Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတို ၅ ပုဒ်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

ရွှေဥဒေါင်း

မောင်သိန်းတင်၊ မသိန်းရှင်*

ကျောင်းဒကာ ဦးဖာ၊ ကျောင်းအမ ဒေါ်သော့၊ သမီးခင်ပွန်း တို့သည် မိမိတို့၏အိမ်နီးချင်းပွဲစားကြီး ဦးဘမောင်၊ ပွဲကတော်ကြီး ဒေါ်သာယာတို့နှင့် ငယ်စဉ်ကပင် ရပ်ဆွေရပ်မျိုးဖြစ်ကြသည့်အလျောက် ဘုရားသွားဖော် ကျောင်းတက်ဖက် ရေစက်အတူ ကြည်ဖြူလေးမြတ်စွာ နှင့် တစ်ဦး၏ ကိစ္စကို တစ်ဦး အထူးဆောင်ရွက်လျက် အရာရာတိုင်း ၌ပင် တိုင်ပင်နှီးနှောလေ့ ရှိကြလေ၏။

ကျောင်းဒကာကြီး ဦးဖာ၌ မောင်သိန်းတင် အမည်ရှိသော သားတစ်ယောက်ရှိလေရာ ပွဲစားကြီးလင်မယား၌လည်း မသိန်းခင်၊ မသိန်းရှင်ဟု သမီးနှစ်ယောက်ရှိလေ၏။ သမီးအကြီး မသိန်းခင်မှာ ဘီအေ (B.A) အောင်ပြီး၍ အငယ်မသိန်းရှင်မှာမူ အပျိုပေါက် ကလေးပင် ရှိသေးလေ၏။ မောင်သိန်းတင်နှင့် မသိန်းရှင်တို့မှာငယ်စဉ်ကပင် ကစားဖော် ကစားဖက်ဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦးမောင်နှမအရင်းအချာကဲ့သို့ ချစ်ခင်စုံမက်လျက်ရှိခဲ့ကြရာ မောင်သိန်းတင် မှာ လူပျိုကလေးဖြစ်၍ မသိန်းရှင်မှာလည်း ရှက်ကြောက်တတ်သည့် အရွယ်သို့ပင် ရောက်သော်လည်း ၎င်းတို့နှစ်ဦးမှာ ငယ်စဉ်ကကဲ့သို့ပင် ခေါ်ခေါ်ပြောပြော အရောတဝင်နေထိုင်ကြလေ၏။ အမိအဖတို့လည်း နှစ်သက်ကြဟန် လက္ခဏာနှင့် တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ အမှတ် တမဲ့သာလျှင် နေကြလေ၏။ မောင်သိန်းတင်မှာ အင်္ဂလိပ်စာ ၉ တန်း တွင် သင်ကြားလျက်ရှိရာ အဖ ကျောင်းဒကာကြီးသည် ၎င်းအား ပညာတိုးပွားစေခြင်းငှာ မောင်ဘလှိုင်ရှိရာ ပွဲစားကြီး၏အိမ်သို့ နား မလည်သောအရာရှိလျှင် အလွယ်တကူ မေးမြန်းနိုင်ရန် ညတိုင်း သွား၍ စာကျက်စေလေ၏။

တစ်နေ့သ၌ မောင်သိန်းတင်သည် စာအုပ်များကိုပိုက်လျက် ပွဲစားကြီး၏ အိမ်သို့သွားရာ မောင်ဘလှိုင်နှင့် မသိန်းခင်တို့သည် အရိပ်ပြပွဲသို့ သွားရန် ပြင်ဆင်လျက်ရှိနေကြသဖြင့် မောင်သိန်းတင် အားလည်း မိမိတို့နှင့်အတူ လိုက်ရန် တိုက်တွန်းကြသော်လည်း မောင်သိန်းတင်မှာ စာမေးပွဲနီးပြီဖြစ်၍ မလိုက်လိုကြောင်းနှင့် တောင်း ပန်ပြီးလျှင် မိမိစာဖတ်နေကျဖြစ်သော စားပွဲတွင် စာဖတ်နေလေ၏။ ပွဲစားကြီးလင်မယားလည်း မှန်အိမ်များကို လက်ဆွဲလျက် ကျောင်းဒကာ ကြီးတို့နှင့်အတူ ဘုရားဝတ်တက်ရန်သွားကြလေ၏။ မောင်သိန်းတင် လည်း စားပွဲတွင် တစ်ယောက်တည်း စာဖတ်လျက် နေရာမှ ခြေသံ ကြားသဖြင့် လှည့်၍ကြည့်လိုက်ရာ မသိန်းရှင်သည် လက်ဖက်ရည် တစ်ခွက်ကို ကိုင်လျက်လာသည်ကိုမြင်လျှင်

အလို... မသိန်းရှင်၊ ရုပ်ရှင်ပွဲကို မလိုက်ဘူးလား”

“ခေါင်းနည်းနည်းကိုက်လို့ မလိုက်ဘူး မောင်သိန်းတင်ရှေ့၊

ကဲ စာဖတ်လို့ တော်တော်မောပြီ ထင်တယ်။ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပါဦး”

ဟုပြော၍ လက်ဖက်ရည်ခွက်ကို မောင်သိန်းတင်၏ရှေ့တွင် ချပြီးလျှင် အနီးရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက်နေလေ၏။ မောင်သိန်းတင်လည်း လက်ဖက်ရည်ခွက်ကို ယူသောက်၍ ကျေးဇူး တင်စကားပြောပြီးလျှင် စာဖတ်မည်ပြုပြန်ရာ မသိန်းရှင်သည် ထိုင်ရာမှ မထသေးဘဲ “အင်္ဂလိပ်စာများ အင်မတန်ခက်သလား” ဟုမေးလျှင်

လူမျိုးကွဲစာ သင်ရတယ်ဆိုတာ နည်းနည်းတော့ ခက်တာပေါ့ မသိန်းရှင်၊ မြန်မာစာလောက်တော့ ဘယ်လွယ်မလဲ”

နည်းနည်းတတ်ချင်ပါတယ်၊ သင်ပေးပါလား။ ကိုကိုက သင် မယ်ဆိုပြီး သင်လည်း မပေးဘူး”

ကိုကိုက သင်မပေးရင် ဒီက သင်ပေးပါမယ်၊ စာမေးပွဲပြီးတော့ သင်လည်း သင် အားပါလိမ့်မယ်” ။

တစ်နေ့က ဈေးကပြန်လာတော့ ကောင်ကလေးတစ်ကောင်က မိုင်ဆွီတားဆိုလား ဘာဆိုလား ပြောတာ ကြားလိုက်တယ်။ ဒါ ဘာဆိုသလဲ ပြောစမ်းပါ မောင်သိန်းတင်ရဲ့ ”

ဟု တကယ်မသိသော မျက်နှာထားနှင့်မေးလျှင် မောင်သိန်းတင် လည်း စာဖတ်လိုလှသဖြင့် စကားမရှည်လိုသောကြောင့် “နောက်တော့ သင်ပေးပါမယ်၊ အခု ခဏဆိုင်းလိုက်ပါဦး” ဟုပြောသဖြင့် မသိန်းရှင် သည် ထိုင်ရာမှထ၍ ပြတင်းပေါက်မှ မျှော်ကြည့်လိုက်လေလျှင် အပျိုကလေးတချို့တို့နှင့် ကလေးတို့သည် ရွှေလသာလှသည်နှင့် ထုပ်ဆီးတမ်းကစားလျက် နေကြသည်ကိုမြင်သဖြင့် “ဒီမှာ ကြည့် လှည့်စမ်း မောင်သိန်းတင်၊ ပျော်စရာကောင်းလိုက်တာ။ ထုပ်ဆီး တမ်းများ မကစားရတာ ကြာလှပြီ။ ခဏလောက်ဆင်းပြီး ကစားရရင်မကောင်းဘူးလား” ဟု ခေါ်၍ပြောလျှင် မောင်သိန်းတင်လည်း ထိုင်ရာ မှထလာ၍ “ခေါင်းကိုက်တဲ့လူကလည်း ထုပ်ဆီးတမ်းတော့ ကစားနိုင် ရောလား၊ မလုပ်ပါနဲ့ မသိန်းရှင်ရယ်။ စာမေးပွဲက နီးလှပြီ၊ စာကျက် စရာတွေကလည်း များသေးတယ်” ဟု ပြော၍ ပြတင်းပေါက်မှ နှစ်ယောက်သား ခါးထောက်လျက် ကြည့်နေကြလေ၏။ မောင်သိန်းတင် က

ခေါင်ကြောင်းစီးတဲ့ဟာက ဘယ်သူလဲ မသိန်းရှင်ရဲ့”

“ဟိုဘက်အိမ်က မမြမေကလေးလေ”

ဪ... သူ့အသားကလေးက လရောင်မှာတော့ တယ်ပြီး လှပါကလား၊ ချစ်စရာကလေးပဲနော်။ ဒါ့ကြောင့် မော်လမြိုင်သူများ လှတယ် ပြောကြတာထင်ပါရဲ့” ဟု ပြောလျှင် မသိန်းရှင်လည်း အနည်းငယ် မျက်နှာမသာဘဲ ။

မော်လမြိုင်သူ ဘယ်လိုပဲလှပေမဲ့ တစ်နေ့က ဦးကျော်ဒွန်းသမီး နားထွင်းမင်္ဂလာတုန်းက နားရံဖိတ်လို့ သွားကြတာ မောင်သိန်းတင် မြင်လိုက်တယ် မဟုတ်လား”

ဪ... မြင်လိုက်တယ်၊ သည်အရပ်က လေးယောက်ဖိတ် တယ် ထင်ပါရဲ့။ မိန်းမချောကလေးတွေ ချည်းပါပေပဲဗျာ၊ တယ်ချော တယ်လှ”

ဟုပြောလျှင် မသိန်းရှင်သည် မောင်သိန်းတင်၏မျက်နှာကို စေ့စေ့ ကြည့်လျက်

သည်လေးယောက်ထဲက ဘယ်သူက အချောဆုံးထင်သလဲ မောင်သိန်းတင်ရဲ့”

နေပါဦး... ဘယ်သူများ သာလိမ့်မည်၊ မမြမေကလေးရယ်။ မလှရင်ရယ်၊ မလှတင်ရယ်၊ ပြီးတော့ကော”

ပြီးတော့ ဒီကရယ်...”

ဪ... မသိန်းရှင်ရယ်လား၊ အင်း လေးယောက်စလုံးပဲ ကြည့်လို့ ကောင်းကြပါပေတယ်၊ တစ်မျိုးစီပါပဲ”

တစ်မျိုးစီတော့ ဟုတ်ပါပြီ မောင်သိန်းတင်ရဲ့ ၊ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး၊ ဘယ်သူက သာပြီး ကြည့်လို့ကောင်းသလဲ”

အင်း... မလှရင်ကတော့ နည်းနည်းအသားကလေး ညိုတယ်၊ မလှတင်ကတော့လည်း အရပ်က နည်းနည်းရှည်တယ်”

မမြမေကကော”

“မမြမေကတော့ မဆိုစလောက်ကလေး အရပ်ပုတယ်”

ဟုပြောပြီးလျှင် မသိန်းရှင်အား ခြေဆုံးခေါင်းဆုံးကြည့်လျက် နေရာမှ

မသိန်းရှင်ကတော့ အပြစ်ရှာစရာ ကြည့်လို့ မမြင်ပေဘူးဗျာ” ဟု ပြုံးလျက်ပြောလိုက်ရာ

ခုတင်ကတော့ မမြမေကလေးက လှတယ်ဆို”

လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံးတဲ့၊ မော်လမြိုင်သူ ဘယ်လို ပင် လှပေမဲ့ သည်က ရွှေမန်းသူတော့ ဘယ်မီနိုင်မလဲ”

ဟု ပြောင်သလိုလို မျက်နှာထားနှင့် ပြောလိုက်သောအခါ မသိန်းရှင်သည် မိမိ မေးမိသည်ကို အရှက်ရ၍ မျက်နှာပူပူနှင့် ဦးခေါင်း ကို အောက်ချလျက် နေလေ၏။

မောင်သိန်းတင်လည်း မိမိ ပြောမိသည့်စကားအဓိပ္ပာယ်ကို စေ့စေ့ပြန်၍ စဉ်းစားမိလျှင် အနည်းငယ်မျက်နှာပူသည်နှင့် ပြတင်း ပေါက်မှ အိမ်သို့ လှမ်း၍ကြည့်လိုက်ရာ “မုန့်ဖက်ထုပ်၊ မုန့်ဖက်ထုပ်” ဟု ဟစ်၍ရောင်းနေသော မုန့်သည်ကြီးကို မြင်လျှင် “မုန့်ဖက်ထုပ်က ကောင်းပုံပေါ်သည်” ဟု အရှက်ပြေပြောပြီးလျှင် မုန့်သည်ကြီးကို အိမ်ပေါ်သို့ခေါ်၍ မုန့်အနည်းငယ် ဝယ်ယူစားသောက်ကြလျှင် မုန့်သည် မိန်းမကြီးလည်း ၎င်းတို့နှစ်ဦးကို သေချာစွာ ကြည့်လျက် “တယ်ပြီး ရှေ့သွားနောက်လိုက် ညီပါပေတယ်တော်၊ ကြည့်လို့ မပြီးပါပေဘူး၊ ယခု မုန့်ဖက်ထုပ်ဝယ်စားရတဲ့အကျိုး၊ တစ်ယောက်အပေါ်၌ တစ်ယောက် မုန့်ကဲ့သို့ ချိုပြီးလျှင် အိုအောင် မင်းအောင် ပေါင်းရပါစေ” ဟု ဆုတောင်းပြီးလျှင် မုန့်ဗန်းကိုပင့်၍ အိမ်ပေါ်မှ ဆင်းသွားလေ၏။ မသိန်းရှင်လည်း မုန့်သည်အဒေါ်ကြီး အထင်လွဲ၍ပြောသွားသည်ကို ကြားသဖြင့် များစွာ မျက်နှာထားခက်လျက် ရှိရသည့်အတွက် မောင်သိန်းတင်က “အဒေါ်ကြီးက ဘယ့်နှယ်များ အောက်မေ့သွားပါ လိမ့်မည်၊ ကြားလိုက်တယ် မဟုတ်လား မသိန်းရှင်၊ အဒေါ်ကြီး ပြောတာ ဘယ့်နှယ်သဘောရသလဲ” ဟု ခပ်ပြုံးပြုံး မျက်နှာထားဖြင့် မေးလိုက်လျှင် မသိန်းရှင်သည် မောင်သိန်းတင်၏ မျက်နှာကို မော်ကြည့်ပြီးလျှင် လက်ဖက်ရည်ပန်းကန်ကိုယူ၍ ထသွားလေ၏။

မောင်သိန်းတင်၊ မသိန်းရှင်တို့သည် ငယ်စဉ်မှစ၍ တစ်မိ ဝမ်းတွင်း အတူဆင်းကြသည့် မောင်ရင်းနှမသဘော အရောတဝင် ခေါ်ငင်ပေါင်းသင်းလျက် လာခဲ့ကြရာ ထိုနေ့မှသည် တစ်ဦးကိုတစ်ဦး မခေါ်ဝံ့ မပြောဝံ့၊ တစ်ဦးရှိရာတစ်ဦး မလာဝံ့ကြဘဲ အမူကွဲပြားလျက် ရှိကြကုန်၏။ ထိုသို့ပင်ရှိကြသော်လည်း တစ်ဦးကိုတစ်ဦး ရှေးကထက် နှစ်ဆထမ်းပိုး မြတ်နိုးချစ်ခင် မမြင်လျှင် မနေနိုင်ခမန်း ရှိကြသည် အဖြစ်ကို နှစ်ဦးလုံးပင် သိရှိကြလေ၏။

ဤသို့ ၂ လကျော် ၃ လခန့်ရှိခဲ့လေရာ မောင်သိန်းတင်မှာ ၉ တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုပြီးဖြစ်သဖြင့် မောင်သိန်းတင်၏ အမိအဖတို့မှာလည်း သားအား ပညာဆက်လက်သင်ကြားရန် မတတ် နိုင်မူ၍ ရွှေဘိုမြို့ အရေးပိုင်မင်းရုံးတွင် စာရေးအလုပ်တစ်ခု လစ်လပ်သည်နှင့် မောင်သိန်းတင်အား လျှောက်ထားစေရာ မောင်သိန်းတင် လည်း ၎င်းအလုပ်ကို ရရှိလေ၏။ ၎င်းအကြောင်းကို မသိန်းရှင် တို့၏အဖပွဲစားကြီး ကြားသိလေလျှင် များစွာ ပြစ်တင်ပြောဆို၍ မောင်သိန်းတင်ကို ရန်ကုန်ကောလိပ်ကျောင်းတွင် ပညာသင်ကြား နိုင်စေရန် မိမိကပင် စရိတ်ကြေးငွေ စိုက်ထုတ်ချေးငှားပါမည်ဟုကျောင်းဒကာကြီးအား အတန်တန် ပြောဆိုပါသော်လည်း ကျောင်း ဒကာကြီးမှာ သားတစ်ယောက်တည်းဖြစ်သည့်ပြင် မိမိ၌လည်း အိုမင်း မစွမ်းရှိသည်ဖြစ်၍ ကျောထောက်နောက်ခံဆိုဘိသကဲ့သို့ ရစေခြင်းငှာ မိမိတို့မသေမီအတွင်း သားနှင့် ကြာရှည်စွာ ခွဲခွာ၍မနေလိုကြောင်းနှင့် ပြောဆို၍ ပွဲစားကြီးအားလည်း မိတ်ဆွေတို့ ဝတ္တရားရှိသည့်အတိုင်း စောင်မကြည့်ရှုပေသည်ကို များစွာ ကျေးဇူးတင်စကားပြောပြီးလျှင် သားအမိ သားအဖသုံးယောက်တို့သည် ရွှေဘိုသို့သွားရန် ပြင်ဆင် ကြလေ၏။

မောင်သိန်းတင်လည်း ညှိုးငယ်သော မျက်နှာဖြင့် ပွဲစားကြီး အိမ်သို့ သွားရောက်၊ အသီးသီးတို့အား ထိုက်သည့်အားလျော်စွာ ဝမ်းနည်းကြောင်း ပြောဆိုပြီးလျှင် မသိန်းရှင်ကို မမြင်ရသေးသည်နှင့် ခပ်ဆိုင်းဆိုင်းလုပ်၍နေရာ မသိန်းခင်လည်း မောင်သိန်းတင်၏ မျက်နှာထားကို ရိပ်မိသဖြင့် ညီမအငယ်ရှိရာသို့ တက်သွားပြီး တအောင့် ကြာလျှင် ပြန်ဆင်းလာ၍ နှမ မသိန်းရှင်မှာ ခေါင်းကိုက်၍နေသဖြင့် ဆင်းမလာနိုင်ကြောင်းကို ပြောလေလျှင် မောင်သိန်းတင်လည်း မသာယာသော မျက်နှာဖြင့် ပြန်ခဲ့ရလေ၏။ အိမ်ပြင်သို့ရောက်လျှင် မသိန်းရှင်အား မမြင်ရလျှင် မနေနိုင်မူ၍ အိမ်ဘက်သို့ လှည့်ပြီးလျှင် ပြတင်းပေါက်သို့ကြည့်လိုက်ရာ မသိန်းရှင်လည်း တံခါးကြားမှ ချောင်း ၍ ကြည့်နေသည်ဖြစ်သောကြောင့် မျက်နှာကို မမြင်ရဘဲ အင်္ကျီစ