Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - သတင်းစာဆရာမ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
သတင်းစာ ဆရာမ
(၁) 

 

           စိုထိုင်းသောလေနှင့် မြူခိုးတို့သည် နောက်ဆုံးကြွင်းကျန်နေသော နှင်းပွင့်များကိုလွင့်ပါးသွားအောင် တိုက်ခတ်ပစ်လိုက်လေသည်။ မြေပြင်ကို ဖုံးလွှမ်းနေသော နှင်းခဲများမှာ အရည်ပျော်ကာ စီးဆင်းသွား၍ မိုးမခပင် များ၏ ညိုမည်းမာကြောသော အသောက်များ ပေါ်ထွက်လာကြလေသည်။ဘော်လ်ရှီယဲယူဂိုနီဒေသ၏နောက်ကျောဘက်မှ အရိုးပြိုင်းပြိုင်းထနေသော သစ်တောများမှာလည်း ခါငှက်များ၏ ဖို-မ ခေါ်သံကလေးများဖြင့် အသက် ပြန်ဝင်လာခဲ့လေသည်။ ဤအချိန်မှာပင် တောအုပ်၏ အစွန်အဖျားရှိ

တောင်ပူစာကလေးပေါ်တွင် မြင်းခွာပန်းကလေးများသည်လည်း ဖျော့တော့ ရွှေဝါရောင်ဖြင့် ဖူးပွင့်စပြုကြလေပြီ။ ပြီးတယ်။

          မတ်လကုန်ဆုံးသည့် နေ့တစ်နေ့တွင် ထိုအရပ်မှ စာသင်ကျောင်း တွင် ရုရှားစာပေသင်ပေးနေသော ကျောင်းဆရာဖြစ်သူ မာဇ်ဟာရော့ခ် သည် “လယ်သမားသမာဓိ” သတင်းစာတိုက်ရှိ အယ်ဒီတာရုံးခန်းသို့ ရောက်လာခဲ့လေသည်။ အရပ်ရှည်ရှည်၊ ပါးအို့နီနီ မိန်းကလေးဆန်ဆန် မျက်တောင်ကော့ကော့နှင့် အသက်ငယ်ရွယ်လှသေးသဖြင့် သူ့ကိုတစ်နယ်လုံးကပင် ဗော့စ်ယာဟု ချစ်စနိုးခေါ်ကြသည်။ သူ စကားပြော လျှင်လည်း ဘယ်အကြောင်းအရာကိုမဆို သေရေး၊ ရှင်ရေးကိစ္စတစ်ခုခုကို ပြောနေသလို အရေးတကြီးထားကာ အသက်မရှူဘဲ ဖိုလှိုက်ခါ ပြောလေ့ရှိပေသည်။

          “အပတ်ဆဲ့ဗ်... နောက်ဆုံး ကျွန်တော်တော့ ခင်ဗျားကို မိအောင်ဖမ်းရတော့တာပဲဗျို့”

          မာဇ်ဟာရောဗ်သည် အယ်ဒီတာဖြစ်သူက တကယ်ပင် သူနှင့် လွတ်အောင်တိမ်းရှောင်နေသကဲ့သို့   ရုံးခန်းအဝင်မှလှမ်း၍ အော်ပြော လိုက်သည်။ ပြောပြောဆိုဆိုနှင့်ပင် ရုံးခန်းထဲဝင်လာရင်း သူ့အင်္ကျီအိတ် ထဲမှာ   “လယ်သမားသမာ” သတင်းစာတစ်စောင်ကိုထုတ်ကာ လက်နှင့် ခပ်ပြင်းပြင်းကလေးပုတ်ပြ၍ ပါးစပ်မှာလည်း တောက်လျှောက်ကြီး ပြောချလိုက်သည်။ 

          “ခင်ဗျားတို့ သတင်းစာဆရာတွေဟာ ဘာတွေ လျှောက်လုပ်နေ ကြတာလဲဗျ၊ ကြည့်စမ်းပါဦး၊ ခင်ဗျားတို့လုပ်တာ သေသပ်ရဲ့ လားလို့ နည်းနည်းကလေးမှ မသေသပ်ဘူး၊ ခင်ဗျားတို့ဟာ ယူဂိုနီမှာ ရယ်စရာ သတ္တဝါတွေဖြစ်နေကြပြီ။ ကျွန်တော်တို့လို ကျောင်းဆရာလုပ်တဲ့ လူတွေဟာ ခင်ဗျားတို့အတွက် သိပ်ရှက်တာပဲဗျာ” နှင့်

         “နေစမ်းပါဦး၊ ဗာစ်ယာ၊ မင်းဟာက ဘယ်လိုဖြစ်လာရတာတုန်း”

          အပတ်ဆဲ့ဗ်သည် ခပ်ငေါ့ငေါ့လေသံဖြင့် ကြားဖြတ်ဝင်ပြောကာ သူ့မျက်နှာအပေါ်မှာ ကျွဲကော်ကိုင်းမျက်မှန်ကို ပြင်တပ်လိုက်သည်။ အယ်ဒီတာ အပတ်ဆဲ့ဗ်မှာ ဆံပင်များ ထိုးထိုးထောင်ထောင်နှင့်ဖြစ်နေ၍ ဆံပင်ညှပ်ဆိုင်မှ ထွက်လာခဲ့သည့်တိုင်အောင် မုတ်ဆိတ်မွှေးများထပ်ရိပ်ရန် လိုနေသေးသူတစ်ယောက်လို မသေမသပ်ဖြစ်နေသည်။ သို့သော် အဝတ် အစားမှာမူ ဝတ်နေကျအတိုင်း ပုံကျပန်းကျ ချုပ်ထားသော စစ်ဗိုလ်များ ဝတ်သည့် နစ်အင်္ကျီအဟောင်းကို ဆုတံဆိပ်ဘားတန်းအရှည်များ တပ်၍ ဝတ်ထားသည်ကို တွေ့ရပြီး၊ ထင်းရှူးသားနှင့်လုပ်ထားသော ဆေးတံမှ မီးခိုးများကိုလည်း ဖူးခနဲ ပါးစပ်မှ မှုတ်ထုတ်လိုက်သေးသည်။

          “ဘယ်လိုဖြစ်ရမှာလဲဗျ” မာ့ဇ်ဟာရော့ဗ်သည် သတင်းစာကိုတစ်ခါထပ်၍ လက်ဝါးနှင့်ပုတ်ရင်း သူ့မျက်နှာမှာ ပို၍ နီလာလေသည်။

          “ဒီမှာ မမြင်ဘူးလား၊ မှားနေတာတွေ၊ ကျွန်တော့်တပည့်တွေက ဒီသမာဓိသတင်းစာကို ဘယ်လိုလုပ်တယ်ဆိုတာ ခင်ဗျားတို့သိရဲ့ လား၊ သူတို့အနေနဲ့ ဒီသတင်းစာကို ဝယ်တာက ဘာအမှားပါသလဲဆိုတာ ရှာကြည့်ရအောင် ဝယ်ဖတ်ကြတာဗျ၊ ဒါဟာ သူတို့အတွက် ပျော်စရာ အလုပ်တစ်ခုလို့ သဘောထားနေကြတယ်။ တကယ်ပါပဲ၊ အပတ်ဆဲ့ဗ်၊ ခင်ဗျားတို့ အယ်ဒီတာတွေမှာ ဂုဏ်ယူစရာဆိုလို့ ရှိသေးရဲ့ လား၊ ဘယ်မလဲ၊ ခင်ဗျားတို့စာပြင်ဆရာ၊ ဒီအတိုင်းဆိုရင် သူ့အနေနဲ့ သဒ္ဒါ ပြန်သင်ဖို့ လိုသေးတယ်။ ဒီမှာဗျာ... ခင်ဗျားကိုယ်တိုင် ကြည့်စမ်းပါဦး”

         သူသည် ပြောပြောဆိုဆိုနှင့်ပင် သတင်းစာကို စားပွဲပေါ်တွင် ဖြန့်ပြလိုက်ရာ စာရွက်များ တချွတ်ချွတ် မြည်သွားလေသည်။ သတင်းစာ ပေါ်တွင် အမှားအယွင်းများကို မင်အနီအပြာတို့ဖြင့် အောက်မှ မျဉ်းသား ထားရာ၊ ကျောင်းသားကလေးတစ်ယောက်၏ လေ့ကျင့်ခန်းစာအုပ်လို ဖြစ်နေသည်ကို တွေ့ရပေသည်။

          ရုံးခန်းတစ်ခုလုံးမှာ ငြိမ်ကျသွားလေသည်။ အယ်ဒီတာရော၊ စာပေရေးရာဆောင်းပါးရှင်ရော၊ ငွေကိုင်စာရေးကြီးပါ တစ်ယောက်မကျန် အားလုံးတို့သည် အခန်းတွင်းရှိတစ်နေရာဆီသို့ တစ်ပြိုင်နက် လှမ်းကြည့် ကြလေသည်။ ထိုနေရာတွင် ပြတင်းပေါက်အနီး ခုံတစ်ခု၌ အမွေးနု ခြုံတဘက်ကလေးကို ခြုံထားသော မိန်းမတစ်ယောက် ပြင်ချက်များ ဖတ်နေသည်ကို တွေ့ရပေသည်။ သူမ၏ နုနယ်သော ပါးအိုကလေး တစ်ခုလုံးမှာ ကြက်သွေးရောင်များ ဖြာသွားလေသည်။ ကလောင်တံ ကိုင်ထားသော လက်ကလေးမှာလည်း တုန်နေ၍ ကလောင်ဖျားမှ မင်များပင် သီး၍ ကျနေလေသည်။

          မာ့ဇ်ဟာရော့ဗ်သည် ရုတ်တရက် ခပ်ကြောင်ကြောင်ဖြစ်ကာ တန့်သွားလေသည်။

          “ဗာစ်ယာ၊ ကိုယ့်အခန်းထဲလိုက်ခဲ့ပါဦး” ဟူ၍ အပတ်ဆဲ့ဗ်က ကျောင်းဆရာ၏ပခုံးကိုကိုင်ရင်း ပြောလိုက်သည်။

          “မင်းဟာက ရေနွေးကရားဆူကာနီး အော်သလို အော်နေတာပဲကိုးကွ၊ ဒါပေမယ့် တကယ် ရေနွေးဆူလာပြီလားဆိုတော့ မဆူသေးပါ ဘူးကွာ ဟုတ်လား”

          နောက်တစ်နေ့ထုတ်မည့် လယ်သမား သမာဓိသတင်းစာ စာရွက်များမှာ အယ်ဒီတာ၏စားပွဲပေါ်တွင် စုပုံရောက်ရှိနေလေသည်။ အုပ်ချုပ်မှုဆိုင်ရာအတွင်းရေးမှူးဖြစ်သူ ယူရိကလိမစ်ချ်ဇာဗ်ယာလော့ဗ် သည် ပြင်ချက်များကို သေသပ်စွာနှင့် တစ်ကြောင်းပြီးတစ်ကြောင်း စာပြင်နေလေသည်။ သတင်းစာကို မကြာခဏဆိုသလို သူကပင် အပြီး သတ်အောင် ကိုင်ပေးရလေ့ရှိပေသည်။ အပတ်ဆဲ့ဗ်မှာ တစ်ခါတစ်ရံ ခရိုင် ပါတီကော်မတီ အစည်းအဝေးတက်နေရ၍ ဖြစ်စေ၊ အလုပ်သမားအဖွဲ့ ခေါင်းဆောင်များ၏ သင်တန်းများသို့ သွားရောက်ဟောပြောနေရ၍ ဖြစ်စေ၊ ဒါမှမဟုတ်လျှင် နိုင်ငံရေးနှင့် စီးပွားရေးလှုပ်ရှားမှုတိုက်ပွဲများ အတွက် နယ်ထွက်နေရ၍ဖြစ်စေ၊ သတင်းစာကို ပြန်မကြည့်နိုင်အောင် ဖြစ်နေတတ်ပေသည်။ 

          “ခင်ဗျားတို့ စာပြင်ဆရာအသစ်ရနေပြီပေါ့ ဟုတ်လား”

          မာ့ဇ်ဟာရော့ဗ်သည် ရုံးခန်းမကြီးဘက်သို့ လှည့်ကြည့်ကာ ခေါင်းကို ဆတ်လိုက်ရင်း ခပ်တိုးတိုးမေးလိုက်သည်။ “အဲဟို ခြုံတဘက် အဖြူကလေးနဲ့ မိန်းကလေးက ဘယ်သူလဲဗျ... ကျွန်တော် လုံးလုံး မသိ ပါလား... သူ့ပညာအရည်အချင်းက ဘယ်လောက်ရှိသလဲ”

          အပတ်ဆဲ့ဗ်က ဆေးတံကိုဖော၍ ပါးစပ်ထဲမှ မီးခိုးတန်းရှည်ကြီးကို ထုတ်လိုက်ပြီးမှ မာ့ဇ်ဟာရော့ဗ်ကို ပြန်ဖြေသည်။

          “သူ့ပညာအရည်အချင်းကတော့ အလယ်တန်း အောင်ပြီးပြီကွ၊ မင်းကတော့ ဘယ်နှတန်းများ အောင်ထားလို့လဲ၊ မင်းဟာက ငါးစိမ်း သည်မလို အော်တာတော့ သိပ်ရိုင်းတယ်ကွ၊ ကိုယ့်လူရာ ဒီမှ တစ်ခု ခက်နေတာက တို့စာပြင်ဆရာမဟာ ကျောင်းကထွက်တာကြာတော့ ထုံးစံအတိုင်း နည်းနည်းမေ့ကုန်တာလည်းရှိတာပေါ့ကွာ ဟုတ်လား၊ အမှားတွေပါနေတာကတော့ အဲဒါကြောင့်ပဲကွ”

          “သူ့ကြည့်ရတာတော့ သိပ်ဆိုးပုံမရပါဘူး” မာ့ဇ်ဟာရော့ဗ်က ပြောလိုက်ပြီးမှ တစ်ဖန် သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသဖြင့် ကျွန်တော်တော့ သူ့ကို ယူဂိုနီမှာ တစ်ခါမှ မတွေ့ဖူးဘူးထင်တာပဲ။ ဘယ့်နဲ့လဲ တောကပဲလား”

          “ဟုတ်ပါတယ်ကွ၊ သူလည်း ငါ့လို တောကပါပဲ၊ တစ်ခုပဲ၊ သူနဲ့ ငါနဲ့ကွာတာက ငါက ဒီရောက်တာ နှစ်လကျော်လောက်ရှိသွားပြီ၊ နာတာလ်ယာကတော့ ဒွန်မြစ်ကမ်းခြေက ဒီကို မကြာခင်ကမှ ရောက် လာတာကွ၊ သူ့အစ်ကိုက ဒီက သမဝါယမတစ်ခုမှာ အလုပ် လုပ်တယ်။ ပြီးတော့ သူ့ခမျာ သူ့ယောက်ျားက စစ်အတွင်းတုန်းက ဆုံးသွားလို့ သား ကလေးတစ်ယောက်နဲ့ကျန်ရစ်ခဲ့တယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် သူ့ဟာသူ ရပ်တည်နိုင်အောင် တစ်နည်းတစ်လမ်း ကူညီဖို့လိုတယ်ကွ”

          ပခုံးကျယ်ကျယ် မျက်နှာပွပွ ဆံပင်မွဲခြောက်ခြောက်နှင့် လည်စီး ကပ်ခါ သက္ကလပ်ဖိနပ်ကို စီးထားသော ဇာဗ်ယာလော့ဗ်က အရေးကြီး သည့် လေသံမျိုးဖြင့် ဝင်၍ပြောလိုက်လေသည်။

          “ဗာစ်ယာ စောစောက ရုံးခန်းထဲမှာ မင်း အချက်ကျကျ ဝေဖန် လိုက်တာတွေ ငါ ကြားလိုက်တယ်။ တကယ်တော့လည်း မင်းပြောတာ တွေဟာ အမှန်ပဲကွ၊ တို့သမာဓိသတင်းစာထဲမှာ အမှားတွေ ပါနေတယ်။ ဒါပေမယ့် ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် ဒါဟာ စာပြင်ဆရာ တစ်ယောက် တည်းရဲ့ အမှားမဟုတ်ဘူး။    အယ်ဒီတာအဖွဲ့တစ်ခုလုံးမှာ တာဝန်ရှိတယ်။ ပြီးတော့ အဲဒါကလည်း အခြေအနေကို မင်းသိတဲ့အတိုင်းပဲ၊  အပတ်ဆဲ့ဗ် ဆိုတာက သူ့ဟာသူ လူထုလုပ်ငန်းတွေနဲ့ အမြဲလိုလိုပိနေတာ၊ အဲဒီတော့ ငါတစ်ယောက်တည်းက အကုန်အောက်ခြေသိမ်းမလုပ်နိုင်ဘူး၊ ဟိုဇာတ် မင်းသား ရေကင်လိုတော့ တစ်ယောက်တည်း ခုနှထွေမလုပ်နိုင်ဘူး။ ပြီးတော့ ဗဟိုပုံနှိပ်ဌာနကြီးက အယ်ဒီတာတွေမှာ အလုပ်တွေ တောင်ပုံ ရာပုံပိနေတာကို သက်သာအောင် လုပ်နေတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါကလည်း အပြောလွယ်သလောက် အလုပ်ကျတော့ ခက်တယ်။ အဲဒီတော့ ဒီမယ်ဘေ့စ်ရာ ငါတို့မှားတာတွေကို ဒါလောက် သိအောင် ရေးကြီးခွင်ကျယ်လုပ်ပြီး ထောက်ပြနေမယ့်အစား မင်းနဲ့တခြား ကျန်တဲ့ကျောင်းဆရာတွေက တို့ကို ဝိုင်းဝန်းပြီး ကူညီညာလုပ်ကိုင်ပေး ကြရင် ပိုကောင်းမယ်ထင်တယ်။ မင်းတို့ထဲက တစ်ယောက်ယောက်လောက်

ဒီသမာဓိသတင်းစာ စာပြင်တဲ့နေရာမှာ အကူအညီသဘောမျိုးနဲ့ ဝင်လုပ် ပေးစမ်းပါဆိုတာ မင်းကိုပြောခဲ့တာ ဘယ်နှခါရှိပြီလဲ၊ ဆိုစမ်းပါဦး၊ ငါပြောတာတွေ ဟုတ်ရဲ့လားလို့...”

          အပတ်ဆဲ့ဗ်ကမူ သူ လုပ်နေကျထုံးစံအတိုင်း ဘယ်ဘက်လက်ကို အင်္ကျီအိတ်ထဲသို့နှိုက်လျှက် ဆေးတံမှ မီးခိုးများကို မှုတ်ထုတ်နေ လေသည်။ မျက်မှန်အထူကြီးများ၏နောက်မှ သူ့မျက်လုံးများပေါ်တွင် တစ်စုံတစ်ခုကို မဝေခွဲနိုင်သည့် အရိပ်အရောင်များပေါ်ပေါက်နေရာမှ သူပြောနေကျခပ်ပြတ်ပြတ်လေသံနှင့် ဝင်၍ပြောပြန်လေသည်။ “ဟုတ်ပါ တယ်၊ ဒါပေမယ့် လုံးလုံးကြီးတော့လည်း မဟုတ်ဘူးပေါ့၊ ဒီတိုက်မှာ အချိန်ပြည့်လာလုပ်ဖို့ဆိုတာတော့ ဘယ်ကျောင်းဆရာမှ စီစဉ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ၊ အရေးကြီးတဲ့ စာမူတွေက တစ်ခါတစ်ရံ ညမှာ ရောက်လာချင် ရောက်လာတတ်တာပဲ၊ ဒါပေမယ့် တစ်နည်းနည်းနဲ့ ကျုပ်တို့ အယ်ဒီတာအဖွဲ့အနေနဲ့ လူပြည့်စုံ

အောင် ထားဖို့လိုတယ်” ဟူ၍ပြောကာ မာ့ဇ်ဟာရော့ဗ်ဘက်သို့လှည့်ကာ “ကိုင်း... ဟုစ်ယာ၊ အဲဒီတော့ ကွန်မြူနစ် လူငယ်အဖွဲ့ဝင်တစ်ယောက် အနေနဲ့ရော၊ ကျောင်းဆရာတစ်ယောက်အနေနဲ့ပါ တို့ကို ကူညီစေချင် တယ်ကွာ၊ နာတာလ်ယာကို ရုရှားဘာသာ သင်ပေးဖို့လိုတယ်။ အဲဒီတော့ မင်းက ဘယ်လိုသဘောရသလဲ၊ လုပ်မယ်မဟုတ်လား၊ သူ့အတွက်လည်း သူ့ကို အပြစ်တင်တာ ကြားနေရတာထက်တော့ ဒီလိုဝင်ကူတာက သိပ်ပြီး ပိုကောင်းမယ်ထင်တယ်”

          “စာပြင်ဆရာကိုသင်ပေးဖို့လား၊ စိတ်ချပါဗျာ၊ ကျွန်တော် နေ့တိုင်း ကျောင်းဆင်းပြီးရင် တစ်နေ့ကိုတစ်နာရီလောက် အချိန်ရအောင်လုပြီး သင်ပေးမယ်” မာ့ဇ်ဟာရော့ဗ်က လိုလိုလားလားနှင့် အားတက်သရော ပြောလေသည်။

          သူသည် ခဏကြာလျှင် ရုံးခန်းထဲသို့ ရောက်သွားကာ နာတာလ် ယာအား စာသင်ခြင်း၏ အကျိုးရှိပုံများကို စိတ်ပါလက်ပါ ဆွေးနွေးပြနေ သည်မှာ နာတာလ်ယာ၏ဘဝတစ်ခုလုံးအတွက် ဒါသာလျှင် အရေးကြီး ဆုံးလို့ပင် ထင်မှတ်ရလေသည်၊ နာတာလ်ယာကလည်း ဆက်ဆက်သင်ပါမည်ဟူ၍ လက်ခံသဘောတူလိုက်လေသည်။

          သူမသည် မာဇ်ဟာရော့ဗ်ပြန်သွားပြီး မကြာမီ သားကလေးကို ညစာကျွေးရန် အိမ်ပြန်လာခဲ့လေ၏။

          မည်သည့်အလုပ်တိုက်တွင်မဆို လူသစ်တစ်ယောက်တိုးလာလျှင် ပြောစရာအကြောင်း တစ်ခုတိုးလာသည့် ထုံးစံအတိုင်း ဤသတင်းစာ တိုက်တွင်လည်း စာပြင်ဆရာအသစ်နှင့် ပတ်သက်၍ ပြောစရာတစ်ခု ဖြစ်နေလေသည်။ ငွေကိုင်စာရေးကြီးဆိုလျှင် စာပြင်ဆရာမလေး နာတာလ်ယာသည် သူမ၏အိမ်မှုကိစ္စ ဗာဟီရကလေးများမှတစ်ပါး သမာဓိသတင်းစာတိုက်တွင် အလုပ်ဆင်းချိန်၌ တခြားအပြင်အပကို လုံးဝသွားလာခြင်းမရှိကြောင်းဖြင့် တစ်တိုက်လုံးကို လျှောက်ပြောနေ လေသည်။ တိုက်တွင် တံမြက်စည်းလှဲသော ပရက်စ်ကော့ဗ်ယာဆိုသူ မိန်းမကြီးကလည်း ငွေကိုင်စာရေးကြီးပြောသမျှကို ထောက်ခံရုံမျှမက စာပြင်ဆရာမကလေးက သူ့သားလေးနှင့် နေ့တိုင်းအပြင်သို့ လမ်းလျှောက် ထွက်ရာ၌ မြို့ကြီးသူမြို့ကြီးသားတွေလုပ်သလို ကလေးကို အရုပ်ကလေး ပမာ ဝတ်ဆင်ပေးပြီး သုံးဘီးလှည်းကလေးနှင့် ထွက်လေ့ရှိကြောင်း များကိုပါ ဖြည့်စွက်ပြောလိုက်ချေသေးသည်။ 

          “သူ့အနေနဲ့ ကဗျာတွေ ဘာတွေကော နားလည်ရဲ့ လားဗျ” အသက်ဆယ်နှစ်သာရှိသေးသည့် စာစီသင်နေသော ကိုလ်ယာဆိုသည့် ကောင်ကလေးကလည်း ဝင်၍မေးလိုက်သေးသည်။

          ဒါကိုပင် စာပေဘက်ဆိုင်ရာ အယ်ဒီတာက “ဘာလုပ်မလို့လဲကွ၊ မင်းက သူနဲ့လရောင်အောက်မှာ တွဲလျှောက်ဖို့ စိတ်ကူးထားလို့လား” ဟူ၍ ရယ်မောကာ လှမ်းနောက်လေသည်။

          “ဒီကောင့်အနေနဲ့ ပိုးဖို့ပန်းဖို့အချိန် မရောက်သေးပါဘူးဗျာ၊ ဝါနုပါသေးတယ်” ဟု တိုက်အုပ်ဖြစ်သူ ဇက်ဗ်ယာလော့ဗ်က ခပ်တည်တည် လူကြီးလေသံနှင့် ဝင်ပြောလိုက်သည်။ “ဒီကောင်က နာတာလ်ယာ ဟာက ကဗျာတွေဘာတွေ စပ်တတ်တယ်။ ဒါမှမဟုတ် ကဗျာဆရာ မီဆာကော်ဗ်စကီးနဲ့ လူချင်းတွေ့ ဖူးတယ်လို့ ထင်နေတာဗျ၊ ဘာပဲဖြစ်ဖြစ် ကိုလ်ယာဆိုတဲ့ကောင် ကဗျာ မတောက်တခေါက် စပ်တတ်တယ်