Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - သိရိဓမ္မာသောကမင်းကြီးတံဆိပ်တော်နှင့်အခြား၀ထ္ထုတိုများ

Regular price 2,100 MMK
Regular price Sale price 2,100 MMK
Sale Sold out

သီရိဓမ္မာ သောကမင်းကြီးတံဆိပ်တော်

ကျွန်တော်နှင့် ဦးစံရှားသည် ဘူတာရုံမှဆင်း၍ ခြေကျင်လျှောက်လာစဉ် ယမန်နေ့ ညနေစောင်းအချိန်က ရွာချထားသော မိုးကလေးကြောင့် ဖုန်သိပ်၍ပြောင်စင်လျက်ရှိသော မြေကြီးပေါ်တွင် အချို့နေရာများသည် ကွင်းကွင်းကွက် ကွက် ထင်ရှားစွာ ပေါ်ထွက်နေသည်ဖြစ်၍ ဦးစံရှားသည် ကျွန်တော်နှင့် ပြောလာသော စကားကိုဖြတ်ကာ ယင်းခြေရာများကို ဂရုတစိုက် ကြည့်ရှုလာသည့် လက္ခဏာနှင့် ဆိတ်ငြိမ်စွာ လျှောက်လာလေ၏။

ကျွန် ။ ။ “ဘာတုံးဗျ ဦးစံရှား၊ ခြေရာတွေမှာ ဘာတွေများ ထူးထူးဆန်းဆန်း တွေ့ နေပြန်သလဲ”

ရှား ။ ။ “ထူးဆန်းတယ်လို့တော့ မဟုတ်ပါဘူးဗျာ၊ ပြောင်နေတဲ့ မြေကြီးပေါ် မှာ လူနှစ်ယောက်ယှဉ်ပြီးတော့ လမ်းလျှောက်သွားတာ ထင်းထင်းကြီးဖြစ်နေလို့ ကျုပ်ဝါသနာအတိုင်း လိုက်ကြည့်နေမိတာပါပဲ”

ကျွန် ။ ။ “တစ်ယောက်ခြေရာကတော့ ကြက်ပေါင်ခံ ရွက်ဖျင်ဖိနပ်နဲ့တူတယ်။ တစ်ယောက်ကတော့ သားရေဖိနပ်နဲ့ပဲ တူရဲ့ ..။

ကြက်ပေါင်ဖိနပ်ရာကြီးကဖြင့် တံဆိပ်ရော ဘာရော သိပ်ထင်းနေတာပဲဗျို့၊ ဒါထက် နေပါဦးဗျာ၊ ဒီခြေရာနှစ်စုံဟာ အတူယှဉ်ပြီးလျှောက်တယ်လို့ ခင်ဗျား ဘယ့်နှယ်လုပ်ပြီး ပြောနိုင်သလဲ”

ရှား ။ ။ “ခင်ဗျားက ခုမှကြည့်တာကိုး၊ ကျုပ်က တစ်လျှောက်လုံးကြည့်လာခဲ့ လို့ ပြောနိုင်တာပေါ့။ သူတို့ခြေလှမ်းနဲ့ ဖိနပ်ဆိုက်က ၇ ခွဲ ၈ ထက်မနည်း ရှိနေကြတာကို ထောက်ခြင်းအားဖြင့် နှစ်ယောက်စလုံး အရပ်ခပ်မြင့်မြင့်ရှိရမယ်ဆိုတာတော့ ခင်ဗျား သိပြီးသားပဲ။ နို့ပေမဲ့ ထူးဆန်းတာတစ်ချက်ရှိတယ်ဗျ။ သေသေချာချာ ကြည့်စမ်း ......။

သူတို့နှစ်ယောက်စလုံး တုတ်တစ်ချောင်းစီကိုင်ပြီး လျှောက်လာတာကို သတိပြုမိရဲ့ လား၊ ထုံးစံအတိုင်းက တုတ်ကို မြေကြီးမှာထောက်ပြီးတော့ လျှောက် ရင် ကျုပ်ပြောတဲ့အတိုင်း လေးလှမ်းမှာ တစ်ချက် မှန်မှန်ထောက်တယ်။ ဒီဘက်က သားရေဖိနပ်နဲ့လူကတော့ ခြေလေးလှမ်းမှာ တစ်ချက် တစ်ချက် မှန်မှန်ကြီးထောက် ရတယ် ...။

ဟိုဘက်က ကြက်ပေါင်ဖိနပ်နဲ့လူကတော့ ခြေနှစ်လမ်းမှာ တစ်ချက်စီ ထောက်သွားတယ်ဗျ။ သူ့တုတ်ရာကလည်း မြေကြီးထဲမှာ အများကြီး မြုပ်ဝင်သွား တယ်။ သူ့ရဲ့ ညာဘက်ခြေရာတိုင်းမှာ တုတ်ချက်ကလေး တစ်ချက်တစ်ချက် ကပ် ပြီး ထောက်သွားတယ်။ ဒီဟာ ခင်ဗျား ဘယ်လိုအဓိပ္ပာယ်ရသလဲ” ကျွန် ။ ။ “ကျွန်တော့်အထင်တော့ ခြေလှမ်းမှန်မှန်မလျှောက်နိုင်လို့ တုတ်ကို အားပြု သွားရတယ် ထင်တာပဲ”

ရှား ။ ။ “ခင်ဗျား တော်ပေသားပဲါ ကိုသိန်းမောင်။ တုတ်ရာနက်နေ တာကလည်းပဲ ဒီအချက်ကို ထောက်ခံထားတယ်။ ကောင်းပြီ၊ တုတ်ကို အားပြုရ တယ်ဆိုတာ ဘာကြောင့်ဖြစ်နိုင်သလဲ”

ကျွန် ။ ။ “အသက်ကြီးလို့ ၊ အိုလို့၊ သို့ မဟုတ် မကျန်းမာလို့ သို့ မဟုတ် ခြေမသန်လို့ တစ်ခုခုဖြစ်ရမှာပေါ့ဗျာ” ရှား ။ ။ “ဒါလည်း မှန်ပေသဗျာ၊ နှစ်ယောက်ယှဉ်ပြီးတော့ လျှောက် တယ်ဆိုတာက လမ်းတစ်လျှောက်လုံးမှာတော့ ခြေရာနှစ်စုံဟာ အကွာအဝေး ညီညီ မှန်မှန် ရှိနေတာကို တွေ့ရတာကတစ်ကြောင်း၊ ပြီးတော့ ဟောဒီလမ်းကျဉ်းကလေးရောက်တော့ တွေ့လားပျို့၊ နှစ်ယောက်ယှဉ်ပြီး မလျှောက်နိုင်တော့ သားရေဖိနပ် နှင်းထားတဲ့ ခြေရာပေါ်ကို ကြက်ပေါင်ဖိနပ်က လိုက်ပြီးနင်းထားတယ်။ ခုနတုန်း က လမ်းကျဉ်းကလေးတစ်ခုမှာ ကျုပ် သတိပြုခဲ့သေးတယ်။ အဲဒီတုန်းကတော့ ကြက်ပေါင် ဖိနပ်ရာပေါ်ကို သားရေဖိနပ်က ထပ်ပြီးချထားတာ တွေ့ခဲ့ရတယ်။

ခြေရာနှစ်စုံဟာ တစ်စုံပေါ်မှာတစ်စုံ တစ်လှည့်စီထပ်ပြီး နင်းထားတာ တွေ့ရခြင်းအားဖြင့် ဒီလူနှစ်ယောက်ဟာ တစ်ချိန်တည်း အတူတူလျှောက်လာကြ တယ်ဆိုတာ ထင်ရှားနေတယ် မဟုတ်လားဗျ။ သူတစ်လှည့် ငါတစ်လှည့် ရှေ့က လျှောက်ကြလို့ပေါ့ဗျ”

ကျွန် ။ ။ “ကျေနပ်ပါပြီဗျာ”

ရှား ။ ။ “ကိုင်း ... ဒါထက် ဟောဒီတုတ်ရာနှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီး ခင်ဗျား အဓိပ္ပာယ်ကောက်ပြစမ်းပါဗျာ”

ကျွန်တော်သည် ခြေရာများ၏နံဘေးတွင် ထောက်သွားသော တုတ်ရာများ ကို သေချာစွာ နှိုင်းယှဉ်ကြည့်သော်လည်း သိသိသာသာ ခြားနားခြင်းရှိသည်ကို မတွေ့နိုင်ဘဲ ဖြစ်နေမိလေ၏။ သို့ဖြစ်၍ ... ။ ကျွန် ။ ။ “ကျွန်တော့်မျက်စိမှာတော့ တုတ်ရာတစ်ခုနဲ့တစ်ခုဟာ ခပ်ဆင်ဆင်ပါ ပဲ။ ကြက်ပေါင်ဖိနပ်နဲ့လူ ကိုင်တဲ့တုတ်က နည်းနည်းတုတ်တယ်၊ သားရေဖိနပ်နဲ့လူ ကိုင်တဲ့တုတ်က တွင်းရာကလေးတွေ နက်တယ်။ နည်းနည်းသေးဟန်တူတယ်။ ဒါလောက်ပဲ ကျွန်တော်ပြောနိုင်တာပဲ”

ရှား ။ ။ (ဦးခေါင်းရမ်းလျက်) “မဟုတ်သေးဘူး ကိုသိန်းမောင်၊ အရေး ကြီးတဲ့ အချက်တစ်ခုကို ခင်ဗျား လွှတ်ထားခဲ့ပြီ”

ကျွန် ။ ။ “ဘာလဲဗျာ၊ ဘယ်အချက်က အရေးကြီးတာလဲ”

ရှား ။ ။ “ပထမအချက်က ဒီလိုဗျ၊ သားရေဖိနပ်နဲ့ လူရဲ့ တုတ်ရာဟာ သူ့ညာ ဘက် ခြေရာတိုင်းမှာ တစ်ခုစီချထားတယ်။ ဒုတိယအချက်က သူ့တုတ်ရာတိုင်း မှာ ရှေ့ပိုင်းနဲ့ လက်ယာဘက် ခပ်စောင်းစောင်းမှာ နည်းနည်းစီ တိမ်တယ်ဗျ။ ခင်ဗျား သေသေချာချာကြည့်စမ်း”

ကျွန်တော်သည် တုတ်ရာများကို မီးခြစ်ဆံတစ်ချောင်းဖြင့် သေချာစွာ တိုင်း ထွာကြည့်ရာ ဦးစံရှားပြောသည့်အတိုင်း ရှေ့ပိုင်းနှင့် လက်ယာဘက် ခပ်စောင်း စောင်းတွင် အနည်းငယ်တိမ်လျက်ရှိသည်ကို တွေ့ရလေ၏။

ကျွန် ။ ။ “တိမ်တာတော့ ဟုတ်ပါပြီဗျာ၊ ဒါ ဘယ်လိုအဓိပ္ပာယ်ကောက်သလဲ”

ရှား ။ ။ “ခင်ဗျား စဉ်းစားပါဦးလေ၊ ကျုပ်နဲ့ ပေါင်းနေတာ ဒီလောက်ကြာပြီ။ တွေးလုံးတစ်ခုမှ မဖော်နိုင်ဘူးလားဗျာ”

ကျွန် ။ ။ “ကိုင်း ..... ဒီလိုဆိုရင်ဖြင့် သူကိုင်တဲ့တုတ်ဟာ ရှေ့ဘက်ပိုင်းဆီက နည်းနည်းလွန်းနေလို့ပေါ့ဗျ”

ရှား ။ ။ “ဒီဟာ သဘာဝကျရဲ့ လား၊ စဉ်းစားကြည့်စမ်းဗျ၊ ဒီကိစ္စကလေးဟာ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်ဗျ”

ကျွန် ။ ။ “တုတ်ပွန်းတာတော့ ကိုင်တာကြာလို့ ပွန်းတာပေါ့။ သဘာဝကျသား

ရှား ။ ။ “တော်သေးပြီဗျာ၊ ခင်ဗျားကို ညှဉ်းထားလိုက်ဦးမယ်၊ ဟောဟိုကဝတ်လုံတော်ရ ဦးဘကျော်လည်း ကျုပ်တို့ကို လာကြိုနေတယ်။ နောက်များမှပဲ ဆက်ပြောကြဦးစို့”

ဝတ်လုံတော်ရ ဦးဘကျော်သည် ဝင်းပေါက်တွင် ရပ်လျက် မျှော်ကြည့်နေ ရာမှ ကျွန်တော်တို့ကို မြင်သောအခါ ပျာယီးပျာယာ လျှောက်လာလေ၏။ အနီးသို့ ရောက်သောအခါ ဦးဘကျော်က ... ။

ဒီရထားနဲ့ ပါလာလိမ့်မယ်ထင်လို့ ကျွန်တော် လာကြိုမယ်လို့ဟာ၊ နည်း နည်းကလေး နောက်ကျသွားတဲ့အတွက် ဝမ်းနည်းပါတယ်ဗျာ။ ဦးစံရှား လာတဲ့ အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းတော့ အမှုက ခပ်ရှင်းရှင်းဖြစ်နေလို့ ဦးစံရှား လာမှလာပါ့မလားလို့ ကျွန်တော် အောက်မေ့နေ တာ။ လာတာလည်း ကောင်းတာပါပဲလေ”

ဟု ပြောလေ၏။

ထိုအခါ ကျွန်တော့်မှာ ဝမ်းသာအားရ မရှိလှသော ကြိုဆိုပုံကို မကျေနပ် သဖြင့် စိတ်ထဲ၌ ခုတုတု ဖြစ်သွားမိသည်။

ရှား ။ ။ “ခင်ဗျားကြေးနန်းကတော့ သူ့ဟာသူ သတ်သေတာ မထင်ရှားသလို လို ဘာလိုလိုကိုးဗျ။ သတ်သေကြောင်း ထင်ရှားတယ်ဆိုရင်လည်း ကျုပ်တို့လာ တာ အပိုပေါ့”

ကျော် ။ ။ “ဒီလိုပါလေ၊ ထင်ရှားတယ်ဆိုပေမဲ့ ဦးစံရှားကိုယ်တိုင် လာကြည့် တယ်ဆိုတော့ ကျွန်တော်တို့အဖို့ သာကောင်းတာပေါ့ ။ ဒီလိုခင်ဗျ၊ သေတဲ့လူက အသက်အာမခံ ကုမ္ပဏီမှာ ငွေတစ်သောင်းနဲ့ အသက်ပေါင်ထားတယ် ....။

သူ့ကိုယ်သူ သတ်သေတယ်ဆိုရင် ကုမ္ပဏီက လျော်ကြေးမပေးပေဘူး။ ဒါကြောင့် သူ့ကိုယ်သူ သတ်သေတာ ဟုတ်မဟုတ် သေချာအောင် ဦးစံရှားလို ပုဂ္ဂိုလ်ကို ခေါ်ပြပြီး စရိတ်ကုန်ခံထိုက်တယ်အောက်မေ့မိလို့ ကျွန်တော် ကြေးနန်း ရိုက်လိုက်ရခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမိလက်စနဲ့ ဝင်ကြည့်ကြပါဦး ဦးစံရှားခင်ဗျာ” ရှား ရှား ။ ။ “ဖြစ်ပျက်ပုံကလေး တစ်ဆိတ်လောက် ပြောပါဦးခင်ဗျာ”

ကျော် ။ ။ “ကိုင်း ... အိမ်ထဲဝင်မကြည့်ခင် ကျွန်တော်က အကျဉ်းရုံးပြီး နည်း နည်း ပြောပြပါဦးမယ်။ သေတဲ့လူက ဦးဘသန်းတဲ့ဗျ ....။ ။

သူ့အစ်ကို ဦးဘလန်းဆိုတာက ကျွန်တော်နဲ့ အိမ်နီးချင်း ဝတ်လုံတစ် ယောက်ပဲ။ ဦးဘလန်းက ဒီကနေ့မနက် အလုပ်တိုက်သွားတော့ ကြေးနန်းတစ် စောင် ရောက်နေလို့ ကျွန်တော့်ဆီ ချက်ချင်းပြေးလာပြီး သူနဲ့အတူ လိုက်ခဲ့စမ်းပါဆိုလို့ ကျွန်တော် လိုက်လာခဲ့ရပါတယ် ...။

ရောက်ရောက်ချင်း ဦးစံရှားဆီကို ကြေးနန်းရိုက်ဖို့ ကျွန်တော်ကပဲ အကြံ ပေါ်ပြီး ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ဝတ်လုံ ဦးဘလန်းလည်း အိမ်မှာရှိပါတယ်။

ဖြစ်ပုံကတော့ ဒီလိုခင်ဗျ၊ မနေ့ညနေက ညစာ ထမင်းစားပြီးတော့ ဦးဘသန်းဟာ လမ်းလျှောက်ထွက်သွားတယ်။ သူ့ဖါသနာက ညနေထမင်းစား ပြီးတိုင်း လမ်းလျှောက်တတ်သတဲ့ .....။

သူထွက်သွားတာ အိမ်သားတွေက မြင်လိုက်ကြရဲ့။ ပြန်ဝင်လာတာကို တော့ ဘယ်သူမှ မမြင်ဘူးတဲ့။ သို့သော် သူ့ဝါသနာက လမ်းလျှောက်ရာကပြန်လာ ပြီး နောက်ဖေးဖက်က လှည့်ဝင်၊ သူ့အခန်းထဲမှာ သူစာဖတ်၊ အိပ်ချိန်တန်တော့ သူ့အခန်းထဲသူ ဝင်အိပ်တတ်တဲ့အကျင့် ရှိလေတော့ အိမ်သားများက ဦးဘသန်း ပြန်လာမလာကို အထူးဂရုမစိုက်မိကြဘူးတဲ့ ....။

မနေ့ညတုန်းကလည်း ထုံးစံအတိုင်း လမ်းလျှောက်ရာက ပြန်လာပြီး သူ့ အခန်းထဲ သူ ဝင်ဟန်တူရဲ့။ သို့သော် ဘယ်သူကမှတော့ သတိမပြုမိဘူးတဲ့။

ဒါနဲ့ ဒီကနေ့မနက်တော့ အစေခံ ဖိုးထူးကလေးက လက်ဖက်ရည်ပွဲကိုင် ပြီး သူ့ဆရာ့အခန်း သွားနှိုးမယ်လုပ်တော့ အိပ်ခန်းထဲမှာလဲ မတွေ့ဘူးတဲ့ ..

ဒါနဲ့ သူ့ဆရာ ဘယ်ရောက်သွားပါလိမ့်မလဲလို့ ဒီပြင်လူတွေမေးတော့ အိမ်သားတွေအားလုံး လိုက်လာပြီး စာကြည့်ခန်းဆီ သွားကြည့်ကြသတဲ့ ..

အခန်းတံခါးလည်း ပိတ်ထားလေတော့ နောက်ဖေးပေါက်ကလှည့်ပြီး စာ ကြည့်ခန်းထဲ ဝင်ရသတဲ့ .... ။

အခန်းထဲလည်း ရောက်ကရော စားပွဲနားက လက်တင်ကုလားထိုင် တစ်လုံးပေါ်မှာ ထိုင်လျက်ကြီး သေနေတာကို တွေ့ကြရသတဲ့ ..

စားပွဲပေါ်မှာတော့ ဝီစကီပုလင်းတစ်လုံးနဲ့ ဆိုဒါနှစ်ပုလင်း၊ ငါးသုံးလုံး စီးကရက်သံဘူးတစ်လုံး၊ စီးရက်တိုကလေးတစ်ခု၊ ပြာခွက်တစ်ခု၊ ဓာတ်ပုံခန်းမှာ သုံးတဲ့ ပိုတက်စီယံဆိုတဲ့ အဆိပ်ပုလင်းတစ်လုံးနဲ့ ဖန်ခွက်တစ်လုံး တွေ့ကြရ သတဲ့..

ဒါနဲ့ ဆရာဝန် ချက်ချင်းခေါ်ပြီး ဦးဘလန်းဆီကိုလဲ ကြေးနန်းရိုက်၊ ဆရာဝန် ရောက်လာတော့ အလောင်းကို စမ်းသပ်ကြည့်ပြီး သူသေတာ ၁၂ နာရီထက်မနည်း ကြာပြီလို့ ဆရာဝန်က ထွက်တယ်။ ဒီလိုဆိုရင် မနေ့ညနေကတည်းက သေတဲ့ လက္ခဏာပေါ့ ....

သေရတဲ့အကြောင်းကတော့ ပိုတက်စီယံအဆိပ်သောက်လို့ဆိုတာ ထင်ရှားနေတာပေါ့ ။ အဖြစ်အပျက်ကတော့ အဲဒါပါပဲ….

ဒါနဲ့ အိမ်သားတွေက အလောင်းကို ကုလားထိုင်ပေါ်ကယူပြီး ထုံးစံအတိုင်း ပြင်ဆင်ကြတော့တာပေါ့လေ။ နို့ပေမဲ့ တစ်ညလုံးထိုင်လျက် သေနေတဲ့အလောင်း ဖြစ်လေတော့ တောင့်နေပြီး တည့်တည့်မတ်မတ် ဆန့်မရဘဲ ခပ်ကွေးကွေးကြီး ဖြစ်နေတော့တာပေါ့ ”

ကျွန် ။ ။ “ဒါဖြင့် ပုလိပ်ကို ခင်ဗျားတို့ အကြောင်းကြားပြီးပြီလား”

ကျော် ။ ။ “အကြောင်းကြားလို့ သူတို့လာကြည့်တော့ သူ့ကိုယ်သူ သတ်သေ တယ်လို့ ထင်မြင်ချက်ပေးကြတယ်။ နို့ပေမဲ့ အာမခံ ငွေတစ်သောင်းကိစ္စ ရှိနေ သေးတော့ ခင်ဗျားဆီကို ကြေးနန်းရိုက်ခေါ်ဖို့ ကျွန်တော်က အကြံပေးရတယ်”

ရှား ။ ။ “ခင်ဗျားပြောပုံတော့ သူ့ကိုယ်သူ သတ်သေတဲ့အမှုနဲ့ တူနေတာပေါ့ ။ ဒါထက် နေပါဦးဗျာ၊ သေသူရဲ့ ငွေရေးကြေးရေးအခြေအနေကော ဘယ်လိုတဲ့။ သူ့အစ်ကို သိမှာပေါ့ နော်”

ကျော် ။ ။ “ဟုတ်ကဲ့၊ သိလောက်ပါထင်ပါ့ဗျာ၊ ဦးဘလန်းပြောပုံကတော့ သူ့ညီ ဦးဘသန်းဟာ ခုတလော စိတ်ရှုပ်စရာကလေး နည်းနည်းရှိဆိုထင်ရဲ့ ။ သို့သော် သူ့အစ်ကိုနဲ့တွေ့တော့ မေးသေးတာပေါ့ဗျာ။ ကိုင်း ... အိမ်ထဲဝင်ကြပါဦးစို့”

ကျွန်တော်တို့သည် ဝင်းတံခါးအနီးတွင်ရပ်လျက် စကားပြောနေကြရာမှ ဝင်းထဲသို့ ဝင်လာကြ၍ တိုက်ခံအိမ်ကြီးတစ်လုံးသို့ ချဉ်းကပ်လာကြလေရာ ဦးဘလန်းသည် အိမ်ထဲမှ ထွက်လာ၍ ကျွန်တော်တို့ကို ခရီးဦးကြိုပြုလေ၏။

ဝတ်လုံ ဦးဘလန်းမှာ ကျွန်တော်တို့နှင့် ရံဖန်ရံခါ တွေ့ဆုံဖူးသဖြင့် သူစိမ်း တစ်ယောက် မဟုတ်ချေ။

ဦးဘလန်းသည် သူ၏ညီအတွက် စိတ်၌ ထိခိုက်ဟန်ရှိသော်လည်း အထက် တန်းစားလူတစ်ယောက်၏ အမူအရာအတိုင်း ဝမ်းနည်းခြင်းကို သိုသိပ်၍ ဧည့်သည် များအား ဝတ္တရားကျေပွန်အောင် ကြိုးစား၍ ခရီးဦးကြိုပြုလေ၏။

လန်း ။ ။ “ဦးစံရှားတို့ ကြွလာတာ အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ သို့သော် ကျွန်တော့်ညီကိစ္စက သိပ်နက်နက်နဲနဲကြီး ဟုတ်ဟန်မတူလို့ အမှုဆန်း တွေ့ လိုတဲ့ ဦးစံရှားအဖို့မှာတော့ လာရကျိုးနပ်တယ်လို့ ထင်ကောင်းမှ ထင်ပေ လိမ့်မယ်။ အမှန်ပြောရရင် ကျွန်တော့်အလိုတော့ ဦးစံရှားကိုတောင် ဒုက္ခရှာမယ် မကြံမိပါဘူး။ ဟောဒီက မိတ်ဆွေ ဦးဘကျော်က အကြံပေးလို့ ကြေးနန်းရိုက်ခေါ် ရခြင်း ဖြစ်ပါတယ်...

ကိုယ့်ကိုယ်ကို လုပ်ကြံတယ်ဆိုတာ ဆန်းကြယ်တယ်လို့ ဆိုရင်လည်းဆိုနိုင်ပါရဲ့။ သို့သော် ဒီတစ်ချက်ကလွဲလို့ကတော့ ကျွန်တော်တို့ဖြင့် ဆန်းဆန်း ကြယ်ကြယ် ဘာတစ်ခုမှ မတွေ့ရပါဘူးခင်ဗျာ ..... ။

ကျွန်တော့်ညီက အင်မတန်တည်တံ့တဲ့ လူတစ်ယောက်ပါခင်ဗျာ။ ကျွန် တော်တို့မျိုးရိုးဟာလည်း ကိုယ့်ကိုယ်ကို သတ်သေတဲ့ မျိုးရိုးလည်း မဟုတ်ပါ ဘူး။ တစ်ယောက်မှ ဒီလိုဖြစ်တယ်လို့လည်း မကြုံခဲ့ရဖူးပါဘူး။ သို့သော် အလောင်း ကို တစ်ဆိတ် ဝင်ကြည့်ပါဦးခင်ဗျာ”

ထို့နောက် ဦးဘလန်းက ရှေ့မှခေါ်သွား၍ ကျွန်တော်တို့သည် သူ၏ နောက် မှ လိုက်ပါသွားကြလေရာ ဦးဘလန်းသည် အလောင်းတွေ့ရသောအခန်းသို့ ကျွန်တော်တို့ကို ရှေးဦးစွာ ခေါ်သွားလေ၏။

စားပွဲပေါ်၌ကား ဦးဘကျော်ပြောပြသည့်အတိုင်း ပစ္စည်းများသည် နေရာ မပျက် ရှိကြသေးသည်ဖြစ်ရာ ကုလားထိုင်မှာမူကား မူလနေရာအတိုင်း ခင်းထား သော်လည်း အလောင်းမရှိတော့ချေ။

ဦးဘသန်း၏အလောင်းမှာ ဧည့်ခန်းရှိ ခုတင်တစ်လုံးပေါ်တွင် ထုံးစံအတိုင်း ပြင်ထား၍ အမြင်မကောင်းသော အခြေအနေကြောင့် အဝတ်ကြီးတစ်ခုဖြင့် ဖုံးထား လေ၏။

ကျွန်တော်တို့သည် စာကြည့်ခန်းအတွင်းမှ ထွက်လာကြ၍ အလောင်းအနီး သို့ ချဉ်းကပ်လာကြလေရာ ဦးစံရှားသည် ဖုံးထားသောအဝတ်ကို ဖြည်းညင်းစွာ လုပ်လိုက်သည်တွင် အဝတ်အစားအပြည့်အစုံနှင့် ဒူးနှစ်လုံးကို ကွေးလျက် စောင်း နေသော ဦးဘသန်း၏အလောင်းကို တွေ့မြင်ကြရလေ၏။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အလောင်းမှာ ၁၂ နာရီတိုင်တိုင် ထိုင် လျက် သေရသောအလောင်းဖြစ်သောကြောင့် ချိုးဖဲ့၍မရနိုင်ဘဲ တောင့်နေလေရ ကား ပက်လက်ထားရန် မဖြစ်နိုင်သဖြင့် စောင်းလျက်ပင် ပြင်ထားရလေ၏။

စင်စစ်မှာ ဦးစံရှားမလာမီ အလောင်းကို မူလအတိုင်းထားလိုသေးသော ကြောင့် ခြေထောက်များ၌ ဖိနပ်စွပ်လျက် ရှိသည်ကိုပင် တွေ့ကြရ၏။

ကျွန်တော့်မှာ အနီးသို့ မကပ်ချင်ဘဲ ခြေရင်းဘက်ကပင် ရပ်ကြည့်နေမိရာ ဦးစံရှားမူကာ ထုံးစံအတိုင်း ချဉ်းကပ်ကာ သေချာစွာ ကြည့်နေလေ၏။

ယင်းသို့ရှိစဉ် ကျွန်တော်သည် အလောင်း၏ခြေရင်းဘက်၌ရှိနေသဖြင့် ကျွန်တော့်ဘက်သို့ တည့်တည့်လှည့်လျက်ရှိသော ဖိနပ်အောက်ပိုင်းကို သေချာစွာ ကြည့်လိုက်မိသည်တွင် ကြက်ပေါင်ဖိနပ်ဖြစ်နေသည်ကို မြင်သဖြင့် ရင်ထဲ၌ ထိတ် ခနဲ ဖြစ်သွားမိ၏။