Skip to product information
1 of 7

Other Websites

မြသန်းတင့် - အရှေ့လေတိုက်သောအခါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အရှေ့လေတိုက်သောအခါ
(၁)

 

          “ကျေးဇူးပြု၍ နားဆင်ပါရှင်။ လန်ဒန်ကို လိုက်ပါမယ့် ခရီးသည်များမိနစ်အနည်းငယ်အတွင်းမှာဘီအိုအေစီ လေယာဉ်ပျံကြီး မင်္ဂလာဒုံလေဆိပ်က ထွက်ခွာသွားပါတော့မယ်။ ကျေးဇူးပြုပြီးအောင်သင့်ပြင်ထားကြစေလိုပါတယ်”

          ပြည်ပလေဆိပ်အဆောက်အအုံထဲတွင် ကျွန်တော်တို့တစ်တွေ စကားပြောသံ၊ နှုတ်ဆက်သံတို့မှာ သောသောညံနေသည်။ လေယာဉ်မယ်၏ သတိပေးသံကို ကြားတော့မှ ကျွန်တော်တို့သည်လေးလံလှသောတော့ပ်ကွတ် အင်္ကျီကြီးများကိုကောက်၍ပွေ့လိုက်ကြသည်။ လက်တစ်ဖက်ကလည်း နေ့စဉ်အလွယ်တကူသုံးရန် ပစ္စည်းထည့်ထားသည့် ဘီအိုအေစီ လက်ဆွဲအိတ် ကို ကောက်၍ ယူလိုက်ကြသည်။

          ကျွန်တော်၊ဆရာဦးအောင်လှနှင့် ဒဂုန်တာရာတို့ သုံးဦးစလုံးအဆင်သင့်ပြင်ဆင်ပြီး၍ မကြာမီလေယာဉ်ပေါ်သို့တက်ရန်လေယာဉ်မယ်ကဖိတ်ခေါ်သဖြင့်သူ့နောက်သို့လိုက်လာခဲ့ကြလေသည်။ကျွန်တော်တို့သည်အိမ်သူအိမ်သားများနှင့် လာရောက်နှုတ်ဆက်ကြသော မိတ်ဆွေများကို နှုတ်ဆက်ကာ ကွင်းလယ်တွင် ရပ်ထားသော လေယာဉ်ပျံကြီးဆီသို့ လျှောက် လာခဲ့ကြသည်။

          အပြင်ဘက်တွင် မှောင်စပြုနေပေပြီ။

          “ဟေ့ကောင် ... လန်ဒန် ရောက်ရင် ငါ ပေးလိုက်တဲ့ စာအုပ်တွေ ဆရာလှဖေကို ပေးဖို့ မမေ့နဲ့နော်”

           ကျော်အောင်က လန်ဒန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာလှဖေ အား စာအုပ်များ ပေးလိုက်သည်ကို မမေ့ရန် တဖွဖွမှာနေသည်။

          “လွမ်းဝေ ဆီကိုပေးတဲ့စာလည်း မမေ့နဲ့ပေါ့။ မင်းရှာချိန်မရရင် စာတိုက်ကနေ ထည့်လိုက်”

           ကျော်အောင်က ထပ်၍ သတိပေးပြန်သည်။ ကျွန်တော်ကား သူ့ကို အေးအေးဆေးဆေး ပြန်ပြောချိန် မရတော့ပါ။ ခေါင်းတဆတ်ဆတ်ညိတ်၍ တအင်းအင်းလိုက်ရင်း လက်ပြကာ လေယာဉ်ပျံဆီကိုသာ ခတ်သုတ်သုတ်လျှောက် လာခဲ့သည်။

          ဘီအိုအေစီ ကော့မက် ဂျက်လေယာဉ်ကြီးသည် စက်နှိုးကာ ပြေးလမ်း တစ်လျှောက် ပြေးနေပြီ။ ကွင်းမှထ၍ ပျံတက်လိုက်သည်။ အောက်တွင် မြင် ရသော မီးပွင့်များ၊ တိုက်တာအိမ်ခြေများသည် တဖြည်းဖြည်း မှုန်ဝါး ပျောက် ကွယ်သွားကြသည်။ လေယာဉ်ကြီးသည် တိမ်တိုက်တွေကို ထိုးဖောက်ကာ အထက်သို့ မြင့်၍ မြင့်၍ တက်လာသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နှင့် ကမ္ဘာကြီး၏ အကြားတွင် တိမ်လွှာတွေ ခြား၍ သွားပါပြီ။ အချိန်မှာ မြန်မာ စံတော်ချိန် ၆ နာရီခွဲ။

          လေယာဉ်ပျံကြီးသည် ပေ ၃၀,ဝ၀ဝ အမြင့်မှာ ပျံနေသည်။ အမြင့် ရောက်တော့လည်း လေယာဉ်ပျံသည် ငြိမ်၍ သွားသည်။ အလှုပ်ဆုံးအချိန်မှာ အထက်မရောက် အောက်မကျ အချိန်ပိုင်းလေး ဖြစ်သည်။အထက်မရောက် အောက်မကျဆိုရင် ဒီလိုချည်းပဲ ထင်ပါရဲ့ဟု တွေးလိုက်မိသည်။

          လေယာဉ်ပျံပေါ်တွင် ကျွန်တော်တို့သုံးဦး တစ်ယောက်တခြားစီ ရောက်နေကြသည်။ ကျွန်တော့်ဘေးတွင် အင်္ဂလိပ်ကြီးတစ်ဦး ရှိသည်။ ဆရာ ဦးအောင်လှ ဘေးတွင် မြန်မာအမျိုးသမီးတစ်ဦး ရှိသည်။ ဒဂုန်တာရာကား အင်္ဂလိပ်ကြီး နှစ်ယောက်ကြားတွင် ညပ်နေလေ၏။

          ကျွန်တော်သည် ရှုခင်းကို မြင်ရလိုမြင်ရငြား အောက်သို့ ငုံ့ကြည့် မိသည်။ မှောင်လည်း မှောင်နေပါပြီ။ ထို့ပြင် တိမ်လွှာတွေ အထက်ကလည်း ရောက်နေသဖြင့် ဘာကိုမျှ မမြင်ရတော့ပါ။ သည်တော့မှ ကျွန်တော်သည်အိတ်ထဲက မှတ်စုစာအုပ်ကိုထုတ်ကာ ကွန်ဖရင့်အတွက် ပြင်ဆင်ထားခဲ့သည် များကို မှတ်မိရန် လှန်လှော ဖတ်ရှုနေမိသည်။

          ကျွန်တော်တို့သည် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင်ကျင်းပမည့်ကမ္ဘာငြိမ်းချမ်းရေးကောင်စီညီလာခံကြီးသို့ တက်ရောက်ရန် ထွက်ခွာလာကြခြင်း ဖြစ်ပေရာ ကွန်ဖရင့်တွင် တင်သွင်းဆွေးနွေးမည့် ပြဿနာများကို အတော် အသင့်ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှကြီးမှူးကျင်းပသောယဉ်ကျေးမှုနှစ်ပတ်လည်နေ့များတွင် ကျွန်တော်တို့က ဝန်ကြီး ပဒေသရာဇာ၏ အနှစ် ၂၀၀ ပြည့် ကျင်းပရေးအဆိုကို တင်သွင်းထားပေရာ ဝန်ကြီး ပဒေသရာဇာ၏ စာပေယဉ်ကျေးမှု အရည်အသွေးများကိုလည်း ကောင်စီ အစည်းအဝေးတွင် တင်ပြနိုင်ရန် လေ့လာမှတ်သားခဲ့ရသည်။

          ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ညီလာခံကို ကျင်းပချိန်၌ နိုင်ငံတကာပြဿနာများမှာပေါ်ပေါက်လျက်ရှိပေ၏။ တောင်ဗီယက်နမ်တွင် အမေရိကန် နယ်ချဲ့သမားသည် လက်နက်ဖြင့် ဝင်ရောက်စွက်ဖက်ကာ၊ ရုပ်သေးအစိုးရနှင့် ပူးပေါင်းကာ နှိပ်ကွပ်လျက် ရှိသည်။ ကျူးဘားအား အမေရိကန် နယ်ချဲ့သမား သည် ကျူးကျော်ရေးစစ်ပွဲဆင်နွှဲရန် ဒလကြမ်း ပြင်ဆင်လျက် ရှိသည်။ဒတ်နယ်ချဲ့သမားသည်အနောက်အီရီယံကိုဆက်လက်သိမ်းပိုက်ကာအင်ဒိုနီးရှား ပြည်သူ၏ လွတ်မြောက်ရေးတိုက်ပွဲကိုဟန့်တားလျက်ရှိသည်။   အယ်လ်ဂျီးရီးယားတွင်ပြင်သစ်နယ်ချဲ့သမားသည် အယ်လ်ဂျီးရီးယားပြည်သူများ၏ လွတ်မြောက် ရေးတိုက်ပွဲကို အကြမ်းဖက် နှိမ်နင်းလျက် ရှိသည်။

          နေတိုးစစ်အုပ်စုဦးစီးများသည် အနောက်ဂျာမနီကို နျူကလီးယား လက်နက်များ တပ်ဆင်ပေးထားကာ ဂျာမန်စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုရေး နှင့်ဂျာမနီပြန်လည်ပေါင်းစည်းရေးကိုဟန့်တားထားရုံသာမကဆိုဗီယက် ယူနီယံ အမှူးပြုသော ဆိုရှယ်လစ်ဂိုဏ်းကြီးကို ကျူးကျော်တိုက်ခိုက်ရန် ဖုတ်ပူ မီးတိုက် ပြင်ဆင်နေကြသည်။ ဤမျှသာမကပါ အင်ဂိုလာ၊ ဂိုအာ၊ ကွန်ဂို၊လော၊ တောင်အာဖရိက၊ ကင်မရွန်း၊ညာဆာလင်း၊ကင်ညာစသည်တို့တွင် လည်း ကောင်း၊ အီကွေတော၊ ပီရူ၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ ပျူတိုရီကို စသည့် လက်တင် အမေရိကန်နိုင်ငံများတွင် လည်းကောင်း၊ နယ်ချဲ့သမားများသည် ပြည်သူ့ လွတ်မြောက်ရေးတိုက်ပွဲများကို အမျိုးမျိုး ဖျက်ဆီးချေမှုန်းလျက် ရှိကြပါသည်။ နိုင်ငံပေါင်းများစွာတို့အား ကိုလိုနီစနစ်အောက်တွင် ဆက်လက် ထားရှိကာ လွတ်လပ်ခါစ နိုင်ငံများစွာတို့ကိုလည်း ကိုလိုနီစနစ်သစ်အောက်တွင် သွတ်သွင်းရန် လက်နက်ဖြင့် အကြမ်းဖက်၍ ကြိုးစားလျက် ရှိပါသည်။ သို့ဖြင့် နယ်ချဲ့သမားများသည် ကျူးကျော်ရေးစစ်ပွဲများကို ဖန်တီးလျက် ရှိပါသည်။ ကျူးကျော်ရေး စစ်ပွဲတွေ ရှိနေသမျှ ကိုလိုနီနယ်ချဲ့စနစ် ရှိနေသမျှ အဖိနှိပ်ခံ ပြည်သူများ၏ ခုခံရေးတိုက်ပွဲများ ရှိနေဦးမည်သာ ဖြစ်ပါသည်။ နယ်ချဲ့သမား က မတရားသဖြင့် လာရောက်အုပ်စိုးရန် မတရားသော နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသမျှ အဖိနှိပ်ခံပြည်သူတို့က ပြန်လှန်ခုခံကြမည်သာ ဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ ဦးဆောင်သည့် ဆိုရှယ်လစ်စနစ်ကြီးနှင့် ဆိုရှယ်လစ်ဂိုဏ်းကြီး သည် အဖိနှိပ်ခံ ပြည်သူများ၏ လွတ်မြောက်ရေးတိုက်ပွဲကို ထောက်ခံလျက် ရှိပါသည်။ နယ်ချဲ့သမားက ကျူးကျော်ရေးစစ်ပွဲတွေ လုပ်နေသမျှ ကာလ ပတ်လုံး အဖိနှိပ်ခံ ပြည်သူများက ခုခံရေးတိုက်ပွဲတွေကို တိုက်နေသမျှ ဆိုရှယ်လစ်ဂိုဏ်းကြီးကလည်း ထောက်ခံအားပေးမည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကမ္ဘာစစ်၏ အန္တရာယ်သည် ကျွန်တော်တို့အား တစ္ဆေခြောက်နေဦးမည်သာ ဖြစ်ပါသည်။

          သို့ဖြစ်ပေရာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိရေးမှာ ကျူးကျော်ရေးစစ်ပွဲများ ၏ ရေသောက်မြစ်ဖြစ်သော ကိုလိုနီနယ်ချဲ့သမားအား ကိုလိုနီများမှ ပြန်ဆုတ် သွားကာ သူ့နေရာသို့ အရောက်ပြန်ပို့နိုင်မှသာ ဖြစ်ပါလိမ့်မည်။ သူ့နေရာသို့ ရောက်ပြီး သူတို့ပြည်တွင်း ပြည်သူများက ကမ္ဘာ့ပြည်သူများ၏ အကူအညီဖြင့် နယ်ချဲ့သမားနှင့် သူ့စနစ်ကို မြေမြှုပ်သဂြိုဟ်ပြီးမှသာ ဖြစ်နိုင်ပါလိမ့်မည်။ နိုင်ငံများအားလုံး အမျိုးသား လွတ်လပ်ရေးရကြမှသာ ဖြစ်နိုင်ပါလိမ့်မည်။

          ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်အရေးကြီးသောအခြားတစ်ချက်မှာအထွေထွေနှင့်လုံးဝလက်နက်ဖျက်သိမ်းရေး ဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ ဦးဆောင်သော ဆိုရှယ်လစ်ဂိုဏ်းကြီးသည် အထွေထွေနှင့် လုံးဝ လက်နက် ဖျက်သိမ်းရေးအတွက်ကုလသမဂ္ဂအတွင်းတွင်လည်းကောင်း၊အပြင်တွင်လည်းကောင်းမဆုတ်မနစ်ကြိုးစားခဲ့သည်။ ကမ္ဘာ့ပြည်သူလူထုများ၏ ထောက်ခံအားပေးမှုကို ရ၍နေသည်။ သို့ရာတွင် အမေရိကန် ခေါင်းဆောင်သော နယ်ချဲ့နိုင်ငံများသည် အထွေထွေနှင့် လုံးဝ လက်နက်ဖျက်သိမ်းရေးကိုတားဆီး နေကြသည်။ ထို့ကြောင့် ၁၉၆၁ ခုနှစ်၊ မတ်လကုန်က ဒေလီမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ညီလာခံကြီးက (၁) အထွေထွေနှင့် လုံးဝ လက်နက်ဖျက်သိမ်းရေး၊ (၂) ကိုလိုနီစနစ် အသွင်အမျိုးမျိုးကို ဖျက်သိမ်းရေးတို့ အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ 

          ယင်းပြဿနာနှစ်ရပ်ကို တစ်ပြိုင်တည်း ဖြေရှင်းနိုင်မှသာ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အလားအလာ ရှိပါလိမ့်မည်။ ဤသည်မှာ ကျွန်တော်၏ ခံယူချက် ဖြစ်ပေသည်။

          လေယာဉ်ဦးမှ မီးနီသည် ဖျတ်ခနဲ ပွင့်လာသည်။

         “ကျွန်မတို့ လေယာဉ်ပျံကြီးဟာ ပေ၃၂,ဝဝဝအမြင့်မှာပျံသန်းနေပါတယ်။ ၅မိနစ်အတွင်းဒေလီလေယာဉ်ကွင်းကို ဆင်းသက်ပါတော့မယ်။ ခရီးသည်များ ကျေးဇူးပြု၍ ခါးပတ် ပတ်ထားကြစေလိုပါတယ်” 

         ' လေယာဉ်မယ်၏အသံကြောင့် ခရီးသည်များလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ကျွန်တော်၏အတွေးများလည်း ပျောက်သွားကြပါသည်။ 

          ဒေလီမြို့တွင်ကျင်းပမည့် အာရှယဉ်ကျေးမှုညီလာခံသို့ တက်ရောက်ရန်လိုက်ပါလာကြသည့် ယဉ်ကျေးမှုအရာရှိ မွန်ဘိုကေတို့ နှစ်ယောက်မှာ ဆင်းရန် အထုပ်အပိုးတွေ ပြင်နေကြလေသည်။

          ဒေလီလေယာဉ်ပျံကွင်းသို့ ဆိုက်ဝသောအခါ ၁၀ နာရီ ၁၀ မိနစ် ရှိပေပြီ။ ရန်ကုန်မှ ဒေလီကို ၃ နာရီခွဲကြာ ပျံသန်းရပေ၏။

          ကျွန်တော်တို့သုံးယောက် ဒေလီလေဆိပ်သစ် အဆောက်အအုံထဲသို့ ဝင်လာခဲ့ကြသည်။ ဒေလီလေဆိပ်သစ် အဆောက်အအုံမှာ မင်္ဂလာဒုံလေဆိပ် လောက်ပင် မခမ်းနားပါ။ ညဉ့်နက်၍လားမသိ စည်စည်ကားကား မရှိလှဘဲ ခြောက်သွေ့ တိတ်ဆိတ်နေသည်။ အိန္ဒိယပြည်ထွက် ပစ္စည်းရောင်းသည့်ဆိုင်ကလေးမှာလည်းပိတ်ထားလေသည်။ ကျား၊ မ အိမ်သာအဝတွင် စောင့်နေသည့် ကုလားမကြီးနှင့် ကုလားအဘိုးကြီးကိုသာ တွေ့ရသည်။ သူတို့ ရှေ့တွင် ကိုယ်လက် သုတ်သင်သူတို့ ပေးသွားကြသော ပိုက်ဆံအကြွေများကို ခင်းပြထားလေသည်။

          လေဆိပ်ထဲတွင် ဘာမျှ ကြည့်စရာဆို၍ ထူးထူးခြားခြား မရှိသဖြင့် ဧည့်ခန်း၌ထိုင်၍ ဆေးလိပ်သောက်ရင်း အချိန်ဖြုန်းကြရသည်။ ၁၁ နာရီထိုး တော့မှ ဒေလီလေဆိပ်မှ ထွက်ခွာလာခဲ့ကြလေသည်။

           လေယာဉ်ပေါ်မှာ ညစာကျွေးလေသည်။ ဘီအိုအေစီ လေယာဉ် ညစာကား မြိုင်ဆိုင်လှပေ၏။ နိုင်ငံတကာ လေကြောင်းကုမ္ပဏီများသည် တစ်ခု နှင့် တစ်ခု ပြိုင်နေကြလေသည်။ အစားအသောက် အပြုအစု အခမ်းအနား စသဖြင့်သူ့ထက်ငါကောင်းအောင် လုပ်နေကြလေသည်။ သည့်ပြင်နေရာမပြောနှင့် ကိုယ်လက်သုတ်သင်သည့်အခန်းမှာတောင် အပြိုင်အဆိုင် လုပ်ထားလေသည်။ အခန်းထဲတွင် ဆပ်ပြာမွှေး၊ ရေမွှေး၊ ခေါင်းလိမ်းဆီ၊ ပေါင်ဒါ၊ လက်လိမ်းသည့်အမွှေးဆီ၊ နှုတ်ခမ်းဆိုးဆေး၊ မျက်တောင်ကော့ဆေး၊ ပါးဆိုးဆေး၊ကိုယ်လိမ်းပေါင်ဒါ၊ ဖောင်ဒေးရှင်းခရင်မ်စသဖြင့်ပုလင်းတွေတစ်ဒါဇင်ကျော်ကျော်လောက်ထောင်ထားလေသည်။

          လေယာဉ်ပျံပေါ်တွင် အိပ်ဖို့ကြိုးစားသော်လည်း အိပ်မပျော်ပါ။ ကျွန်တော့်ခေါင်းထဲတွင် ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများအကြောင်းကိုသာ စဉ်းစားမိပါသည်။

          ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုသည် လူထု၏ ထင်မြင်ချက်ကို စုစည်း သော နိုင်ငံတကာ လှုပ်ရှားမှုကြီး ဖြစ်၏။ ကျွန်တော်တို့ နိုင်ငံက ပြည်သူများ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို မြတ်နိုးကြသည်။ သို့ရာတွင် စိတ်ထဲက လိုချင်နေရုံနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးမရနိုင်ပါ။လှုပ်ရှားမှုထဲပါဝင်တိုက်ပွဲဆင်နွှဲမှသာလျှင်ရနိုင်ပေမည်။    ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးတွင် ကျွန်တော်တို့ နိုင်ငံ၌ သည့်ထက်သည်ကျယ်ပြန့်လာဖို့၊သည့်ထက်သည်တိုးတက်လာဖို့ လိုပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ညီလာခံကြီးတစ်ရပ် ခေါ်ဆိုရန် ဆုံးဖြတ် ခဲ့ကာ ပြင်ဆင်ရေးကော်မတီတစ်ခုကို ကျွန်တော်တို့မလာမီသုံးပတ်လောက်က ဖွဲ့စည်းခဲ့သည်။ ညီလာခံနှင့်ဆွေးနွေးမည့် ပြဿနာများကို လည်း ပြဌာန်းခဲ့သည်။ ယင်းတို့မှာ …

              (၁) နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် သိပ္ပံပညာ ပူးပေါင်း

                    ဆောင်ရွက်ရေး ပြဿနာ။ 

              (၂)  အမျိုးသား လွတ်လပ်ရေးနှင့် ကိုလိုနီစနစ် ဖျက်သိမ်းရေး 

                    ပြဿနာ။ 

              (၃)  အထွေထွေနှင့် လုံးဝ လက်နက်ဖျက်သိမ်းရေး ပြဿနာ။

              (၄)  စည်းရုံးရေး ပြဿနာ ... တို့ ဖြစ်သည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)