မဝင်းမြင့် - သိရိစန္ဒာဒေ၀ီ
သီရိစန္ဒာဒေဝီ
ခဲခဲယဉ်းယဉ်း အချိန်ကိုလုပြီး စာကျက်ခဲ့သည့် အခြေအနေထဲက စာမေး ပွဲကို ချောချောမောမော အောင်လိုက်သည်ဆိုတော့ ကိုသက်နိုင်တစ်ယောက် ဝမ်းသာလိုက်သည်မှာ ပြောဖွယ်မရှိတော့ချေ။ ကိုသက်နိုင်အဖို့ ဝမ်းသာထိုက်ပေသည်။ စာမေးပွဲအောင်မှသာလျှင် သူမျှော်မှန်းသည့် ထွက်ရပ်လမ်းကို ရောက်နိုင်မည်ဖြစ်သည်။ ကိုသက်နိုင်က သူအောင်သော စာမေးပွဲနှင့် သူ့အသက်ကို ပြန်တွက်ကြည့်သည်။ ယခု သူ့ အသက်သည် ဆယ့်သုံးနှစ်မှာ ခုနစ်တန်းကို အောင်ခဲ့သည်။ ဆယ့် ခြောက်နှစ်မှာ ဆယ်တန်းကို အောင်ရမည်။ ဆယ်တန်းအောင်ပြီးသည့် နောက် သူ့အနေဖြင့် အလုပ်လုပ်နိုင်လောက်သည့် အသက်အရွယ်သို့ ရောက်ပြီဖြစ်ရာ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရန် သူ့ဒူးသူ ချွန် အလုပ်လုပ်ပြီး ပညာဆက်လက်သင်ရန် ရည်ရွယ်လိုက်သည်။ တစ် နှစ်တစ်တန်း မှန်မှန်အောင်၍ ဆယ်တန်းတည်းဟူသော တံတိုင်းကြီးကိုကျော်လွှားနိုင်ရန် အရေးကြီးကြောင်း စဉ်းစားခဲ့မိသည့်အတွက် ကြိုးစား ခဲ့သည်။ ကြိုးစားသည့်အတိုင်း ယခု ခုနစ်တန်းအောင်သည်အထိ စာမေးမဝင်းမြင့်ပွဲတစ်ကြိမ်မှ မကျရှုံးခဲ့ဖူးသေးချေ။
ခြံချင်းကပ်နေသော တစ်ဖက်ခြံမှ အချစ်ဆုံးသူငယ်ချင်း တင် မောင်အေးနှင့်အတူ ကျောင်းမှာ အောင်စာရင်းကြည့်ပြီး သူငယ်ချင်းနှစ် ယောက်လုံး အောင်ကြသောကြောင့် ကိုသက်နိုင်ရော တင်မောင်အေးပါ ဝမ်းသာကြလွန်းသောကြောင့် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ကျောင်းမှာ ကခုန်ကြသေးသည်။
“ဖေဖေနဲ့ မေမေဆီမှာ ငါလိုချင်တာတွေ ဝယ်ခိုင်းမယ်ဟေ့...”
တင်မောင်အေးက အိမ်အပြန်လမ်းဝယ် အားရပါးရပြောသော အခါ ကိုသက်နိုင် နှုတ်ဆိတ်နေမိရင်း စိတ်ထဲမှာ ဝမ်းနည်းသွားမိသည်။
“အစ်ကိုကြီးနဲ့ မမတင့်က ဘာမှဝယ်မပေးချင်ရင် နေပါစေ...။ ငါ ဆယ်တန်းအောင်သည်အထိ ကျောင်းဆက်နေနိုင်ဖို့ အရေးကြီးပါ တယ်”
ဟူသော အတွေးဖြင့် တင်မောင်အေးလို ဝင့်ကြွားသောစကားတွေ ကို မပြောနိုင်ဘဲ တိတ်တိတ်သာ နေလိုက်ရသည်။ ကိုသက်နိုင်၏နားထဲ တွင်ကား
“ငါတို့မှာ ငွေရေးကြေးရေး ကျပ်တည်းနေတော့ အစစအရာရာ ချွေတာနေရတယ် ညီလေး၊ မင်းကိုတောင် ကျောင်းဆက်ထားနိုင် ပါ့မလား မသိသေးဘူး....”
ဟူသော အစ်ကိုဖြစ်သူ ကိုဘခိုင်စကားကို ကြားယောင်နေသည်။
“ဖေဖေနဲ့ မေမေသာရှိရင် ငါ့ကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပညာကိုတော့ ဆုံးခန်းတိုင်ရောက်အောင် သင်ပေးမှာပဲ၊ အစ်ကိုကြီးက ပိုက်ဆံ မရှိဘူးဆိုတာ ဟုတ်မှဟုတ်ရဲ့လား မသိဘူး...။ သူ့မိန်းမနဲ့ သူ့သမီးဆိုရင် လိုချင်တာတွေအားလုံး ပြည့်စုံအောင် ဝယ်ပေးနေနိုင်တယ်။ ငါ့အတွက်ကျောင်းလခလေး၊ စာအုပ်ဖိုးလေး ပေးရခါနီးရင် ညည်းလိုက်၊ ပြောလိုက် တာ တစ်ခါတလေများ မျက်ရည်ကျအောင်ကို ပြောတယ်”
ဟု စိတ်ထဲက တွေးနေမိသည်။ကိုသက်နိုင်တွေးမည်ဆိုက တွေးစရာပင်။
မိဘတွေ သေဆုံးစဉ်အချိန်ကဆိုလျှင် ကိုသက်နိုင် အသက်သည် သုံးနှစ်သားမျှသာ ရှိသေးသည်။ လူမမည်ကလေးအရွယ်မျှသာ ဖြစ်သောကြောင့် မိဘတွေသေဆုံးစဉ်က ဘာဖြစ်လို့ဖြစ်မှန်းပင် မသိခဲ့ချေ။ အချိန် တန်၍ မိဘတွေ မမြင်ရသောအခါ ကလေးပီပီတော့ ငိုကြွေးခဲ့သည်။ နေ့စဉ်ရက်ဆက် မမြင်မတွေ့ရသောအခါ ကလေးပီပီ မေ့ပျောက်ခဲ့ပြီး ဖြစ်ရာ ဘဝအခြေအနေမှာ ဦးဘခိုင် ပြုပြင်သည့်အတိုင်း ဖြစ်သလို နေလာခဲ့သည်။ သို့သော် မွေးရာပါဉာဉ်က ကောင်းလာခဲ့သောကြောင့် မိုက်မဲဆိုးသွမ်းဟော့ရမ်းခြင်း မရှိဘဲ သေသေဝပ်ဝပ်ပင် နေလာခဲ့သည်။
အစ်ကိုဖြစ်သူ ဦးဘခိုင်နှင့် ကိုသက်နိုင်အသက်သည် အနှစ်နှစ် ဆယ်လောက် ကွာခြားနေသည်ဖြစ်သောကြောင့် ကိုသက်နိုင်မှာ တစ်ခါ တစ်ရံ အဖေဟု ထင်မိသည့်အခါ ထင်မိသည်။ တစ်ခါတစ်ရံ အစ်ကိုပဲ ဖြစ်မှာပါဟု ထင်မိသည့်အခါ ထင်မိသည်။ မည်သို့ပင်ဖြစ်စေ၊ ကိုသက် နိုင် ငါးနှစ်သားအထိတော့ ဦးဘခိုင်သည် မိဘတွေရှိစဉ်ကလိုပင် ကြင် ကြင်နာနာ ပြုစုခဲ့သေးသည်။ ကိုသက်နိုင် ငါးနှစ်သားအရွယ်မှာ ဦးဘခိုင် သည် သူ့စိတ်တိုင်းကျ ဘဝကြင်ဖော်ကို ရွေးသွားလေသည်။
မလှတင့်ကား နာမည်နှင့်လိုက်အောင်ပင် လှပတင့်တယ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ကိုဘခိုင်နှင့် ကံတူအကျိုးပေးဟု ဆိုနိုင်သည်။ မိဘမရှိတော့သောကြောင့် ကုန်သည်ဖြစ်သော ဆွေမျိုး တစ်ဦးထံ မှီခိုကပ်ရပ်နေရသည်။ ဆွေမျိုးဈေးဆိုင်မှာ ဈေးခေါ်ကောင်းအောင် ရုပ်ပြဈေးရောင်းနေရစဉ် ဈေးလာဝယ်သော ကိုဘခိုင်နှင့်တွေ့ ကြခြင်းဖြစ်သည်။ ရုပ်ပြဈေးရောင်းရသူပီပီ ကြာဗျာပါများသော မလှတင့် ကို ဈေးဝယ်ရင်း ပါးစပ်အရသာခံကာ ရိတိတိပြီတီတီ ပြုကြသူတွေက လွဲပြီး မည်သူကမှ မလှတင့်ကို အတည်မကြံကြချေ။ ပါးနပ်လည်ပတ်သော မလှတင့်ကလည်း ရိသူတွေပြီသူတွေ စိတ်သဘောထားကို နောကျေနေအောင် သိသူဖြစ်၍ ဈေးရောင်းကောင်းရုံသာ ကြာပစ်ခဲ့သည်။ မည်သူ၏ အထိအခိုက်ကိုမှ မခံခဲ့ချေ။
ကိုဘခိုင်က ချစ်ကြိုက်ကြောင်း ပြောလာသောအခါ တည်တာ လား၊ ပြီတာလားဟု မလှတင့်က တော်တော်ပင် အကဲခတ် စုံစမ်း ခဲ့သည်။
ကိုဘခိုင်အခြေအနေကို မလှတင့်က ကောင်းကောင်းသိသည်။ ကိုဘခိုင်၏မိဘများသည် အထက်အရပ်ဒေသတစ်ခုက ပြောင်းရွှေ့လာ ကြသော ကျောက်ကုန်သည်သူဌေးတွေ ဖြစ်ကြောင်း၊ ရန်ကုန်ရောက်လာ ကြသောအခါ ပါလာသော ရတနာအချို့ကို ရောင်းချပြီး ဘာအလုပ်မှ မလုပ်တော့ဘဲ အေးအေးလူလူ ထိုင်စားနေကြသူတွေဖြစ်ကြောင်း၊ မိဘတွေ သေဆုံးကုန်ကြသောကြောင့် လူမမည် ညီငယ်လေးနှင့် မိဘအမွေ အနှစ်ကို ဆက်ခံထားသူဖြစ်ကြောင်း မလှတင့်က စုံစမ်းသိရှိရသည်။
“သူလိုလူက ငါ့ကို အတည်ကြံတာ ဟုတ်မှဟုတ်ကဲ့လား..”
ဟူသော သံသယမျိုး မလှတင့် ဖြစ်သေးသည်။ သို့သော် ကိုဘခိုင် က တကယ်အတည်ကြံခြင်းဖြစ်သည်။ ကိုဘခိုင်ကိုယ်တိုင်ကပင် မိဘ တွေက ပညာတတ်မြောက်စေလိုသော ဆန္ဒဖြင့် လိုလိုချင်ချင် ကျောင်းကို ပို့ခဲ့ပါသော်လည်း ပညာမှာ စိတ်မဝင်စားဘဲ အသက်နှစ်ဆယ်နား နီးနေ သည့်တိုင်အောင် ခုနစ်တန်းကို မအောင်နိုင်ဘဲ ကျောင်းဆွေးဆွေး၊ ငါ ဆွေးဆွေး အဖြစ်မျိုးဖြင့် ငွေသာကုန်နေခဲ့သောသူ ဖြစ်သည်။ ပညာကို လုံးဝစိတ်မဝင်စားတော့သောကြောင့် ကျောင်းမှထုတ်လိုက်ရသောအခါ လည်း အိမ်မှာ ဘာအကူအညီမှ မရချေ။ ပေါ့ပေါ့နေ ပေါ့ ပေါ့စားဖြင့် ဆန်ကုန်မြေလေးလို ဖြစ်နေသည်။
ပညာမရှိ၊ အလုပ်မရှိသော်လည်း ကိုဘခိုင်တစ်ယောက် မိန်းမလိုချင်သည်မှာ ရူးလုနီးပါးပင် ဖြစ်သည်။ သူကိုယ်တိုင်က ဘာတန်ဖိုး၊ ဘာရုပ်ရည်မှ မရှိလှသော်လည်း ချောမောလှပသော မိန်းမကိုမှ မက် မောစုံမက်သော ကိုဘခိုင်သည် မလှတင့်လို မိန်းမကို တွေ့သောအခါ အဘယ်မှာလျှင် မချစ်ခင်မစုံမက်ဘဲ ရှိပါ့မည်နည်း။
မလှတင့် အခြေအနေ၊ အဆင့်အတန်း၊ အလုပ်အကိုင်ကို ထည့် သွင်းတွေးတောခြင်း မပြုဘဲ.. ။
“ငါလို ပညာလည်းမရှိ၊ ရုပ်လည်းမရှိတဲ့ လူမျိုးကို ကြည့် ရလောက်အောင် ချောမောလှပတဲ့ မလှတင့်လိုမိန်းမက ချစ်ကြိုက်တယ် ဆိုတာ နည်းတဲ့ကုသိုလ်ကံ မဟုတ်ဘူး။ ငါ့ဘဝ အရတော်လေခြင်း၊ ငါ ကံကောင်းလေခြင်း..”
ဟု ကိုဘခိုင်က ကြည်နူးစွာတွေးသည်။
“အားကိုးရာမဲ့ဘဝနဲ့ ဆွေမျိုးအိမ်မှာ ကပ်နေရပြီး၊ ထမင်း တစ်ဝမ်း ကြည်သာပါစေတော့လို့ ရုပ်ပြဈေးရောင်းနေရတဲ့ ငါ့ကို ကိုဘခိုင်လိုလူ က အတည်တကျ လူသိရှင်ကြား လက်ထပ်ယူမယ်ဆိုတာ ငါ့ကုသိုလ်ကောင်းလာလို့ဖြစ်မယ်။ သူများအိမ်ကပ်နေရတဲ့ ဘဝက အိမ်ပိုင်ရှင်ဖြစ် ရတော့မယ်။ ကိုဘခိုင် အိမ်ကြီးက ကောင်းကကောင်းသနဲ့။ ခြံဆိုလည်း အကျယ်ကြီး၊ အိမ်ထောင်ပရိဘောဂလည်း အစုံအလင်၊ အနှောင့်အယှက် ပေးမဲ့ ယောက္ခမရယ်၊ ယောက်မရယ်၊ အမျိုးအဆွေဆိုတာလည်း လုံးဝ မရှိဘဲ နောက်ပိုင်းရှင်းတဲ့လူ။ အတွင်းပစ္စည်းတွေလည်း တော်တော်ရှိနေ မှာ၊ ငါ့ကုသိုလ်ကံ ကောင်းလေခြင်း” ဟု မလှတင့်က ကျေနပ်စွာတွေးသည်။
ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး တွေ့ကြသောအခါ အချိန်တိုတိုနှင့်ပင် မလှတင့်တစ်ယောက် ကိုဘခိုင်၏ အသက်တမျှချစ် သော ဇနီးအဖြစ်နှင့် အိမ်ကြီးပေါ် ရောက်လာလေသည်။ ထိုအချိန်ကစပြီး ကိုဘခိုင်သည် ညီလေး မောင်သက်နိုင်ကို လုံးဝ စိတ်မဝင်စားတော့ ချေ။ တစ်အိမ်လုံးရော၊ တစ်ခြံလုံးရော၊ ရှိသမျှပစ္စည်းအားလုံးရော၊ ကိုဘခိုင်ကိုရော မလှတင့်က ကြီးစိုးလွှမ်းမိုး သွားလေတော့သည်။
မလှတင့် အိမ်ပေါ်ရောက်လာသည့် အချိန်ကစပြီး မောင်သက်နိုင် သည် ငါးနှစ်သားအရွယ် ကလေးငယ်ပင် ဖြစ်လင့်ကစား၊ ဘဝပေးအသိကြောင့် သူငယ် ကျားစာမဖြစ်အောင် အရွယ်နှင့်မမျှအောင် အရိပ် သုံးပါး နားလည်ခဲ့ရရှာသည်။
ထို့ကြောင့်ပင် မောင်သက်နိုင်အဖို့ ကိုယ်ရောစိတ်ရော ညှိုးငယ် သွားခြင်းမှလွဲ၍ အရိုက်အနှက် မခံခဲ့ရရှာချေ။ ညှိုးငယ်သွားသည်ကတော့ သွေ့ခြောက်မသွားရုံ တစ်မည်ပင်။ သို့သော် ကျေးဇူးကို ရှာဖွေတင်ရမည် ဆိုလျှင် မောင်သက်နိုင် အသက်ခုနစ်နှစ်တွင် ကိုဘခိုင်နှင့် မလှတင့်တို့က ကျောင်းကို ကြည်ကြည်ဖြူဖြူ ပို့ပေးခြင်းဖြစ်သည်။
ကိုသက်နိုင်ကို ကျောင်းပို့သောနှစ်မှာ မလှတင့်သည် သမီးလေး တစ်ယောက်ကို မွေးဖွားပြီးဖြစ်သည်။ သမီးလေးကား မလှတင့်ကိုတူ၍ ထင်သည်။ ဖြူဖြူဝင်းဝင်း အဆင်းအရောင်ဖြင့် ချောမောလှပသော သမီးလေးဖြစ်သည်။ ကိုဘခိုင်ကား ချောသောမယားနှင့် လှသောသမီးကြောင့် ငါလိုလူ ဇမ္ဗူရှိသေးရဲ့ လားဟု လမ်းလယ်မှာ ထွက်မအော်ရုံတစ်မည်။ ခြေဖျားထောက်နေလေသည်။ နဂိုက ချစ်လွန်း၍ သဘောအတိုင်းဖြစ်စေ ရန် အလိုလိုက်ထားသော မလှတင့်ကို ယခု သမီးလေးရသောအခါ မှန်ကျောင်းဆောင်ထဲမှာထည့်ပြီး ကိုးကွယ်ထားချင်သောစိတ်ပင် ပေါ် လာလေသည်။
အရိပ်သုံးပါး နားလည်ထားရသော မောင်သက်နိုင်က ကျောင်း တက်ချိန်မှလွဲလျှင် အိမ်အလုပ်ကို သူ့ ခွန်အားကလေးဖြင့် နိုင်သရွေ့ ကူရှာသည်။ ကိုဘခိုင်နှင့် မလှတင့်တို့၏သမီးလေး မေတင့်ခိုင်ကိုကူထိန်းပေးသည်။ အချိန်ကိုလုပြီး စာကျက်ရသည်။ ဘဝပေးအသိကြောင့် အရွယ်လေးနှင့်မလိုက်အောင် စဉ်းစားတတ်နေသော မောင်သက် နိုင်သည် ရှေ့ရေးကိုလည်း တွေးမိသည်။ ဉာဏ်ကလည်း ထက်မြက် သည်။ ပညာကိုလည်း ကြိုးစားသည်ကြောင့် တစ်နှစ်တစ်တန်း မှန်မှန် အောင်လာခဲ့သည်။
ကျောင်းအားသည့်အချိန်မှာ ထိန်းကျောင်းနေရသော မေတင့်ခိုင် လေးကို မောင်သက်နိုင်သည် ချစ်ခင်တွယ်တာမိသည်။ မေတင့်ခိုင်နှင့် သူ့အသက်ကား ခြောက်နှစ်တိတိ ကွာခြားသည်ကြောင့် မေတင့်ခိုင်ကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်သည်။ ထိုအချက်တစ်ချက်ကပင် မလှတင့်က အတော်အတန် မျက်နှာသာပေးခြင်း ခံရသည်။
ဤပုံစံ၊ ဤအခြေအနေနှင့်ပင် မောင်သက်နိုင်တစ်ယောက် အသက်ဆယ့်သုံးနှစ်အရွယ်ရောက်ပြီး ခုနစ်တန်းကို ချောချောမောမောအောင်မြင်ခဲ့သည်။ မောင်သက်နိုင် ခုနစ်တန်းအောင်သောအချိန်မှာ မေတင့်ခိုင်က ကျောင်းစာတစ်တန်းကို ရောက်နေပြီဖြစ်သည်။
ထိုအချိန်ရောက်သောအခါ မလှတင့် ဘာမှမပြောသော်လည်း ကိုဘခိုင်၏လေသံက ပြောင်းလာသည်။ မောင်သက်နိုင်အပေါ်မှာ ကြည် ကြည်သာသာ မရှိလှတော့ချေ။ လေသံက ခက်ထန်သည်ဟု မဆိုနိုင်ငြား သော်လည်း ယခင်လေသံမျိုး မဟုတ်တော့ချေ။ ငွေကြေးကျပ်တည်း ကြောင်း ညည်းသံထွက်လာသည်။ ကျောင်းစရိတ်အတွက် ဝန်လေး ကြောင်း ပြောလာသည်။ အိမ်မှာ ကူဖော်လောင်ဖက်မရှိကြောင်း၊ လူအပို ငှားရန် မတတ်နိုင်ကြောင်း၊ မောင်သက်နိုင်အနေဖြင့် ကျောင်းထွက်ပြီး အိမ်မှာ ကူညီစေချင်ကြောင်း လေသံတွေ ထွက်လာသည်။ မလှတင့်က ထိုစကားမျိုး တစ်ခွန်းမှ မပြောသော်ငြားလည်း ကိုဘခိုင်နှုတ်မှထွက်သော စကားတွေသည် မလှတင့်၏ဆန္ဒတွေဖြစ်ကြောင်းကို မောင်သက်နိုင်က