Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ရဲဘော်ဖေသန်း - ကမ္ဘာကျော်စစ်ပညာရှင်ကြီးဟန္နီဗော

Regular price 3,800 MMK
Regular price Sale price 3,800 MMK
Sale Sold out

အခန်း (၁)

ငယ်စဉ်ဘဝ ပတ်ဝန်းကျင်

ဟန္နီဗာ မွေးကင်းစအရွယ်တွင် ရောမသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ် အဆင့်မျှသာ ရှိပေသေးသည်။ ထို့ကြောင့်ပင် ဟန္နီဗော၏မျိုးနွယ် ကာသေ တို့က လွန်ခဲ့သော နှစ်ရာပေါင်းများစွာမှ ယခုတိုင် မိမိတို့ ကြီးစိုးခွင့်ရနေ သည့် အနောက်မြေထဲပင်လယ် ရေကြောင်းကုန်သွယ်မှုကို ခြိမ်းခြောက်စ ပြုလာသော တက်သစ်စ နိုင်ငံငယ်တစ်ခု ဖြစ်သော ရောမကို မြင်နေခြင်း လည်း ဖြစ်ပေသည်။

ဖိုနီးရှန်းကို တည်ထောင်ခဲ့သော ရှေးခေတ် ကာသေပြည်သည် မြောက်အာဖရိကရှိ ယခုခေတ် ကျူးနစ်မြို့အနီး၌ တည်ရှိသည်။ ဖိုနီးရှန်း လူမျိုးတို့သည် ရှေးခေတ် ဆီမီးတစ်မျိုးနွယ်မှ ဆင်းသက်လာသည့် လူမျိုးစု ဖြစ်လျက် လက်ဘနွန်နှင့် ပင်လယ်ကြားရှိ အရှေ့မြေထဲ ပင်လယ်ကမ်းရိုး တန်း တစ်လျှောက်၌ အခြေချ နေထိုင်လာခဲ့ကြသူများ ဖြစ်လေသည်။ ယင်းတို့၏ ဆိပ်ကမ်းမြို့ကြီးများ ဖြစ်ကြသော တိုင်ယာနှင့် ဆီဒုန်တို့သည် ခရစ်ယာန် ဓမ္မကျမ်းဟောင်းထက် ကမ္ပည်းတင်ခြင်းခံရသော ဆိပ်ကမ်းမြို့ ကြီးများ ဖြစ်လေသည်။

ဖိုနီးရှန်းပိုင် “ဘိုင်ဘလော့(စ်)”သို့မဟုတ် “ဘစ်ဘလော့(စ်)” အမည် တွင်သော ကျန်ဆိပ်ကမ်းမြို့ကြီး တစ်မြို့လည်း ရှိပေသေးသည်။ ဘစ် ဘလော့(စ်)သည် ဂရိဘာသာအရ “စာအုပ်” ဟု အဓိပ္ပာယ်ရသည်။ ယင်းကို အစွဲပြု၍ ခရစ်ယာန်ဓမ္မကျမ်းကို ဘိုင်ဘယ်လ်” ဟု ခေါ်ဝေါ်သမုတ်ခဲ့ခြင်း ဖြစ်သည်ဟု ပညာရှိများ အဆိုရှိလေသည်။ ဘစ်ဘလော့(စ်)မြို့သည် ထို ခေတ်က စက္ကူအဖြစ် အသုံးပြုသော (ပါပိုင်းရပ်စ်) ခေါ် ကျရွက်များကို ကမ္ဘာ့ဈေးကွက်အနှံ့သို့ တင်ပို့သော အဓိက ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လေ သည်။

လုံ့လဥဿာဟရှိသော ဖိုနီးရှန်း ကုန်သည်တို့သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၂၀၀ ခန့်မှ စတင်ကာ အရှေ့မြေထဲပင်လယ်၏ ရေကြောင်း ကုန်သွယ်မှုကို ကြီးစိုးထားနိုင်သည်ဖြစ်ရာ ယင်းတို့၏ မြောက်မြားစွာသော ကုန်တင်သင်္ဘောများသည် လက်ဘနွန်၊ အာရှမိုင်းနား၊ ဂရိ၊ အီတလီ၊ အာဖရိက၊ စပိန်နှင့် မြေထဲပင်လယ်ကျွန်းများ၏ ဆိပ်ကမ်းများတွင် စုန် ချည်ဆန်ချည် ကုန်သွယ်ခြင်းပြု၍ နေနိုင်ခဲ့ကြလေသည်။

စင်စစ် ဖိုနီးရှန်းတို့သည် မျိုးရိုးဗီဇအားဖြင့် ကုန်သည်များသာ ဖြစ် ကြ၍ စစ်သားများ မဟုတ်ကြချေ။ ဤသို့ ရိုးသားသည့် ကုန်သည် မျိုးနွယ် ဘိုးဘေးတို့မှပင် ဟန္နီဗောသည် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ဖိုနီးရှန်း တို့သည် ကိုလိုနီထမ်းပိုးကို ကျွဲပခုံးထမျှ ထမ်းခဲ့ကြရသူများ ဖြစ်သည်။ ဖိုနီးရှန်းတို့၏ မိခင်မြေကို ကိုးရာစုနှစ်တွင် အာဆီးရီးယန်းတို့က ဝင်ရောက် တိုက်ခိုက်ပြီး ကိုလိုနီပြုကျင့်ခဲ့ရာမှ စတင်ကာ ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်သည်ဟူ၍ မရှိခဲ့တော့ချေ။ ဖိုနီးရှားပြည်သည် အာဆီးရီးယား အင်ပိုင်ယာနှင့် အီဂျစ်အင်ပိုင်ယာကြား၌ ညှပ်ပိတ်မိနေသော ကျဉ်းမြောင်း သည့် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ရာ အင်အားကြီးနိုင်ငံများ နှိပ်စက် ကလူပြုသမျှ လည်စင်းခံနေရသည့် ပြည်ငယ်လေးတစ်ခု ဖြစ်လေသည်။ ထိုအခြေအနေတွင် လွတ်လပ်မှုကို မြတ်နိုးသော ဖိုနီးရှန်းတစ်စုသည် ယခင် သူတို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု စိုးမိုးခွင့်ရခဲ့သော မြေထဲပင်လယ် ကမ်းခြေတစ်လျှောက် သွားရောက် အခြေစိုက်နေထိုင်ခြင်း ပြုခဲ့ကြလေ သည်။ ယင်းသို့ဖြင့် ဖိုနီးရှန်းတို့သည် ဆိုက်ပရပ်(စ်)၊ စစ္စလီ၊ ဆာဒီးနီးယား၊ စပိန်၊ မော်လ်တာနှင့် မြောက်အာဖရိက ကမ်းခြေတစ်လျှောက်၌ တစ်စ တစ်စ ဝင်ရောက် ခိုလှုံလာကြတော့သည်။

ဤတွင် နယ်သစ်ပယ်သစ် ရှာဖွေအခြေစိုက်ခဲ့သော ဖိုနီးရှန်းတို့နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်လိုသော ဂရိတို့ အကြား တင်းမာမှုများ ပေါ်ပေါက်လာခဲ့လေသည်။ ထိုစဉ်က ဂရိတို့သည် ကုန်စည်ဒိုင်များ ဖွင့်နိုင်ရန် အချက်အချာကျသော ဆိပ်ကမ်းမြို့များကို ကိုလိုနီပြုကျင့်နေသော ကာလလည်းဖြစ်ပေရာ သဘာဝအားဖြင့် ကုန်သည် များသာဖြစ်သည့် ဖိုနီးရှန်းတို့သည် ဂရိတို့၏ အနိုင်အထက်ပြုမှုများကြောင့် အတိုက်အခိုက် ရက်စက်သော စစ်သည်ရဲမက်များဘဝသို့ ကူးပြောင်းလာခဲ့ ရတော့သည်။ ဤနည်းဖြင့် အနောက်မြေထဲပင်လယ် ကမ်းရိုးတန်းနှင့် ယင်းဒေသရှိ ကျွန်းများကို လည်းကောင်း၊ ဂရိနှင့် ယင်းဒေသရှိ ကျွန်းများ ကို လည်းကောင်း ချုပ်ကိုင်နိုင်ရေးအတွက် ဂရိ၊ ကာသေတို့အကြား ပြင်းထန် ခါးသီးသော ရေကြောင်းစစ်ပွဲကြီးများ ဖြစ်ပွားခဲ့လေသည်။

ယင်းသို့ရှိရာမှ ဟန္နီဗာ မမွေးဖွားမီ နှစ်ပေါင်း ၃ဝဝ၊ တစ်နည်း ဘီစီ ၅ဝဝ သို့ တိုင်သောအခါ ကာသေသည် နီးဝေးမဟူ တိုင်းကြီးပြည် ငယ် ခန့်ညားရသော အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံအဖြစ် ရပ်တည်လာ နိုင်ခဲ့လေသည်။ ကာသေ မာလိန်မှူးတို့သည် ပင်လယ်ရေကြောင်းဆိုင်ရာ ပညာရပ်တွင် ထူးချွန်သူများဖြစ်ရာ မြေထဲပင်လယ် ကမ်းရိုးတန်းသာမက အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ပင် ချင်းနင်းဝင်ရောက်ကာ မြောက်အာဖရိက ကမ်းခြေများသို့တိုင် ခရီးဆန့်နိုင်ခဲ့ကြလေသည်။ ။

ဤသို့ ဂရိတို့နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ရာမှ ဖြစ်ပွား ခဲ့သော ပဋိပက္ခ အေးမည်ကြံဆဲမှာပင် မြောက်ဘက်ဆီမှ ရောမတို့က ကာသေအား ခြိမ်းခြောက်လာခဲ့ပြန်လေသည်။ ထိုစဉ်က ရောမသည် အင်ပါယာနိုင်ငံကြီးတစ်ခုအဖြစ် တန်ခိုးအာဏာ မကြီးထွားသေးချေ။ ဘီစီ လေးရာစုနှင့် ငါးရာစုက ကာသေတို့အဖို့ ရောမသည် လက်တင်နိုင်ငံ တစ်ခုမျှသာဖြစ်ပြီး တိုင်ဘာမြစ်ဘေးတွင် ထွန်ယက်စားသောက်နေကြသော လယ်သမားများအဖြစ်သာ မြင်ခဲ့ကြလေသည်။ သို့ရာတွင် ကာသေ တို့ အထင်သေးခဲ့သော ရောမသည် ကာသေတို့ မျက်မှောက်၌ပင် အိမ်နီး ချင်းနိုင်ငံများအပေါ် နယ်မြေချဲ့ထွင်ရေး စစ်ပွဲများ ဆင်နွှဲရာမှ အီတလီ တောင်ပိုင်းသို့တိုင် နယ်ချဲ့ လာနိုင်ခဲ့ကြလေသည်။ ထို့ပြင် ရောမသည် ရပ်ဝေးရပ်နီး နိုင်ငံများသို့ သံတမန်နည်းဖြင့် မဟာမိတ်ဖွဲ့ ကာ သြဇာ အာဏာစက် ဖြန့်ယှက်ထားနိုင်ရုံမျှမက မက်ဆီးနား ရေလက်ကြားသို့ ဖြတ် ကာ စစ္စလီသို့ပင် စိမ့်ဝင်နိုင်ခဲ့ကြလေသည်။

ပထမတွင် ကာသေတို့သည် ခြိမ်းခြောက်လာသော ရန်သူသစ် ရောမနှင့် အကြည်အသာရှိစေရန် ဘီစီ ၅ဝ၈ တွင် တစ်ကြိမ် ဘီစီ ၃၄၈ တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် စာချုပ်များ ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်များအရ စစ္စလီရှိ ကာသေတို့၏ စီးပွားကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးတို့ကို ရောမ တို့က အသိအမှတ်ပြုခဲ့ကြသည်။ သို့ရာတွင် အီတလီတောင်ပိုင်းရှိ ဂရိ ကိုလိုနီများနှင့် ပတ်သက်၍ မကျေလည်မှုများ ဖြစ်ပေါ်လာသည်။ ယင်း အရေးအခင်းနှင့် စပ်လျဉ်း၍ ဂရိတို့က ရောမ၏ အကူအညီကို ယူကာ ကာသေအား ရန်စောင်မှုများ ပြုလုပ်လာသည်။ စင်စစ် စစ္စလီသည် အာဖရိက ထက် အီတလီနှင့် နီးနေခြင်းသည်ပင်လျှင် ရောမနှင့် ကာသေတို့ သဘောထား ကွဲလွဲစရာ အဓိက အကြောင်းတရား ဖြစ်လာရတော့သည်။ နောက်ဆုံးတွင် ကာသေနှင့် ရောမတို့ အတိအလင်း စစ်ဖြစ်ရသည်အထိ ကြီးထွားလာခဲ့ရ လေသည်။

စစ္စလီအနီးဝန်းကျင်ရှိ တောင်တန်းတောင်ကြား၊ ပင်လယ်အော်တို့ တွင် ကာသေနှင့် ရောမတို့ စစ်ဖြစ်ပွားခဲ့ကြသည်မှာ ၂၄ နှစ်မျှပင် ရှည် ကြာခဲ့လေသည်။ ပထမပိုင်းတွင် ကာသေတို့သည် တိုက်ပွဲတချို့ကို နိုင်ခဲ့ သော်လည်း ဘီစီ ၂၅၅ တွင် ရောမဗိုလ်ချုပ် ရီဂူလပ်(စ်)သည် ရေကြောင်းမှ ချီလာကာ မြောက်အာဖရိက ကမ်းခြေသို့ တက်ခဲ့သဖြင့် ကာသေတို့ စစ်ရှုံး သွားခဲ့ရလေသည်။

ဤသို့ ကာသေတို့ အရေးနိမ့်သွားရသော အကြောင်းများတွင် ကာသေ စစ်ခေါင်းဆောင်များနှင့် အရပ်ဘက် အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲခဲ့ခြင်းသည်လည်း အကြောင်း တစ်ရပ်အဖြစ် ပါဝင်ခဲ့လေသည်။ ကာသေအစိုးရအပေါ် အပြင်းထန်ဆုံးဝေဖန်သူမှာ ကာသေ ဗိုလ်ချုပ် ဟမီးလကားဗားကားပင် ဖြစ်လေသည်။

အဟမီးလကားသည် စစ္စလီရှိ ကာသေတပ်များကို ဘီစီ ၂၄၇ တွင် စတင် ဦးစီးကွပ်ကဲခဲ့သည်။ ထိုနှစ်၌ပင် ဟမီးလကား၏ ဇနီးသည် သားယောက်ျားလေး တစ်ယောက်ကို ဖွားမြင်ခဲ့လေသည်။ ထိုကလေးသည် နောင်တွင် ကမ္ဘာကျော် စစ်ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်လာမည့် ဟန္နီဗာပင် တည်း။ ဟမီးလကားသည် စစ်ပညာ ထူးချွန်သည့် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည့်အားလျော်စွာ ကြည်းကြောင်းချီ စစ်ပွဲများတွင် ရောမတို့အား အနိုင်ရခဲ့ပါ၏။ စစ်ဦးပိုင်းတွင် ရောမတို့သည် ရေကြောင်း၌ပါ အရေးနိမ့်ခဲ့ သည်။ အတန်ငယ် စစ်ညောင်းလာသောအခါ ရောမတို့သည် ရေတပ် စစ်လက်ရုံးဖြင့် တိုက်မှသာ ကာသေတို့အား နိုင်ရာသည်ဟု သဘောပေါက် လာတော့သည်။ သို့ဖြင့် ရောမတို့သည် ရေတပ်အလုံးအရင်းဖြင့် ချီလာကာ စစ္စလီတစ်လျှောက်ရှိ ကာသေပိုင် တပ်မြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက် လိုက်တော့သည်။ နောက်ဆုံးတွင်မူ ကာသေတို့သည် ရောမတို့နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ရန် စစ္စလီကို ရောမတို့၏ လက်သို့ ထိုးအပ်လိုက်ရလေ တော့သည်။

ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး၍ မကြာမီပင် ကာသေ ကြေးစား စစ်သည်များက ပုန်ကန်ထကြွကြတော့သည်။ ဤသည်ကို အခွင့်ကောင်း ယူ၍ ရောမသည် ဆာဒီးနီးယားနှင့် ကော်စီကာ အနီးရှိ ကျွန်းစုများကို နောက်ဆက်တွဲ ပြည်နယ်အဖြစ် ရောမ အင်ပါယာ ထီးမိုးအောက်သို့ သွတ် သွင်းလိုက်လေသည်။ ဤနည်းဖြင့် ကာသေသင်္ဘောတို့သည်လည်း အီတလီ မြောက်ပိုင်း ရေပိုင်နက်အတွင်းသို့ ဝင်ခွင့်မရတော့ချေ။ ထိုမှ စစ္စလီနှင့် ဆာဒီးနီးယား ကျွန်းမကြီးများကိုပါ ရောမပိုင်ပြည်နယ်များအဖြစ် သတ်မှတ် လိုက်တော့သည်။ ဤတွင် ပထမ “ပျူးနစ်” စစ်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့ လေသည်။ စစ်၏ အမွေဆိုးအဖြစ်ကား ကာသေစစ်ခေါင်းဆောင်တို့၏ ရင်ဝယ် ကျန်ရစ်ခဲ့သော နာကြည်းချက်ပင် ဖြစ်လေသည်။ ထိုနာကြည်း ချက်ကို အသည်းအူခိုက်မျှ ခံစားရသူမှာ ကာသေ ဗိုလ်ချုပ်ကြီး ဟမီးလ ကားဗားကား ဖြစ်ပါသတည်း။

ယခုသော် စစ္စလီသည် အသိမ်းခံရချေပြီ။ ကော်ဆီကာနှင့် ဆာဒီး နီးယားတို့သည် ဆုံးရှုံးခဲ့ရချေပြီ။ ကာသေတို့အဖို့ ကိုလိုနီ အခိုင်အမာ တည်ထောင်ထားသော စပိန်တစ်ပြည်သာ ကျန်တော့သည်။ သို့ရာတွင် ဆောင်ရွက်နိုင်ဖွယ် တစ်ခုမူ ရှိပေသေး၏။ အခက်အခဲ အကျပ်အတည်းဖြင့်မူ ဆောင်ရွက်ရမည် ဖြစ်၏။ ဤသည်မှာ စပိန်ကို အခြေခံပြီး အီတလီ ကို ဝင်ရောက် သိမ်းပိုက်ရန်ပင် ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် ကာသေ တပ်များနှင့် စစ်ပစ္စည်းများကို စပိန်သို့ ပို့ရန် ကာသေအစိုးရက ဗိုလ်ချုပ် ကြီး ဟမီးလကားအား တာဝန်ပေးလိုက်လေသည်။ ဤအစီအစဉ်မှာ ရောမ တို့က အာဖရိက သိမ်းပိုက်ရန် ကြံစည်သော စစ်ဆင်ရေး အရေးနိမ့်သွားပြီး မရှေးမနှောင်းတွင် ပေါ်ပေါက်လာသော အစီအစဉ် ဖြစ်လေသည်။

ထိုအချိန်တွင် ဟန္နီဗော၏ အသက်မှာ ကိုးနှစ်သားမျှသာ ရှိပေ သေးသည်။ ဂရိသမိုင်းပညာရှင် လီဗီ၏ အဆိုအရ ဟန္နီဗောလေးသည် သူ့အား စပိန်သို့ခေါ်သွားရန် ကလေးတို့ဘာဝ ဖခင် ဟမီးလကားထံ ပူဆာ သည်ဟု ဆိုသည်။ ထို့နောက် ဟန္နီဗောလေးသည် ဖခင်ကြီးနှင့်အတူ ဘုရား ဝတ်ကျောင်းသို့ သွားရောက်လျက် ရောမရန်စွယ်ကို အပြီးတိုင် ချေမှုန်းပါ မည်ဟု သူရိယနတ်ဘုရား 'ဘားလ်”ထံ တိုင်တည်ကာ အဓိဋ္ဌာန်ပြုခဲ့သည် ဟု ဆိုလေသည်။

ဤသည်၏ နောက်ပိုင်း ပေါ်ပေါက်လာမိသော သမိုင်းအခြင်းအရာ တို့နှင့် စပ်လျဉ်း၍ မာ့က္ခ(စ်)ဝါဒီတို့က စီးပွားရေးကို အရင်းခံ၍ ပေါ်ပေါက် လာသော အခြင်းအရာများအဖြစ် ကောက်ချက်ချခဲ့ကြသည်။ ယင်း ကောက် ချက်မှာ သဘာဝကျသော်လည်း လူပုဂ္ဂိုလ်၏ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားခြင်းမပြု၍ ပြီးပြည့်စုံသည်ဟု မဆိုနိုင်ချေ။ ဤနေရာ၌ စဉ်းစားဖွယ် တစ်ရပ်ရှိသည်မှာ ကိုးနှစ်သားအရွယ် ကလေးငယ် တစ်ယောက်အနေဖြင့် စီးပွားရေးစစ်ပွဲရှုံးကာမျှ ဖခင်ကြီး စစ်ရှုံး၍ သောကရောက်နေသည်ကို မြင် ကာမျှဖြင့် ဘုရားဝတ်ကျောင်း၌ ဤမျှကြီးကျယ်သော သန္နိဋ္ဌာန်တစ်ရပ် ချမှတ်ခဲ့ပါမည်လား ဆိုသော အချက်ပင် ဖြစ်၏။ ဟန္နီဗာ သည် သာမန် ကလေးတစ်ယောက်ဖြစ်ဘိမူ ဝမ်းနည်းမိစဉ် တစ်ခဏ ကလေးတို့သဘာဝ ငိုပစ်လိုက်ကာ မေ့မေ့ပျောက်ပျောက်နေသွားရုံသာ ရှိရပေမည်။ ဤသို့ ဟန္နီဗာသည် အခြား သာမန်ကလေးတစ်ယောက် ဖြစ်ခဲ့လျှင် သမိုင်း လမ်းကြောင်းသည်လည်း တစ်နည်းတစ်ဖုံ ပြောင်းလွဲသွားဖွယ်ရာ ရှိပေ သည်။

မည်သို့ရှိစေ ထိုအချိန်ကပင် ကိုးနှစ်သားအရွယ် ဟန္နီဗောလေး၏ ဝိညာဉ်ဝယ် သူကိုယ်တိုင်သော် လည်းကောင်း၊ ကမ္ဘာကသော်လည်းကောင်း သတိမပြုမိသေးသော အရည်အချင်းများ၊ သန္ဓေတည်နှင့်နေပြီဟု ဆိုရမည် ဖြစ်လေသည်။ ထိုအရည်အချင်းများကား အမုန်းတရားကို ပရိစ္ဆေဒ ရှည်ကြာစွာ ကြောက်ဖွယ်လိလိ သိုမှီးထားနိုင်သော အာဃာတ၊ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်၊ မိမိစစ်သည်များ၏ ချစ်ခင်လေးစားမှုကို ရယူ နိုင်သော စည်းရုံးရေးစွမ်းရည်၊ ထူးချွန်ထက်မြက်သော စစ်ပညာ စသည်တို့ ပါတည်း။

တစ်ဖန် ထိုနေ့က ဘုရားဝတ်ကျောင်းတွင် ကျိန်ဆိုခဲ့ခြင်း၏ ရလဒ် ကား လူ့အသက်ပေါင်းများစွာ သေကျေရခြင်း၊ မြို့တော်ကြီးပေါင်းများစွာ ပျက်စီးရခြင်းနှင့် အင်ပါယာကြီးတစ်ခု ပြိုကွဲပျက်သုဉ်းရခြင်းတို့ပင် ဖြစ်ပေ သတည်း။

နိဒါန်း

ကာသေ စစ်ဗိုလ်ချုပ်ကြီး ဟန္နီဗောကို ကမ္ဘာကြေသော်လည်း ဥဒါန်းမကျသော စစ်ပွဲတကာ “အောင်မှူး သခင်” (Immortal Conqueror) ဟူ၍ စစ်သမိုင်း သုတေ သီတို့က ကမ္ပည်းတင်ခဲ့ကြပြီး တချို့ သမိုင်းကဝိတို့ကမူ စစ်ပါရမီရှင်၊ စစ်ပါရဂူ (Military Genius) စသည့် ဘွဲ့ မည်များတို့ဖြင့် တင်စားခဲ့ကြပါသည်။

(Genius) ဆိုသည့် ဝေါဟာရကို ဆရာမောင်ထင် က 'ဉာဏ်ကြီးရှင်” ဟူ၍ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း က “သေနင်္ဂဗျူဟာ စစ်ပညာ” တွင် (Military Genius) ကို စစ်ပါရဂူ၊ စစ်ဧတဒဂ်” ဟူ၍ လည်းကောင်း မြန်မာမှု ပြုထားသည်ကို သညာပြုလိုက်မိပါသည်။ ။

သို့ဆိုလျှင် သမိုင်းသုတေသီတို့က အဘယ့်ကြောင့် ကာသေ စစ်သူကြီး ဟန္နီဗာအား အထက်ဖော်ပြပါ ဘွဲ့ မည်များ အပ်နှင်းကာ ကမ္ပည်းတင်ခဲ့ကြပါသနည်းဟု မေး ဖွယ်ရာ ရှိပါ၏။

ယင်းမေးခွန်းကို မဖြေမီ စစ်အောင်နိုင်သော စစ်သူ ကြီးတို့တွင် ရှိအပ်သည့် အရည်အချင်းများနှင့် စပ်လျဉ်း၍ ခေတ်ဟောင်း၊ ခေတ်သစ် စစ်ပါရဂူတို့၏ အနက်ဖွင့်ဆိုချက်များကို ရှေးဦးစွာ လေ့လာရန် လိုအပ်ဦးမည် ထင်ပါ သည်။

တိုက်ပွဲ အောင်နိုင်သော စစ်သူကြီး ဆို သည်မှာ ဆင်နွှဲအံ့သော တိုက်ပွဲအတွက် လစ်ဟင်း မှု မရှိစေရန် အဘက်ဘက်မှ အကြိမ်ကြိမ်အလီလီ ကြိုတင်ကြံဆထားသူ ဖြစ်သည်။

တိုက်ပွဲ ရှုံးနိမ့်ရသော စစ်သူကြီး ဆိုသည် ကား တိုက်ပွဲမဝင်မီ သာမန်မျှသာ တွေးတောကြံဆ ထားသူ ဖြစ်သည်။”

(ဆန်ဇု)

အထက်ပါ အဆိုအမိန့်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်က တရုတ်စစ်ပါရဂူကြီး ဆန်ဇု ရေးသားခဲ့ သည့် စစ်ပညာကျမ်း (The Art of War) ပါ အဆိုအမိန့် တစ်ရပ် ဖြစ်ပါသည်။

တရုတ် စစ်ပါရဂူကြီး ဆန်ဇု ညွှန်းဆိုခဲ့သော အထက်ဖော်ပြပါ “အရည်အချင်းစံ”မျိုး ကာသေစစ်သူကြီး ဟန္နီဗော တွင် ရှိ၊ မရှိ သူဆင်နွှဲခဲ့သော ကန္နီစစ်ပွဲကပင် အဖြေပေးခဲ့ ပါသည်။ ကန္နီစစ်ပွဲတွင် ဖြစ်၏။

ရန်သူ့နယ်မြေပေါ်တွင် ဆင်နွှဲရသော စစ်ပွဲလည်း ဖြစ်ပါ၏။

ရန်သူ့အင်အားမှာလည်း မိမိ (ဟန္နီဗာ) ၏ အင်အား ထက် နှစ်ဆမျှ သာလွန်နေ၏။ ထိုအခြေအနေတွင် ဟန္နီဗော သည် မိမိ၏ မြင်းတပ်ကြီးကို တွင်ကျယ်စွာ အသုံးချနိုင် မည့် စစ်တလင်းကို စိတ်ကြိုက် ရွေးချယ်ကာ မိမိ ကြိုတင် ရွေးချယ်ထားသည့် သတ်ကွင်း”ထဲသို့ ရန်သူ မရှောင်မလွှဲ သာ စစ်ဆိုင်လာစေရန် ဖန်တီးယူခဲ့သည်။

ထို့ ကြောင့် ကန္နီစစ်ပွဲသည် ကမ္ဘာ့စစ်သမိုင်း တစ်လျှောက်တွင် ကြီးကျယ်ထင်ရှားသော စစ်ပွဲကြီး တစ်ပွဲအဖြစ် ထာဝရ နေရာယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကာသေစစ်သူကြီး ဟန္နီဗော၏ အောင်ပွဲသည် ကံကြောင့် လည်း မဟုတ်သကဲ့သို့ ရှောင်တခင် ပေါ်ပေါက်လာသည့် အခွင့်အရေးကြောင့်လည်း မဟုတ်သည်မှာ ထင်ရှားလှပါ သည်။

ထို့ကြောင့်လည်း “စစ်ဘုရင်ကြီး နပိုလီယံ” က စစ် အောင်နိုင်သော စစ်သူကြီးတို့၏ အရည်အချင်းနှင့် စပ် လျဉ်း၍ အောက်ပါအတိုင်း မိန့်ဆိုခဲ့ခြင်း ဖြစ်တန်ရာသည်။

စစ်သူကြီးတစ်ဦး၏ အောင်မြင်မှုများမှာ မတော်တဆ ပေါ်ပေါက်လာသော အခွင့်အရေးကြောင့် မဟုတ်သကဲ့သို့ ကံကြောင့်လည်း မဟုတ် ချေ။ အမြော်အမြင်ကြီးစွာ ကြိုတင်စီမံတတ်ခြင်းနှင့် မွေးရာပါ အရည်အချင်းတို့ကြောင့်သာလျှင် ဖြစ် သည်။”

ထိုစစ်ပွဲ၌ ရောမနှင့် ယင်း၏ မဟာမိတ် စစ်သည် ပေါင်း ၇ဝဝဝဝ ကျော်မျှ ကျဆုံးပြီး မိမိ (ဟန္နီဗာ) ဘက် မှ စစ်သည် ၆ဝဝဝ ကျော်မျှသာ ကျဆုံးခဲ့သည်။ ထို့ကြောင့် နှစ်ဖက်တပ်မှ ကျဆုံးသူ စုစုပေါင်း ၈ဝဝဝဝ နီးပါးမျှ ကျဆုံး သည်ဟု ဆိုရပါမည်။

ယင်းစစ်ပွဲတွင် ကျဆုံးသူ အရေအတွက်မှာ ကြောက် ခမန်းလိလိပင် များပြားခဲ့သည်။ နာရီအနည်းငယ်မျှသာ တိုက်ရသော ဓား၊ လှံ လက်နက်တို့ဖြင့်သာ တိုက်ရသော ကန္ဒီစစ်ပွဲတွင် ကျဆုံးသည့် စစ်သည်ဦးရေမှာ ပထမ ကမ္ဘာ စစ်နှင့် ဒုတိယ ကမ္ဘာစစ်ကြီး နှစ်စစ်အတွင်း ဗြိတိသျှ လေ တပ်မတော်မှ ကျဆုံးခဲ့ရသည့် စစ်သည်အရေအတွက်ထက် များပြားခဲ့လေသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရသည့် အမေရိကန် ကြည်း၊ ရေ၊ လေ စစ်သည် ဦးရေ၏ သုံးပုံတစ်ပုံနီးပါးမျှပင် ရှိခဲ့သည်။ ကန္နီစစ်ပွဲတွင်အသုံးပြုခဲ့သော “ဟန္နီဗော” ၏ နည်းဗျူဟာသည် အဏု မြူဗုံးတမျှ အဖျက်စွမ်းအား ကြီးမားလှသည်ဟု စစ်သမိုင်း သုတေသီတို့က ဆိုမှတ်ခဲ့ကြခြင်း ဖြစ်သည်။ စစ်အောင်နိုင် မှုတွင် လူသူအင်အား အနည်းအများကား အကြောင်း မဟုတ်။ စစ်ခံ၊ စစ်ထွက်၊ စစ်တက်၊ စစ်ဆုတ်ခြင်းတို့၌ ပွန်းတီးလိမ္မာခြင်း၊ အမြော်အမြင်ရှိခြင်းတည်း ဟူသော စွမ်းရည်သတ္တိ သေနင်္ဂဗျူဟာသာလျှင် ပဓာနဖြစ်သည်ဟု ဆိုမြဲ ဖြစ်ပါ၏။

 “စစ်တို့၏ သဘောသည် ဗိုလ်ခြေအင်အားနည်းသည်၊ များသည်မှာ အကြောင်းမဟုတ်။ လက် ရုံးရည်၊ နှလုံးရည်၊ ကြံရည် ဖန်ရည်သာမှသာ အကြောင်းရင်း ဖြစ်သည်။”

(ဦးအောင်ဇေယျ)

စစ်သူကြီးတို့၏ အတတ်သည် သေနင်္ဂဗျူဟာ ဖြစ် ၏။ အဘယ်နည်း။

ကက္ကဋဗျူဟာ၊ စက္ကဗျူဟာ၊ ပဒုမဗျူဟာ စသည့် အစီအရင်တို့ဖြင့် စစ်ခံ၊ စစ်ထွက်၊ စစ်တက်၊ စစ်ဆုတ်ခြင်းတို့၌ ပွန်းပွန်းတီးတီး တတ်သိလိမ္မာ စွာ အမြော်အမြင်ရှိသည်ကို သေနင်္ဂဗျူဟာ မည်၏။”

(ဝိပ္ပလ္လာသ လက္ခဏဒီပနီကျမ်း)

ကာသေစစ်သူကြီး ဟန္နီဗာသည် သေနင်္ဂဗျူဟာ၌ တတ်သိလိမ္မာသူ ဖြစ်၏။ ထို့ကြောင့်လည်း စစ်ဘုရင်ကြီး နပိုလီယံက သူ၏ တပ်မှူးများအား...

ငါသည် တပ်မှူးကောင်း တစ်ယောက် ဖြစ်ရန် မဟာအလက်ဇန္ဒား၊ ဟန္နီဗာ၊ ဆစ်ပီယို၊ ဂျူးလီယက်ဆီဇာ စသည့် ပုဂ္ဂိုလ်ကြီးတို့၏ အတ္ထုပ္ပတ္တိနှင့် သူတို့ ဆင်နွှဲခဲ့သည့် စစ်ပွဲကြီးများအကြောင်းကို အကြိမ်ကြိမ်အထပ်ထပ် ဖတ်ရှု လေ့လာခဲ့သည်။ သင်တို့လည်း တပ်မှူးကောင်း များဖြစ်လိုလျှင် ထိုပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် စစ်ပွဲကြီးများအကြောင်းကို အထပ်ထပ် ဖတ်ရှု လေ့ လာပါလေ” ဟု ဩဝါဒပေးခဲ့ခြင်း ဖြစ်သည်။” တစ်ဖန် ..

စစ်သူကြီး တစ်ဦး၌ အခါခပ်သိမ်း ရှိအပ် သော အရည်အချင်းတို့မှာ ပထမ အမှုအခင်းကြီး များ ပေါ်ပေါက်လာပါက ဆုံးဖြတ်ပိုင်နိုင်သည့် ခိုင် ကျည်သော နှလုံးရည်နှင့် ဒုတိယ ကြောက်စိတ် အလျဉ်းကင်းသည့် ဘာမထီသော လက်ရုံးတို့ပင် ဖြစ်သည်။”

(ဂျိုမီနီ)

ဟန္နီဗာသည် ရန်သူတော် ရောမတို့ကို ရန်သူ့ နယ်မြေပေါ်၌ပင် အနိုင်ယူအံ့ ဟူသော မိမိပြုခဲ့သည့် ခိုင် ကျည်သော အဓိဋ္ဌာန်အတိုင်း ရန်သူက ထင်မှတ်ထားသော ဥရောပတွင် အမြင့်ဆုံး တောင်တန်းကြီးများ၊ ကျယ်ပြန့်သော စိမ့်မြေကြီးများ၊ ရေအလျဉ်အဟုန်ပြင်းသော မြစ်ကြီး များကို ဖြတ်ကျော်ကာ ရန်သူ့နယ်မြေအတွင်းသို့ အရောက် ဝင်ခဲ့သည်။ ဟန္နီဗောက မိခင်နယ်မြေမှ စတင် စစ်ထွက်ခဲ့ စဉ်က စစ်သည်အင်အား ၁၀၂၀၀၀၀ ပါရှိခဲ့ပြီး “ရုန်းမြစ်” ကို ဖြတ်ကူးမိသောအချိန်တွင် စစ်သည်အင်အား ၆ဝဝဝဝ မျှသာ ရှိတော့ကာ အဲလ်ပတောင်တန်းကြီးကို ဖြတ်ကျော်ပြီး ချိန်၌ စစ်သည်အင်အား ၂၃၀၀၀ မျှ ကျန်ရှိတော့သည်။ သို့တစေ သူ၏ ခိုင်ကျည်သော အဓိဋ္ဌာန်မှ တစ်ရွေးသားမျှ ပင် မလျော့စေရ။ စကားပြန်ပေါင်း တစ်ဒါဇင်ကျော်၏ အကူအညီဖြင့် အမိန့်ပေးခဲ့ရသော လူမျိုးပေါင်းစုံ ပါဝင် သည့် တပ်ကြီးကို တစ်သွေးတစ်သံ၊ တစ်မိန့်တည်းအောက်တွင် အစုအစည်းမပြေ အုပ်ချုပ်ကွပ်ကဲနိုင်ခဲ့သည့် သူ၏ ခေါင်းဆောင်မှုစွမ်းရည်စတို့သည် ဟနူဗော၏ နှလုံးရည် ပင် မဟုတ်ပါလော။ စစ်တက်ရာ၌ ရှေ့ဆုံးက ထွက်ကာ စစ်ဆုတ်ရာ၌ တပ်၏ နောက်ဆုံးမှ ဆုတ်လေ့ရှိပြီး ထိုစဉ်က ကမ္ဘာပေါ်၌ စစ်စည်းကမ်း အကြီးဆုံးနှင့် စစ်အင်အား အတောင့်တင်းဆုံးသော ရောမ လီဂျင်တပ်ကြီးကို ရောမ မြေပေါ်တွင် ၁၆ နှစ်တိုင် ရှုံးပွဲမရှိ၊ အောင်ပွဲဆင်နိုင်ခဲ့သည် မှာ ဟန္နီဗော၏ ဘာမထီသော လက်ရုံးရည်ပင် မဟုတ်ပါ လော။ ဟန္နီဗာ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီ။ သူ၏ နည်းဗျူဟာတို့သည် ခေတ်သစ် စစ်ပွဲများ တွင် အသုံးပြုနေရဆဲ။ ၁၉၁၄ ခုနှစ်က ဂျာမန်တို့ ကျင့်သုံးခဲ့သော ကြောက်မက်ဖွယ် ထိုးစစ်ကြီး၏ (Double Envelopment Theory) (နဂါးပတ်ဗျူဟာ) သည် “အော်ဖီး ဒပ်စ်” မြစ်ကမ်းခြေတွင် ဟန္နီဗော ကျင့်သုံးခဲ့သည့် နည်း ဗျူဟာကို နည်းမှီခဲ့ခြင်း ဖြစ်သည်။ နဂါးတို့မည်သည် မိမိ ကိုယ်လုံးဖြင့် ရန်သူကို အထပ်ထပ် ရစ်ပတ်၍ သတ်ဖြတ် ပစ်သည်ကို ရည်ရွယ်၍ (Double Envelopment Theory) (နဂါးပတ်ဗျူဟာ) တွင်သည်ကို လေ့လာရပါသည်။ ဗိုလ်ချုပ် အောင်ဆန်းကမူ (Encirclement Strategy) (Envelope ment Tactics) ကို ရန်သူအား ဝိုင်းသိမ်း၍ ဝိုင်းဝန်း၍ ဘေးပန်းတိုက်သည့်နည်းဟု မြန်မာမှုပြုခဲ့ပါသည်။ ဟန္နီဗော ၏ မဟာဗျူဟာ၊ နည်းဗျူဟာတို့သည် ယခုတိုင် ကမ္ဘာ့စစ် တက္ကသိုလ် အသီးသီးတွင် လေ့လာနေရဆဲ ဖြစ်သည်။ လူသားတို့ အဏုမြူစစ်ပွဲကြီးများ မဆင်နွှဲဖြစ်သေးသမျှ “ဟန္နီဗော” ၏ မဟာဗျူဟာ၊ နည်းဗျူဟာတို့ကို ကမ္ဘာ့စစ် တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းမှ ထုတ်ပယ်၍ရဦးမည် မဟုတ်ဟု ခေတ်သစ်စစ်ပညာရှင်များက ကောက်ချက်ချကြ ခြင်းလည်း ဖြစ်ပေသည်။ နိဂုံးချုပ်အနေဖြင့် ဆိုရသော်.

ဟန္နီဗာသည် စစ်အတတ်၌ လိမ္မာပွန်းတီးသော စစ်ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ဤစာအုပ် သည် ဟန္နီဗာ၏ သေနင်္ဂဗျူဟာကို ပဓာနထား၍ လေ့လာ မည် ဖြစ်ပါသည်။ သို့ရာတွင် လူသားမျိုးနွယ် တစ်ရပ်လုံး ကို ပျက်သုဉ်းစေနိုင်သည့် မဟာဗျူဟာ လက်နက်ကြီးများ ကို ယခု ၂၀ ရာစုနှစ်တွင် ပိုင်ဆိုင်နေသည့်တိုင် လူပုဂ္ဂိုလ် ၏ ခေါင်းဆောင်မှုစွမ်းရည် အခန်းကဏ္ဍသည်လည်း မှေးမှိန် သွားသေးသည် မဟုတ်ပေရာ ဟန္နီဗော၏ ခေါင်းဆောင်မှု စွမ်းရည်ကိုလည်း လေ့လာမည် ဖြစ်ပါသည်။ တစ်ဆက် တည်းမှာပင် လူသားတိုင်း အပြစ်မကင်း၊ စိတ်တည်း ဟူသော ဒင်္ဂါးတစ်ချပ်တွင် ခေါင်းတစ်ဖက်၌ စိတ်ယဉ်ရှိပြီး ပန်းတစ်ဖက်၌ စိတ်ရိုင်းရှိမြဲ ဖြစ်သည်။ ဒုစရိုက်ရှိသကဲ့သို့ သုစရိုက်လည်း ရှိမည်မှာ သဘာဝပင်။ ထို့ကြောင့် ကမ္ဘာကျော် စစ်ခေါင်းဆောင်ကြီး ဟန္နီဗော၏ စိတ်စရိုက်ကို လည်း လေ့လာမည် ဖြစ်ပါသည်။ မြန်မာပြန်သူ၏ ရည် ရွယ်ချက်မှာကား ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ ကို ယနေ့လူငယ်များ ဖတ်ရှုခြင်းဖြင့် ကမ္ဘာ့သမိုင်းကို လေ့လာနိုင်ရန်ပင် ဖြစ်ပါသတည်း။

မြန်မာပြန်သူ