ရွှေဥဒေါင်း - လွမ်းအောင်ဖန်
အခန်း (၂)
သစ်ကုန်သည်ကြီး ဦးသန့်စင်နှင့် ဇနီးဒေါ်ငြိမ်းလှတို့သည် အကြင်လင်မယားအဖြစ်နှင့် ထိမ်းမြားလက်ထပ်ကြစဉ်အခါက နှစ်ဦး နှစ်ဖက်သောမိဘများက ထိုက်သည့်အားလျော်စွာ ကြေးငွေ အရင်း အနှီး စိုက်ထုတ်ချီးမြှင့်ကြသည့်အလျောက် သစ်အရောင်းအဝယ် ဘက်တွင် အတော်ပင် ကြီးပွားထွန်းကားသော ကုန်သည်ကြီး၏ အခြေအနေသို့တိုင် ရောက်ခဲ့ဖူးလေသည်။ သို့ရာတွင် ဦးသန့်စင်မှာ လူရိုးလူကောင်းကြီးတစ်ယောက်ဖြစ်လေရကား လှီးစားဖြတ်စားနှင့် လူပါးလူနပ် ပေါများလှသော ခေတ်အခါကြီးတွင် ရိုးလွန်းသော သူတို့မှာ လူပါးလူနပ်များ၏ လှည့်ဖြားရောင်းစားခြင်းကို ခံကြရ စမြဲဖြစ်သည့်အတိုင်း ဦးသန့်စင်မှာလည်း လူလိမ်လူညာ လူဗလချာ များနှင့် ဆက်ဆံဖောက်ကားမှုပြုမိရာတွင် ၉ နှစ်မျှ ရှာဖွေစုဆောင်း ခဲ့သော ပစ္စည်းဥစ္စာများသည် ပျက်စီးချိန်တန်သောအခါ၌ တစ်နှစ်ခန့် အတွင်းတွင် အိတ်သွန်ဖာမှောက် ဆိုလောက်လုဘနန်း ကုန်ခန်း ပျက်စီးခဲ့လေကုန်၏။
ယင်းကဲ့သို့ ပစ္စည်းဥစ္စာကုန်ခန်းစေကာမူ အကြင်လင်မယား . နှစ်ယောက်တို့မှာ စီးပွားပျက်သောသူအချို့ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ငေါက်ငမ်းကြိမ်းမောင်းခြင်း၊ သူ့ကြောင့်ပျက်ရသည် ငါ့ကြောင့်ပျက်ရသည် စသည်ဖြင့် တစ်ဦးကိုတစ်ဦး အပြစ်ဖို့ခြင်း စသော အပြုအမူမျိုးကို မပြုမူ၍ ယခင်ကောင်းစားစဉ်ကထက်ပင် တစ်ဦးအားတစ်ဦး ထူးကဲပိုမို ချစ်ခင်ကြင်နာခြင်း ရှိခဲ့ကြလေသည်။ ဦးသန့်စင်သည် ဒေါ်ငြိမ်းလှ၏မျက်နှာကို ကြင်နာစွာနှင့်ကြည့်လျက်
“အမှန်ပြောရမှာဖြင့် မယ်ငြိမ်းရယ်၊ သမီးကလေးအတွက် ပူပန်နေလို့သာပ၊ ကျုပ်အလိုအတိုင်းဆိုလျှင် ဆင်းရဲလေလေ မယ်ငြိမ်းကောင်းတဲ့အချက်တွေ ပေါ်လာလေလေ ဖြစ်လေတော့ ဆင်းရဲတာ ကိုပဲ ဝမ်းသာရတော့မလိုလို ဖြစ်မိသေးတယ်”
ဟုပြောရာတွင် ဒေါ်ငြိမ်းလှက
“ရီရီကလေးတစ်ယောက်များ မရှိဘူးဆိုလျှင် ကျွန်မဖြင့် ကိုသန့်စင်ကြင်နာပုံ မြင်ရတာနဲ့ ကျေနပ်ပြီး ချမ်းသာရမှာတောင် ကြောက်ပါသေးရဲ့ ကိုသန့်စင်” ။
ဟု ပြန်ပြောလေ၏။ ဆင်းရဲသောအခါ၌ တစ်ယောက်ကို တစ်ယောက် ထိုကဲ့သို့ ကျေနပ်သောလင်မယားတို့မှာ ရှားပေစွတကား။
၄င်းတို့ လင်မယား၌ ရီရီအမည်ရှိ သမီးချောကလေး တစ်ယောက်ရှိလေရာ ကျွန်ုပ်တို့ ရေးသားဖော်ပြလိုက်သောအချိန် အခါ ဆံရစ် ဆံတောက်ကလေးနှင့် ၁၂ နှစ် သမီးခန့်ရှိလေပြီ။ ထို အရွယ်၌ ရှိနေသော ရီရီ၏ အဆင်းကို ကြည့်ရှုဆုံးဖြတ်ရမည်ဆိုသော် ရီရီမှာ အရွယ်ရောက်သောအခါတွင် ထွားကြိုင်းဖွံ့ဖြိုးသော မိန်းမ စားမျိုး မဖြစ်နိုင်ဘဲ ပုပုပျပ်ပျပ်ကလေးနှင့် ပွေ့ပိုက်၍ထားချင် ဖွယ်ရာသော မိန်းကလေးမျိုး ဖြစ်လာဖွယ်ရာ ရှိချေသည်။ ထိုသူငယ်မ၌ ထူးခြားသောအချက်တစ်ခုမှာ ၄င်းအားမြင်သမျှသော ယောက်ျား မိန်းမဟူသမျှသည် ပွေ့ဖက်နမ်းရှုပ်ခြင်း မပြုရဘဲ မကျေနပ်နိုင်အောင်ရှိနေတတ်ကြသည့်ပြင် မျက်လွှာကလေးချ၍ နေပုံကပင် သနားစရာ ကလေး ရှိပါပေသည်ဟု လူတိုင်းကပင် ဝန်ခံချီးမွမ်းကြလေသည်။ ရီရီသည် ရုပ်အဆင်းအားဖြင့်လည်းကောင်း၊ အမူအရာအားဖြင့် လည်းကောင်း၊ ပြောပုံဆိုပုံကလေးအားဖြင့် လည်းကောင်း၊ အခြေ အနေအားဖြင့် လည်းကောင်း၊ ကရုဏာသက်လောက်ဖွယ် ဖြစ်ပေရာ ထိုသို့ သောအခြင်းအရာသည် နောင်ဖြစ်ပျက်လတ္တံ့သော အဖြစ် အပျက်များ၏ နိမိတ်လက္ခဏာပင် ဖြစ်ချေသလောဟု တွေးတော ဖွယ်ရာ ဖြစ်ချေသည်။
တစ်ညနေ၌ ရီရီသည် ငြိမ်ငြိမ်နေတတ်သော ကလေးတို့ ဘာဝ၊ ဝင်းပေါက်မှမျှော်၍ လမ်းဘက်သို့ကြည့်နေစဉ် လမ်းပေါ်မှ ကျောင်းသားတစ်ယောက်ကိုမြင်သဖြင့်
“ဟော ကိုကိုဝင်း လာပြီမေမေ”
ဟု မိခင်အားလှမ်းပြော၍ ဝမ်းမြောက်ဝမ်းသာ ပြေးထွက် ပြီးလျှင် ထိုသူငယ်၏ လက်ကိုကိုင်လေ၏။ ၄င်းနောက် မောင် ဝင်းမောင်နှင့် ရီရီတို့သည် တစ်ဦးလက်ကိုတစ်ဦးကိုင်လျက် ဒေါ်ငြိမ်းလှရှိရာသို့ တက်လာကြလေ၏။ ဒေါ်ငြိမ်းလှမှာမူ မီးဖို ချောင်၌ ဦးသန့်စင်ကြိုက်တတ်သော ဟင်းလျာမျိုးကို ကောင်းရာ ကောင်းကြောင်း ကြံဖန်ချက်ပြုတ်လျက် ရှိ၏။
ငြိမ်း၊ မောင်ဝင်းမောင်၊ ဒီကနေ့ညလာတာ တယ်စောပါကလား။
ဝင်း၊ စောဆို ဦးတို့ ၊ ဒေါ်ဒေါ်နဲ့ တိုင်ပင်စရာကလေးရှိလို့ပါပဲ။ ဦးကော ဒေါ်ဒေါ်။ ။
ငြိမ်း။ ခုပဲ ပြန်လာပါလိမ့်မယ်၊ ဘာများ တိုင်ပင်ဖို့လဲ မောင်ဝင်း။
ဝင်း၊ ကျွန်တော်တို့ အရပ်ထဲက ကလေးတွေကို စာသင်ပေးဖို့ဆုံးဖြတ်ချက်ချထားတယ် ဒေါ်ဒေါ်ရဲ့ ။ ဒါကြောင့် ရီရီကို ကျွန်တော် စာသင်ပေးရလိမ့်မယ်။
ငြိမ်း။ ဘာစာများလဲ မောင်ဝင်းရယ်။
ဝင်း၊ အင်္ဂလိပ်စာ ဒေါ်ဒေါ်။
ငြိမ်း။ ကြံကြံစည်စည် မောင်ဝင်းရယ်၊ မိန်းကလေးကို အင်္ဂလိပ်စာသင်လို့ ဘာလုပ်မှာလဲ။
ဝင်း။ ဟုတ်ရိုးလား ဒေါ်ဒေါ်၊ ကာလက အင်္ဂလိပ်စာတတ်မှမျက်စိကြီး နားကြီးဖြစ်နိုင်တဲ့ကာလမို့လို့ လုပ်စားစား မစားစား တတ်ထားလျှင် ကောင်းတာပေါ့ ဒေါ်ဒေါ်။ မဟုတ်လားရီရီ။
ရီ။ ကိုကိုဝင်းက ကျွန်မကို အင်္ဂလိပ်စာသင်ပေး မယ်လား။ ဝင်း၊ အေး၊ ဟုတ်တယ်။ ရီရီ မတက်ချင်ဘူးလား။ ရီ။ (ဝမ်းမြောက်စွာနှင့် မောင်ဝင်းမောင်၏လက်ကို ဆွဲယမ်းလျက်) တက်ချင်တာပေါ့ ကိုကိုဝင်းရယ်၊ ဖေဖေက ကျွန်မ ငယ်ငယ်တုန်းကတောင် ကြီးလာလျှင် အင်္ဂလိပ်ကျောင်း ထားမယ် ဆိုပြီး ထားလည်းမထားဘူး။
ငြိမ်း။ ညည်းအဖေလာတော့ ပြောပါတော်၊ သူသင် သင်ရပါလိမ့်မယ်။
ဦးသန့်စင်ပြန်လာသောအခါ မောင်ဝင်းမောင်က ထို အကြောင်းကို ပြောပြပြန်ရာ ရီရီကထက်သန်စွာ ထောက်ခံချက် ပေးသောကြောင့် နောက်ဆုံး၌ သဘောတူညီလေ၏။
ထိုညဉ့်မှစ၍ မောင်ဝင်းမောင်သည် မိမိ၏သင်ခန်းစာများကို လေ့ကျင့်ကျက်မှတ်ပြီးစီး၍ အားလပ်သောအချိန်အခါတိုင်း ရီရီအား အင်္ဂလိပ်စာ မြန်မာစာနှင့် ဂဏန်းသင်္ချာများကို သင်ကြားပြသလေ၏။ ရီရီမှာလည်း ပညာကို လိုလားသည်နှင့် နေ့ခင်းအချိန်များတွင် ကျက်မှတ်ရန်ရှိသောစာများကို မနေမနား ကျက်မှတ်လေ့ရှိ၏။ မောင်ဝင်းမောင်သည် ရီရီအတွက် လိုသောစာအုပ်များနှင့် ကျောင်း သုံးပစ္စည်းများကို မိမိ မုန့်ဖိုးငွေမှ ဝယ်ခြမ်းပေး၍ ကြိုးစား သင်ကြားလေရာ ၃ နှစ်ခန့် အချိန်တွင် အတော်အတန် စာစီစာကုံးနိုင်သော အခြေအနေသို့တိုင် ရောက်ခဲ့လေ၏။ ထိုအခါ၌ကား ရီရီမှာ ၁၅ နှစ်သမီးအရွယ်သို့တိုင် ရောက်လာပြီးဖြစ်သော်လည်း ဆရာနှင့် တပည့်တို့မှာ မောင်ရင်းနှမရင်းကဲ့သို့သာလျှင် ကြင်နာချစ်ခင်စွာ ဆက်ဆံကြကြောင်းကို မိဘများက စိတ်ကျေနပ်သည် ဖြစ်သော ကြောင့် တစ်စုံတစ်ရာ ကန့်ကွက်ဟန့်တားခြင်း မပြုခဲ့ချေ။
အခန်း (၁)
ရတနာသိင်္ဃဟူ၍လည်းကောင်း၊ ကုန်းဘောင်မြို့ဟူ၍ လည်းကောင်း၊ မုဆိုးဖိုဟူ၍လည်းကောင်း၊ ရန်ကြီးအောင်ဟူ၍ လည်းကောင်း၊ ရွှေဘိုဟူ၍လည်းကောင်း မည်ငါးအင်ဖြင့် ခေါ်တွင် သမုတ်ကြသည့် ရွှေဘိုမြို့ မင်းရပ်ရှိ အိမ်ကြီးတစ်ဆောင်မှာ နေဝင် ပြီးသည်နှင့်တစ်ပြိုင်နက် အထက်ထပ်နှင့်အောက်ထပ်မကျန် ဓာတ်မီးရောင်တို့ဖြင့် ထိန်ထိန်ဝင်းလျက် ရှိလေ၏။ ၈ နာရီ ထိုးလတ် သောအခါ ကျောင်းသားအရွယ် လူငယ်ကလေးတို့သည် သစ်လွင်သော အဝတ်အစားတို့ဖြင့် သပ်ရပ်စွာ ဝတ်ဆင်လျက် တစ်ယောက် ပြီးတစ်ယောက် ဆိုက်ရောက်၍ လာကြလေရာ ရောက်နှင့်ပြီးသော သူငယ်များသည် အောက်ထပ်၌ ခင်းကျင်းထားသော စားပွဲများ၌ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်စသည်တို့ကို ဖတ်သူကဖတ်၊ အိမ်ရှေ့ရှိ ခုံရှည်၌ထိုင်ကာ ကျောင်းသားတို့ဘာဝ ကျောင်းဆရာနှင့် ဆရာမ များ၏အကြောင်းကို အတင်းပြောသူကပြော၊ တဝေါဝေါ တသောသောနှင့် ရှိနေကြလေ၏။ ၈ နာရီခွဲသည်နှင့် တစ်ပြိုင်နက် အိမ်ကြီး အပေါ်ထပ်မှ ခေါင်းလောင်းသံကြားသည်နှင့် ကျောင်းသားများသည်မဆုံးမကုန်နိုင်သော အတင်းစကားများကို ယတိပြတ်ရပ်စဲပြီးလျှင် အပေါ်ထပ်သို့ တက်ကြလေ၏။
အိမ်ကြီး၏အပေါ်ထပ်၌ကား အစည်းအဝေး ကျင်းပမည့် အနေဖြင့် ကုလားထိုင်များကို အတန်းလိုက် ခင်းကျင်းလျက်ရှိရာ ထိပ်၌ရှိသော စားပွဲ၌မူ လူပျိုပေါက်အရွယ် ကျောင်းသားနှစ်ယောက် နှင့် ကုလားလူမျိုးတစ်ယောက် ထိုင်လျက် ရှိကြ၏။ ကုလားလူမျိုး မှာ အိန္ဒိယပြည်မှ နာမည်ကျော် တရားဟောဆရာတစ်ယောက် ဖြစ် လေရာ ကျောင်းသားများ၏ ဖိတ်ကြားချက်အရ ထိုနေ့ည၌ ကျောင်း သားများ၏ နိုးကြားရေးနှင့် ကြီးပွားရေးအကြောင်းများကို ဟောပြော ခြင်းအားဖြင့် တိုက်တွန်းနှိုးဆော်ရန် ဖြစ်လေသည်။
. အသင်းသားများ စုံညီကြသည်နှင့်တစ်ပြိုင်နက် တရား ဟော ဆရာသည် အိန္ဒိယပြည်၌ ကုလားကျောင်းသားများ၏ နိုးကြား ထကြွ ရှိကြပုံများကို အားကျစေလောက်အောင် အားပါးတရ ပြောပြ လေရာ ကျောင်းသားများသည် လက်ခုပ်လက်ဝါးတီးကာဖြင့် ဆူညံ စွာ သြဘာပေးကြလေကုန်၏။
နောက်ဆုံး၌ တရားဟောဆရာသည် ရွှေဘိုမြို့ရှိ အထက် တန်းကျောင်းသားများ လိုက်နာဆောင်ရွက်အပ်သော ဝတ္တရားတစ်ခု ကို အကြံပေးလေရာ အားလုံးတို့သည် ၄င်းအကြံပေးချက်ကို ကြိုက် နှစ်သက်ကြသည်ဖြစ်သောကြောင့် သဘောတူညီကြလေ၏။
၄င်းအကြံပေးချက်မှာကား ရွှေဘိုမြို့၌ မိဘများ ခိုင်လုံသဖြင့် အင်္ဂလိပ်ကျောင်းများ၌ ပညာသင်ကြားနိုင်သူတို့၏ အရေအတွက်မှာ မသင်ကြားနိုင်သူတို့၏ အရေအတွက်ထက် အဆပေါင်းများစွာ ယုတ်လျော့သည်ဖြစ်သောကြောင့် ထိုကဲ့သို့ ကံမကောင်းအကြောင်း မလှသူတို့အတွက် အထောက်အပံ့ဖြစ်စေခြင်းငှာ ၇ တန်းမှအထက် ကျောင်းသား အသီးသီးသည် မိမိတို့နေအိမ်အနီးရှိ ပညာ မသင်နိုင်သူတစ်ယောက်ကို (ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ) ညအခါ အားလပ်သောအချိန်တွင် ပညာသင်ကြားပေးရန် ဖြစ်လေ သည်။ ။
၄င်းဆုံးဖြတ်ချက်မှာ ပညာတတ်မြောက်သူတို့၏ အရေ အတွက်ကို နှစ်ဆမျှတိုးတက်စေမည့် ဆုံးဖြတ်ချက် ဖြစ်လေရကားကျောင်းသားများသည် အလွန်တရာ နှစ်သက်အားရလှသည် ဖြစ်သောကြောင့် ထိုအကြံပေးသူ တရားဟောဆရာအား ကောင်းသော | နည်းလမ်းကို ညွှန်ပြသူ ဆရာတစ်ဆူ ဖြစ်ပေကြောင်းနှင့် ချီးကျူးပြောဆိုကြလေ၏။
အစည်းအဝေးပြီးစီးသဖြင့် နေအိမ်သို့ ပြန်ကြသောအခါတွင် ကျောင်းသားအသီးသီးတို့သည် မိမိတို့ ရပ်ကွက်၌ မည်သည့် ယောက်ျားကလေး၊ မည်သည့်မိန်းကလေးကို ပညာသင်ကြား၍ ပေးရပါမည်နည်း။ ၄င်းတို့၏ မိဘများက သဘောတူမှတူပါလေ၏ လောစသည်ဖြင့် စဉ်းစားစိတ်ကူး၍ သွားကြလေကုန်၏။