Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်ပဥ္စမတွဲ

Regular price 3,800 MMK
Regular price Sale price 3,800 MMK
Sale Sold out

ဂြိုဟ်မွှေတဲ့ငွေ

(၁)

လောကီမှုဆိုင်ရာ ပညာရပ်၌ အောက်ကျနောက်ကျရှိနေကြသော လူမျိုး များသည် အနောက်တိုင်းနိုင်ငံများ၌ ပေါ်ပေါက်သော မဂ္ဂဇင်း၊ သတင်းစာ၊ ဘိုင်စကုပ်စသည်တို့ကို ကြည့်ရှုခြင်းအားဖြင့် အပျင်းလည်းပြေ၊ ဗဟုသုတလည်း ပွားများကြသည်ဖြစ်ရာ အဆိုပါအလေ့အကျင့်သည် ကောင်းကျိုးသက်သက်ကို သာလျှင် ဖြစ်စေသည်မဟုတ်၊ ရံဖန်ရံခါ အတုမြင်အတတ်သင်ဟူသော စကားအရ မကောင်းသောအပြုအမူကို အတုခိုးခြင်းအားဖြင့် မကောင်းသောအကျိုးကိုလည်း ပေးတတ်လေသည်။ အချို့သောလူဆိုးများသည် မိမိတို့ ကိုယ်ပိုင်ဉာဏ်ဖြင့်ဆောင်ရွက်ရသော် ထိထိရောက်ရောက် ဆိုးသွမ်းနိုင်သော အစွမ်းသတ္တိ မရှိပါ ဘဲလျက် အင်္ဂလိပ်ဘိုင်စကုပ်များတွင် ပြသသော လူဆိုးများ၏ ပြုမူပုံကို အတုခိုး နည်းယူခြင်းအားဖြင့် ပုလိပ်အရာရှိများ ရုတ်တရက်ဖမ်းဆီးရန် မတတ်နိုင်သော ပြစ်မှုများကို ကျူးလွန်နိုင်ကြသည်ဖြစ်ရာ လွန်ခဲ့သောနှစ်က သုံးပွင့်ဆိုင်အသင်း ကြီး၏ ဥက္ကဋ္ဌဖြစ်သည့် ဥဩအမည်ခံသူ လူဆိုးကြီး၏ ပြုမူကျင့်ကြံခဲ့ပုံများသည် အထက်ပါစကား၏ မှန်ကန်ကြောင်းကို လုံလောက်သော ထောက်ခံချက် ကြီးတစ်ခု ဖြစ်စေခဲ့လေသည်။ ဥဩ၏ ပြုမူပုံများမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်နှင့် မင်္ဂလာဆောင်မည့်ဆဲဆဲရှိနေသော သတို့သမီးထံ ရှေးက အခြားသူတစ်ဦးဦးနှင့် ချစ်ကြိုက်ဖူးသည့် အဖြစ်အပျက်ကို ဖော်ထုတ်၍ ပြော လိုက်မည်ဟု ခြိမ်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ လာဘ်စားသော အရာရှိ အားလည်း ၎င်းလာဘ်စားသော အဖြစ်အပျက်ကို အထက်လူကြီးထံ တိုင်တန်း မည်ဟု ခြိမ်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ ရှက်ဖွယ်သော အမှုတစ်ခုကိုသည့် အကြောင်းရင်းကိုမူ သတင်းထောက်များကိုယ်တိုင် မသိရသောကြောင့် လည်းကောင်း၊ မခင်မြိုင်၏ မိဘဆွေမျိုးများက သိုဝှက်၍ ထားသောကြောင့် လည်းကောင်း မဖော်ပြဘဲ ထားခဲ့ကြလေသည်။

ဆရာမ မခင်မြိုင်သေဆုံးပြီးသည်နောက် ၆ လခန့်အတွင်းတွင် မြေပိုင်ရှင် ဦးထွန်းကျော်၏ သား မောင်ညွန့်ဖူးသည် အတွင်းဝန်ကြီး၏ ရုံးစာရေးကြီး ဦးတိုက်စိုး၏သမီး မစိန်ရီနှင့် ချစ်ခင်စုံမက်ကြသဖြင့် ဝါကျွတ်သောအခါတွင် လက် ထပ်ရန် စီမံပြီးဖြစ်၏။ ကျွန်ုပ်တို့ ရေးသားဖော်ပြသောအခါသည်ကား သီတင်း ကျွတ်လဆန်းစဖြစ်၍ မောင်ညွန့်ဖူးနှင့် မစိန်ရီတို့ မင်္ဂလာဆောင်နှင်းရန် အချိန်နီး ကပ်ခဲ့လေပြီ။ ထိုအတောအတွင်း၌ မောင်ညွန့်ဖူးသည် ဥဩထံမှ စာတစ်စောင် ရရှိလေ၏။ ၎င်းစာမှာကား

မစိန်ရီနှင့် လက်ထပ်ခဲ့လျှင် ရှိသမျှပစ္စည်း ဆုံးရှုံးစေမည်။

ဥသြ

မောင်ညွန့်ဖူးမှာ မြေပိုင်ရှင် သူဌေးဦးထွန်းကျော်နှင့် မိခင်ဒေါ်အေးမေတို့ သေဆုံးပြီးနောက် နှမ မတင်မေနှင့် အတူ ရန်ကုန်မြို့ ၅၂ လမ်းတွင် နေထိုင်လျက်ရှိရာ အမွေရရှိသော လယ်မြေများကို ကိုယ်တိုင်အုပ်ချုပ် လုပ်ကိုင် ခြင်းငှာ ဝါသနာမပါသည်ဖြစ်သောကြောင့် အများအားဖြင့် ရောင်းချ၍ တစ်သိန်းကျော်မျှသော ငွေများကို အင်ပီရီယယ်ဘဏ်တိုက်၌ အပ်နှံထားခဲ့လေသည်။ ဥဩခြိမ်းခြောက်သည့်အတိုင်း ရှိသမျှပစ္စည်း ဆုံးရှုံးစေမည်”ဆိုရာ၌ ရောင်းမစွံသော လယ်ဧကအနည်းငယ်မျှနှင့် ဘဏ်တိုက်တွင် အပ်နှံထားသော ငွေတစ်သိန်း ကျော်ကို ဆိုလိုဟန်လက္ခဏာ ရှိလေသည်။

မောင်ညွန့်ဖူးနှင့် မတင်မေတို့မှာ အထူးသဖြင့် ချစ်ခင်ကြင်နာကြသော မောင်နှမ ဖြစ်လေရကား မိဘနှစ်ပါးပင် သေဆုံးငြားသော်လည်း ပစ္စည်းများကို ခွဲဝေခြင်းမပြုဘဲ မောင်ညွန့်ဖူးကပင် အုပ်ချုပ်ထိန်းသိမ်းလျက် ရှိ၏။ မောင်နှမ နှစ်ယောက်လုံးတို့မှာ ဖြူစင်ထွားကျိုင်း၍ အထူးသဖြင့် လူရည်သန့်သော ရုပ်လက္ခ ဏာ ရှိကြသည်ဖြစ်ရာ အသက်မှာ ၂၅ နှစ်သားနှင့် ၁၈ နှစ်သမီး ဖြစ်ကြလေသည်။ ယင်းကဲ့သို့ အသက်ချင်း ကွာခြားသည့် အတွက်ကြောင့်လည်း နှမ မတင်မေသည် မောင်ညွန့်ဖူးအား မောင်မျှမက ဖခင်ကဲ့သို့ပင် ယုံကြည်အားထားသည်ဖြစ်၍ အမွေခွဲဝေခြင်းမပြုဘဲ တစ်ဦးတည်းအမည်နှင့် ဘဏ်တွင် အပ်နှံထားခဲ့ခြင်း ဖြစ်လေသည်။

မောင်ညွန့်ဖူးသည် ဥဩ၏ စာကို ရပြီးနောက် နှမ မတင်မေနှင့် လည်း ကောင်း၊ ရည်းစားမစိန်ရီနှင့်လည်းကောင်း တိုင်ပင်ပြီးလျှင် မိမိနှင့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်ခဲ့ဖူးသော စုံထောက် အင်စပိတ်တော် မောင်ထွန်းအုံအား အဖြစ် အပျက်ကို ပြောဆိုတိုင်တန်းရန် ဆုံးဖြတ်ကြလေ၏။ သို့ဖြစ်သောကြောင့် သီတင်း ကျွတ်လဆန်း ၈ ရက်နေ့ည ၉ နာရီခွဲခန့်တွင် မောင်ညွန့်ဖူးနှင့် မစိန်ရီ၊ မတင်မေ တို့သည် ဘိုင်စကုပ်မှအပြန် လွစ္စလမ်း"၌ နေထိုင်သူ စုံထောက် အင်စပိတ်တော် မောင်ထွန်းအုံ၏ နေအိမ်သို့ ကားတစ်စီးနှင့် ဆိုက်ရောက်လာကြလေ၏။

( ၂ )

စုံထောက် အင်စပိတ်တော်မောင်ထွန်းအုံမှာ ပုလိပ်အမှုထမ်းရိုးရာ ဖြစ်သည့်အလျောက် အင်္ဂလိပ်ကျောင်းမှ ထွက်သောအခါတွင် မန္တလေးမြို့ဆပ်ကျောင်း၌ ပုလိပ်အတတ်ကို သင်ပြီးနောက် စုံထောက်ဘက်သို့ ကူးပြောင်း အမှုထမ်းရွက်ခဲ့လေသည်။ ထိုသူမှာ သာမညစုံထောက်များထက် ထက်မြက်သော အရည်အချင်းနှင့် ပြည့်စုံသည်ဟု အထက်အရာရှိများက အယူရှိသည့်အလျောက် နှစ်ပေါင်းများစွာ မကြာမြင့်မီကပင် အင်စပိတ်တော် ရာထူးသို့ တိုးတက်ချီးမြှင့်ခြင်း ခံရသည်ဖြစ်ရာ ခက်ခဲနက်နဲသော အမှုများပေါ်ပေါက်သည့်အခါတိုင်း အထက် အရာရှိကြီးများသည် မောင်ထွန်းအုံသို့ လွှဲအပ်စေခိုင်းတတ်ကြလေသည်။ ။

မောင်ထွန်းအုံသည် မောင်ညွန့်ဖူးနှင့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်ဖူး ရုံမျှမက အထူးသဖြင့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြသည်ဖြစ်သောကြောင့် ကျောင်းပိတ်သောရက်များတွင် မောင်ညွန့်ဖူး၏ မိဘများရှိစဉ်က ၎င်းတို့၏ နေအိမ်သို့ ညဉ့်အိပ် ညဉ့်နေ သွားရောက်တည်းခို စားသောက်နေထိုင်ခဲ့ဖူးသည်ဖြစ်ရကား မတင်မေနှင့် လည်း ငယ်ရွယ်စဉ်ကပင် သိကျွမ်းခဲ့ကြလေသည်။

ထိုညဉ့်၌ မောင်ထွန်းအုံသည် ရွိုင်ယယ်ဟိုတယ်မှ ဘိလိယက်ကစား၍ ပြန်လာပြီး နောက် ၇-ရက်တစ်ပတ် ဒိုင်ယာရီကို စီစဉ်ရေးသားလျက်ရှိစဉ် ဧည့် သည်သုံးယောက်တို့သည် တိုက်ပေါ်သို့ တက်လာကြလေ၏။ သူငယ်ချင်းနှစ်ယောက်တို့မှာ တစ်မြို့တည်း၌ အတူနေဖြစ်သော်လည်း အလုပ်အကိုင်ချင်းလည်း မတူ၊ အပေါင်းအသင်းချင်းလည်းမတူသည် ဖြစ်သောကြောင့် မတွေ့ဆုံကြသည် မှာ အတန်ကြာလေပြီ ဖြစ်ရကား ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလေ၏။ ၎င်းနောက် မောင်ညွန့်ဖူးက မိမိရည်းစား မစိန်ရီနှင့် အသိအကျွမ်းဖွဲ့ ပေး၍ နှမ မတင်မေကို ပြသောအခါ မောင်ထွန်းအုံသည် အံ့အားသင့်လျက်ရှိ၏။ အကြောင်း သော်ကား မတင်မေကို နောက်ဆုံးတွေ့မြင်ရသောအခါက ဤမိန်းကလေးမှာ ကလန်ကလားနှင့် အချိုးအစားမကျသော သူငယ်မကလေးမျှဖြစ်လေရာ ယခုအခါ ၌မူကား လုံးကြီးပေါက်လှနှင့် ကြည်ရွှင်သောမျက်နှာထားရှိလျက် ချစ်ခင်ဖွယ် ကောင်းလှသော မိန်းမပျိုတစ်ယောက် ဖြစ်လာသည်ကို တွေ့မြင်ရပေသော ကြောင့်ပေတည်း။ မစိန်ရီ၏ရုပ်အဆင်းမှာမူ ဆိုဖွယ်မရှိတော့ချေ။ မောင်ထွန်းအုံ သည် မောင်ညွန့်ဖူးနှင့် လက်ထပ်မည့်ဆဲဆဲရှိသော ဆရာမ မခင်မြိုင်ကို မြင်ဖူး သဖြင့် သူငယ်ချင်းအား “တယ်ကံကောင်းတဲ့ လူတစ်ယောက်ပဲဗျာ”ဟု ချီးမွမ်းဖူး ရာ ယခုမှာကား “အထူးကံကောင်းတဲ့ လူတစ်ယောက်ပဲရံ့” ဟူ၍ ချီးမွမ်းမိပြန်၏။

ထွေရာလေးပါးစကားတို့ကို ရယ်မောပြောဆိုကြသဖြင့် မောင်ထွန်းအုံနှင့် မိန်းကလေးနှစ်ယောက်တို့မှာ အတော်အတန် မိတ်ကျွမ်းတဝင်ရှိလာကြသောအခါ တွင် မောင်ညွန့်ဖူးသည် တစ်ခုသောစကားလက်စသတ်ပြီးသည်အဆုံး၌ ဥဩထံမှ ရသောစာအကြောင်းကို ပြောပြလေ၏။ ထိုအခါ မောင်ထွန်းအုံက မိမိသည် သုံးပွင့်ဆိုင်အသင်း၏ခေါင်းဆောင် ဥဩသတင်းကို ကြားရဖူးသော်လည်း ၎င်း၏ အမှုနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ စုံထောက်ရသည့် အခွင့်အရေး မကြုံကြိုက် ခဲ့ကြောင်း၊ ဥဩဆိုသူမှာ သာမညလူဆိုးတစ်ယောက်မဟုတ်၊ အင်္ဂလိပ်စာကောင်း စွာ တတ်ကျွမ်း၍ အနောက်နိုင်ငံရှိ လူဆိုးအသင်းများ၏ အတ္ထုပ္ပတ္တိကို အင်္ဂလိပ် စာအုပ်များ၌ ဖတ်ရှုပြီးလျှင် ကျနအောင် နည်းယူထားသော လူတစ်ယောက် ဖြစ်သည်ဟူ၍လည်း ပုလိပ်ဘက်၌ သတင်းဖြစ်ပွားနေကြောင်း၊ မိမိမှာ နက်နဲခက်ခဲသော အမှုများကို စုံထောက်ခြင်း၌ အထူးပင်ဝါသနာပါသည်ဖြစ်သောကြောင့် မိတ်ဆွေတစ်ယောက်၏ ကိစ္စကို ဆောင်ရွက်ရင်း ယခုကဲ့သို့ ဥဩကို ခြေရာခံဖို့ အခွင့်ပေါ်ပေါက်လာသည်ကို အထူးပင်ဝမ်းမြောက်ကြောင်း၊ မိမိ၌ ထက်မြက်သော ဉာဏ်ရှိသည်ဟု အထက်လူကြီးများ ချီးမွမ်းကြသည့်အတိုင်း ချီးမွမ်းခြင်း ခံထိုက် သူဖြစ်ပါလျှင် ဥဩသည် မည်သူမည်ဝါ ဖြစ်သည်ကို ပေါ်ပေါက်အောင် စုံထောက် ပေးမည်ဖြစ်ကြောင်း၊ မစိန်ရီနှင့် လက်ထပ်ဖို့ကိစ္စမှာမူ အနည်းငယ်မျှ ဆိုင်း ဖင့်နွဲ့ခြင်းမရှိဘဲ ဆောင်နှင်းမြဲတိုင်း ဆောင်နှင်း ကြဖို့ အကြောင်းနှင့် ပြောပြလေ၏။

မောင်ညွန့်ဖူးကလည်း ဤကိစ္စနှင့်ပတ်သက်၍ ကုန်ကျသမျှ စရိတ်ငွေ ကိုမိမိက တာဝန်ခံပါမည်အကြောင်းနှင့် ကတိထားရာတွင် မောင်ထွန်းအုံက ဥဩနှင့်ပတ်သက်၍ နောင်ဖြစ်ပျက်သမျှသော အကြောင်းအရာကို မိမိထံ မဆိုင်းလင့်ဘဲ ချက်ချင်းသတင်းပေးပို့ ပါရန် အကြောင်းနှင့် သတိပေးလေ၏။ ၎င်းနောက် ဧည့်သည်သုံးယောက်တို့သည် အချိန်လင့်ပြီဖြစ်သောကြောင့် မောင်ထွန်းအုံအား နှုတ်ဆက်၍ တိုက်ပေါ်မှဆင်းလာကြလေရာ မောင်ထွန်းအုံလည်း တိုက်အောက် သို့ရောက်အောင် လိုက်၍ပို့လေ၏။

မောင်ညွန့်ဖူးတို့၏ကား ထွက်သွားပြီးနောက် မောင်ထွန်းအုံသည် တိုက် ရှေ့တွင်ရပ်ကာ ကားကို မျှော်လျက် ကြည့်နေရာမှ ရုတ်တရက်တိုက်ဖက်သို့ လှည့်လိုက်သည်တွင် ခရီးသွားတစ်ယောက်နှင့်တိုက်မိလေ၏။ မောင်ထွန်းအုံက မိမိသည့်အတွက်ကြောင့် တိုက်မိခြင်းဖြစ်၍ ယဉ်ကျေးသောသူတို့၏ ထုံးစံ အတိုင်း တောင်းပန်စကား ပြောကြားမည် ပြုရာတွင် ထိုသူသည် အနည်းငယ်မျှ ရပ်တန့်ဆိုင်းလင့်ခြင်းမပြုဘဲ အရေးကြီးလှသော ကိစ္စရှိသည့်လက္ခဏာနှင့် ခပ်သုတ်သုတ် လျှောက်သွားလေ၏။

၎င်းနောက် မောင်ထွန်းအုံသည် တိုက်ပေါ်သို့တက်လာ၍ အိပ်ရာသို့ ဝင်မည်ဟု ရှပ်အင်္ကျီကို ချွတ်ရာတွင် ရှပ်အင်္ကျီအိတ်ထဲ၌ ခုလုနေသော အရာတစ်ခု ကို စမ်းမိလေ၏။ မောင်ထွန်းအုံသည် ထိုအရာကို အင်္ကျီမှ နှိုက်ယူ၍ကြည့်သော အခါ ဂျပန်ဆိုင်၌ရောင်းသော ကျွဲကော်ရုပ်ကလေးတစ်ရုပ်ဖြစ်ကြောင်း တွေ့ရသဖြင့် အံ့သြလျက်ရှိရာမှ အရုပ်ငယ်၏ ခါးတွင် ပတ်ထားသော စက္ကူရွက်ကို ကြည့်ရာ အောက်ပါစာကို တွေ့ရလေ၏။

မဆိုင်သူ ဝင်မစွက်နှင့်”

မောင်ထွန်းအုံသည် ထိုစာကို မြင်ရသောအခါ လက်မှတ်ပင်မပါသော် လည်း ဥဩထံမှ စာဖြစ်ကြောင်း ရိပ်မိသော်လည်း မည်သည့်နည်းနှင့် မိမိအိတ်ထဲ သို့ ရောက်နေသည့်အကြောင်းကို ရုတ်တရက်မတွေးနိုင်သောကြောင့် အံ့အားသင့် လျက်ရှိနေ၏။ ထို့နောက်မှ တိုက်ရှေ့တွင် လူတစ်ယောက်နှင့် တိုက်မိသည့်အဖြစ် ကို သတိရ၍ ဥဩဆိုသူသည် နာမည်ကြီးသလောက် ရဲရင့်သောသတ္တိရှိ၍ မနှောင့် မနှေး မဆိုင်းမတွဘဲ တွင်ကျယ်အောင် အလုပ်လုပ်မည့် ပုဂ္ဂိုလ်တစ်ဦးပေတကားဟု စိတ်၌ချီးမွမ်းမိလေ၏။

( ၃ )

သီတင်းကျွတ်လဆုတ် ၅ ရက်နေ့သည်ကား မောင်ညွန့်ဖူးနှင့် အတွင်းဝန် ရုံး စာရေးကြီးဦးတိုက်စိုး၏သမီး မစိန်ရီတို့ မင်္ဂလာဆောင်နှင်းမည့်နေ့ဖြစ်လေရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဦးတိုက်စိုးနေထိုင်ရာဖြစ်သော ကရိလမ်း"၌ မော်တော်ကားများ ရှုပ်ထွေးလျက်ရှိနေ၏။ ၁၂ နာရီအချိန်တွင် အထက်တန်း မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း ပုဏ္ဏားများကို ပင့်ဖိတ်၍ လက်ထပ်မင်္ဂလာ အခမ်းအနားကျင်းပရန်ဖြစ်၏။

ယောက်ျားဧည့်ပရိသတ်များကို အိမ်ရှေ့ရှိ မဏ္ဍပ်ကြီး၌ ဧည့်ခံ၍ မိန်းမပရိသတ်များကိုမူ အိမ်အောက်ထပ်၌ ဧည့်ခံလေ၏။ ၁၁ နာရီခွဲအချိန်ခန့်တွင် သတို့သားသည် အိမ်ပေါ်သို့ တက်သွားလေရာ ၁၂ နာရီထိုးသဖြင့် ပုဏ္ဏားများနှင့် လက်ထပ်ခြင်းအခမ်းအနား ကျင်းပမည်ပြုရာတွင် သတို့သားလည်း မရှိတော့ချေ။ ဧည့်သည်များလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွား၍ နေအိမ်အထက်ထပ်၊အောက်ထပ်၌ အနှံ့အပြား ရှာဖွေကြပါသော်လည်း သတို့သား၏ အစအနကိုမျှ မမြင်ကြရချေ။ ဧည့်သည်တစ်ယောက်ကမူ ၁၁ နာရီခွဲ အချိန်ခန့်တွင် သတို့သား အိမ်ပေါ်သို့ တက်သွားသည်ကို သတိပြုမိကြောင်းနှင့် ပြောဆိုသဖြင့် အများ သိကြရ၏။ ၎င်းမင်္ဂလာဆောင်၌ အင်စပိတ်တော် မောင်ထွန်းအုံလည်း ရှိနေသည် ဖြစ်ရာ ဤသည်ကား ဥဩ၏လက်ချက်ပေတည်းဟု တွေးထင်မိသဖြင့် သူငယ် ချင်းအတွက် များစွာစိုးရိမ်ခြင်းဖြစ်၏။ ဧည့်သည်တို့လည်း နာရီဝက်မျှ ကြာသည့် တိုင်အောင် စောင့်ဆိုင်းနေကြပြီးနောက် သတို့သားသည် နောက်ဆုံးအချိန်တွင်မျှ စိတ်ပြောင်းလဲခြင်းဖြစ်၍ တိမ်းရှောင်သွားခြင်း ဖြစ်ချေသည်ဟု တွေးတော ကြပြီးလျှင် အသီးအသီး အိမ်သို့ပြန်ကြလေ၏။ ဥဩ၏ လက်ချက်ဖြစ်မည်ဟု တွေးတောမိသူများကား မောင်ထွန်းအုံ၊ မတင်မေနှင့် မစိန်ရီတို့သာလျှင် ဖြစ်လေ သည်။ အခြားဧည့်သည်များ ပြန်သွားကြသော်လည်း မောင်ထွန်းအုံသည် တစ်ယောက်တည်း ချန်လှပ်၍ နေရစ်ပြီးလျှင် မိန်းကလေးနှစ်ယောက်တို့အား မိမိ၏ ထင်မြင်ချက်ကို ပြောပြ၍ သူငယ်ချင်းမောင်ညွန့်ဖူးကို ပြန်၍မကွေ့သမျှ ကာလပတ် လုံး မအိပ်မနေ နေ့ရောညဉ့်ပါ ကြိုးစား၍ စုံထောက်ပါမည်အကြောင်းနှင့် ဝန်ခံ ကတိထားပြီး မှ ပြန်လာခဲ့လေ၏။

နောက်တစ်နေ့၌ မောင်ထွန်းအုံသည် အထက်အရာရှိကြီးအား မောင်ညွန့် ဖူး ပျောက်ဆုံးရခြင်းမှာ သုံးပွင့်ဆိုင်အသင်း၏ လက်ချက်ဖြစ်ကြောင်းနှင့်တကွ အဖြစ်အပျက်ကို ရေလည်အောင် ပြောပြပြီးလျှင် ထိုအမှုအတွက် မိမိအား လွှဲအပ် ရန် အခွင့်တောင်းလေရာ အထက်လူကြီးသည် တောင်းဆိုသည့်အတိုင်း ခွင့်ပြု လိုက်လေ၏။

( ၄ )

နောက်တစ်နေ့ည နေ၌ မစိန်ရီသည် အင်စပိတ်တော် မောင်ထွန်းအုံ၏ နေအိမ်သို့ လာရောက်၍ မိမိ၏သားရေအိတ်အတွင်းမှတွေ့သော စိန်နားကပ် တစ်ရန်ကို ပြလေ၏။ စိန်နားကပ်မှာ တစ်ဖက်လျှင် ရတီချိန် ၂၀ ခန့်မျှရှိ၍ ပထမတန်းစိန်ဖြင့် ပြုလုပ်ထားသည် ဖြစ်သောကြောင့် သူဌေးတစ်ဦးတစ်ယောက်