Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်နဝမတွဲ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ဂျမဒါကိုကိုကြီး

လွန်ခဲ့သော စစ်ကြီးအတွင်း၌ ရန်သူ၏ လက်ချက်ဖြင့် ဒုက္ခဝေဒနာ ခံစား နေရ သူ အမျိုးမျိုးရှိကြသည့်အနက်၊ ကျွန်ုပ်၏ မိတ်ဆွေ ဆူဘဒါမောင်မောင်၏ အဖြစ်အပျက်မှာ ဒဏ်ရာရသူတို့၏ စာရင်းတွင် အထူးဆန်းဆုံးတစ်ခု ဖြစ်သည်ဟု ဆိုလောက်ပါပေသည်။ ကျွန်ုပ်သည် မောင်မောင်၏ ဒဏ်ရာရပုံ အဖြစ်အပျက်ကို ကျွန်ုပ် ကြုံတွေ့ ရသည်အတိုင်း ရေးသားဖော်ပြသည်ဖြစ်ရာ၊ ထူးဆန်းသည် မထူး ဆန်းသည်ကိုမူ ဖတ်ရှုသူတို့ ကိုယ်တိုင် ချင့်ချိန်ဆုံးဖြတ်နိုင်ကြပေသည်။ ။

တစ်ညသ၌ တူးမြောင်းကြီးသဖွယ် တူးဖော်ထားသော ချိုင့်ကြီးအတွင်း ဘီယာပုလင်းလွတ်ပေါ်တွင် စိုက်ထူထားသည့် ဖယောင်းတိုင်မှ အလင်းရောင်သည် ပေါင်မုန့် တစ်ချပ်နှစ်ချပ်၊ ငါးသေတ္တာဟစ်ကောင်နှစ်ကောင်၊ သတ္တုခွက် တစ်လုံး နှစ်လုံး စသော ဝတ္ထုပစ္စည်းများကို မထင်မရှား မြင်သာလောက်ရုံမျှ ထွန်းတောက် လျက်ရှိစဉ် လူနှစ်ယောက်တို့သည် ထောင့်နှစ်ထောင့်၌ စုပုံထားသော ကောက်ရိုး များပေါ်တွင် စီးကရက် ကိုယ်စီနှင့် ခွေလျောင်းလျက် ရှိကြ၏။ မနီးမဝေးရှိ တူး မြောင်းတစ်ခုမှ ပါးစပ်မှုတ် ဘာဂျာသံများ ရယ်မောသံများသည် လေသင့်သည့် ရန်သူ၏ နယ်မြေသို့ ချီတက်ရမည်ဟူသော သတင်းကို ရုတ်တရက် ကြားရခြင်း သည် စိတ်၏ ငြိမ်သက်ခြင်းကို မဖြစ်စေတတ်ပေ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဖိုလှိုက်သောရင်ရှိလျက် ချီတက်ရဦးမည့် အရေးကို မှိုင်တွေးတောနေကြစဉ်။

မောင်။ ။ “သူတို့ဘက်က အဆိပ်ဓာတ်ငွေ့ သုံးဦးမလား မဆိုနိုင် ဘူး”

ကျွန်ုပ်။ ။ “ဂျာမန်တွေ သုံးပေမဲ့ တူရကီစစ်တပ်က သုံးဖို့ အသင့်ရှိ သေး မထင်ပေါင်ဗျာ”

မောင်။ ။ “ချီတက်မယ့် တက်တော့လည်း ချက်ချင်းကြီးဗျာ၊ တကယ် ဆိုတော့....”

ကျွန်ုပ်။ ။ “ကိုမောင်မောင်ကလည်း အဆန်းလုပ်လို့ဗျာ ကျုပ်တို့ တစ်တွေ ကြိုတင်သိရတယ်လို့ ဘယ်တော့က ကြားဖူးလို့လဲ ခင်ဗျားလည်း သိသားနဲ့”

မောင်။ ။ “ကိုကိုကြီး”

ကျွန်ုပ်။ ။ “ဗျာ”

မောင်။ ။ “အတိတ်နိမိတ်ဆိုတာ ခင်ဗျား ယုံသလား”

ကျွန်ုပ်။ ။ “အမှန် ပြောရမှာဖြင့် ကျုပ်တော့ မယုံတစ်ဝက် ယုံတစ်ဝက် ပဲဗျ၊ ခင်ဗျားကော ”

မောင်။ ။ “ကျုပ်ပြောမယ် နားထောင်၊ နေ့လယ်က မှေးခနဲဆို အိပ်ပျော်သွားတော့ အိပ်မက်တစ်ခု မက်တယ်ဗျ”

ကျွန်ုပ်။ ။ “ဘယ်လိုများ မက်သလဲဗျာ”

မောင်။ ။ “ထူးဆန်းလိုက်တဲ့ အိပ်မက်ဗျာ၊ ရန်သူဘက်က ပစ်လိုက်  ́တဲ့ဗုံးတစ်လုံးဟာ ကျုပ် လည်ပင်းကို မှန်ပြီး ကျုပ်ဦးခေါင်းကြီး ပြတ်ကျသွား တယ်ဗျ”

ကျွန်ုပ်။ ။ “ကြံကြံစည်စည်ဗျာ တောက်တီးတောက်တဲ့”

မောင်။ ။ “ဒါတွင် မပြီးသေးဘူး၊ ကျုပ်ဟာ ဦးခေါင်းပြတ်ကျပေမဲ့ မသေတဲ့အပြင် ကျုပ် ဦးခေါင်းကြီး ကျုပ် ပွေ့ယူပြီး ရန်သူတွေနောက် လိုက်လိုက် တာတဲ့ဗျာ ရန်သူတွေကလည်း ဘာမှ' မပြောနဲ့တော့၊ ကျုပ်ကို မြင်ခါရှိသေး တစ်တပ်လုံး ပြေးလိုက်ကြတာတဲ့ဗျာ၊ ကျုပ်ကလိုက် သူတို့ကပြေး၊ နောက်ဆုံး ကျုပ်ခေါင်းကြီး လက်ထဲကလွတ်ကျလို့ ဗုန်းဆိုမြည်တော့မှ ကျုပ်လန့်နိုးလာတယ်”

ကျွန်ုပ်။ ။ “ခင်ဗျားအိပ်မက် ကောင်းသားပဲဗျာ၊ ကိုယ်ကနိုင်တာကပဲ”

မောင်။ ။ “ကိုယ်က နိုင်ပေမဲ့ ခေါင်းက ရှုံးတာက ခွကျတယ်ဗျ။ ဒါထက် ကျုပ်ကိုယ်တိုင် အိပ်မက်တော့ ဒါလောက်ကြီး အယုံအကြည် မရှိပါဘူး၊ သို့သော် ဒီတစ်ခါတော့ နည်းနည်း စိတ်လေးတယ်ဗျာ”

ကျွန်ုပ်။ ။“ဥပါဒါန်ကြောင့် ဥပဒ်ရောက်တဲ့ ဒီအိပ်မက်ကို ဂရုမစိုက် ပါနဲ့ဗျာ၊ အလကားဟာမျိုးပါ”

မောင်။ ။ “ဒါထက် ကျုပ်မှာ တစ်စုံတစ်ခုဖြစ်ခဲ့လို့ရှိလျှင် ကျုပ်မယား နဲ့ ကျုပ်သားကလေးကို ဂရုစိုက်ရစ်ပါဗျာနော်”

ကျွန်ုပ်။ ။ “မဟုတ်တာ ကိုမောင်မောင်ကလည်း သွေးလေချောက်ချား လို့ မက်တိုင်း နိမိတ်ကောက်ရတာ မဟုတ်ပါဘူးဗျ”

ကျွန်ုပ်မှာ မိတ်ဆွေဝတ္တရားအတိုင်း အားပေးရငြားသော်လည်း ဓာတ်ကူး လာသောကြောင့်လေလောမသိ၊ ကျွန်ုပ်ကိုယ်တိုင် စိတ်လေး၍လာခဲ့၏။ သို့ပါသော် လည်း ကိုမောင်မောင် အာရုံပြောင်းစေခြင်းငှာ ရယ်မောဖွယ်ရာ ပုံတိုပတ်စများကို သန်းခေါင်နီးပါးတိုင်အောင် ပြောပြရ၏။ သို့ရာတွင် ကိုမောင်မောင်သည် ကျွန်ုပ်၏ ကြိုးစားခြင်းကို ရိပ်မိ၍ ကျေးဇူးတင်ဟန် ရှိသော်လည်း ထိုညအဖို့၌ အလွန်တရာ ဣန္ဒြေကြီးလှ၏။ သန်းခေါင်တိုင်လတ်သော် ကျွန်ုပ်တို့သည် အိပ်ရာသို့ အသီးသီး ဝင်ကြလေ၏။

ကျွန်ုပ်သည် ပခုံးကို လက်နှင့် လှုပ်နှိုးသည်ဟု သိရ၍ အိပ်ရာမှ လူးလဲ ထပြီးလျှင် နာရီကို ကြည့်လိုက်ရာ၊ ၆ နာရီတိတိ ရှိနေလေပြီ၊ ၎င်းနောက် အဝတ် အစားများ အသင့် လဲလှယ်ပြီးရှိနေသော ကိုမောင်မောင်အား လှမ်းကြည့်လိုက်ရာ ၎င်းမှာ တစ်ညဉ့်လုံး အိပ်ပျော်ဟန် မရှိကြောင်းတွေ့ရ၏။

အိပ်ပျော်ရဲ့ လား ကိုမောင်မောင်”

“အိပ်တောင် မအိပ်ဘူး”

“နို့ ဘာလုပ်နေတာလဲ ခင်ဗျား”

“စာဖတ်နေတယ်”

“တစ်ညလုံး”

“ဟုတ်တယ်” ။

ထိုအခါ ကျွန်ုပ်သည် အိပ်မက်ကို သတိရ၍ ဥပါဒါန် မစွဲလမ်းဖို့ ပြောဦး မည်အပြုတွင် ကိုမောင်မောင်က “တော်ပါတော့ ဆရာကြီး ကျုပ် နေရာတကာတိုင်း

အယူသီးတဲ့ လူတစ်ယောက် မဟုတ်ပါဘူး၊ သို့သော် ကျုပ်ပြောတာတော့ မမေ့ နဲ့နော်”

ကျွန်ုပ်သည် အပိုမှာထားခြင်း ဖြစ်လိမ့်မည်ထင်မှတ်ကြောင်း ပြောတော့ မည် ပြုပြီးမှ ကိုမောင်မောင်၏ မျက်နှာထားကို မြင်သဖြင့် “ကောင်းပါပြီဗျာ စိတ်ချပါ” ဟု ပြောလိုက်ရလေ၏။

ကျွန်ုပ်သည် လေပီးဖိုဖြင့် ကိုမောင်မောင် ပြင်ဆင်ထားသော ကာဖီနှင့် ဘီစကွတ်မုန့်များကို ဖိုးပြည့်အောင် စား၍ လက်နက်နှင့်တကွ အဝတ်အစားများ ပါ လဲလှယ်ဝတ်ဆင်ပြီး တူးမြောင်းပေါ်သို့ တက်လာကြလေ၏။ ထိုအချိန် ၌ကား စစ်သားများသည် တောင်တစ်စု မြောက်တစ်ပု စုဝေးစောင့်ဆိုင်းကာ ရှိနေ ကြလေပြီ။ ကျွန်ုပ် တွေ့မြင်ရသော လူအားလုံးတို့မှာ အနည်းနှင့်အများ တုန်လှုပ်သော အမူအရာ ရှိနေကြရာ၊ ကိုမောင်မောင် တစ်ဦးတည်းသာလျှင် တည်ငြိမ်ခြင်း ရဟန် လက္ခဏာရှိ၏။

၆ နာရီခွဲသည်နှင့် တစ်ပြိုင်နက် ၃ နံပါတ် ဘက်တယ်လျံသည် စစ်တပ် နှစ်ခုအကြားရှိ ရခိုင်မြေ” ကို ဖြတ်ကျော်၍ ရန်သူစစ်တပ်ဆီသို့ မျက်နှာမူကာ အပြေးအလွှား ချီတက်ကြလေ၏။ ထိုသို့သော အခြင်းအရာမျိုးမှာ ရှုပ်ယှက်ခတ် လျက် ဗလုံးဗထွေး ပြုလုပ်ရသော အခြင်းအရာမျိုး ဖြစ်သောကြောင့် သူတစ်ပါး တို့၏ အပြုအမူကို မဘိုထားဘိ မိမိကိုယ်တိုင် မည်သည့်နေရာ၌ မည်ကဲ့သို့ ပြုလုပ် ခဲ့သည်မ၊န်၍မပြောနိုင်အောင် ရှုပ်ထွေးလှ၏။ “ဘုံဘိုင်မြေ”တစ်လျှောက် ပြေးလွှားချီးကခ်စဉ် ကျွန်ုပ်၏ နံဘေးမှ လူတစ်ယောက် ဟပ်ထိုးလဲသွား၍ ၎င်း၏ ခြေယောက်နှင့် ကျွန်ုပ်၏ ခြေထောက် ငြိမ်ပြီးလျှင် ကျွန်ုပ်ပါ လဲတော့မလို ဖြစ်သွားသော အခြင်းအရာ တစ်ခုကိုမူကား ကျွန်ုပ် မှတ်မိ၏။ ထိုသူမှာ မထတော့ဘဲ ကျန်ရစ်ခဲ့ရာ ကျွန်ုပ်မှာမူကား ဆက်လက် ပြေးလွှားခဲ့၏။ နောက်တစ်ခဏ၌ ကျွန်ုပ် တို့၏ တပ်ငယ်သည် ရန်သူတူးမြောင်းတွင်းသို့ ဆိုက်ရောက်လာခဲ့၍ ရန်သူများနှင့် ထွေးလားလုံး သတ်ပုတ်တိုက်ခိုက်ကြလေကုန်ပြီ။ လှံစွပ်နှင့် လှံသည် လည်းကောင်း၊ ဓားလွတ်နှင့် ဓားမြှောင်သည်လည်းကောင်း၊ မြင်းသေနတ်နှင့် ၆ လုံးပြူးသည်လည်းကောင်း သူတစ်ပြန် ငါတစ်လှည့်ဖြင့် တစ်နည်းစီ တစ်ဖုံစီ မိမိတို့ ကျွမ်းကျင်ရာ လက်နက်များနှင့် တေ့တေ့ဆိုင်ဆိုင် ယှဉ်ပြိုင်တိုက်ခိုက်ကြရ ၏။ ထိုဘက်သားနှင့် ဤဘက်သားတို့သည် မိမိတို့ မျက်မှန်းတန်းမိရာ တစ်ယောက်စီ တစ်ယောက်စီ အသီးသီး ရွေးချယ်၍ ပုံတော်သလို အဆင်သင့်သလို တိုက်ခိုက်ကြ၏။ ရန်သူတစ်ယောက်ကို နိုင်နင်းပြီးနောက် အခြား တစ်ယောက် ရှာဖို့မှာလည်း မခက်ခဲလှချေ။ တစ်ခါတစ်ရံ ရန်သူသစ်ကို မရှာတော့ဘဲ အရေးနိမ့်ဟန်ရှိသော မိမိဘက်သား တစ်ယောက်ကို ကူညီရ၏။ ထိုနေ့က ကျွန်ုပ် သည် တူရကီစစ်သား သုံးယောက်ထက်မနည်း စီရင်ခဲ့ရ၏။

ဤတိုက်ခိုက်နည်းမျိုး၏ ထုံးစံမှာ ချီတက်တိုက်သော ဘက်က ရှုံးခဲ့လျှင် မိမိတို့၏ တူးမြောင်းဆီသို့ အမြန်ဆုံး ပြန်ပြောရ၏။ နိုင်ခဲ့လျှင်လည်း ရန်သူ၏ တူးမြောင်းကို သိမ်းပိုက်ရ၏။ ထိုနေ့၌မူကား နာရီဝက်ခန့် အတွင်းတွင် ကျွန်ုပ်တို့ ဘက်က အနိုင်ရသဖြင့် မသေမပျောက်ဘဲ ကြွင်းကျန်သော ရန်သူစစ်သားများ သည် နောက်တန်း၌ရှိသော ၎င်းတို့၏ အခြား တူးမြောင်း တစ်ခုဆီသို့ ဆုတ်ခွာ ထွက်ပြေးကြ၏။ - ကျွန်ုပ်တို့သည် ရန်သူတူးမြောင်းတစ်ခုကို လက်ရသိမ်းပိုက်လိုက်ပြီးဖြစ်ရ ကား ကျဆုံးသော အလောင်းများကို မြှုပ်နှံခြင်း၊ သဲအိတ်များကို တူးမြောင်း တစ်ဖက်မှ တစ်ဖက်သို့ ရွှေ့ပြောင်းခြင်းအားဖြင့် တူးမြောင်းကို အပြန်ခေါင်းပြန် လှန်ခြင်း စသည်ဖြင့် အလုပ်များလျက် ရှိကြ၏။ (အမြီးပြန် ခေါင်းပြန်လှန်ခြင်း ဆိုသည်မှာ ၎င်းတူးမြောင်းသည် ရန်သူလက်တွင်းရှိစဉ်က အရှေ့ဘက်သို့ မျက်နှာ မူထားခဲ့လျှင် ကျွန်ုပ်တို့ လက်ဝယ်သို့ ရောက်သောအခါ၌ အနောက်ဘက်သို့ မျက်နှာမူစေခြင်းငှာ မြေကတုတ် လုပ်ထားသော သဲအိတ်များကို တူးမြောင်း တစ်ဖက်မှ တစ်ဖက်သို့ ရွှေ့ပြောင်း စုပုံထားကြရလေသည်။)

ကျွန်ုပ်သည် အခြား စစ်သားများနှင့်အတူ သဲအိတ်များ သယ်ယူရွှေ့ပြောင်း ခြင်း အလုပ်၌ ကူညီလုပ်ကိုင်လျက် ရှိကြစဉ် ဆူဘဒါမောင်မောင် သေပြီဟူသော သတင်းကို “တစ်ယောက်တစ်ပါးစပ်” ပြောသံကြားရလေ၏။ ကျွန်ုပ်မှာ အတူ အိပ်ဖော်စားဖက် ဖြစ်သောကြောင့် ထိုသတင်း ကြားသောအခါတွင် မည်မျှလောက် တုန်လှုပ်သည်ကို ထုတ်ဖော်ရေးသားရန် မလိုချေ။ ကျွန်ုပ်တို့၏ တူးမြောင်းမှ ၆ နာရီခွဲ အချိန်တွင် ထွက်လာကြသည်မှစ၍ မောင်မောင်နှင့် ကျွန်ုပ်တို့ တစ်ကြိမ်မျှ တွေ့ဆုံခွင့်မရသဖြင့် ကျွန်ုပ်မှာ ထိုသတင်းကို အံ့အားသင့်စွာနှင့် ကြားသိရ၏။ အနီးရှိ စစ်သားတစ်ယောက်ကို ထောက်လှမ်းစုံစမ်းရာတွင် မောင်မောင်မှာ ဦးခေါင်း တွင် ဗုံးထိမှန်ကြောင်း ပြောပြ၏။

ကျွန်ုပ်သည် ထိုသတင်းမျှနှင့် အားမရနိုင်သောကြောင့် အလုပ်လုပ်ရာမှ မယောင်မလည် ထွက်လာပြီးလျှင် ဆရာဝန်ကို ရှာဖွေမေးမြန်းပြန်၏။