Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မတရားလက်ထပ်ခြင်းကိုမောင်စံရှားစုံထောက်၍ဖမ်းဆီးပုံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ပုစွန်တောင်မြပျောက်မှု၌ မောင်စံရှားစုံထောက်ပုံ

တစ်နေ့သ၌ ကျွန်တော်သည် တိုက်ပိတ်သဖြင့် အားလပ်သောကြောင့် လည်ပတ်ရာမှ အိမ်သို့ ပြန်လာရာ ကျွန်တော်၏ မိတ်ဆွေမောင်စံရှားမှာ ဦးထုပ်ဟောင်းတစ်ခုကို စားပွဲပေါ်တွင် တင်၍ မှန်ဘီလူးနှင့် သေချာစွာ ကြည့်ရှုလျက် ရှိသည်ကို တွေ့မြင်ရလေ၏။ ထိုအခါ ကျွန်တော်မှာ မောင်စံရှား၏ စိတ်သဘောကို သိရှိပြီးဖြစ်သည့်အတိုင်း ၎င်း ဦးထုပ်မှာ တစ်စုံတစ်ခုသော အမှုနှင့် ပတ်သက်သည့် အကြောင်း တွေးထင်မိသဖြင့် အနှောင့်အယှက် မဖြစ်စေရန် ဖြည်းညင်းစွာ အခန်းတွင်း သို့ ဝင်မည်ပြုသည်တွင် မောင်စံရှားက

အလို ကိုသိန်းမောင်၊ ပြန်လာပြီလား၊ လာစမ်းပါဦးဗျာ၊ ဟောဒီ ဦးထုပ်ကို တစ်ဆိတ်လောက် ကြည့်စမ်းပါဦး” ဟု ပြော၍ ဦးထုပ်နှင့် မှန်ဘီလူးကို ကျွန်တော်အား လှမ်း၍ ပေးလိုက်လေ၏။

ကျွန်တော်လည်း ဦးထုပ်နှင့် မှန်ဘီလူးကို ယူ၍ ကုလားထိုင်ပေါ်တွင် ထိုင်ပြီးလျှင်

 “ဦးထုပ်ကို ကြည့်တာတော့ ဟုတ်ပါပြီဗျာ၊ သို့သော် သူ့အတ္ထုပ္ပတ္တိကလေး တစ်ဆိတ်လောက် ပြောပြပါဦး။ ခင်ဗျား လက်ထဲ ဒီဦးထုပ် ဘယ်လိုရောက်လာတယ် ဆိုတာ တစ်ဆိတ် သိပါရစေဗျာ” ဟု ပြောလျှင် မောင်စံရှားက

ဦးထုပ်ကတော့ ကျုပ်နဲ့ ခင်ဗျားကို အတူနေဖို့ ရှေးဦးစွာ စေ့စပ်ပေးတဲ့ သူငယ်ချင်း ကိုလှရင် ဦးထုပ်ပေါ့ ဗျ။ ကိုလှရင် တစ်ယောက် ဘိန်းပြတ်ပြီးသွားတာ အပုံကြီး ဝမ်းသာပါတယ်ဗျာ”

ဟုတ်ကဲ့၊ အခုဖြင့် ကျုပ်တို့လူ အပုံကြီး ဟန်နေပြန်ပြီ။ ဒါနဲ့ ကိုလှရင်က ဘယ်မှာ ဦးထုပ်ဆောင်းလို့လဲဗျာ”

ဪ၊ သူ့ဦးထုပ် ဆိုပေမဲ့ သူ ဆောင်းတဲ့ ဦးထုပ်တော့ မဟုတ်ဘူးပေါ့ဗျာ။ လမ်းမှာ သူကောက်ရတဲ့ ဦးထုပ်ပဲ”

ကဲ ကောက်ရပုံ ပြောပါဦးဗျာ”

ကောက်ရပုံကတော့ ဒီလိုဗျာ။ ဒီကနေ့ နေ့ခင်းက ကိုလှရင်က ဖရေဇာလမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ပြီး သွားနေတုန်း ရှေ့နားက ဘိုကပြားတစ်ယောက် က ဝမ်းဘဲတစ်ကောင်ပိုက်ပြီး ခပ်သုတ်သုတ် သွားနေတာ မြင်သတဲ့။ ဒါနဲ့ နောက် ခဏလောက်နေတော့ လမ်းထောင့်တစ်ခုမှာ စကားရပ်ပြီး ပြောနေတဲ့ လူတစ်စုနဲ့ ခုတင်က ဘိုကပြားနဲ့ ဝင်ပြီး တိုက်မိတော့ လူတစ်စုက သူတို့ ဝင်တိုက်ရမလားလို့ ဝိုင်းပြီး လက်သီးနဲ့ ထိုးကြသတဲ့။ ထိုးတော့ ဘိုကပြားခေါင်းက ဦးထုပ်ဟာ လွင့်ကျ သွားရော။ ဒီတော့ ဘိုကပြားက သူ့လက်က တုတ်နဲ့ ခုခံမယ်လို့ လက်မြှောက်ပြီး ရွယ်လိုက်တော့ သူ့နောက်ကရှိတဲ့ ဆိုင်က မှန်ပြတင်းပေါက်ကို တုတ်နဲ့ သွားပြီး ခိုက်မိ၊ ခိုက်မိတော့ မှန်ပြတင်းလည်း ကွဲသွားတယ် ဆိုကိုးဗျာ။ ဒါနဲ့ ကိုလှရင်က ဖျန်ဖြေမယ်လို့ အနားပြေးသွားတော့ သူ့ကို ဆိုင်ရှင်မှတ်လို့လား ဘာလား မပြောတတ် ပါဘူး။ ခုတင်က ဘိုကပြားက သူ့လက်ထဲ ပိုက်ထားတဲ့ ဝမ်းဘဲကလေးချပြီး ထွက်ပြေးရော ဆိုကိုးဗျာ။ သူလည်း ပြေးရော ခုတင်က လူတစ်စုလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လိုက်ကြတာ။ ကိုလှရင်နဲ့ ဝမ်းဘဲနဲ့ ဦးထုပ်ပဲ ရှိရစ်တော့သတဲ့။ ဒါနဲ့ ကိုလှရင်က ဝမ်းဘဲနဲ့ ဦးထုပ်ကို ကောက်ပြီးတော့ ဝမ်းဘဲခြေထောက်မှာ ကားချပ်ကလေးတစ်ခု ဆွဲထားတာ တွေ့သတဲ့။ ကားချပ်ပေါ်မှာလည်း မစ္စစ်သောမတ်စ်ဝီလဆင် (Mrs. Thomas Wilson) လို့ အင်္ဂလိပ်လို ရေးထားသတဲ့။ ဒါနဲ့ ကိုလှရင်က ဝမ်းဘဲနှင့် ဦးထုပ်ကိုယူပြီး ကျုပ်ဆီ ဝင်လာ၊ ဦးထုပ်ကိုတော့နာမည်နဲ့ တိုက်ကြည့်ပါလားဗျ၊ သည်ဝမ်းဘဲဟာ သူ့မိန်းမကို သူ လက်ဆောင်ထိုးဖို့ ဝယ်လာတဲ့ ဝမ်းဘဲမုချပဲဗျာ။ ပြီးတော့ ဦးထုပ်မှာ မြူမှုန်တွေ သည်လောက်တင်ပြီး နေတာတောင် ပြုံးမပေးဘဲ နေနိုင်တဲ့ မိန်းမဟာ လင်ကို အကြင်အနာ နည်းပါးတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးလားဗျာ”

အင်း ဟုတ်ပါပေတယ်ဗျာ။ နို့ ဆံပင်နည်းနည်းဖြူတဲ့ အကြောင်းကကောဗျာ”

ကိုသိန်းမောင်၊ ခင်ဗျား မှန်ဘီလူးနဲ့ ကြည့်တာ ဘယ်နေရာများ သွားပြီးကြည့် နေသလဲ။ ဒါလောက်မှ မမြင်ဘူးလားဗျာ။ ဦးထုပ် အတွင်းခံမှာ ကြည့်စမ်း၊ ဆံပင်မွေး ကလေးတွေ ကပ်ပြီးနေတယ် မဟုတ်လား။ တချို့က ဖြူနေတယ်၊ တချို့ကတော့ နက်နေတယ်။ ဆံပင်မွေးတွေကလည်း ကျွတ်ပြီး ကပ်နေတာ မဟုတ်ဘူးဗျ။ တိတိရိရိ ပြတ်ပြီး နေတာတွေ့လို့ မကြာသေးခင်က ဆံပင်ညှပ်ခဲ့တယ်လို့ ကျုပ် ဆိုတယ်။ ပြီးတော့ သည်ဆံပင်မွေးတွေ ဘာပြုလို့ ကပ်နေသလဲ။ ဗယ်ဆလိန် လိမ်းထားလို့ ကပ်နေတာပေါ့ ဗျာ။ နမ်းလည်း ကြည့်ပါလား၊ အနံ့ရတယ် မဟုတ်ဘူးလား။ အဲဒါကြောင့်ပေါ့ဗျာ”

တယ်စေ့စပ်တဲ့ လူပါပေပဲဗျာ။ ဟုတ်ပါပေတယ်၊ နို့ အိမ်မှာ ဓာတ်မီးမရှိတဲ့ အကြောင်းကကောဗျာ၊ ပြောစမ်းပါဦး”

ဒီအကြောင်းကတော့ ဦးထုပ်မှာ အစွန်းအစက် ကလေးတွေ မြင်တယ် မဟုတ် လား။ အဲဒါ ဘာအစက်တွေလဲဗျ။ သေသေချာချာ ကြည့်စမ်းပါ။ ဖယောင်းစက် မဟုတ်လား။ ဒီဟာက အချိန်မတော် အချိန်တော် အိမ်ပြန်လာတဲ့အခါ ဦးထုပ်ကို ပိုက်ပြီး လက်က ဖယောင်းတိုင်နဲ့ အိမ်ပေါ်တက်လာလို့ စွန်းတဲ့ ဖယောင်းစက်ပဲဗျာ။ ဒါကြောင့် ကျုပ်က သူ့အိမ်မှာ ဓာတ်မီးမရှိဘူးလို့ ကျုပ် ဆိုတယ်”

အင်း ဟုတ်လောက်စရာ ရှိပါရဲ့ဗျာ၊ စဉ်းစားပုံကတော့ဖြင့် တယ်ပြီး နေရာကျ ပါပေတယ်။ သို့သော် သည်အကြောင်းက အမှုလည်း မဟုတ်၊ ဘာလည်း မဟုတ်တော့ ဒီဦးထုပ်ကို ခင်ဗျား ကြည့်ရတာ ဘာအကျိုးရှိပါသလဲဗျာ။ အလကား ပင်ပန်းတာပေါ့” ဟု ပြော၍ စကားမဆုံးမီ ကိုလှရင်သည် အရေးကြီးသည့် အမူအရာနှင့် ပျာယီးပျာယာ အခန်းတွင်းသို့ ဝင်လာလေ၏။

ကိုလှရင်လည်း မောကြီးပန်းကြီးနှင့် ကုလားထိုင်ပေါ်တွင် ထိုင်ပြီးလျှင် စကား မပြောသေးဘဲ ရှိနေရာ မောင်စံရှားက

ဘာလဲ ကိုလှရင်ရဲ့ အလန့်တကြား ပြေးလာလိုက်တာ၊ ဘာဖြစ်လာလို့လဲ”