Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြသန်းတင့် - သမိုင်းကြေးမုံ

Regular price 8,500 MMK
Regular price Sale price 8,500 MMK
Sale Sold out
Type

ဂျေရုစလင်မှ ခရစ်တော်၏ ကားတိုင်

(အေဒီ ၁၂၁၇ -၁၂၂၁)

          သမိုင်း အဖြစ်အပျက်များသည် တစ်ခါတစ်ရံတွင် အကြောင်းအရာတူပြီး အသံ ကွဲနေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း အသံတူပြီး အကြောင်းအရာ ကွဲနေ တတ်သည်။ သမိုင်းတွင် ထိုသို့ သံတူကြောင်းကွဲ ဖြစ်ရပ်များနှင့် ကြောင်းတူ သံကွဲ ဖြစ်ရပ်များကို ကြည့်ပြီး သမိုင်း ဆိုသည်မှာ တစ်ပတ်ပြန်၍ လည်သည်ဟု ပြောစမှတ် ပြုကြခြင်း ဖြစ်သည်။

          ပဒေသရာဇ် ဘုရင်တစ်ပါးသည် မိမိ တိုင်းပြည်ကို လက်လွှတ် ဆုံးရှုံးကာ တခြား တိုင်းပြည်သို့ ထွက်ပြေးလာခဲ့ရသည်။ ပြည်ပသို့ ရောက်သည့်အခါတွင် မိမိအား ဝိုင်းဝန်း ကူညီရန် အနောက်နိုင်ငံများကို မေတ္တာရပ်ခံသည်။ အနောက် နိုင်ငံများက ငွေကုန်ကြေးကျခံကာ နိုင်ငံတကာ တပ်ဖွဲ့ များကို စုစည်းသည်။ အရှေ့အလယ်ပိုင်းဒေသသို့ စစ်တပ်ကြီးတွေ စေလွှတ်ခဲ့သည်။ သို့ရာတွင် ထို စစ်တပ်များတွင် တိကျသည့် ဦးစီးကွပ်ကဲမှု မရှိ။ ထိုအတောအတွင်းတွင်မူ အသိမ်းပိုက်ခံ နယ်မြေတို့တွင် ရန်သူတို့က ပစ္စည်းများကို သိမ်းယူပြီးလေပြီ။ ထိုအချိန်အထိ အနောက်နိုင်ငံများမှ ကယ်တင်ရေးတပ်များအဖို့ ရန်သူတို့ကို အင်အားအသုံးပြု၍ မောင်းထုတ်မည်လော၊ သို့မဟုတ် ဆွေးနွေးစေ့စပ် ဖြေရှင်း မည်လော ဆိုသည်ကို ငြင်းခုံ၍ မပြီးကြသေး။

          ယင်းဖြစ်ရပ်သည် ယခုလက်ရှိ ပါရှား ပင်လယ်ကွေ့တွင် ဖြစ်ပျက်နေ သော အရေးအခင်းနှင့် ခပ်ဆင်ဆင် တူပါသည်။ သို့ရာတွင် ယခု အရေးအခင်း မဟုတ်ပါ။

          ၁၂၁၇ ခုနှစ်မှ ၁၂၂၁ ခုနှစ် ပါလက်စတိုင်းတွင် ဖြစ်ပွားခဲ့သော ငါးကြိမ် မြောက် ကရူးဆိတ် စစ်ပွဲ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝ ခန့်က ဖြစ်ပွားခဲ့သည့် ထိုစစ်ပွဲတွင် ခရစ်ယာန် နိုင်ငံများသည် အရေးနိမ့်ခဲ့ကြပါသည်။

          သို့ရာတွင် ပါလက်စတိုင်းတွင် တိုက်ခဲ့သည့် ငါးကြိမ်မြောက် ကရူးဆိတ် စစ်ပွဲနှင့် ယခု ဖြစ်ပွားလျက်ရှိသော ပင်လယ်ကွေ့ စစ်ပွဲတို့သည် အသံတူသော်လည်း အကြောင်းအရာ ကွဲပြားပါသည်။ ယေဘုယျ တူညီကြသော်လည်း အသေးစိတ် များတွင် ကွဲပြား ခြားနားကြပါသည်။

          ယခု စစ်ဖြစ်သည့် နေရာသည် ကူဝိတ်။ ထိုစဉ်က စစ်ဖြစ်သည့် နေရာ သည် ဂျေရုစလင်။

          ယခု အနောက်နိုင်ငံများက တိုက်ခိုက်နေသည့် ရန်သူသည် အီရတ်နှင့် ဆက်ဒမ်ဟူစိန်။ ထိုစဉ်က အနောက်နိုင်ငံများက တိုက်ခိုက်ခဲ့သည့် ရန်သူမှာ အီဂျစ် ပြည်နှင့် ဘုရင် စူလ်တန်ဆာလာဒင်ကို ဆက်ခံသည့် ဆာရာဆင်မင်းဆက်။

          ယခု စစ်ပွဲသည် လအနည်းငယ်ကြာမည်ဟု ဆိုသည်။ ထိုစဉ်က ကရူးဆိတ် စစ်ပွဲမှာ လေးနှစ်။

          ယခု စစ်ပွဲကို ခေါင်းဆောင်သူမှာ အမေရိကန်ပြည်ထောင်စုသမ္မတ။ ထိုစဉ်က စစ်ပွဲကို ခေါင်းဆောင်သူမှာ ပုပ်ရဟန်းမင်းကြီး။

          ထိုအချိန်က ခရစ်တော်၏ ဇာတိမြေ ဖြစ်သည့် ဂျေရုစလင်သည် မူဆလင် အုပ်စိုးမှုအောက်သို့ ရောက်နေသည်မှာ မျိုးဆက်တစ်ဆက် သက်တမ်းရှိပြီ။ ယခင် ကရူးဆိတ် စစ်ပွဲများအတွင်းတုန်းက ဖရင့်ဘုရင်များနှင့် ဥရောပ မှူးမတ်များသည် ၁၁၈၇ ခုနှစ် ဟက်တင်း စစ်ပွဲ ရှုံးပြီးသည့်နောက်တွင် ဂျေရုစလင်မြို့ကို စူလ်တန် ဆာလာဒင် လက်တွင် စွန့်ပစ် ဆုတ်ခွာလာခဲ့ကြသည်။

          ထို့နောက်မှ စ၍ ဂျေရုစလင်သည် မူဆလင် ဘုရင်များ၏ အုပ်စိုးမှု အောက်သို့ ကျရောက်ခဲ့သည်။

          ထို့ကြောင့် ဂျေရုစလင်ကို ပြန်သိမ်းရန် နောက်ထပ် စစ်ပွဲ နှစ်ပွဲကို ဆက်၍ တိုက်ခဲ့ကြသည်။ သို့ရာတွင် အောင်မြင်ခြင်း မရှိခဲ့။ ။

          ယခု ငါးကြိမ်မြောက် ကရူးဆိတ် စစ်ပွဲကို တိုက်ရန် ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့် ၃ က စည်းရုံး ဆော်သြခဲ့သည်။ ထို ကရူးဆိတ် စစ်ပွဲတွင် အင်္ဂလန်နှင့် ပြင်သစ်တို့ ပါဝင်တိုက်ခိုက်ခြင်း မရှိသော်လည်း ဟန်ဂေရီပြည် ဒုတိယမြောက် အင်ဒရူးဘုရင်၊ သြစထရီးယား နယ်စားကြီး ဆဋ္ဌမမြောက် လီယိုပိုး၊ ဂျာမနီနှင့် ဥရောပ အလယ်ပိုင်းမှ မှူးမတ်များ၊ မြင့်မြတ်သော ရောမ ဧကရာဇ် ဒုတိယ အကြိမ်မြောက် ဖရက်ဒရစ် ဘုရင် (ယင်းမှာ ပုပ်ရဟန်းမင်းကြီးနှင့် သင့်မြတ်ခြင်း မရှိ) တို့က ကရူးဆိတ် စစ်ပွဲတွင် ပါဝင် တိုက်ခိုက်မည်ဟု အကြောင်းပြန် ကြသည်။ ထိုစဉ်က မြေထဲပင်လယ်ကို စိုးမိုးထားသည့် အီတလီ ရေတပ် သင်္ဘောများက နိုင်ငံပေါင်းစုံ တပ်များကို ပါလက်စတိုင်း ကမ်းခြေသို့ ပို့ဆောင်ပေးကြသည်။ နိုင်ငံပေါင်းစုံ တပ်များမှာ အင်အားကောင်းလှသဖြင့် ထိုတပ်များတွင် စစ်သည် သူရဲ ၂၀,ဝ၀ဝ နှင့် ခြေလျင်တပ်သား ၂၀၀,၀၀၀ တို့ ပါဝင်ကြသည်ဟု ထိုစဉ်က သမိုင်းဆရာတစ်ဦးက မှတ်တမ်းတင်ခဲ့သည်။ (အမှန်အားဖြင့် ၁၀၀,ဝ၀ဝ သာ ရှိသည်။)

          ကရူးဆိတ် တပ်သားများသည် ကမ်းပေါ်သို့ ရောက်သည်နှင့် ခရစ်ယာန်တို့ သိမ်းပိုက်ထားသည့် အေကာမြို့ တစ်ဝိုက်ကို ခံတပ်များ တည်ဆောက်၍ ကာကွယ်ကြသည်။ သို့ရာတွင် နိုင်ငံပေါင်းစုံက ကရူးဆိတ် တပ်သားများမှာ စည်းကမ်း သေဝပ်ခြင်း မရှိ။ သေနင်္ဂဗျူဟာ ကျွမ်းကျင်ခြင်း မရှိ။ စည်းလုံးမှု မရှိ။ သူတို့ ရောက်သွားသည့်အခါတွင် ပါလက်စတိုင်း၌ အငတ်ဘေး ဆိုက် နေသည်။ ဂျေရုစလင်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ဒမတ်စကတ် မြို့နှင့် မူဆလင်တို့ သိမ်းပိုက်ထားသည့် အခြားသော မြို့ငယ်များကို ဝင်ရောက် တိုက်ခိုက်နိုင်ရုံသာ ရှိခဲ့သည်။ မည်သည့် မြို့ကိုမျှ မသိမ်းပိုက်နိုင်။ ကရူးဆိတ် စစ်ပွဲ စ၍ ခြောက်လ အကြာတွင် ဟန်ဂေရီဘုရင် အင်ဒရူးသည် သူ့တပ်များကို ပြန်စုကာ ဟန်ဂေရီသို့ ပြန်လာခဲ့သည်။ အခြားသော မဟာမိတ်များက တား သည့်တိုင် မရ။ ရောမ ဧကရာဇ်နှင့် သူ့တပ်များမှာလည်း ကြက်ပျောက် ငှက် ပျောက် ပျောက်ကုန်ကြသည်။

          ထိုအခါတွင်မှ ကျန် ကရူးဆိတ် တပ်သားများသည် ပြန်၍ တာစူကာ ဂျေရုစလင်ကို မတိုက်တော့ဘဲ အီဂျစ်ပြည်ကို သိမ်းပိုက်ခဲ့ကြသည်။ အီဂျစ် ဆိပ်ကမ်းမြို့ တစ်မြို့ကို သိမ်းကာ ဂျေရုစလင်မြို့နှင့် မြို့ချင်း လဲလှယ်ပေးရန် စူလ်တန်ဘုရင်ကို အကျပ်ကိုင်ခဲ့ကြသည်။ ဖရင့်တပ်များက နိုင်းမြစ်ဝကျွန်းပေါ်ရှိ မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ကြသည်။ ကိုင်ရိုမြို့အနီးရှိ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ကျဆုံးသွားသည့်အခါတွင် ဆာရာဆင် မင်းဆက်များသည် ကြောက်လန့်တကြား ဖြစ်ကာ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးလာကြသည်။ ဂျေရုစလင်မြို့နှင့် ခရစ်တော် ကားစင်တင် အသတ်ခံရသည့် ကားတိုင် အစစ်ကို ပေးမည်ဟု အလဲအလှယ် ပြုလုပ်ကြသည်။ ထို ကမ်းလှမ်းချက်ကို ကရူးဆိတ်တပ်များ၏ ဦးစီး ဖရင့် စစ်ဗိုလ်ချုပ် ဂျွန်ဗရိုင်းယန်းက လက်ခံလိုက်သည်။

          ဤတွင် ခရစ်ယာန် အုပ်စုများ၊ ကရူးဆိတ် စစ်သည်များကြားတွင် သဘောကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဂိုဏ်းချုပ် ပီလားဂျီးစယတ်စ်က ဗိုလ်ချုပ်ဂျွန် လက်ခံထားသည့် သဘောတူညီချက်ကို မကျေမနပ် ဖြစ်သည်။ သူက ဂျေရုစလင်မြို့ကို အပ်ခြင်းမှာ မိမိတို့အား

          ထောင်ဖမ်းရန် ပရိယာယ်ဆင်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျေရုစလင်ကို ရရုံမျှဖြင့် မကျေနပ်ဘဲ အီဂျစ်တစ်ပြည်လုံးကို သိမ်းရမည် ဖြစ်ကြောင်း ပြောကာ ကရူးဆိတ် တပ်များသည် ကိုင်ရိုမြို့ကို သိမ်းရန် တောင်ဘက်သို့ ဆင်းလာခဲ့ကြသည်။

          ဤသည်မှာ ကရူးဆိတ် စစ်သည်တို့၏ အမှား ဖြစ်သည်။ ကရူးဆိတ် စစ်သည်များသည် ကိုင်ရိုကို ဝင်တိုက်သည့်အခါတွင် အီဂျစ်တို့ဘက်မှ စစ်ကူ များ ရောက်လာပြီး သူတို့ကို ညှပ်တိုက်သဖြင့် မရှုမလှ ဆုတ်ခွာခဲ့ကြရသည်။ ဂျေရုစလင်ကို သိမ်းပိုက်ထားသည့် မူဆလင်များက ခရစ်တော်၏ ကားတိုင် အစစ်ကို ရှာတွေ့လျှင် ယူပါဟု ဆိုကြသည်။

          ကရူးဆိတ် စစ်သည်များသည် ဂျေရုစလင်တွင် ခရစ်တော်၏ ကားတိုင် အစစ်ကို လိုက်ရှာကြသည်။ သို့ရာတွင် မတွေ့တော့။

          ဤသို့ဖြင့် ငါးကြိမ်မြောက် ကရူးဆိတ် စစ်ပွဲကို တိုက်ခဲ့သည့် နိုင်ငံ ပေါင်းစုံ တပ်များသည် အရေးနိမ့်ခဲ့ကြရသည်။

          ပင်လယ်ကွေ့တွင် ဖြစ်ပွားလျက်ရှိသည့် လက်ရှိ ပဋိပက္ခကို သုံးသပ်နိုင်ရန် အတိတ်က ရှိခဲ့သည့် သမိုင်း၏ မှန်ကြေးမုံ တစ်ချပ်ဟု ဆိုနိုင်သည်။

[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၁၊ မတ် ]