Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မြသန်းစံ - မင်္ဂလာရှိသောနေ့တစ်နေ့မွေးဖွားခြင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

သေခါနီးကျမှ စဉ်းစားမိတယ်။ ငါ့ဘဝဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ။ လူတွေကတော့ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ ထင်ကြတယ်။ အတ္တစွဲကြီးနဲ့ ဒီလိုပဲတွေးကြမှာပါပဲ။ ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့တွေးတွေး လူတွေဟာ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတာမဟုတ်ပါဘူး။ သူများအတွက် နေပေးတာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သူများအထင်ကြီးအောင် နေကြတာပါ။ သူများကျေနပ်အောင် နေကြတာပါ”

မင်္ဂလာရှိသောနေ့တစ်နေ့မွေးဖွားခြင်း

          မျက်စိကတော့ ပိတ်လျက်သားပင်။

          သို့သော် အိပ်ရာကနိုးပြီဟု သိလိုက်သည်။ ထိုသို့ သိလိုက် ခြင်းကြောင့်ပင်လျှင် လွင့်လွင့်မျောမျော မြင်မက်နေသည့် အိပ်မက် အစဉ်တန်းကြီးလည်း ရပ်တန့်သွားလေသည်။ အိပ်မက် သေဆုံး သွားပေပြီ။ ခုနကအိပ်မက်တွင် ကိုယ်ဘယ်အခန်းက ပါဝင်သလဲ ဟု စဉ်းစားကြည့်လိုက်သေးသည်။ ပြီးတော့ ဘာတွေ မက်ခဲ့သလဲ။ ဘာအကြောင်းအရာတွေလဲ။ ပြန်လည်ပုံဖော်ချင်သော စိတ်ကို သတိထားမိလိုက်သည်။ အတွေးတွေ တသီတတန်းကြီး ပြူထွက် လာသည်။ အတွေးတွေ နောက်လိုက်သွား၍ မဖြစ်။ လိုက်သွား လျှင်လည်း ဆုံးမှာမဟုတ်တော့။

          မက်ခဲ့သော အိပ်မက်ထဲတွင် ဝမ်းသာစရာတွေလည်း ပါနိုင်သည်။ ဝမ်းနည်းစရာတွေလည်း ပါနိုင်သည်။ ဝမ်းသာ၊ ဝမ်းနည်းမှု အာရုံတို့သည် စိတ်ကို လှုပ်ရှားစေသည်။ စိတ်ဆိုသည်က လှုပ်ရှား တတ်သော အကျင့်က စွဲနေပြီးသားမို့ လက်မတို့လိုက်လေနှင့်။ ကိုယ်ကျိုးနည်းရော့မည်။ တည်ငြိမ်ဖို့ အတော်ခက်တဲ့စိတ်။

          “အိပ်မက်ကို ပြန်တွေးချင်တဲ့စိတ် ဖြစ်နေတယ်”

          သည်သို့ပင် မှတ်ချက်ချလိုက်ရသည်။ ထိုအခါ လက်ရှိဖြစ် နေသော အခြေအနေပေါ်သို့ “သတိ” က ရောက်လာသည်။ ထို “သတိ” ကို ဆက်တိုက်ဖြစ်ပေါ်စေရန် “ဝီရိယ”ကလေး စိုက်လိုက်ရ သည်။ ဝီရိယ”သည် “သတိ”ကို နောက်မှ တွန်းတင်ပေးနေသည်။ “သတိ” မလစ်ဖို့ အားစိုက်ကြိုးပမ်းမှုလေးတစ်ခု။ ဝီရိယ” ၏ စွမ်းအားကြောင့်ပင်လျှင် “သတိ” သည် ပြန်လည်တည့်မတ်လိုက်သော အခြေအနေပေါ်မှ လွတ်ထွက်၍မသွား။ တစ်နည်းအားဖြင့် မှတ်နေသာ အာရုံအပေါ်၌ စိတ်ဝင်စားလာသည်။

          လေး ငါး ခြောက်ကြိမ်ခန့် မှတ်လိုက်သောအခါ စိတ်သည် အတော်ငြိမ်ကျသွားသည်။ သတိသည် ပစ္စုပ္ပန်အာရုံပေါ်၌ ခြေ ကုပ်မိသွားပေပြီ။ ဝီရိယ၏အစွမ်းကြောင့် သတိဆက်လာသော အခါ တည်ကြည်သော အခြေအနေ “သမာဓိ”သည် ဖြစ်ထွန်းလာ တော့သည်။

          “အခြား ဘာကိုမျှ မတွေးတော့ဘဲနဲ့ ဝင်လေ၊ ထွက်လေ အပေါ်မှာပဲ အာရုံပြုလိုက်ဦးမယ်။ ဒီနေ့တစ်နေ့လုံး ဘာလုပ်လုပ် သတိနဲ့နေမယ်။ ညအိပ်ရာဝင်တဲ့အထိ သတိနဲ့ ကြိုးစားပြီးနေ ကြည့်မယ်”

          အဓိဋ္ဌာန်စိတ်ကလေးတစ်ခု ဖြစ်ထွန်းလာသည်။ တစ်နေ့ တာ ကိုယ့်ကို ပြဋ္ဌာန်းပေးမည့် စိတ်ကလေးသည် စိတ်အတွင်း၌ ဦးစွာ နေရာယူလေပြီ။ သည်စိတ်မျိုး နေ့စဉ်ဖြစ်ပေါ်ဖို့ အရေးကြီး လှသည်။ သည်အရေးကြီးမှုသည်ပင် အိပ်ရာမှ နိုးထချိန်တွင် ရှိနေဖို့၊ ဖြစ်လာဖို့ လိုသည်။

          နိုးနိုးချင်း၊ သိသိချင်း ပထမဆုံးဖြစ်လိုက်ရတဲ့စိတ်ဟာ သိနေ တဲ့စိတ်ဖြစ်ပါစေ။ သိနေတဲ့စိတ်ကို ဆက်ဆက်သွားအောင် သတိ လေးနဲ့ ကြိုးစားပြီးတော့ လုပ်လို့ အချိန်တော်တော်ကြာတဲ့ အခါ ကြည်လင်သန့်ရှင်း အေးချမ်းပြီးတော့ တည်ငြိမ်တဲ့ ကုသိုလ်စိတ် ကလေး ဖြစ်လာပါတယ်။ တစ်နေ့တာကို ကုသိုလ်စိတ်ကလေး၊ ဘာဝနာစိတ်ကလေးနဲ့ စလိုက်ရတာ အင်မတန် မင်္ဂလာရှိပါ တယ်။ မျက်နှာမသစ်ရသေးတာ ကိစ္စမရှိပါဘူး။ စိတ်က ပိုအရေး ကြီးပါတယ်” ။

          သတိဆိုတဲ့နေအိမ်” တရားတိပ်ခွေမှ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက (ပျဉ်းမနား) ၏ သတိပေးတရားစကား လေးကို ကြားနေမိသည်။ သည်တရားအဆုံးအမလေးကြောင့်ပင် သည်နေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်လာဦးမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားလိုက်သည်။

          မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ရင်ဘတ် ပေါ် ယှက်တင်ထားသော ဘယ်၊ ညာလက်အစုံ၏ ထိတွေ့မှုကို သိနေမိသည်။ ဝင်လေ၊ ထွက်လေကြောင့် နှာသီးဖျား၌ ထိလေကို လည်း သိနေသည်။ တစ်ခါ၊ နှစ်ခါ သုံးခါ။ ကိလေသာ အညစ်အကြေးတွေ ကင်းစင်နေတဲ့ ဘုရားရဲ့ စိတ်တော်ကို အာရုံပြုကြည့် ချင်သည့် စိတ်ကူးပေါ်လာသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိသော ကိလေသာတို့၏ စရိုက်လက္ခဏာများကို တစ်ခု ချင်း အာရုံပြုကြည့်မိသည်။ ကိလေသာစရိုက်လက္ခဏာများ ကင်းစင်နေသော ဘုရား၏ စိတ်တော်၊ အညစ်အကြေးတွေ ကင်းစင်နေတဲ့ စိတ်တော်။

          ဉာဏ်နှင့်ယှဉ်သော စိတ်ကူးတို့ တစ်ခုပြီးတစ်ခု ပေါ်လာ သည်။

          ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့။

          ကိုယ် စိတ်ချမ်းသာချင်သလို သတ္တဝါအားလုံး စိတ်ချမ်းသာ ချင်ကြမှာ၊ ကိုယ့်စိတ်နှလုံး အေးချမ်းသလို သတ္တဝါအားလုံး လည်း အေးချမ်းချင်ကြမှာပဲ။

          အားလုံး ချမ်းသာကြပါစေ။

          စိတ်ကြည်လင်လာပေပြီ။ မေတ္တာစိတ်တွေ ထွက်ပေါ်လာ၍ လည်း စိတ်အေးချမ်းလာသည်။ တည်ငြိမ်လာသည်။

          သည့်နောက် “ငါ” ဆိုသော အစွဲတွေ ပါးလျား ပျောက်ကွယ် သွားဖို့ ပေါင်းစုထားသော အစုအဝေးများကို တစ်ခုချင်း ပုံဖော် ကြည့်သည်။ ဆံပင်တွေ၊ မွေးညင်းတွေ၊ အသား၊ အရိုး၊ အကြော၊ ခြေသည်း၊ လက်သည်း၊ အစာသစ်၊ အစာဟောင်း၊ သွေး၊ ချွေး၊ နှလုံး၊ အဆုတ်၊ အူသိမ်၊ အူမ၊ အစာအိမ်... စသည်ဖြင့် ၃၂ကောဋ္ဌာသ အစုအဝေးတွေကို တစ်ခုချင်းကြည့်မိသည်။ ဘယ် အရာသည် “ငါ”ပါလဲ။ “ငါ” မရှိ။ ဒါတောင် ထင်ရှားရှိနေသောအစိတ်အပိုင်းတွေသာ ရှိသေးသည်။ ကိုင်တွယ်မရသည့် ရုပ်ခန္ဓာ တစ်ပါး၊ နာမ်ခန္ဓာလေးပါးတို့ ရှိသေးသည်။ သည်ရုပ်တရား၊ နာမ်တရားတွေကို မှီတွယ်ချိတ်ဆွဲထားသည့် စိတ်၊ စောတသိက်တွေ ရှိသေးသည်။ များလှပါဘိတောင်း။ ဆိုင်ရာ ဆိုင်ရာ ပစ္စည်း ပစ္စယ သဘောသဘာဝတို့သည် ကိုယ်နှင့်ဆိုင်သည့် အလုပ်ကို ကိုယ် လုပ်နေကြခြင်း။ လုပ်လိုက်၊ ပျောက်သွားလိုက်၊ နောက်ထပ် အသစ်တွေက လာလုပ်လိုက်၊ ပျောက်သွားလိုက်ကြပြန်။ မရပ် မနား။ ကိုယ်က ဉာဏ်နိမ့်နေသဖြင့် အားလုံးကို တစ်ပြိုင်နက် ဖြန့်ကြည့်၍မရ။ တချို့ကိုသာမြင်သည်။ များသောအားဖြင့် မမြင် ဖြစ်ခဲ့တာတွေကို ဖတ်ထားသောစာနှင့် တိုက်ဆိုင် တွေးဆယူရသည်။

          ၃၂ ကောဋ္ဌာသ အစုအဝေး၊ ရုပ်တရား၊ နာမ်တရား အစု အဝေးကို အာရုံပြုရင်းမှ တစ်ဆက်တည်း မရဏာနုဿတိက ဝင်လာပြန်သည်။ ဒါတွေကို ထားခဲ့ပြီး သေရဦးမှာ...။ ဘယ်လို သေရမလဲ။ ဘယ်အချိန် သေရမလဲ။ မသိနိုင်။ မခန့်မှန်းနိုင်။ သေရမှာကတော့ သေချာသည်။ မျက်စိရှေ့မှာလည်း တဖြုတ် ဖြုတ် သေနေကြသည်။ ကိုယ်နှင့် သိသူ၊ မသိသူ၊ ကိုယ့်သူငယ် ချင်း အရင်းအချာကြီး၊ ကိုယ်နှင့် တစ်ခါနှစ်ခါသိသူ.. စသည်ဖြင့် သူ့လမ်းသူသွားကြပေပြီ။ သူသွားသည့်လမ်းကို သူတို့ဘာသာ သူတို့ ရွေးချယ်သွားခဲ့ကြပြီ။ ကိုယ်သည်လည်း ကိုယ့်လမ်းကိုယ် ရွေးချယ်၍ သွားရမည်ပဲ။ ကိုယ်သွားရမည့်နေရာသည် ကိုယ့် အပေါ် မူတည်သည်။ မည်သူကမျှ လုပ်ပေး၍မရ။ ဆွေမျိုးသား ချင်း၊ ဇနီးမယား၊ မိတ်ဆွေအပေါင်းအသင်းတွေသည် ဘာမျှတတ်နိုင်မည်မဟုတ်။ သူတို့လည်း သူတို့ရုပ်၊ သူတို့နာမ်တွေနှင့်။ သူတို့ လုပ်ဆောင်ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံ အကျိုးပေးတွေနှင့် ချည်း။ ကိုယ်သည်လည်း ကိုယ့်ရုပ်၊ ကိုယ့်နာမ်၊ ကိုယ်လုပ်ဆောင် ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံတွေနှင့်။ မသေခင်မှာတော့ တွေ့ကြ၊ ဆုံကြ၊ မုန်းကြ၊ စိတ်ကောက်ကြ၊ စိတ်ပြန်ပြေကြ၊ အထင်လွဲ၊ အထင်မှားမှု ပြေကြ၊ ငိုကြ၊ ရယ်ကြ၊ တစ်ယောက် ပျက်စီးရာ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီကြ... စသည်ဖြင့် အထင် နှင့်အမြင်ပေါ် မူတည်၍ လက်တုံ့ပြန်မှုတွေ စုံလှသည်။ သေသော အခါ ကိုယ်မလိုလားသူဖြစ်က ကျိတ်၍ဝမ်းသာမည်။ ကိုယ် လိုလားသူဖြစ်က ဝမ်းနည်းမဆုံးဖြစ်မည်။ နောက်ဆုံးတော့ ဒုက္ခ ရနေရသူ အချင်းချင်း အားပြိုင်နေကြပါလားဟု ဆင်ခြင် ဉာဏ် ဖြစ်မိသည်။

          “သေခါနီးကျမှ စဉ်းစားမိတယ်။ ငါ့ဘဝဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ။ လူတွေကတော့ ကိုယ့်ဘဝကို ကိုယ့် အတွက် ကိုယ်နေတယ်လို့ ထင်ကြတယ်။ အတ္တစွဲကြီးနဲ့ ဒီလိုပဲ တွေးကြမှာပါပဲ။ ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့ တွေးတွေး လူတွေဟာ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတာ မဟုတ်ပါ ဘူး။ သူများအတွက် နေပေးတာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သူများ အထင်ကြီးအောင် နေကြတာပါ။ သူများကျေနပ်အောင် နေကြတာ ဆရာတော် ဦးဇောတိက၏ တရားအဆုံးအမ ဖြစ်သည်။ သည်တရားအဆုံးအမကြောင့်ပင် မသေခင် ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ရိပ်မိလာသည်။ ကိုယ်သေဖို့အတွက် ကိုယ့်ကိုယ်ကိုယလ ဘာတွေပြင်ဆင်ထားပြီလဲ။ ဘယ်လောက် အတိုင်းအတာအထိ ပြင်ဆင်ထားသလဲ။ မပြင်ဆင်ရသေးရင် တော့ ဘယ်လိုနည်းလမ်းနဲ့ ပြင်ဆင်မှာလဲ။

          သေခါနီးမှ သူများအလိုကျ ကိုယ့်တစ်ဘဝလုံးနေခဲ့ရတာကို တွေးပြီး နောင်တရတဲ့အဖြစ် မဖြစ်ရအောင်၊ နောင်တရနေတဲ့ စိတ်ကြီးနဲ့ ဘဝကူးမသွားရအောင်၊ ဟိုစိတ်မချ၊ သည်စိတ်မချ။ ဟိုအာရုံငြိတွယ်၊ သည်အာရုံဖြတ်မရနဲ့ ပြင်ပဝတ္ထုပစ္စည်း အာရုံ တွေပေါ်မှာ အစွဲကြီးစွဲတဲ့ စိတ်ကြီးနဲ့ ဘဝကူးသွားမိခဲ့ရင်.....။

          မရဏာနုဿတိ၏ နောက်၌ တွေးဆဆင်ခြင်စရာတွေ အများကြီးပင်။ ယခုလောက် ဆင်ခြင်မိလိုက်ရုံနှင့်ပင် ကိလေသာ မာန်တွေ အတော်ကျိုးကျသွားပေပြီ။

          ဘုရားရှင်၏ ကိလေသာကင်းစင်နေသော စိတ်တော်ကို အာရုံပြုပြီးပြီ။

           အားလုံးသော သတ္တဝါတွေအပေါ် မေတ္တာပွားပြီးပြီ။

          ၃၂ ကောဋ္ဌာသ၊ ရုပ်နာမ်အစုအဝေးဆိုသော ကိုယ့်ကိုယ် ကိုယ် ဆင်ခြင်ပြီးပြီ။

          သေခြင်းတရားအပေါ် နှလုံးသွင်းပြီးပြီ။

          ထိုးထိုးထောင်ထောင်ဖြစ်ချင်သော ကိလေသာစိတ် အတွေး တို့နှင့် ခဏဝေးနေပေပြီ။ သည်စိတ်အသစ်ကလေး၏ သတ္တိ ကလေးကို သတိနှင့် ထိန်းရပေမည်။ နောက် ဖြစ်ပေါ်လာစိတ် အသစ်အသစ်ဆီသို့ သည်သတ္တိကလေးကို လက်ဆင့်ကမ်းသွားဖို့သတိနှင့် စောင့်ကြပ်ထိန်းသိမ်းရပေမည်။ ထို့အတွက် ဝီရိယဟူသော အားထုတ်ကြိုးပမ်းမှုကလေးတစ်ခု စိတ်အတွင်း၌ အသက် ဝင်နေအောင် လုပ်ရဦးမည်။

          သည် “သတိ ဝီရိယ” အားကောင်းခိုင်ခံ့ဖို့ အဆင့်ဆင့်သော လှုပ်ရှားမှုများကို သိနေလိုက်မည်။ အိပ်ရာမှ ထချင်သည့် စိတ် ဖြစ်မည်။ ထသည်။ ခန္ဓာကိုယ်ကြီးဆန့်ရာမှ ကွေးလာ၊ ထိုင်သည့် အနေအထားဖြစ်၊ ခြေအစုံ ခုတင်အောက်ခြေသို့ချ၊ ခန္ဓာကိုယ် ဖြည်းဖြည်းမတ်ထ၊ ခြင်ထောင်တင်၊ စောင်ခေါက်၊ အိပ်ရာသန့်အောင် လက်နှင့်သပ်၊ ထိမှုမှန်သမျှသိနေမည်။ မျက်နှာသစ်၊ ရေအိမ်ဝင်၊ စင်္ကြံလျှောက်၊ ဘုရားခန်းဝင်၊ ထိုင်သော ဣရိယာ ပုဒ်နှင့် တစ်နာရီခွဲတရားထိုင်၊ ရှုမှတ်။ ထိုအချိန်တွင် ဖြစ်ပေါ် သမျှသော ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ကို စောင့်ကြည့်ရှု။ တစ် နံနက်ခင်း ကုသိုလ်ပြုသမျှ အမျှအတန်းဝေ။

          အလုပ်သွားဖို့ပြင်၊ အလုပ်၌ ပြောဆိုရမည့်စကားကို မပြော ဆိုမီ သတိပြု၊ ပြောဆိုရမည့်သူအပေါ် မေတ္တာထား၊ ထိတွေ့သမျှ၊ ဆက်ဆံရသမျှသူ အားလုံးအပေါ် စာနာနားလည်။

          စားချိန်၊ သောက်ချိန်၊ အခင်းကြီး၊ အခင်းငယ်သွားတာ မှန် သမျှ၌လည်း သတိ။ ယာဉ်ပေါ်မှာ ကားမောင်းသည်ဖြစ်စေ၊ ဘေးမှ ထိုင်စီးသည်ဖြစ်စေ ထိသိမှုတစ်ခုခုအပေါ်၌ သတိ။ သွား တာ၊ လာတာ၊ လှုပ်ရှားတာ၊ ထတာ၊ ထိုင်တာ၊ ပစ္စည်းယူ၊ ပစ္စည်း ထားတာ အားလုံး၌ ထိနေသမျှ သိနေဖို့၊ ပြောနေစဉ် သိဖို့၊ လုပ်နေ စဉ် သိဖို့ ၊ စားနေစဉ်သိဖို့၊ သွားနေစဉ် သိနေဖို့။