီး နန်းတော်ထဲမှာရှိနေရင်အလံတော်ကို လွှင့်ထူထားရပါတယ်၊ ဘုရင်မကြီး နန်းတော် ထဲမှာ မရှိဘူးဆိုရင် အလံကို ချထားရပါတယ်။ သင်
အယ်လီဇဘက်ဘုရင်မကြီးက အပြစ်တင်လွတ်အောင် ဆိုပြီး ဘက်ကင်ဟမ်နန်းတော်မှာ မနေဘဲ တခြားနန်းတော် မှာ သွားနေပါတယ်။ အဲဒီတော့ ဘုရင်မကြီး မရှိတဲ့အတွက် အလံလွှင့်မထားဘူးလို့ ဝိနည်းလွတ်အောင် ပြောနိုင်ဖို့ အတွက်ပေါ့။ ဒါပေမဲ့ တစ်နိုင်ငံလုံးက ဝိုင်းပြီး ဝေဖန် ကဲ့ရဲ့ကြတဲ့အတွက် သောကြာနေ့ကျတော့ ဘက်ကင်ဟမ် နန်းတော်ကြီးမှာ အလံတစ်ဝက် လွှင့်ထူထားလိုက်ရပါ တယ်။ ဒါတွင် မကသေးပါဘူး။ အဲဒီသောကြာနေ့မှာပဲ ဘုရင်မကြီးကိုယ်တိုင် တိုင်းပြည်ကို တိုက်ရိုက်အသံလွှင့်ပြီး ဝမ်းနည်းစကား ပြောကြားခဲ့ပါသေးတယ်။ ဒါလည်း အစဉ် အလာကို ချိုးဖျက်ပေးလိုက်ခြင်းပါပဲ။ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်၊ ဘုရင်မတွေဟာ သူတို့ရဲ့ တိုင်းသူပြည်သားတွေကို ခရစ်စမတ် တစ်ချိန်ကလွဲပြီး တိုက်ရိုက်စကားပြောတာမျိုး လုပ်ရိုးမရှိပါဘူး။ အယ်လီဇဘက် ဘုရင်မကြီးရဲ့ နန်းစံသက် ၄၄ နှစ်အတွင်းမှာ တိုင်းပြည်ကို တိုက်ရိုက်စကားပြောတာ နှစ်ကြိမ်သာ ရှိဖူးပါတယ်။ ပထမအကြိမ်က ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွားတဲ့အချိန်က ပြောခဲ့ခြင်းဖြစ်တယ်။
ဒိုင်ယာနာဟာ ကွယ်လွန်ချိန်အထိ ပဒေသရာဇ် အစဉ် အလာတွေကို ထောင်ထားခြားနားသွားခဲ့တာပါ။