ရွှေဥဒေါင်း - ဓမ္မတာနှင့်သဘာ၀ဓမ္မ
ဓမ္မတာနှင့် သဘာဝဓမ္မ၊
ဓမ္မတာကို လွန်ဆန်နိုင်အောင် ကြိုးစားပါမှ တိုးတက်ခြင်း ရှိမည်။ မိမိကိုယ်တွင်းဘက်သို့လှည့်၍ရှုသော အလေ့အကျင့်သည် လောက၌လည်းကောင်း၍ နိဗ္ဗာန်အထိ ပေါက်ရောက်နိုင်ခြင်း။
ဓမ္မတာ (လူ့ဓမ္မတာ Human Nature) ဟူသည်မှာ လူသတ္တဝါတို့၌ ရှိတတ်သော စိတ်နေသဘောထားနှင့် ထုံးစံဓလေ့များဟူ၍ နားလည်ပေရာ၊ သဘာဝဓမ္မဟူသည်မှာ ခပ်သိမ်းသော သဘောတရားတို့နှင့်ဆိုင်သည့် စည်းကမ်း ဥပဒေများ (Natural Laws နိယာမတရား) ဟူ၍ ဆိုလိုပေသည်။ ကိုယ့်ကိုယ် ကိုယ် ချစ်တတ်ခြင်း (ထို့ကြောင့် တစ်ကိုယ်ကောင်း ကြံတတ်ခြင်း)၊ ယောက်ျား သည် မိန်းမကိုလည်းကောင်း၊ မိန်းမသည် ယောက်ျားကိုလည်းကောင်း ချစ်ကြိုက် တတ်ခြင်း စသည်တို့သည် လူ့ဓမ္မတာ (သတ္တဝါ၏ဓမ္မတာ)ဟူ၍ ဆိုရမည်ဖြစ်ရာ၊ (ဓမ္မောဟဝေရက္ခတိ၊ ဓမ္မစာရီ)တရားစောင့်သောသူကို တရားက စောင့်သည် ဆိုခြင်းမျိုးမှာ သဘာဝဓမ္မဟူ၍ ဆိုသင့်ပေသည်။ လူ့ဓမ္မတာဟူသည်မှာ မလွန် ဆန်နိုင်သော အလုပ်မျိုးမဟုတ်၊ (အချို့ကိစ္စများတွင်)လွန်ဆန်နိုင်မှ အကျိုးများ ခြင်းကို တွေ့ရသည်။ သဘာဝဓမ္မ ဟူသည်မှာကား မည်သည့်သတ္တဝါမှ မလွန် ဆန်နိုင်သော အရာမဟုတ်ဟူ၍ နားလည်ကြရပေမည်။
ဓမ္မတာကို လွန်ဆန်ဖို့လိုခြင်း
ရှင်းဦးအံ့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းသည် ဓမ္မတာ(ထုံးစံ)ဖြစ်၍ ၎င်း သဘောထားအတိုင်း တစ်ကိုယ်ကောင်းပြခြင်းသည် အထူးအဆန်းမဟုတ်သော် လည်း ဤအတိုင်း ကျင့်ကြံသောလူသည် လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ဟု နားလည်ကြ၍ လွန်မြောက်အောင် ကြိုးစားကြရသည်။ သတ်ခြင်း၊ ခိုးခြင်းစသော ဒုစရိုက်မှုအပေါင်းတို့သည် မိမိကိုယ်ကို ချစ်မိခြင်းတည်းဟူသော သဘော တရားတွင် အရင်းခံရှိ၍ ပေးလှူခြင်း၊ သီလစောင့်ထိန်းခြင်း စသော ကာမာဝစရ ကုသိုလ်မှုများမှာ ကိုယ်ကျိုးကိုစွန့်လွှတ်ခြင်းဟူသော သဘောထားပေါ်တွင် အခြေ စိုက်လျက်ရှိသည်။ အကျဉ်းချုပ်လိုက်သော် အကုလိုလ်မှုဟူသမျှသည် တစ်ကိုယ်ကောင်းကြံခြင်းသဘောမျှသာဖြစ်၍ ကာမာဝစရ ကုသိုလ်မှုများသည် ကိုယ်ကျိုး စွန့်လွှတ်ခြင်းသဘောမျှသာ ဖြစ်၏။ ဤသည်ကိုထောက်ခြင်းဖြင့် ဓမ္မတာသဘော ကို ဆန့်ကျင်ဖို့လိုသည်။ ဆန့်ကျင်နိုင်လျှင် မိမိအဖို့ အကျိုးရှိသည်ဟု ဆိုလို ခြင်းဖြစ်လေသည်။
အပြင်ဘက်သို့ ခံလင့်ခြင်း
သတ္တဝါသည် မိမိကိုယ်ကို (အတွင်းဘက်သို့) လှည့်၍ကြည့်တတ်သော ဓမ္မတာမရှိ၊ သူတစ်ပါး (အပြင်ဘက်သို့)ကြည့်တတ်သော ဓမ္မတာထုံးစံ ရှိလေ သည်။ ဤအချက်တွင် သဘာဝဓမ္မကလည်း ဖြည့်စွက် ကူညီလျက်ရှိ၏။ ပမာ ဆိုသော် မျက်စိနှစ်လုံးသည် ပြင်ဘက်သို့လှည့်လျက် ပေါက်နေသည်ဖြစ်၍ အပြင်သို့ (သူတစ်ပါးကို)ကြည့်ဖို့ တကဲကဲပြင်လျက်သာရှိ၏။ နားနှစ်ဖက်သည် လည်း အပြင်ဘက်မှအသံကို နားထောင်ဖို့အတွက် သတ်သတ်ဖြစ်နေသည့်အလား အပြင်သို့သာလှည့်လျက်ရှိ၏။ ထိုနည်းအတူ နှာခေါင်း၊ လျှာ၊ ကာယ စသည့် ပသာဒရုပ်များသည်လည်း အပြင်မှအာရုံကို ခံလင့်နေကြသည့်အလား အပြင်ဘက် သို့သာ လှည့်လျက်ဖြစ်ပေါ်နေကြ၏။ ထို့ကြောင့် သတ္တဝါသည် မိမိကိုယ်ကို ဝေဖန်စစ်ဆေးခြင်းမပြုဘဲ သူတစ်ပါးကိုသာ စစ်ဆေးဝေဖန်ချင်တတ်ခြင်းသည် ဓမ္မတာဖြစ်ရုံသာမက သဘာဝဓမ္မကလည်း ဖြည့်စွက်ကူညီ အားပေးသကဲ့သို့ ဖြစ်နေတော့သည်။
သူတစ်ပါး၏ အပြစ်ရှုတတ်ခြင်း
ဓမ္မတာအတိုင်း ပြုကျင့်ခြင်းသည် ရေစုန်မျောချခြင်းနှင့်တူပေရာ ပါရမီ ရင့်ကျက်လိုသူ၊ သို့မဟုတ် တိုးတက်ခြင်းကိုအလိုရှိသော သူတို့သည် ဓမ္မတာ အတိုင်း မကျင့်ကြံမူ၍ ရေစုန်ကူးသောလူကဲ့သို့ ဓမ္မတာ (ထုံးစံ)ကို လွန်ဆန်ဖို့ ကြိုးစားအားထုတ်ကြရပေမည်။ လူဦးရေ တစ်ရာအနက်တွင် သူတစ်ပါး၏အပြစ် ကိုမရှုဘဲ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သော အလေ့အကျင့်ရှိသူ ရာခိုင်နှုန်း မည်မျှရှိလိမ့်မည် ထင်ကြသနည်း။ ဆိုးရွားသော ဓမ္မတာတစ်ခုမှာလည်း အခြားသူတစ်ယောက်ကို စစ်ဆေးဆင်ခြင်သည့်အခါ ထိုလူ၏ ကောင်းသောအချက် များကို မမြင်လွယ်တတ်ဘဲ အပြစ်အနာအဆာများကိုသာ ရှေးဦးစွာ မြင်လာတတ် ပေသည်။ အသိမိတ်ဆွေတစ်ယောက်ယောက်ကို အာရုံပြု၍ ဆန်းစစ်လိုက်သည် ရှိသော် ထိုလူ၏ချွတ်ယွင်းချက်များသည် ကွက်ကွက်ကွင်းကွင်း ပေါ်လာတတ် သလောက် ကောင်းသော အချက်အလက်များသည် ရုတ်တရက်ပေါ်ထွက်မလာ တတ်ဘဲ အတော်ကလေး တွေးဖော်ယူမှ ပေါ်လာတတ်ပေသည်။ ဤသည်ကား ဓမ္မတာပင်ဖြစ်သည်။
လင်္ကာဆရာကြီး ရောဘတ်တန်းစ်
မိမိကိုယ်ကို အကြမ်းအားဖြင့် ခန့်မှန်းချက်ထုတ်ထားသည့် လက္ခဏာနှင့် အထင်ကြီးနေကြသော လူများသည် ပေါများလှ၏။ မိမိကိုယ်ကို မညှာမတာ ဆန်းစစ်ဝေဖန်၍ အပြစ်အနာအဆာရှာတတ်သော အလေ့အကျင့်ပြုလုပ်ထားသူ တို့သည် အလွန်တရာ ရှားပါးလှ၏။ ကိုယ့်ကိုယ်ကိုယ် မည်မျှပင် ဆန်းစစ် ဝေဖန်တတ်ပါသည်ဆိုစေကာမူ ချွတ်ယွင်းချက်များကို တွေ့အောင်ရှာတတ်သူတို့ မှာ သာ၍ပင်နည်းပါးသေး၏။ လူသတ္တဝါသည် မိမိကိုယ်ကို ဟုတ်မှန်သည့် အတိုင်း သိမြင်ဖို့ ခဲယဉ်းလှသည်။ ထို့ကြောင့် စကော့ လင်္ကာဆရာကြီး ရောဘတ်တန်းစ် Robert Burns က “အခြားသူတို့က ကျွန်ုပ်တို့ကိုမြင်ကြ သည့်အတိုင်း မိမိတို့ကိုယ်ကို မိမိတို့ မြင်နိုင်ကြလျှင် ကောင်းလေစွတကား” ဟူ၍ စီကုံးရေးသားဖူးလေသည်။
သူ့အထင်နှင့် ကိုယ့်အထင်
လင်္ကာဆရာကြီး ဆိုလိုသည်မှာ လူသတ္တဝါသည် သူတစ်ပါးတို့က မိမိ ကိုမြင်ကြသည်အတိုင်း မိမိကိုယ်ကို မိမိမြင်ဖို့ အလွန်တရာ ခဲယဉ်းလှသည်ဟု အဓိပ္ပာယ်ရသည်။ ဟုတ်လည်းဟုတ်ပေသည်။ မိမိကိုယ်ကို မိမိမြင်ခြင်းသည် တစ်မျိုးတစ်ဖုံဖြစ်၍ သူတစ်ပါးတို့က မိမိကို မြင်ကြခြင်းသည် တစ်မျိုးတစ်ဖုံ ချည်းသာဖြစ်တတ်၏။ တစ်မျိုးတစ်ဖုံဖြစ်ရာ၌လည်း မိမိကိုယ်ကို မိမိဆုံးဖြတ်ချက် `သည် သူတစ်ပါးတို့က မိမိအား ဆုံးဖြတ်ချက်ထက် မြင့်နေတတ်သည်သာဖြစ်၏။ ဖြစ်တတ်သည်မှာ လူတစ်ယောက်သည် မိမိကိုယ်ကို တစ်ပိဿာလောက်တတ် သည့် ကောင်သည်ထင်လျှင် အခြားလူများက ထိုလူအား ငါးဆယ်သားလောက် မျှပင်တတ်သည် ကောင်းသည်ဟု ထင်ကောင်းမှ ထင်ကြပေမည်။ ထို့ကြောင့်အကြင်သူသည် အခြားသူများက မိမိအား ဘယ်ကဲ့သို့ အကဲဖြတ်ကြသနည်းဟု သိလိုခဲ့လျှင် မိမိကိုယ် မိမိ ခန့်မှန်းခြေကို ၂ သို့မဟုတ် ၃ လောက်နှင့်စားပါမှတော်ကာကျပေလိမ့်မည်။ အဓိပ္ပာယ်မှာ ကိုယ့်ကိုယ်ကိုယ် တစ်ပိဿာလောက် တတ်သည်၊ တော်သည်၊ ကောင်းသည်ထင်မိလျှင် အနည်းဆုံး တစ်ဝက်ခန့် လျှော့ပစ်ပါမှ အခြားလူများ၏ ခန့်မှန်းခြေကို စမ်းဝါးမိပေလိမ့်မည်။
လူတတ်နှင့်လူကောင်း
ဤနေရာ၌ လူတော်၊ သို့မဟုတ် လူတတ်နှင့် လူကောင်းတို့ကို ပိုင်းခြား ဖော်ပြရပေဦးမည်။ လူတော် လူတတ်ဟူသည်မှာ ကျွမ်းကျင်နားလည်ခြင်းတည်း ဟူသော အရည်အချင်းကို ဆိုလိုပေရာ လူကောင်းဟူသည်မှာ အကျင့်စာရိတ္တကောင်းမွန်ခြင်းကို ဆိုလိုပေသည်။ တော်ခြင်း၊ တတ်ခြင်းဟူသည်မှာ ဗဟုသုတ ပြည့်စုံခြင်း၊ ဉာဏ်ကောင်းခြင်း၊ တွေးတတ်ခေါ်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်း စသည်တို့ပါဝင်၍ (ဦးနှောက်၏အလုပ်)ဖြစ်ရာ ကောင်းခြင်းဟူသည်မှာကား ကိုယ်ချင်းစာနာတတ်သည့် နှလုံးရည်ကောင်းခြင်းကို ဆိုလိုသည်။ ကျွန်ုပ်၏ အဆုံးအဖြတ်မှာ အရက်မသောက်ရုံနှင့် လူကောင်းကြီးတစ်ယောက်ဖြစ်လာနိုင်မည် ဟု မယူဆချေ။
ရွက်အုပ်သီး
တော်ခြင်း သို့မဟုတ် တတ်ခြင်းနှင့် ကောင်းခြင်းတို့ဆိုင်ရာတွင် သူ တစ်ပါး၏အဆုံးအဖြတ်နှင့် မိမိ၏အဆုံးအဖြတ်တို့အကြောင်းကို ဖော်ပြရပေ ဦးမည်။ တော်ခြင်းကိစ္စတွင် မိမိအဆုံးအဖြတ်နှင့် အခြားသူတို့က အဆုံးအဖြတ် ကွာခြားသည့်အခါ ယေဘုယျအားဖြင့် သူတစ်ပါးတို့၏အဆုံးအဖြတ်က မှန်ချင် မှန်တတ်သော်လည်း အခါခပ်သိမ်း မှန်ကန်သည်ဟူ၍ တစ်ထစ်ချ မယူဆလိုက် ချေ။ တကယ်တော် တကယ်တတ်သည့် “ရွက်အုပ်သီး”များသည် ဤဒေသ ထိုဒေသ စသည်များ၌ ရှိတတ်ကြ၏။ သို့ရာတွင် အခြားလူများက တော်သည် တတ်သည်မထင်သောကြောင့် တိမ်မြှုပ်နေရခြင်းလည်း ဖြစ်နိုင်ပေသေးသည်။
ကျော်ကြားခြင်း၏ အကြောင်း ၂ရပ်
တော်ခြင်းတတ်ခြင်းကား တခြား၊ တတ်သလောက် ထင်ပေါ်ကျော်စော ခြင်းဖြစ်၏။ ထင်ပေါ်ကျော်စောခြင်း၊ သို့မဟုတ် လူသိများခြင်းဟူသည်မှာအကျိုးပေးတစ်မျိုးဖြစ်၏။ ထင်ပေါ်ကျော်စောခြင်းဟူသည်မှာ (ပရံပရခေါ်) အတိတ်ကံကြောင့်လည်းဖြစ်နိုင်၏။ ဤဘဝ၌ ထင်ပေါ်အောင်လုပ်တတ်သောကြောင့်လည်း ဖြစ်နိုင်၏။ အတိတ်ကံပါသော ပုဂ္ဂိုလ်အချို့မှာ ထင်ပေါ်ကျော်စော အောင် မိမိတို့က ကြိုးစားမနေရဘဲ လှုပ်ခါလှည့်ခါဖြင့် လူသိများသောအဖြစ် သို့ ရောက်လာကြကာ အချို့မှာ ၎င်းတို့ တကယ်တတ်သည်ထက်ပင် ပိုပြီး နာမည်ကြီးတတ်ကြသေး၏။ ထိုကဲ့သို့ အတိတ်ကံ အထောက်အခံမရသော် လည်း ထင်ပေါ်အောင် ကိုယ့်ဟာကိုယ် လုပ်တတ်ခြင်းကြောင့် လူသိများ၍ကျော်ကြားသောအဖြစ်သို့ ရောက်ကြရသူများလည်း ရှိတတ်ပေသည်။ လုပ်ပုံ လုပ်နည်းမှာ ပစ္စည်းတစ်ခု ရောင်းချင်သောလူသည် ထိုပစ္စည်း၏ ကောင်းသော အခြင်းအရာများကို လူသိအောင်လုပ်တတ်သည့် (Salesmanship) ဈေးသည် ပညာတတ်ရဘိသကဲ့သို့ ထင်ပေါ်လိုသော လူသည်လည်း မိမိ၌ တော်သော အချက်အလက်ရှိလျှင် ထိုအချက်ကို လူမြင်အောင် လုပ်တတ်ရသည်။ မလုပ် တတ်လျှင် သို့မဟုတ် မလုပ်ချင်လျှင်လည်း မကျော်ကြားတတ်၊ သို့ရာတွင် လုပ်ချင်အားကြီးနှင့် နေရာတကျမလုပ်တတ်ဘဲ လုပ်မိလျှင်လည်း “လူပေါ” တစ်ယောက်အဖြစ်နှင့်သာ ကျော်ကြားတတ်ပေသည်။
အခြားလူ၏ အဆုံးအဖြတ်ကို ခံသင့်မခံသင့်
တော်ခြင်း၊ သို့မဟုတ် တတ်ခြင်းတည်းဟူသော အရည်အချင်းနှင့်ပတ် သက်၍ ကိုယ့်ဟာကိုယ် အကဲဖြတ်ပုံနှင့် အခြားသူများ အကဲဖြတ်ပုံတို့ ကွာခြား သည့်အခါ ကိုယ့်ဟာကိုယ် အကဲဖြတ်ခြင်းက မှန်ချင်မှန်နိုင်သည်ဟု ဖော်ပြခဲ့သော်လည်း လူကောင်းတစ်ယောက် ဟုတ်မဟုတ်နှင့် ပတ်သက်၍မူ ထိုကဲ့သို့ မဟုတ်ချေ။ ကျွန်ုပ်အဖို့ရာ၌ကား တတ်ခြင်း၊ သို့မဟုတ် တော်ခြင်းနှင့်ပတ်သက်၍ အခြားလူများ၏အဆုံးအဖြတ်ကို လက်ခံသောနေရာများလည်း ရှိ၏။ လက်မခံသော နေရာများလည်းရှိ၏။ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း စသည်တို့၌ ကျွန်ုပ်၏ညံ့ဖျင်းပုံကို ထောက်ပြသူရှိပါက ဟုတ်ကောင်းဟုတ်ပေမည်ဟု လက်ခံ ရန်အသင့်ရှိ၏။ သို့ရာတွင် စိတ်သဘာဝအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ် ရေးသားခဲ့သော ဆောင်းပါးများကို ကိုယ်တွေ့ဖြစ်သောကြောင့် မည်သူကမှားသည် ဟုဆိုစေ လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။ (မှားလည်းများပေမည်၊ လက်မခံ နိုင်ဟု ဆိုလိုခြင်းမျှသာဖြစ်ပေသည်။ လက်တွေ့ စမ်းသပ်ထားသဖြင့် သေချာသည် ထင်သော ကိစ္စမျိုးတွင် ဝေဖန်မှု လက်မခံနိုင်ခြင်းမှာ ဓမ္မတာပေတည်း။ သို့ရာ