Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

လူချို - ပတ္တမြားခြေနင်းလေလံပွဲနှင့်အခြား၀ထ္ထုတိုများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ပတ္တမြားခြေနင်းလေလံပွဲ

 

ပဉ္စလက်ခြေနင်း လေလံပွဲသို့ စုရုံးရောက်ရှိလာသည့် လေလံဆွဲမည့်သူများ သည် အရောင်းခန်းမများတွင် သင် တွေ့နေကျ လူအုပ်များနှင့် အနည်းငယ် မျှသာ ဆင်တူပါလိမ့်မည်။ လေလံတင်မည့်သူများကလည်း လေလံပွဲကို လူအများသိအောင် အကြီးအကျယ် ကြေညာထားပြီး ရောက်လာမည့် ဧည့်သည်အားလုံးအတွက် ပြင်ဆင်ထားသည်။ ယနေ့ခေတ်ကြီးတွင် လူ အများမှာ အပြင်ထွက်ခဲလာကြသည်။ သို့သော် ဤဆုလာဘ်ကြီးက ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပုန်းခိုရာ ကတုတ်ကျင်းများမှ ထွက်လာ စေလိမ့်မည်ဟု လေလံတင်သူများက မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ အကြီး အကျယ် စိတ်လှုပ်ရှားကြလိမ့်မည်ဟုလည်း ကြိုတင်တွက်ဆထားပုံရသည်။

          ထို့အတွက်ကြောင့်ပင် အထူးအရေးကြီးပုဂ္ဂိုလ်များ၏ လုံခြုံရေး၊ သက် သောင့်သက်သာ နေနိုင်ရေးအတွက် အဆင့်မီဝန်ဆောင်မှုများ ထားရှိသည့် အပြင် ရေအိမ်များ၊ အဝင်ခန်းမများတွင် အလွန်ကြီးမားသော ကြေးထွေးခံ ကြီးများကိုပါ ထားရှိပေးထားသည်။ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်သူများ ထွေးအန်နိုင်ရန်။ ပြခန်း၏ အချက်အချာကျသောနေရာများရှိ ဒို့သေ့ ပုံစံသစ် ဟန် အာပတ်ဖြေရုံများတွင်လည်း ကုထုံးအမျိုးမျိုးကုသော စိတ်ကုဆရာဝန် အဖွဲ့များကို ထားပေးထားသည်။ စိတ်နှလုံး နာမကျန်းသူများကို ဆွေးနွေး တိုင်ပင်ပေးရန်။

         ယနေ့ခေတ် ကျွန်တော်တို့ လူအများစုကြီးမှာ ကျန်းမာရေး မကောင်း ရှာကြ။

 

          ဂိုဏ်းအုပ်ဘုန်းကြီးများကိုမူ မတွေ့ရ။ လေလံတင်သူများက စည်း တစ်ခု တားထားသည်။ ဘုန်းကြီးများက အနီးရှိ အခြားအဆောက်အအုံများ တွင် နေနေကြသည်။ သူတို့၏ ဝိနည်းနှင့်ညီသော အဆောက်အအုံများ၊သောင်းကျန်းလာမည့် အရူးများ၊ ရုတ်တရက် စိတ်ဖောက်ပြန်သွားမည့်သူ များကို ကိုင်တွယ်ရန်။

          သားဖွားဆရာဝန်အုပ်စုများ၊ အလျင်အမြန် အရေးယူဆောင်ရွက်ရေး တပ်ဖွဲ့ မှ ပုလိပ်များကလည်း ဘေးလမ်းကြားများတွင် ကိုယ်ယောင်ဖျောက် စောင့်ဆိုင်းနေကြသည်။ စိတ်လှုပ်ရှားခြင်းကြောင့် မမျှော်လင့်သော မွေးဖွား ခြင်း၊ သေဆုံးခြင်းများကို အရေးယူဆောင်ရွက်ပေးရန်။ လာရောက်မည့်သူ များ၏ အနီးစပ်ဆုံး ဆွေမျိုးများစာရင်းကို ရေးဆွဲထားပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ကိုယ်ချုပ်အင်္ကျီ များလည်း အလုံအလောက် ရောက်ရှိနေပြီ။

          ကြည့်လိုက်စမ်းပါ၊ ကျည်ကာမှန်၏နောက်ဝယ် ပတ္တမြားခြေနှင်းက တဖျပ်ဖျပ် တောက်ပနေသည်။ သူတို့၏ တန်ခိုးစွမ်းအင်အတိုင်းအဆကို ကျွန်တော်တို့ မသိနိုင်ပါ။ သူ၏တန်ခိုးစွမ်းအင်သည် အကန့်အသတ်ပင် ရှိပါလေစဟု ကျွန်တော်တို့ ဒွိဟဖြစ်ရပါသည်။

 

          လေလံဆွဲသူများကြားဝယ် ရုပ်ရှင်သရုပ်ဆောင်များပါ ရောက်ရှိနေ ကြပြီ။ လေလံခန်းမထဲသို့ သူတို့၏ ပြောင်လက်တောက်ပ ဖြာထွက်နေသော ကိုယ်ရောင်ကိုယ်ဝါများကို သယ်ဆောင်လာခဲ့ကြသည်။ အသုံးချ ရူပဗေဒ ပညာရှင် ဆရာကြီးများက ဖန်တီးပေးလိုက်သော ရုပ်ရှင်သရုပ်ဆောင် ကိုယ်ရောင်ကိုယ်ဝါများ၊ ပလက်တီနမ်၊ ရွှေဝါရောင်၊ ငွေရောင်၊ ကြေးနီရောင်။ လူကြမ်းနေရာတွင် အထူးပိုင်နိုင်သော သရုပ်ဆောင်များမှာ မိစ္ဆာကိုယ်ရောင်ကိုယ်ဝါများဖြင့် ဖြာထွက်နေသည်။ စိမ်းနောက်နောက်အရောင်၊ ဝါတောက်

တောက်အရောင်၊ ရဲရဲနီမင်ရည်ရောင်။ ကျွန်တော်တို့ထဲမှ တစ်စုံတစ်ဦးက ထိုသရုပ်ဆောင်တစ်ဦး၏ တန်ဖိုးမဖြတ်နိုင်သော (အလွန်လည်း ကြွပ်ဆတ်သော) ကိုယ်ရောင်ကိုယ်ဝါနှင့် ထိတိုက်မိပါက လုံခြုံရေးတပ်ဖွဲ့များ ချက်ချင်း ရောက်လာပြီး ထိုသူ၊ သို့မဟုတ် သူမကို ကြမ်းပြင်သို့ တွန်းလှဲကာ အပြင် ဘက်ရှိ အသင့်စောင့်နေသော စပါးတင်နွားလှည်းများပေါ် အလျင်အမြန် ပို့ဆောင်ပစ်သည်။ ထိုသို့သော အရေးအခင်းလေးများက မဟာခန်းမကြီး အတွင်း တိုးတိုက်မှုများကို အတန်လျော့ပါးသွားစေသည်။

           အမှတ်တရပစ္စည်း စွဲလမ်းစုဆောင်းသူများမှာလည်း ကြိုတင်မှန်းဆ ထားသည့်အတိုင်း အင်နှင့် အားနှင့် ရောက်နေကြပြီ။ ယခုဆိုလျှင် သူတို့ ထဲမှ တစ်ယောက်သည် ဘဲခေါင်းကဲ့သို့ လှုပ်ရှားမှုမျိုးဖြင့် သူမ၏ အငမ်း မရ နှုတ်ခမ်းများကို ခြေနင်းပြသထားသည့် မှန်သေတ္တာအား ဖိကပ်လိုက် သည်နှင့် နောက်ဆုံးပေါ် ကာကွယ်ရေးစနစ်ကို လှုံ့ဆော်မိလျက်သား ဖြစ် သွားသည်။ ထိုကဲ့သို့ အမြတ်တနိုး အပြုအမူလေး၏ နှိုင်းယှဉ်ချက်အရ အန္တရာယ်ကင်းမှုကို ကာကွယ်ရေးစနစ်ထဲတွင် ထည့်သွင်းထားရန် ပရိုဂရမ် မာက လျစ်လျူရှုခဲ့ပုံရသည်။ ကာကွယ်ရေးစနစ်က မှန်သားပြင်နမ်းသူ၏

ကော်လာဂျင်မြှုပ်နှံထားသော နှုတ်ခမ်းဖူးဖူးလေးထဲသို့ လျှပ်စစ်ဓာတ် ဗို့အား တစ်သိန်းလွှတ်ထည့်လိုက်ပြီး ရှေ့ဆက် အစီအစဉ်များပေါ် သူမ၏ စိတ် ဝင်စားနေမှုကို ရပ်ဆိုင်းပစ်လိုက်သည်။ ။

          စိတ်မသက်မသာဖြစ်ရသော မျှော်နံ့ ရသည့်ခဏတာ ဖြစ်သည်။ သို့ရာတွင် ဤအဖြစ်က ဒုတိယစွဲလမ်းသူတစ်ယောက်ကို အလားတူ ကိုယ့် ကိုယ်ကိုယ် သတ်သေရာရောက်သည့် မြတ်နိုးမှုပြသခြင်းမှ ကာကွယ်ရန် ပျက်ကွက်ခဲ့ပြန်သည်။ ထိုအရူးမှာ ပထမ အသက်ဆုံးသွားသူ၏ ချစ်သူဖြစ်

ကြောင်း ကျွန်တော်တို့ သိလာရသောအခါ အချစ်၏ လျှို့ဝှက်နက်နဲခြင်း သဘောကို စောကြောမိကြပြန်သည့် တစ်ချိန်တည်းတွင် ရေမွှေးဆွတ်ထားသော လက်ကိုင်ပဝါများကို တစ်ဖန်ပြန်ထုတ်ယူကြရပြန်သည်။

          ပတ္တမြားခြေနင်းကို ကိုးကွယ်မှုသည် ရေချိန်အမြင့်ဆုံးသို့ ရောက်ရှိ နေခဲ့ပြီ။ အဝတ်အစား အထူးအဆန်း ဝတ်ဆင်ပွဲတစ်ခုသည်လည်း သက်ဝင် လှုပ်ရှားလာခဲ့ပြီ။ စုန်းမများ၊ ခြင်္သေ့များ၊ စာခြောက်ရုပ်များမှာ အလျှံအပယ် ဖြစ်နေပြီ။ နေရာရဖို့အတွက် တစ်ယောက်နှင့်တစ်ယောက် ဒေါသတကြီး တံတောင်နှင့်တွန်းတိုက်ကြ၊ တစ်ယောက်ခြေထောက် တစ်ယောက်တက်နင်း

ကြ ဖြစ်နေသည်။ သံဖြူလူသား (Tin Man) ဝတ်စုံဝတ်သူမှာ ရှားပါးသည်။ ဝတ်စုံဝတ်ရသည်မှာ အလွန်အဆင်မပြေ၍ ဖြစ်ပုံရသည်။ မဟာအရောင်း ခန်းမကြီး၏ လေသာဆောင်များ၊ ပြခန်းများ၊ အသက်ဝင်နေသော ရေ တံလျှောက် ပန်းပုရုပ်များပေါ်တွင် အကြွေးများ အပြည့်အဝ ပြန်ရလိုဇော ဖြင့် စုန်းမများက အချိန်ကောင်းကို စောင့်ဆိုင်းနေကြသည်။ ခန်းမထောင့် တစ်နေရာတွင် တိုတော့စ် (Wizard of Oz မှ ဇာတ်ကောင်) ခွေးဝတ်စုံ ဝတ်ထားသူများဖြင့် ပြည့်နေသည်။ ထိုထဲမှ အများအပြားမှာ စိတ်ပါလက်ပါ မိတ်လိုက်နေကြသည်။ ဧည့်ပရိသတ်များကို စော်ကားသလိုဖြစ်နေသဖြင့် ရော်ဘာလက်အိတ်စွပ်ထားသည့် သန့်ရှင်းရေးအလုပ်သမားကြီးက သူတို့ကို မဖြစ်မနေ ဆွဲခွာရသည်။ ထိုအလုပ်ကို သူ နူးညံ့သိမ်မွေ့စွာနှင့် မြိန်ရေ ရှက်ရေ လုပ်နေသည်။

 

          ကျွန်တော်တို့လူထုကြီးမှာ သေလုမြောပါးဖြစ်အောင် မတရားလုပ် မှုကို အလွယ်တကူခံနေရသည်။ မတရားလုပ်ခံရခြင်းသည် ကျွန်တော်တို့ ၏ မွေးရာပါအခွင့်အရေးလားဟု မှတ်ထင်လာရသည်အထိ ဖြစ်သည်။ ကျွန်တော်တို့၏ တန်ဖိုးဆိုသည်မှာလည်း ကျွန်တော်တို့၏ အမျက်ဒေါသ ထက် အနည်းငယ်သာ ပိုတန်ဖိုးထားခံရတော့သည်။ ထိုအမျက်ဒေါသမှာ ကျွန်တော်တို့၏အမြင်တွင် ကျွန်တော်တို့မှန်ကြောင်း သက်သေထူသည့် အကြောင်းပြချက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းပြချက်ကို အကာ အကွယ်ယူ၍ ကျွန်တော်တို့၏ ရန်သူများကို ပစ်ခတ်သည်။ ထိခိုက်ကျဆုံး မှု များပြားစေသည်။ ကျွန်တော်တို့၏ ဒေါသထွက်လွယ်မှုကို ကျွန်တော်တို့ ဂုဏ်ယူသည်။ ကျွန်တော်တို့၏ ဒေါသက မြင့်တက်လာလိုက်၊ ပြန်လျော့ကျ

သွားလိုက်နှင့်။

 

          ပတ္တမြားစီခြယ်ထားသည့် ခြေနင်းကို ပြထားရာ ကျောင်းဆောင် (ဟု ဆိုပါစို့) ပတ်လည်တွင် သွားရည်များ အိုင်ထွန်းနေသည်။ ကျွန်တော်တို့ ထဲတွင် စိတ်မထိန်းနိုင်သူများ၊ သွားရည်ယိုသူများ ပါနေသည်။ အပေါ် အောက် တစ်ဆက်တည်း ဝတ်စုံဝတ်ထားသော လက်တင်အမေရိကသား သန့်ရှင်းရေးအလုပ်သမားကြီးက လက်တစ်ဖက်တွင် ရေပုံး၊ ကျန်တစ်ဖက် တွင် ရေမြှုပ်တုံးကိုင်ကာ ကျွန်တော်တို့ကြား လှုပ်ရှားနေသည်။ မသိလိုက် မသိဘာသာ လုပ်သွားသည့် သူ့အစွမ်းအစကို ကျွန်တော်တို့ ချီးမွမ်း ကျေးဇူး တင်မိသည်။ ကျွန်တော်တို့ မျက်နှာပျက်စရာမလိုဘဲ ကျွန်တော်တို့၏ သွားရည်များကို သူ ရှင်းလင်းပေးသွားသည်။

 

          ကျွန်တော်တို့၏ နီရှေး (ဂျာမန်ဒဿနပညာရှင်) ခေတ်၊ နှိုင်းရ စကြဝဠာခေတ်ကြီးတွင် အမှန်တကယ် နက်နဲဆန်းကြယ်ခြင်းများနှင့် ကြုံ တွေ့နိုင်သော အခွင့်အရေးသည် အကန့်အသတ်ဖြင့်သာ ရှိနေသည်။ လူ့ စရိုက်ကို လေ့လာသော ဒဿနပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ ကွမ်တမ်သိပ္ပံပညာရှင်များက ပဉ္စလက်ခြေနင်းဘေးတွင် ဝိုင်းအုံနေကြသည်။ အဓိပ္ပာယ်ဖော်မရသော ဝှက်စာများ ရေးနေကြသည်။

ပြည်ပြေးများ၊ အမျိုးမျိုးသော နေရာပြောင်းခံရသူများသာမက အိုးမဲ့ အိမ်မဲ့ ခြေသလုံးအိမ်တိုင်သမားများပင် မဖြစ်နိုင်သောအရာကို ခဏမျှ မြင် ခွင့်ရရန် ရောက်လာကြသည်။ သူတို့ပုန်းခိုရာ မြေအောက်လိုဏ်ခေါင်းများ မှ ထွက်လာကြကာ ဘဇူကာများ၊ အူဇီစက်သေနတ်များ ကိုင်ဆောင်ထား ပြီး မူးယစ်ဆေး အစုံမှီဝဲထားသော လူဆိုးဂိုဏ်းသားများ၊ မှောင်ခိုသမား များ၊ အိမ်ရှင်းလင်းရေးသမားများကို ရင်ဆိုင်ကြသည်။ ခြေသလုံးအိမ်တိုင်

 

များမှာ လျှော်ဖြင့်လုပ်ထားသော ခေါင်းစွပ်ဝတ်ရုံနံနံစော်စော်များကို ဝတ်ထား ကြပြီး အလှစိုက် ရှားစောင်းပင်များ စိုက်ထားသော ပန်းအိုးကြီးများထဲသို့ အသံကျယ်လောင်စွာဖြင့် လည်ချောင်းရှင်း တံတွေး ထွေးချကြသည်။ ပထမ တန်းစား စားပွဲထိုးများ၏ ကျွမ်းကျင်သော လက်ဝါးပေါ်တွင် သယ်ဆောင် လာသော လင်ပန်းများထဲမှ ဘီစကွတ်များ၊ ချိစ်သုတ်ပေါင်မုန့်များကို လက် တစ်ဆုပ် အပြည့်နှိုက်ယူကြသည်။ ထိုမျှမက ဆူရှီထမင်းလိပ်များကိုလည်း ဝါဆာဘီအချဉ် အမြောက်အမြားနှင့် တဝ စားကြပြန်သည်။ ဝါဆာဘီ၏ ပူလောင်စူးရှမှုက ထိုခြေသလုံးအိမ်တိုင်များ၏ အစာခြေလမ်းကြောင်းကို မည်သို့မျှ ထိခိုက်ပုံမရချေ။ လုံခြုံရေးတပ်ဖွဲ့ များကို ဆင့်ခေါ်ရပြန်သည်။ ရော်ဘာကျည်ဆန်များ၊ မေ့ဆေးပြားများ အသုံးပြုသည့် ခဏတာတိုက်ပွဲ အပြီးတွင် ခြေသလုံးအိမ်တိုင်များကို ဖယ်ရှားပစ်လိုက်သည်။ သူတို့ကို မေ့မြော သွားအောင် တုတ်များဖြင့်ရိုက်နှက်ပြီး အဝေးသို့ ကားများဖြင့် သယ်ဆောင် သွားသည်။ မြို့တော်နယ်နိမိတ်၏အဝေး ကြော်ငြာဆိုင်းဘုတ်ကြီးများ ဝိုင်းရံ ထားသော မည်သူမျှမသွားရဲသည့် မီးခိုးတလူလူထွက်နေသော နယ်မြေတွင် သူတို့ကို စွန့်ပစ်ခဲ့သည်။ သူတို့ဘေးပတ်ပတ်လည်တွင် တောခွေးများက ပွဲတော်တည်ရန် အငမ်းမရဖြစ်နေကြသည်။ ဤကား စေ့စပ်၍မရသော ကာလများဖြစ်ပေသည်။

 

          နိုင်ငံရေးဒုက္ခသည်များသည်လည်း လေလံပွဲသို့ ရောက်နေကြပြီ။ လျှို့ဝှက်ကြံစည်သူများ၊ ပလ္လင်မှ ဖယ်ရှားခံရသော ဘုရင်များ၊ ရှုံးနိမ့်သွားသော အုပ်စုများ၊ ကဗျာဆရာများ၊ ဓားပြခေါင်းဆောင်များလည်း ရောက်နေ ကြပြီ။ ထိုပုဂ္ဂိုလ်များ၏ ဝတ်စားဆင်ယင်ပုံမှာ ယခင်ခေတ်များကကဲ့သို့ ဦးထုပ်အမည်းတစောင်းဆောင်း၊ မျက်မှန်အဝိုင်းကြီးတပ်၊ ကုတ်အင်္ကျီ အကြီးကြီးခြုံထားသည့်ပုံ မဟုတ်တော့ပါ။ လူအထင်ကြီးစေမည့် ဖြိုးဖြိုး ပြက်ပြက် အဝတ်များကို ရွေးချယ်ဝတ်ဆင်လာကြသည်။ လေးထောင့်စပ်စပ် ပိုးဂျက်ကက်အင်္ကျီ၊ ဂျပန်ဒီဇိုင်နာချုပ်ပေးသည့် ခါးမြင့်အင်္ကျီ စသည်တို့ကို ဝတ်လာသည်။