Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရန်ကုန်ဘဆွေ - စနစ်ကိုအတင်းပြောင်းမည်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

[]

အချုပ်ခန်းမှ သံတံခါးကြီးကို “ဂျိုင်း”ခနဲ ပိတ်လိုက်သည်။ ကျွန်တော် သည် ရုတ်တရက် လန့်သလိုဖြစ်ကာ နောက်သို့ လှည့်ကြည့်မိသည်။

ကိုရွှေရဲသားတစ်ယောက်က အချုပ်ခန်းရှိ သံတံခါးကို နေရာမှ သော့ခလောက်ကြီးဖြင့် သော့ခတ်ပိတ်နေသည်။ “ဟင် ... ငါ တကယ် အချုပ်ခံနေရပါပကော”

ကျွန်တော်၏ ခေါင်းထဲ၌ တွေးချင်စရာတို့က နေရာလုနေကြသည်။ ကျွန်တော်၏မျက်နှာမှာ ပြုံးချင် ရယ်ချင် ဖြစ်လာသည်။

အချုပ်ခန်းထဲ၌ တစ်ယောက်တည်း ရယ်နေလျှင် ကိုရွှေရဲတို့က စိတ်များ ဆိုးနေကြမည်လား။

ကျွန်တော်က ကိုယ့်မျက်နှာကိုယ် ခပ်တည်တည်ပြင်လိုက်သည်။ အစွမ်းကုန် ဣနြေဆည်ရင်း အလိုလို စိတ်ထဲ၌ မလုံမလဲဖြစ်ကာ ပတ်ဝန်းကျင် ကို လှည့်ကြည့်လိုက်သည်။

အချုပ်ခန်းကြီးထဲ၌ မည်သူမျှမရှိ၊ ကျွန်တော် တစ်ယောက်တည်း။ ထို့ကြောင့် ကျွန်တော်၏ ပြုံးဖြဲဖြဲ မျက်နှာကြီးကို မည်သူမှ မြင်လိမ့်မည်မဟုတ်။

သို့သော် ကျွန်တော်ကတော့ ပိတ်ထားသည့် အချုပ် သံတံခါးကြီးကို မြင်နေရသည်။ အပြင်က ဧရာမ သော့ခလောက်ကြီးဖြင့် ခတ်သွားသည်။

ရန်ကုန်ဘဆွေ ကျွန်တော် တကယ်အစစ် အချုပ်ခံနေရပြီဟူသော အသိက “ဟော.. တွေ့လား”ဟု ဆွဲပြလိုက်သလို မြင်လာရသည်။ လိမ်၍မရ။

ကျွန်တော် ရယ်ချင်လာပြန်၏။

ဟား ... ဟပ်... ဟပ်... ဟား၊ ဟား ... ဟပ် ... ဟား ... ယဟား၊ ဟား ... ဟား ... ဟား ... ဟား”

ဟေ့... ဟို ... အချုပ်သမားက ဘာလဲကွ၊ မင်းတို့အိမ် မီးလောင် နေတယ်ကြားလို့ ဒါလောက် ရယ်နေရတာလား”

ကိုရွှေရဲသားတစ်ယောက်က ကြိမ်းမောင်းလိုက်ခြင်း ဖြစ်၏။ ကျွန်တော် ကြားပါ၏။ သို့သော် အရယ်ကို ရပ်၍မရပါ။

ကျွန်တော် ဆက်၍ ရယ်မြဲရယ်နေသည်။ ကျွန်တော့်မျက်စိထဲ၌ ကျွန်တော် ယခုကဲ့သို့ အချုပ်ခံရသည်အထိ ဖြစ်ပျက်လာရပုံတွေကို မြင်ယောင်လာသည်။ ။

ကျွန်တော့် နားထဲရှိ ကျွန်တော့်ကို ဖမ်းသော ရဲသားကြီး၏ စကား ကိုလည်း ကြားယောင်လာသည်။

မင်းကို လမ်းပိတ်ဆို့စေမှု၊ လမ်းပေါ်မှာ ရန်ဖြစ်မှု ၄၁ နဲ့ ဖမ်းတယ်။ လာ ... လိုက်ခဲ့”

ဤသို့နှင့် ကျွန်တော်သည် ဤအချုပ်ခန်းသို့ ရောက်လာရသည်။ တကယ်တော့ ကျွန်တော်သည် အချုပ်ခံရသည်ကို ရယ်မောနေဝံ့လောက် အောင် သတ္တိရှိသူ မဟုတ်ပါ။

သို့ပါလျက် ရယ်မောနေရ၏။ ကျွန်တော် မရယ်မိအောင် စိတ်တင်း ထားပါသေးသည်။ ကျွန်တော်၏ ပြုံးဖြဲဖြဲ ပါးစပ်ကြီးကို အတင်းပိတ်ထား ပါသေးသည်။

ကျွန်တော့်ရင်ထဲ၌ ကလိကလိ ဖြစ်လာ၏။ နောက်ဆုံး ကျွန်တော် ရယ်ချလိုက်၏။ ယခု လွတ်လွတ်ကျွတ်ကျွတ် ရယ်မိနေပါလေပြီ။

x

ကျွန်တော် ရယ်မိခြင်းမှာ ယခုကဲ့သို့ အချုပ်ခံလိုက်ရသော အကြောင်း ကြောင့် ...

ကျွန်တော် ယခုကဲ့သို့ အချုပ်ခံလိုက်ရခြင်းမှာ တောမှ ရောက်လာ သည့် ကျွန်တော်တို့ လေးစားချစ်ခင်ကြရသော ကြီးတော်ကြီး၏ ပြောစကား၊ ဆိုစကားများကို နားထောင်မိရသော အကြောင်းကြောင့် ...

ဟုတ်ပါသည်။ အကြောင်းတစ်ခုနှင့်တစ်ခု ဤအတိုင်း ဆက်စပ်နေ ကြရပါသည်။ ။

ကြီးတော်ကြီးကို ကျွန်တော်တို့ တစ်အိမ်လုံးက လေးစားရသည်၊ ချစ်ကြရသည်၊ ရိုသေကြရသည်။ ကြီးတော်ကြီး ပြောစကားကို မြေဝယ် မကျ နားထောင်ကြရသည်။

ကြီးတော်ကြီးကို မမြင်ဖူးမီကတည်းက ကြီးတော်ကြီးအကြောင်းကို ကျွန်တော်တို့ အမေက ခဏခဏ ပြောထားသဖြင့် ဤအတိုင်း ချစ်ကြောက် ရိုသေ နေခဲ့ကြရသည်။

အမေသည် ကြီးတော်ကြီးကို မကြာခဏ တမ်းတတတ်၏။ ယခင်က တစ်နှစ်တစ်ကြိမ်လောက် ကြီးတော်ကြီးဆီသို့ ရောက်တတ်သည်ဟု ပြော၏။

ယခု ကြီးတော်ကြီးဆီသို့ မရောက်နိုင်သည်မှာ နှစ်ပေါင်း အတော် ကြာခဲ့ပြီ။ ။

ကြီးတော်ကြီး ရန်ကုန်သို့ တစ်ခေါက်လောက် အလည်လာရန် အမေက မှာတတ်သော်လည်း ကြီးတော်ကြီးက မလာ။

တို့မှာ အမေ မရှိကတည်းက သူပဲအမေ၊ သူပဲအစ်မ၊ တစ်ခါ လောက်တော့ တို့ဆီကို လာစေချင်စမ်းတယ်။ အစ်မတို့က အင်မတန် ရိုးတာ၊ တကယ့် ရှေးရိုးကြီးတွေ”.

မေမေသည် ဤသို့ ညည်းရုံသာမဟုတ်၊ ဖေဖေ့ကို လွှတ်၍ တစ်ခါ၊ နှစ်ခါ အခေါ်ခိုင်းခဲ့ဖူးသော်လည်း ကြီးတော်ကြီးက လိုက်မလာ။ လက်ဆောင် ပစ္စည်းတွေ တစ်ပုံကြီးနှင့် ဖေဖေသာ ပြန်လာခဲ့ရတတ်၏။

ကျွန်တော့်အနေနှင့် ကြီးတော်ကြီးကို ကောင်းစွာ မမှတ်မိ။ ပုံပန်း ကိုပင် တွေးကြည့်၍ မရ။ အမေ့အပြောနှင့် ချစ်နေရ၏။ ရင်းနှီးနေရ၏။ကြောက်နေရ၏။ ထို့ထက် ကျွန်တော်တို့ တစ်အိမ်လုံးအပေါ်၌ ကြီးတော် ကြီး၏ အရေးအပါဆုံး လွှမ်းမိုးမှုတစ်ခု ရှိ၏။

ထိုကား ဆန်အိတ်၊ ဆားအိတ်၊ ငါးပိ၊ ငါးခြောက်၊ ဘဲဥသေတ္တာ၊ရာသီပေါ် ကုန်တို့နှင့် ငါးဆားနယ် စသည်တို့ လစဉ် မှန်မှန် ပို့ပေးနေခြင်း ဖြစ်ပါသည်။

ယင်းသို့ ပို့ပေးနေသည်မှာ မေမေနှင့် ဖေဖေတို့ရကြပြီး တစ်နှစ် လောက်အကြာက စ၍ ပို့ပေးနေသည် ဆို၏။

တောသူ မေမေသည် ရန်ကုန်သား ဖေဖေ့နောက်သို့ လိုက်ပါလာ သောအခါ မေမေ၏ မိခင်၊ ဖခင်တို့က မိမိတို့နှင့် တော၌ အတူလာမနေ နိုင်လျှင် ဖေဖေ့ကို မေမေနှင့် မပေးစားဟု ဆို၏။

လခစားအလုပ် လုပ်နေရသော ဖေဖေက တောသို့ လိုက်မနေနိုင်၊ တောအလုပ်ကိုလည်း ဖေဖေက ဘာမျှမတတ်။

မေမေက ဖေဖေနှင့် မခွဲနိုင်၍ တောသို့ မလိုက်၊ ဤတွင် မေမေ၏ မိဘတို့က မေမေ့ကို စိတ်နာသည်ဟုဆိုကာ အမွေဖြတ်လိုက်၏။

ထိုမှစ၍ ယခု ကြီးတော်ကြီးက တစ်ပြားတစ်ချပ်မျှ ခွဲဝေမပေး ပါဟူသော ကတိဖြင့် ရှိပစ္စည်းအားလုံးတို့ကို အုပ်ထိန်းသိမ်းဆည်းခွင့် ရခဲ့၏။

ကြီးတော်ကြီးသည် ထိုစဉ်ကတည်းက မေမေတို့ရှိရာသို့ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည်တို့ကို လစဉ် တိတ်တဆိတ် ပေးပို့လာခဲ့သည်မှာ ယခုထက်တိုင်ဟု မေမေက ပြောသည်။

ကြီးတော်ကြီး ပေးပို့သောပစ္စည်းတို့သည် ရန်ကုန်မှ လစဉ်ထုတ်ဝေ သည့် မဂ္ဂဇင်းစာစောင်တွေ ဆိုင်ပေါ်သို့ ရောက်ချိန်နှင့်အတူ အမြဲ အိမ်သို့ ရောက်လာလေ့ရှိသည်။

တစ်ခါတစ်ရံ ကြီးတော်ကြီး ပို့လိုက်သည့် ပစ္စည်းများကပင် အချိန် စော၍ ရောက်လာတတ်သေးသည်။

ယင်းသို့ အချိန်မှန်မှန် စောစောရောက်မြဲဖြစ်လျက် ယခုလတွင် ကြီးတော်ကြီး ပို့နေကျ ပစ္စည်းများ မရောက်လာ။

လကုန်၍ နောက်လဆန်းသို့ပင် ရောက်လာခဲ့၏။ မေမေသည် အတော်ချည်း စိုးရိမ်ပူပန်လျက် ပစ္စည်းများ ပါလာနေကျသင်္ဘောသို့ သွားမေး၏။ မည်သို့မျှ မေးမရ။

အစ်မ တစ်ခုခုများ ဖြစ်နေသလား မသိဘူး”

ဟု ဖေဖေ့ကို ပြော၏။ ကြီးတော်ကြီးအထံသို့ လိုက်သွားရန် ဖေဖေ ကို အလုပ်မှ ခွင့်ယူခိုင်း၏။

ကျွန်တော်လည်း ကြီးတော်ကြီးကို မြင်ဖူးမှတ်မိအောင် ဖေဖေတို့နှင့် အတူ တောသို့ လိုက်သွားရန်အတွက် ကျောင်းမှ ခွင့်ယူရ၏။

ကြီးတော်ကြီးတို့ အရပ်သည် သင်္ဘောဆိပ်မြို့နှင့် အတော်ကြီး ကွာလှမ်းလျက် လှည်းတစ်တန်၊ လှေတစ်တန်လာမှ သင်္ဘောဆိပ်မြို့သို့ ရောက်ကြရသည် ဆို၏။

ပင်လယ်ကမ်းခြေ ရွာကလေးဖြစ်သောကြောင့် သာယာလှသည်ဟု လည်း ဆို၏။

ကမ်းစပ်တွင် ပြောင်ပြန့်ကြီး ရှိသော်လည်း ကုန်းထက်၌ ရွှံ့ဗွက် ထူလှသည် ဆို၏။ ကြီးတော်ကြီးပိုင်ဖြစ်သော အုန်းခြံနှင့် ဥယျာဉ်ကြီးက လည်း မနည်းလှပါတဲ့။

မေမေ စိတ်ပူသလောက် ကျွန်တော်က ပျော်နေ၏။ ထိုအရပ်နှင့် လိုက်လျောမည့် အဝတ်များ၊ ဖိနပ်များ စသည်တို့ကို ရှာဖွေပြင်ဆင်နေ၏။ ထိုစဉ် “ဂျောင်းဂျောင်း ... ကျောင်းချောင်း”ဟူသော ခပ်ပြင်းပြင်း ခေါက်သည့် တံခါးခေါက်သံနှင့်အတူ ကျယ်လောင် ကျယ်လောင်အသံတစ်ခု ပေါ်လာသည်။ ။

ဟဲ့ ... ရှင်ကြာရုံ၊ တကယ်တဲတော် ရှာလိုက်ရတာမှ ညည်းတို့ နေတာ ရန်ကုန်မြို့ကြီး ... ရန်ကုန်မြို့ကြီးနဲ့ ရိုင်းစိုင်းလိုက်ကြတာ။ မသိ ... မသိဘူး၊ သိ ... သိတယ်ဆိုတာတောင် ရေရေလည်လည်ပြောပြဖော် မရကြဘူး။ ငါဖြင့် ဟိုရောက် ... သည်ရောက်နဲ့။ ရန်ကုန် မြို့ပေါ် တက်မိကတည်းက ဟိုက မာန်လိုက်၊ သည်က အော်လိုက်နဲ့။ ညည်းတို့အရပ် သည်လိုပဲလား။ ဒါနဲ့များ ညည်းတို့မို့ သည်အရပ်မျိုး နေနိုင်ကြတယ် အေ၊ ငါဖြင့် အံ့ပ”

မေမေ တံခါးဖွင့်ပေးလိုက်ကတည်းက အမေ့မျက်နှာကို ကြည့်လျက် အထုပ်အပိုးတွေဖြင့် ဝင်လာရင်း တောက်လျှောက် တစ်ဆက်တည်း လေရှည် ကြီးပြောနေသော အသားဖြူဖြူ၊ ဗိုက်ရွှဲရွှဲ၊ အရပ် ထောင်ထောင်မောင်း မောင်း၊ ခြေကြမ်းလက်ကြမ်းကြီးများနှင့် နေလောင်ထားသော မျက်နှာရှိသည့် မိန်းမကြီးတစ်ယောက်ကို တွေ့နေကြရသည်။

မေမေက

“အစ်မ”

ဟု တစ်ခွန်းတည်း အသံပြတ်နှင့် အော်ရင်း မျက်ရည်လည်နေ၏။

ကဲ ... ညည်း နောက်မှ မျက်ရည်ရောင်း၊ အခု ငါ့ပစ္စည်းတွေ သယ်စရာရှိသေးတယ်တော်”

ကြီးတော်ကြီးသည် ပြောပြောဆိုဆို ဘက်ဘက်ပခုံး၌ လည်းကောင်း၊ ညာဘက်ပခုံး၌ လည်းကောင်း၊ လက်ထဲ၌ လည်းကောင်း၊ ခေါင်းပေါ်၌ လည်းကောင်း ဆွဲလွယ်ရွက်ယူလာသော ပစ္စည်းများကို ကြမ်းပေါ်သို့ချရင်း ကြိုးကြိုးကြမ်းကြမ်းနှင့် တံခါးမှထွက်၍ လှေကားမှ ဆင်းသွား၏။

သည်တော့မှ မေမေနှင့်တကွ ကျွန်တော်တို့တစ်တွေလည်း သတိရ ကာ အိမ်ပေါ်မှ ပြေးဆင်းလိုက်သွားကြရ၏။ ပစ္စည်းတွေကလည်း များလှ သည်။

ကျွန်တော်တို့သည် ပစ္စည်းများကို ကားပေါ်မှ ချနေကြ၏။ ကြီးတော် ဒေါ်သာပုံက ကားသမားရှေ့၌ ကလေးနို့တိုက်တော့မည့်နှယ် အပေါ်အင်္ကျီ ထူထူဖားဖားကြီးကို လှန်တင်လိုက်ပြီး ထဘီအတွင်းကို ဖိသွင်းထားသည့် ချွေးခံအကျီအိတ်ကို ဆွဲထုတ်၏။

ထို့နောက် အိတ်ပေါ်မှ ဖိချိတ်ထားသော ကြေးဝါရောင်ပေါက်နေ သည့် တိုက်ချိတ်ကြီးကိုဖြုတ်လျက် အုတ်ခဲနီးပါးခန့်ရှိသော အထုပ်ကြီးကို ဆွဲထုတ်၏။

ဤမျှကြီးမားသော အထုပ်ကြီးကို ဗိုက်ရွဲ့ရွဲကြီးအတွင်းမှ ဆွဲထုတ် လိုက်သောအခါ မျက်လှည့်ပြလိုက်ဘိသို့ ဖြစ်သဖြင့် အံ့သြကြရ၏။ ပြုံးကြ၏။

ကြီးတော်ကြီးသည် မြေကြီးရောင်ပေါက်နေသော ညစ်ပေပေ ပိတ်စ ကို အထုပ်ကြီးမှ ဖြေချလိုက်သည်။

တစ်လံသာသာခန့် ရှိ၏။ အားလုံး ပြေသွားမှ ခြေအိတ်ကဲ့သို့ အိတ် ရှည်ဖြစ်ကြောင်း သိရ၏။

အိတ်ထဲမှ တစ်ရွက်ချင်းဖြန့်၍ တပ်ထားဟန်ရှိသော ကြိုးသုံးချောင်းစည်းထားသော နှစ်ဆယ်တန်စက္ကူအထပ်ကြီးကို ဆွဲထုတ်၏။ ကြိုးတွေကို ဖြေ၏။

ဟေ့ ... သူငယ်၊ ဘယ့်လောက်ကျသလဲ”

“ခြောက်ကျပ်ပါ ခင်ဗျာ”

ရော့ ... ယူ၊ ခြောက်ဆယ်၊ မင်းကို အခု ငါပေးတဲ့ပိုက်ဆံဟာ တို့ တောမှာ ယောက်ျားကြီးတစ်ယောက် တစ်မိုးဝက်လုပ်စာ ရှိတယ်။ နားလည်လား။ ယောက်ျားကြီးတစ်ယောက် တစ်မိုးလုပ်မှ စပါးအတောင်း ခြောက်ဆယ်ရတယ်။ တို့ဆီမှာ စပါးခြောက်ဆယ်ဟာ ငွေခြောက်ဆယ်ပဲ။ အခု ငါ မင်းကို ခဏကလေးနဲ့ တို့ဆီက တစ်မိုးစာကို ပေးလိုက်ရတယ်။ အဲဒီတော့ မင်းကလည်း ငါ့ပစ္စည်းတွေကို အိမ်ပေါ်အရောက် ကူတင်ပေး သွားဦး” ကားဆရာသည် ဖျာပျာသလဲပင် ကြီးတော်ကြီး၏ လက်ထဲမှ ငွေစက္ကူများကို လှမ်းယူလိုက်ကာ လမ်းဘေး၌ ပုံချထားသည့် ပစ္စည်းများ ကို ကျိုးကျိုးနွံနွံပင် အိမ်ပေါ်အရောက် တင်ပေးသွား၏။

ဤဖြစ်ရပ်ကို မြင်လိုက်ကြရသောအခါ မေမေသည် လည်းကောင်း၊ ဖေဖေသည် လည်းကောင်း၊ ကျွန်တော်သည် လည်းကောင်း ကြီးတော်ကြီး ပေးလိုက်သည့် ငွေတွေကို နှမြောနေကြ၏။

သို့သော် ကြီးတော်ကြီး၏ ပြောစကားတွေကို ကြားထားကြရသော ကြောင့် တမင်ပေးလိုက်ခြင်းဖြစ်သည်ဟု သိကြကာ မည်သူမှ ဝင်မပြော ကြ။

ကြီးတော်ကြီး စကားပြောသည်မှာ ကျယ်ကျယ်လောင်လောင် ရှိလှ၏။ ပြတ်လည်း ပြတ်သား၏။

ရယ်လည်း ရယ်ရ၏။ အရိုးခံအတိုင်း တွေးတတ်မြင်တတ်၏။ အမှတ်အသားလည်း ကောင်း၏။

ဟဲ့ ... နင်တို့ ရန်ကုန်မြို့ဆိုတာက အားလုံး ပြန်ပေးဆွဲနေကြတဲ့ မြို့ပါလားတဲ့။ ကြာတော့ ဖြစ်ချေဖူးဆိုပြီး ကားသမားကို ငါက ဦးအောင် ပြန်ပေးဆွဲလာခဲ့ရတာပဲ”

ကျွန်တော်တို့သည် ကြီးတော်ကြီး ...

ဘာပြောနေသည်ကို ရုတ်တရက် နားမလည်ကြ၊ နောက် အတန်