Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ၂၄နာရီဘဝတစ်ဆစ်ချိုးပြောင်းလဲတိုးတက်လိုလျှင်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
နာရီ (၁)
သင်၏ အထူးကဲဆုံး ဆုံးဖြတ်ချက်

         ကမ္ဘာလုံးက နေမင်းကို တစ်ပတ်ပတ်သလောက်သာကြာသည့် အချိန် အတော အတွင်း၌ အပြုသဘောဆောင်ပြီး တည်မြဲသည့် ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ် နိုင်မည်လား။ တစ်နေ့တာမျှသော ကာလတိုကလေးအတွင်းတွင် သင့်ဘဝ တစ်ဆစ်ချိုး တိုးတက်ပြောင်းလဲသွားစေဖို့ ဆိုသည်မှာ ဖြစ်နိုင်ခြေရှိပါရဲ့လား။

          ၎င်းကိစ္စသည် ဖြစ်နိုင်ခြေရှိရုံသာ မဟုတ်၊ ဖြစ်ကို ဖြစ်နိုင်ပါသည်။

ဤစာအုပ်သည် အလွန်ရိုးရှင်းသည့် အဆိုတစ်ရပ်ပေါ် အခြေပြု ထား၏။ သင့်ဘဝအပေါ် သက်ရောက်မှုရှိသည့် ကြီးကြီးမားမား အပြောင်း အလဲများသည် ကြာညောင်းရှည်လျားသည့် အချိန်ကာလများအတွင်း တတိတိဖြစ်ပေါ်လာခြင်း မဟုတ်။ ၎င်းအပြောင်းအလဲများသည် တိကျရေရာသော အခိုက်အတန့်များအတွင်း သင်သိမှတ်စွာ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် များကြောင့် ဖြစ်ပေါ်လာသော ရလဒ်များဖြစ်၏။ ၎င်းဆုံးဖြတ်ချက်များသည် အလျင်စလို အလောတကြီး ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမဟုတ်။ သို့သော် သင့်ရင်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သန္နိဋ္ဌာန်ချမှတ်ချက်များ ဖြစ်၏။ ၎င်းသန္နိဋ္ဌာန်ချမှတ်ချက်များက သင့်အတွေးများနှင့် သင့်လုပ်ဆောင် ချက်များကို ထူးခြားသိသာသော အပြောင်းအလဲများ ဖြစ်ပေါ်စေ၏။

          ဥပမာပြရလျှင် သင်သည် ကိုယ်အလေးချိန်ပေါင် နှစ်ဆယ်လျော့ကျ ရေး ရည်မှန်းချက်အောင်မြင်ရန် ခြောက်လတိတိ အစားအသောက် ဆင်ခြင်ကောင်း ဆင်ခြင်ရပါလိမ့်မည်။ သို့သော် ထိုသို့ အစားအသောက် ဆင်ခြင်တော့ မည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်သည့် အချိန်နာရီမှစပြီး ၄င်းတိုက်ပွဲတွင် သင် အနိုင်ရလိုက်ပြီဖြစ်၏။ ကျွန်တော်တို့ဘဝများတွင် ကျွန်တော်တို့ ကြိုးပမ်းရှာဖွေသော ပြောင်းလဲမှုများသည်လည်း ဤဖြစ်စဉ်အတိုင်း ဖြစ်ပေါ် လာပါသည်။

          သည်တော့ အသွင်ပြောင်းလဲမှုသည် ဘယ်အချိန်ဘယ်အခါတွင် ဖြစ်ပေါ်လာသလဲ။ ပြောင်းလဲမည်ဟု သင်ဆုံးဖြတ်သည့် သမယတွင် ဖြစ်ပေါ် လာပါသည်။ သင်ထိပ်တိုက်ရင်ဆိုင်မည်ဟု ရွေးချယ်ဖူးသော စိန်ခေါ်ချက်တွေ ထဲတွင် အကြီးမား ဆုံးသော စိန်ခေါ်ချက်များနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရသည့် တစ်နာရီတိုင်း တစ်နာရီတိုင်းတွင် တစ်ကြိမ်စီ တစ်ကြိမ်စီ ပြောင်းလဲမှုများ ဖြစ်ပေါ်ပါလိမ့်မည်။ ဤစာအုပ်တွင် သင့်အားတောင်းဆိုသည့် တောင်းဆိုချက် မှာ လေးနက်ထက်သန်သော ကိုယ်ပိုင်ကတိကဝတ်တစ်ခု ပြုလုပ်ဖို့ပင်ဖြစ်၏။

          ဤစာအုပ်ကို သတ်သတ်မှတ်မှတ် ဘယ်နှနာရီအတွင်း ဖတ်ရမည် ဟု ပုံစံချ သတ်မှတ်ထားခြင်းမျိုး မရှိပေ။ ကျွန်တော်တို့ တောင်းဆိုသည်မှာ တစ်ခန်းတိုင်း တစ်ခန်းတိုင်းကို လုံးဝဥသုံ အာရုံနှစ်မြှုပ်ပြီး တစ်နာရီ အချိန်ပေး ဖတ်ပါဟူ၍ ဖြစ်၏။ ဤစာအုပ်ပါ အခန်းတစ်ခန်းချင်းကို ဖတ်ပါ။ စဉ်းစား ချင့်ချိန်ပါ။ ပြီးတော့ ပြောင်းလဲမှုအတွက် လိုအပ်သော လေးလေးနက်နက် ဆုံးဖြတ်ချက်ကို စိတ်ရောကိုယ်ပါ ချမှတ်ပါ။

          အရေးကြီးသော နယ်ပယ်အတော်များများ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်းအားဖြင့် ဆုံးဖြတ်ချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက် နေမည်။ အထပ်ထပ်ဖြစ်နေမည်။ ထိုသို့ ဖြစ်နေသည့်အတွက် သင့်မှာရှိနိုင် မည်ဟု သင်တစ်ခါမျှ မထင်မှတ်ဖူးသော ခွန်အားနှင့် စွမ်းရည်များ ဖြစ်ထွန်း လာသည်ကို သင်တွေ့ရပါလိမ့်မည်။ ဤတိုးတက်ဖြစ်ထွန်းမှုက သင်၏ အလုပ်ဘဝကို အကျိုးပြုပါလိမ့်မည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာနှင့်သင်၏ ပုဂ္ဂလိက ပေါင်းသင်းဆက်ဆံရေးများ၊ သင်၏ အလုံးစုံသော ခံယူချက် သဘောထားများအပေါ် အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မည်။

          သည်တော့ ဘယ်နေရာ ဘယ်ဌာနက စတင် ဖြစ်ထွန်းလာသလဲ။ စိတ် ပညာရှင်တွေရှိသည်။ အတိုင်ပင်ခံတွေ ရှိသည်။ အထူးပြု ကုထုံးဆရာဝန် တွေရှိသည်။ ဘယ်သူ့မေးမေး၊ သင်ကြိုက်သူကို မေးကြည့် ။ အဖြေက တစ်မျိုးတည်း ထွက်လာပါလိမ့်မည်။ ၎င်းအဖြေမှာ ပြုပြင်ပြောင်းလဲမည် ဟူသော ဆုံးဖြတ်ချက်တစ်ခုမရှိလျှင် ဘာဆိုဘာမျှ ဖြစ်လာမည်မဟုတ် ဟူ၍ ဖြစ်၏။

          ဤစာအုပ်ကို သင် ဆက်ဖတ်သွားသောအခါ ဤစာအုပ်က သင့်အားတောင်းဆိုသည်မှာ သင့်အတွေးများနှင့် ပတ်သက်၍ သင့်ရည်မှန်း ချက်များ၊ သင့်ခံယူချက် သဘောထားများ၊ သင့်အလေ့အထများနှင့် ပတ်သက် ၍ ဆုံးဖြတ်ချက်များ ချမှတ်ပါဟူ၍ ဖြစ်၏။ သို့သော် သင်ကိုယ်တိုင်က ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒမရှိဘဲ၊ ပြုပြင်ပြောင်းလဲရေးကို လိုလိုလားလားမရှိဘဲ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းသည် အဓိပ္ပာယ်မရှိသော အချိန်ကုန်လူပန်းလုပ်ရပ်သာ ဖြစ်ပါသည်။

           “ကျုပ် အရင်တုန်းကလည်း အကြိမ်ကြိမ် အားထုတ်ခဲ့ဖူးပါပြီ၊ ဒါပေမဲ့ ဘာမှဖြစ်မလာပါဘူးဗျာ”

ဟု သင်က ပြောကောင်းပြောပါလိမ့်မည်။

          ဤစကားမျိုးကို သုံးချီသုံးလားတိုင်တိုင် တောင်ထိပ်မရောက်ဘဲ လမ်းခုလတ်မှ ပြန်ဆင်းခဲ့ရသော တောင်တက်သမားတစ်ဦးက ပြောမည် ဆိုလျှင် ပြောလို့ရနိုင်၏။ သို့သော် သန္နိဋ္ဌာန်ပြတ်သည့် တောင်တက်သမားက ထိုသို့ မပြော။ သူက ပြောသည်မှာ “ဧဝရက်တောင်ကြီးရေ၊ မင်းက ငါ့ကို တစ်ကြိမ်အနိုင်ယူသွားပြီ။ မင်း ငါ့ကို အလဲထိုးသွားတာ နှစ်ကြိမ်ရှိပြီ။ မင်း ငါ့ကိုအလဲထိုးသွားတာ သုံးကြိမ်ရှိပြီ။ ဒါပေမဲ့ ဧဝရက်တောင်ကြီးရေ၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မင်းကိုငါ အနိုင်ယူပြမယ်ကွ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းက တစ်နေ့ထက်တစ်နေ့ ပိုကြီးလာတာမှ မဟုတ်ဘဲ။ ငါကတော့ ပိုပြီး စွမ်းရည်တွေပြည့်လာနိုင်တယ်လေ” ဟူ၍။

          သင် သိချင်လည်း သိမည်။ မသိချင်လည်း မသိဘဲနေမည်။ သို့သော် သေချာတာတစ်ခုကတော့ သင့်ကိုယ်ခန္ဓာကြီးအပါအဝင် အရာရာ တိုင်းသည် စဉ်ဆက်မပြတ်ပြောင်းလဲနေသည်ဆိုသည့် အချက်ဖြစ်၏။ သင်တစ်ကြိမ်တစ်ခါက တက်ခဲ့ဖူးသည့် တောင်ကြီးကိုပင် ယခုတစ်ခါ ထပ်တက်ကြည့်ပါ။ လုံးလုံးလျားလျား ခြားနားသော အတွေ့အကြုံကို သင် တွေ့ကြုံခံစားရပါလိမ့်မည်။ ရှေးဂရိတွေးခေါ်ရှင် ဟီရာကလိုက်တပ်စ်ကပြောခဲ့ပါသည်။ “သင်သည် မြစ်ရေတစ်ခုတည်းအတွင်းသို့ နှစ်ကြိမ်ဆင်းလို့ မရနိုင်” ဟူ၏။ မြစ်ရေသည် စဉ်ဆက်မပြတ် စီးဆင်းနေပြီး ပင်လယ်ထဲသို့ စီးဝင်သွားသည် မဟုတ်ပါလား။

          အရာရာတိုင်းသည် စဉ်ဆက်မပြတ် ပြောင်းလဲနေ၏။

          ပြောင်းလဲမှုသည် ကြောက်စရာ မဟုတ်။ ထိတ်လန့်စရာ မဟုတ်။ ပြောင်းလဲခြင်းသည် ဘဝ၏ သင်္ကေတဖြစ်၏။ သင့်ကိုယ်ခန္ဓာအတွင်းရှိ ကလာပ်စည်း အားလုံးသည် စဉ်ဆက်မပြတ် ပြောင်းလဲနေ၏။ တစ်ခုနေရာ တွင် နောက်တစ်ခုက အစားထိုး ဝင်ရောက်နေ၏။ ထိုသို့ ဖြစ်မနေလျှင် သင်သေဆုံးမှာ သေချာပေါက်ဖြစ်၏။ ဝေါဟာရ အဘိဓာန်က ပြောင်းလဲခြင်း ကို အဓိပ္ပာယ်ဖွင့်ထားသည်မှာ “တစ်ခုမှတစ်ခုသို့ ၊ သိုမဟုတ် တစ်ဆင့်မှ တစ်ဆင့်သို့ ကူးပြောင်းခြင်း” ဟူ၍ ဖြစ်၏။ ပြောင်းလဲခြင်းသည် ပြင်ဆင်ခြင်း၊ အစားထိုးခြင်းလုပ်ငန်းစဉ် ဖြစ်ပါသည်။

            ပြောင်းလဲဖို့ ဘာတွေလိုအပ်သလဲ

          လောကတွင် ဘယ်အရာမှ မတည်မြဲပါ။ သင်၏ ကိုယ်ရည်ကိုယ်သွေး၊ သင်၏ စိတ်ခံစားချက်များနှင့် သင်၏ အသိအမြင်များ.....ထိုအရာအားလုံးသည် စဉ်ဆက်မပြတ် ပြောင်းလဲနေပါသည်။ သို့ ဖြစ်သော်လည်း ထိတ်လန့်ကြောက်ရွံ့စရာကောင်းနေသည်မှာ အပြောင်းအလဲအများစုသည် ဖြစ်ချင်သလို ဖြစ်ပေါ်လာခြင်းဖြစ်၏။ အပြောင်းအလဲအများစုသည် ဦးတည်ရာမဲ့ ဖြစ်ပေါ်သည်။ ကြိုတင် မြော်တွေးလို့ မရဘဲ၊ သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျထိန်းချုပ်လို့မရဘဲ ဖြစ်ပေါ်နေခြင်းဖြစ်၏။ ကျွန်တော်တို့က ပြောင်းလဲမှု အကြောင်း မစဉ်းစားကြ။ ကြိုတင်တွက်ဆမှု မပြုကြ။ ထိုအချိန်တွင် ဖြုန်းခနဲ ဒိုင်းခနဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်၏။ ထို့ကြောင့် များသော အားဖြင့် ပြင်ပ အခြေအနေများကိုသာ တုံ့ပြန်ဆောင်ရွက်တတ်ကြ၏။ မိမိကိုယ်မိမိ ပြောင်းလဲဖို့မူ ဆုံးဖြတ်ခြင်း မပြုကြချေ။

          သူသူငါငါ ပြုမူလေ့ရှိသည့် တုံ့ပြန်ဆောင်ရွက်နည်းမှာ အလုပ် ပြောင်းမည်။ လက်တွဲဖော်၊ သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများ ပြောင်း မည်။ သူတို့တွင် စင်းလုံးချော ပြည့်စုံကောင်းမွန်သည့် အလုပ်ရှင်ရှိလျှင်၊ သို့မဟုတ် အိမ်ထောင်ဖက်၊ သို့မဟုတ် အိမ်တစ်လုံးရှိလျှင် သူတို့ အစစ အဆင်ပြေမည်ဟု လူတွေက ထင်ကြ၏။ သို့သော် လူများစုသည် သူတို့ကိုယ် သူတို့ သိမှတ်စွာ ပြုပြင်ပြောင်းလဲရေးကိုမူ ဘယ်သောခါမျှ စဉ်းစားတွေးတော ခြင်း မပြုကြချေ။

          သင့်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပါ။ လူအုပ်စု နှစ်စုကို တွေ့ရပါလိမ့်မည်။ တစ်စုက ပြုပြင်ပြောင်းလဲနေသည့် အုပ်စု၊ နောက်တစ်စုက အပြောင်းအလဲကို ဆန့်ကျင်တော်လှန်နေသည့် အုပ်စု။ သူတို့က အပြောင်း အလဲ မပြုရေးဘက်ကပင် လျှောက်လဲကြသေးသည်။ ထုချေ ကာကွယ်ကြ သေးသည်။ သင် ကျယ်ကျယ်ပြန့်ပြန့် အကဲခတ် လေ့လာကြည့်ပါ။ အောင်မြင် သူများ သည် “ပြုပြင်ပြောင်းလဲ သူများ ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ သူတို့က အခြားသူများ လုပ်ဆောင်ဖို့ကြောက်သည့် အလုပ်များကို လုပ်ရဲသူ များ ဖြစ်၏။

          စီးပွားရေးလုပ်ငန်းကြီးများသည် စားသုံးသူများ၏ တောင်းဆိုမှုကို မလိုက် လျောလျှင် ၄င်းလုပ်ငန်းကြီး ဒေဝါလီခံရရေးလမ်းကြောင်းပေါ် ဦးတည်နေပြီ ဖြစ်၏။ ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံထားသော ဆင်စွယ် ဆပ်ပြာဟူ၍ သင်ဘယ်နှကြိမ် တွေ့ ဖူးမြင်ဖူးပါသလဲ။ သင့်ဒဏ်ရာကို ခွဲစိတ်ကုသပေးမည့် ဆရာဝန်က အဆင့်မြင့် လေဆာခွဲစိတ် ကိရိယာတစ်ခုကို မသုံးဘဲ ရှေးဟောင်းသမိုင်း ပြတိုက်ထဲမှာထားရမည့် ခွဲစိတ်မျိုး တစ်ချောင်း