လင်းခါး - ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
ပါးနုနု သွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း
ငါ့မှာ ရှေးရိုးစဉ်လာ အယူအဆအစွဲတွေ ရှိတုန်းပဲ
အောင်မြေသွားနင်းတာ၊
အိမ်ထဲမှာ လက်သည်းမညှပ်တာနဲ့
မွေးနေ့မှာ ဆံပင်မညှပ်တာမျိုးတွေ၊
ငါ့မှာ ကြိုရေးထားတဲ့ ကံကြမ္မာနဲ့ ချိန်းတွေ့ဖို့လောက်
စိတ်ထက်သန်နေမိတာပဲ။
ငါ့မှာ လုပ်အားကတော့ ကုန်ခန်းသွားပြီ
ဆိုပေမဲ့ ငါ့မှာ လိင်စိတ်ကတော့ အထူးနိုးကြား၊
ဆိုပေမဲ့ တနေ့ငါးမိနစ်လောက်
ဝိပဿနာ အားထုတ်ဖို့လည်း ဆန္ဒကရှိတုန်းပဲ။
ငါ့က တန်းတူညီမျှမှုကို ချစ်တယ်ဆိုပေမဲ့
သူတောင်းစားလေးက ပခုံးလာကိုင်တော့
ငါ အလန့်တကြားထခုန်မိတယ်၊ ပခုံးကိုတစ်ရှူးနဲ့ သုတ်မိတယ်
ဆိုပေမဲ့ သူထွက်သွားတာနဲ့ မျက်ရည်ကျမိပါတယ်။
ငါဟာ တယောက်တည်း မြစ်ကမ်းဘေးမှာထိုင်
ငါဟာ မြစ်ရေပြင်ကိုကြည့် ကျောက်ခဲတွေမြစ်ထဲပစ်ချ
ငါဟာ တောင်ပေါ်ကိုတက် ရှုခင်းတွေကြည့်
ငါဟာ ငါ့နာမည်ရှေ့မှာ ပြည်သူ့အတွက်လို့
ဆိုပေမဲ့ ငါဟာ မသိနိုးနားတွေကို
ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုချင်ပြန်တယ်။
ငါဟာ ဘယ်လိုပါလိမ့်
မမေးပါနဲ့ ငါဟာ ဘယ်လိုပါလိမ့်လို့
ငါဟာ ဘယ်လိုပါလိမ့်
သင် ပြောကြည့်လေး ။
၂၀၊ မေ၊ ၂၀၁၅
ချိန်းတဲ့ညနေ
လေယာဉ်ဆင်းသက်တာနဲ့
လေယာဉ်ပျံတက်သွားတာ
ဘယ်မြင်ကွင်းကို ပိုသဘောကျသလဲ တဲ့
ငှက်အော်သံကို ကြားရတဲ့အခါ
ငှက်ကို မြင်ချင်စိတ်ဖြစ်သလားတဲ့
အဲဒီလို မေးခွန်းတွေ
ငါဖြင့်
တဘဝလုံး မဖြေဆိုဖူးဘူး
ကောင်မတွေနဲ့ပြီးနေတာပဲ ပြောစမ်း
ဘာတွေသဘောကျနေတာလဲ ဟွန်း
ထမင်းစားပြီးပြီလား
ချစ်ရဲ့လားလို့ မေးနေတာဖြေလေ..
စသဖြင့်
ဒီလိုတွေ ရိုးရှင်းပါတော့လား
ဂနာမငြိမ်တဲ့ မျောက်လို မေးခွန်းများ
မြွေတွင်းထဲက ထွက်လာ
သင့်မှာ လန်းဆန်းမသွားဘူးလား။ ။
ဩဂုတ်၊ ၂၀၁၆။
ဗုံးဆန်ခြင်း
သောက်ရမယ့် ကော်ဖီဟာ အမာရွတ်ကြီးနဲ့
စားရမယ့် ထမင်းပန်းကန်တွေဟာ ထိလိုက်တာနဲ့
စိတ်ဒဏ်ရာ ပြန်ပြန်ရနေတယ်
စာအုပ်တွေဟာ ကိုင်ပါများတော့
သွေးတွေထွက်လာတယ်
အင်္ကျီက အမှောင်ကြောက်တဲ့ ရောဂါရှိပြီး
သက်တံတွေဟာ သူတို့ကုပ်ပေါ်
ဘာမှ တက်မလာနိုင်ဖို့ ကွေးထားကြတယ်
ဒါတွေကို ဗုံးမကွဲခင်အထိ မမြင်ရပေမဲ့
ကလေးတွေ ကစားနေကြတာကို မြင်ရတယ်။
နေရောင်ထဲ ကျည်ဆန်တွေ ဖောက်ဝင်နေတယ်
ဆည်းဆာကို ငေးနေတဲ့ လူအုပ်ကြောင့်
ခွေးဟာ တိမ်တောက်တာကို မဟောင်လိုက်ရ
နိုင်ငံရေးလှည့်ကွက်အနေနဲ့ နေဟာဝင်သွားပြီ
ဗုံးမကွဲခင်အထိ ဗုံးဆန်ဟာ သားသည်အမေလို
ကလေးတွေကို ပြုံးကြည့်လို့။
အဖေတွေရဲ့ လက်တွေဟာ
ရာဇဝတ်မှုမှာ တဖက်
ကလေးတွေရဲ့ ပခုံးပေါ်မှာ တဖက်
လည်ချောင်းထဲ အစာတွေကန်ချပေးဖို့
ခြေထောက်ကြွက်သားတွေကိုပဲ
ပုံပြင်တွေပြောပြနေရ
ပုံပြင်ထဲက ဗီလိန်တွေဟာ အမေတွေဖြစ်နေတယ်
ဗုံးဟာ မကွဲခင်အထိ ကလေးတွေကို
မြောက်မြောက်ပြီး မချီသေးဘူး။
အမှောင်ထဲ သစ်ရွက်တွေဟာ သွေးပျက်တိတ်ဆိတ်
အသိုက်နဲ့ သားပေါက်လေးတွေဆီ ပြန်လာတဲ့ ငှက်
ဆုံးရှုံးပြီးသား အသက်ပဲပါတော့တယ်
ဗုံးဟာ မကွဲခင်အထိ
ဘူးသီးကို လက်ညှိုးနဲ့ထိုးမိရုံနဲ့ ပုပ်ကုန်မယ်လို့
ကလေးတွေကို လိမ်ပြောနေတုန်း။ ။
၂၀၁၅။