Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝသုံးလုံး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခန်း (၁)

အသင်းသားသစ်တစ်ယောက် သွတ်သွင်းပုံ

ချမ်းအေးသော ဥတုရာသီတွင် မိုးကလေး တဖွဲဖွဲကျလျက် လေ တရှူးရှူး တိုက်ခတ်နေသည့်အတွက်ကြောင့် အရေးကြီးသော ကိစ္စ မရှိသည့် လူကောင်း၊ သူကောင်း ဟူသမျှတို့သည် အိပ်ရာထဲတွင် မနွေးနွေးအောင် စောင်ဖြင့်ထွေးကာ ကွေးလျက် အိပ်နေကြမည့်ညဉ့်မျိုး တစ်ညဉ့်၌ ရန်ကုန်မြို့ ဘုရင်မပန်းခြံ (ယခု ဗန္ဓုလပန်းခြံ) အနီး ကုန်သည်လမ်းဘက်တွင် မိုးကာအင်္ကျီကြီးကို ဝတ်လျက် မျက်နှာ တစ်ပိုင်းဖုံးအောင် ဦးထုပ်ကို ခပ်နိမ့်နိမ့်ဆောင်းထားသည့် လူတစ် ယောက်သည် တစ်စုံတစ်ယောက်သောသူကို စောင့်မျှော်နေသည့် လက္ခဏာနှင့် သံတိုင်များအနီးတွင် ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက် လျက်ရှိလေ၏။

မကြာမီ ဟိုက်ကုတ်လွှတ်တော် အဆောက်အအုံရှိ နာရီစင်ကြီးမှ ၁၁ နာရီထိုးသဖြင့် နောက်ဆုံးထိုးလိုက်သော နာရီချက်သည် လေထဲတွင်ဟိန်းလျက် ကျန်နေဆဲတွင် ခပ်သုတ်သုတ် မောင်းနှင်လာသော ဆီဒင် ကားကြီးတစ်စီးသည် ထိုသူ၏ အနီး လမ်းနံဘေးတွင် ရုတ်တရက် ထိုး၍ ဆိုက်ရပ်လိုက်လေ၏။

ကားရှေ့၌ ထွန်းထားသော မီးလုံးကြီးနှစ်လုံးမှာ ခပ်မှိန်မှိန် ရှိနေသည့်ပြင် ကားထဲတွင်ရှိသော မီးပွင့်ကလေးမှာလည်း ငြိမ်းထား သည့်အတွက်ကြောင့် ကားအတွင်း၌ မှောင်မည်းလျက်ရှိလေ၏။

စင်္ကြံလျှောက်လျက်ရှိသော လူသည် အနည်းငယ်မျှ ဆိုင်း စဉ်းစားပြီးနောက် ကားနံဘေးသို့ ရုတ်တရက် ချဉ်းကပ်၍ တံခါးကို ဖွင့်ပြီးလျှင် ကားထဲသို့ ဝင်၍ထိုင်လေ၏။ ကားထဲ၌ကား တစ်စုံတစ်ယောက်သောသူမျှ မပါဘဲ ဒရိုင်ဘာတစ်ယောက်တည်းသာလျှင် ရှေ့ပိုင်းတွင် ထိုင်လျက်ရှိရာ တက်လာသောလူမှာ မိမိပြုလတ္တံ့သော အပြုအမူ၏ လွန်မင်းစွာ အရေးကြီးလှသောအဖြစ်ကို သိနားလည် သည့် လက္ခဏာနှင့် ရင်ထဲ၌ တဒိန်းဒိန်းတဒိုင်းဒိုင်း လှုပ်ခုန်လျက်ရှိ၏။ ကားမောင်းလာခဲ့သော ဒရိုင်ဘာသည် လှုပ်ရှားခြင်းမပြုဘဲ ကျောက် ရုပ်သဖွယ် တည်ငြိမ်စွာ ထိုင်လျက်ရှိသည့်ပြင် ကားမှာလည်း ဆိုက် ရပ်မြဲတိုင်း ဆိုက်ရပ်လျက် ရှိသောကြောင့် အတန်ကြာအောင် တိတ် ဆိတ်စွာဖြင့် ငုတ်တုတ်ကြီး ထိုင်လျက်ရှိကြ၏။ နောက်ဆုံး၌...

ဒရိုင်ဘာ။ ။ “ဘယ့်နှယ်လဲ.. ဆုံးဖြတ်ပြီးပြီလား”

ခရီးသည်။ ။ “ဆုံးဖြတ်ပြီးလို့ မို့ လာခဲ့တာပေါ့ ။ ခင်ဗျား လိုချင်တာက ဘာလဲ၊ ဆိုစမ်းပါဦး။ ခင်ဗျားလိုချင်တာကို ပြောပြီး တော့ ကျုပ်က ကျုပ်လိုချင်တာ ပြောမယ်”

ဒရိုင်ဘာ။ ။ “ခင်ဗျားလိုချင်တာကို ကျုပ်သိပြီးပါပြီ။ ပြော နေဖို့ မလိုပါဘူး”

ခရီးသည်။ ။ “သိလျှင် ဆိုစမ်းဗျာ”

ဒရိုင်ဘာ။ ။ “ခင်ဗျားဟာ သူတစ်ပါးငွေကို သုံးပြီး ပြန် မစိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်နေတယ် ဟုတ်လား။ ဒီပြင်တစ်ချက်ကလည်း ဟိုရှေးတုန်းက ခင်ဗျားကျူးလွန် ခဲ့မိတဲ့ ပြစ်မှုတစ်ခုအကြောင်းကို ရန်သူတစ်ယောက်က သိထားလေတော့ ပုလိပ်လက် အပ်မှာကို ခင်ဗျား စိုးရိမ်ပူပန်နေတယ် မဟုတ်လား။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ဆေးတိုက်တစ် တိုက်မှာ အလုပ်လုပ်တဲ့ ခင်ဗျားမိတ်ဆွေတစ်ယောက်ဆီက အဆိပ် ရည် တစ်ပုလင်းကို ခင်ဗျား တိတ်တိတ်လေးဝယ်ထားပြီး စနေနေ့ မြင်းပွဲမှာ မြင်းမနိုင်လျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ခင်ဗျား ကြံ ရွယ်ထားတယ်မဟုတ်လား”

ခရီးသည်သည် မိမိ၏အတွင်းရေးများကို ထိုမျှလောက် ခရေစေ့ တွင်းကျ သိထားသည့်အတိုင်း ပြောပြသည်များကို ကြားရသောအခါ အံ့သြလှသည်နှင့် ပါးစပ်ကို ဟလျက် ငေးကြည့်နေမိရာ ဒရိုင်ဘာ လည်း ဖြည်းညင်းစွာ ရယ်မောလျက် ရှိလေ၏။ ထို့နောက်.. ။

ဒရိုင်ဘာ။ ။ “ကိုင်း ဒါဖြင့် ကောင်းပြီ။ ခင်ဗျားကို ဒီအခက် အခဲတွေက လွတ်အောင် ကျုပ်ကူညီလျှင် ကျပ်ခိုင်းတဲ့ကိစ္စကို ခင်ဗျား ဆောင်ရွက်ပေးမလား”

ခရီးသည်။ ။ “ဘယ်လို ကိစ္စမျိုးလဲ”

ဒရိုင်ဘာ။ ။ “ကိစ္စကတော့ ခင်ဗျားအဖို့ လွယ်ပါတယ်။ ကျုပ်ခိုင်းတဲ့အတိုင်း လုပ်ပေးရုံပါပဲ။ ခင်ဗျားအဖို့ ဘေးရန်လည်း မရှိ ဘူး။ ငွေလည်းကောင်းကောင်းရမယ်။ ကျုပ်ပေးအပ်တဲ့ ငွေစက္ကူတွေ ကို ခင်ဗျားက စုံအောင်ထုတ်ပြီး သုံးပေးရုံပါပဲ။ အပ်မည့် ငွေစက္ကူ တွေဟာ ပုလိပ်လက်ထဲမှာ နံပါတ်တွေ ရောက်နေလေတော့ ကျုပ်သုံး လျှင်တော့ ခဲယဉ်းတယ်။ ခင်ဗျားမှာတော့ ဘဏ်တိုက်မှာ ငွေစက္ကူချင်းလဲလိုက်ရုံပဲ။ ဘာမျှမခက်ခဲဘူး။ ဒီလိုလုပ်ပေးလျှင် ခင်ဗျားပေးစရာ ရှိတဲ့ အကြွေးတွေကို ကျုပ်က စိုက်ထုတ်ပြီး ဆပ်မယ်၊ ဘယ့်နှယ်လဲ”

ခရီးသည်။ ။ (ရုတ်တရက် အဖြေမပေးဘဲ) “ “ဝသုံးလုံး” အသင်းဆိုတာ ဘယ့်နှယ်ဟာလဲ”

ဒရိုင်ဘာ။ ။ “ဝသုံးလုံးအသင်းဆိုတာ ခင်ဗျားပဲ”

ခရီးသည်။ (အံ့သြစွာနှင့်) “ဘယ့်နှယ် ကျုပ်ဖြစ်နိုင်မှာလဲဗျ”

ဒရိုင်ဘာ။ ။ “ခင်ဗျားလည်း အသင်းသားတစ်ယောက်ပဲ။ ခင်ဗျားလို အသင်းသူ အသင်းသားပေါင်း တစ်ရာမကဘူး ရှိကြတယ်။ သို့သော် ခင်ဗျားကလည်း သူတို့ကို မသိဘူး။ သူတို့ကလည်း ခင်ဗျား ကို မသိဘူး”

ခရီးသည်။ ။ “နို့ ခင်ဗျားကကော”

ဒရိုင်ဘာ။ ။ “ကျုပ်ကတော့ အားလုံးကိုသိတယ်။ ဘယ့်နှယ် လဲ၊ ကျုပ်ပြောတာ သဘောတူပြီလား”

ခရီးသည်။ ။ (အနည်းငယ် စဉ်းစားပြီးမှ) “သဘောတူပါ ပြီဗျာ”

ဒရိုင်ဘာ။ ။ “ကိုင်း... ဒါဖြင့် ရော့”

ထိုအခါ ဒရိုင်ဘာသည် အတော်ပြည့်ဖောင်းအောင် ထည့်ထား သော စာအိတ်ကြီးတစ်လုံးကို လှမ်းပေးရာ ဝသုံးလုံးအသင်းသားသည် စာအိတ်ကြီးကိုယူ၍ အတွင်းအင်္ကျီအိတ်ထဲသို့ ထည့်လိုက်လေ၏။ ထို့နောက် ဒရိုင်ဘာက “ကိုင်း ဒါဖြင့် ဆင်းပေတော့” ဟု ပြောလိုက်ရာ ထိုလူလည်း မေးမြန်းခြင်းမပြုဘဲ ကားပေါ်မှ ဆင်းလာခဲ့လေ၏။အောက်သို့ ရောက်သောအခါ ထိုသူသည် ဒရိုင်ဘာ၏မျက်နှာကို မြင်လိုလှသည်နှင့် ရှေ့ပိုင်းသို့ လျှောက်လာ၍ ဆေးလိပ်ကို မီးညှိသည့် ဟန်ဖြင့် မီးခြစ်မည်ပြုလေရာ...

ဒရိုင်ဘာ။ ။ “မလုပ်နဲ့လေ၊ ကျုပ်ကို မသိချင်ပါနဲ့ ။ ကျုပ်ကို သိတဲ့လူဟာ လူ့ပြည်မှာ တယ်ပြီးကြာကြာမနေရတတ်ဘူး။ ဒါတစ်ခု တော့ မှတ်ထားလိုက်၊ ကြားရဲ့လား”

နောက်တစ်ခဏ၌ မော်တော်ကားလည်း ထွက်သွားလေရာ ထိုလူသည် ကားကို မျှော်ကာကြည့်ရင်း ဒူးများ ဆတ်ဆတ်တုန် လျက် ရပ်ကျန်ရစ်ခဲ့လေ၏။ တုန်လည်း တုန်ထိုက်လှပေ၏။ အကြောင်း မူကား ဤလူလောက်မျှမကသည့် ထိတ်ထိတ်ကြဲဆိုသော လူများပင်လျှင် ဝသုံးလုံးအသင်း၏ နယ်နိမိတ်အတွင်းသို့ ရောက်ကြရသည့်အခါ ဒူးတုန် ကြရမြဲသာလျှင် ဖြစ်ပေသောကြောင့်တည်း။

ဝသုံးလုံး

တရားခံတစ်ယောက်ကို ကြိုးပေးသတ်ရန် စီရင်ချက် ချမှတ်သည့်အခါ “မသေမချင်း သေအောင်သတ်ရမည်”ဟူသော ဥပဒေသည် မူလဥပဒေရေးဆွဲကတည်းက တည်ရှိလာခဲ့ပါမူ ဝသုံးလုံး အသင်းကြီး” ၏ | လက်ချက်ဖြင့် အသက်ဆုံးရှုံးကြရရှာသော လူတစ်ကျိပ်ခန့်တို့မှာ ယခု အချိန်အခါတွင် အသက်ရှင်လျက် ရှိကောင်းရှိနေကြပေလိမ့်မည်။

သို့ရာတွင် လူတို့ရေးဆွဲ အတည်ပြုကြရသော ဥပဒေများကို မဆိုထားဘိ၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဆုံးဖြတ်သတ်မှတ်တော် မူခဲ့သည့် ဝိနည်း ပညတ်တော်များပင်လျှင် အရေးအခွင့် ကြုံကြိုက် သည့်အခါတွင်မှ တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍ ဖြည့်စွက်ခြင်း၊ ပြင် ဆင်ခြင်း၊ ပြောင်းလဲခြင်း စသည်ဖြင့် အကြောင်းအားလျော်စွာ စီမံရ သည် ဖြစ်ရကား ဥပဒေစည်းကမ်းဟောင်းများ၌ ချွတ်ယွင်းချက်များတွေ့သဖြင့် ဥပဒေသစ်များဖြင့် ရံဖန်ရံခါ ဖြည့်စွက်ပြင်ဆင်ပေးရန် | လိုသည့်အဖြစ်ကို အံ့သြဖွယ်ရာ မရှိပေ။

တရားခံ လူဆိုးကြီးတစ်ဦးဖြစ်သော ဘိုဝမှာ ဥပဒေဟောင်း တစ်ခု၏ ချွတ်ယွင်းမှုကြောင့် ကြိုးစင်ပေါ်သို့ တက်ပြီးသည့်အခါမှ အသက်ချမ်းသာရာ ရခဲ့ဖူးသူတစ်ယောက် ဖြစ်လေသည်။

ဘိုဝမှာ လူသုံးလေးယောက်ကို သတ်၍ ဓားပြတိုက်သော အမှု အတွက်ကြောင့် ကြိုးမိန့်ကျသဖြင့် ကသာမြို့ ထောင်ကြီးတွင် ကြိုးစင် ပေါ်သို့ တက်ခဲ့ရဖူးလေရာ တပည့်ငယ်သားဖြစ်သော ဓားပြများကထောင်နှင့်ဆိုင်ရာ အရာရှိများနှင့်တကွ အာဏာသားကိုပါ လာဘ် ထိုး၍ လည်ပင်း၌ စွပ်သောကြိုးကို ဓားဖြင့် တဲတ်ကလေးကျန်အောင် လှီးထားလေရကား တရားခံ ဘိုဝကို ကြိုးစင်မှ ချလိုက်သည့်အခါ ကြိုးသည် ထောင်းခနဲ ပြတ်၍ ကျသွားလေ၏။

ဆိုင်ရာလူများလည်း ပွန်းပဲ့ရုံမျှလောက်သာ ရှိနေသော တရားခံ ဘိုဝကို ကြိုးစင်ပေါ်သို့ တစ်ဖန်တင်ကြမည် ပြုဆဲတွင် အဆင်သင့် စောင့်ဆိုင်းလျက်ရှိသော တရားခံ၏ ဝတ်လုံက တရားခံကို ကြိုးပေး ပြီးပြီဖြစ်သောကြောင့် ထပ်မံ၍ ကြိုးစင်ပေါ်သို့ တင်ခွင့်မရှိကြောင်းနှင့် အနီးရှိ တရားသူကြီးအား လျှောက်လဲလေ၏။ ။

နောက်ဆုံး၌ တရားသူကြီးသည် ကြိုးပေးခြင်းအလုပ်ကို ခေတ္တ | ရပ်ဆိုင်းစေ၍ တရားခံဘိုဝ၏အမှုကို ဆိုင်ရာရုံးတော်သို့ တင်ပို့ စစ်ဆေးစေရာ တရားသူကြီး၏ စီရင်ချက်တွင် “မသေမချင်း သေအောင် သတ်ရမည်” ဟူသော စကားမပါရှိဘဲ “ကြိုးပေးသတ်ရမည်” ဟူ၍သာလျှင် သာမန်ဖော်ပြပါရှိလေရတကား တစ်ကြိမ်ကြိုးပေးပြီး ဖြစ်သော တရားခံကို ကြိုးစင်ပေါ်သို့ ထပ်၍တင်ရန် အခက်အခဲ တွေ့ နေလေ၏။

နောက်ဆုံး၌ အကြီးဆုံးသော တရားဌာနဘက်ဆိုင်ရာ အရာရှိ ကြီးလည်း တရားခံဘိုဝကို တစ်ခါတည်းလွှတ်၍ မပစ်လိုက်သော်လည်း ဒုတိယအကြိမ် ကြိုးပေးရန် ဒွိဟသံသယ မကင်းသည်နှင့် ကြိုးမိန့်မှ တစ်သက်တစ်ကျွန်းပို့ အဖြစ်သို့ ပြောင်းလဲ အမိန့်ချမှတ် လိုက်လေ၏။

ဘိုဝမှာ တစ်ကျွန်းတွင် လေးငါးနှစ်ခန့် အပြစ်ခံပြီးနောက် အမှန်သတ္တိကောင်းသော လူတစ်ယောက်ဖြစ်သည့်အတိုင်း တိမ်းရှောင် | ထွက်ပြေးလာခဲ့၍ ဆိုးသွမ်းမြဲတိုင်း ဆက်လက်ဆိုးသွမ်းနေခဲ့ရာ

ထိုအချိန်အခါမှ ကြိုးမိန့်ပေးသော တရားသူကြီးများ၏ စီရင်ချက်၌ “မသေမချင်း သေအောင်ကြိုးပေးသတ်ရမည်” ဟူသော စကားကို ထည့်သွင်းရေးသားရန် အစဉ်အလာတစ်ခု ဖြစ်ပေါ်လာခဲ့ရပေတော့ သတည်း။