Skip to product information
1 of 18

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အောင်မြေနင်းသူတို့အကြောင်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
အပိုင်း [ ]
ကစားပွဲကို သင် ဘယ်လိုကစားသလဲ

          သင်သည် ငွေကြေးဖူလုံမှုကို ရယူပိုင်ဆိုင်လိုသည်ဆိုလျှင် ငွေ ကစားပွဲအကြောင်း လေ့လာဆည်းပူးဖို့ လိုအပ်ပါမည်။ ကျွန်တော်ကတော့ ငွေကစားပွဲအကြောင်း ဖေဖေချမ်းသာထံမှ သင်ယူဆည်းပူးခဲ့၏။ ကျွန်တော့် ဖေဖေချမ်းသာ၏ သင်ခန်းစာများမှ ကျွန်တော် တီထွင်ဖန်တီး ယူခဲ့သည်မှာ “ငွေသားစီးဆင်းမှု” ကစားနည်း။

          သည်ကစားနည်းကို အကြိမ်ကြိမ်ကစားရင်း ပျော်ရွှင်မြူးထူးရင်း သည်ကစားနည်းက ကျွန်တော်တို့အား ငွေကြေးဆိုင်ရာ ကျွမ်းကျင်မှုများ သင်ကြားပေးသည်။ သည်ကစားနည်းက တစ်မူထူး ကောင်းမွန်လွန်း သည့်အတွက် ကစားနည်းမူပိုင်ခွင့်တွေ ပေးအပ်ကြ၏။ သည်ကစားနည်း က သင့်အားစိန်ခေါ်မည်။ သင်ကြားမည်။ နောက်ပြီး သင့်အား လူ ချမ်းသာများလို စဉ်းစားတွေးခေါ်စေပါသည်။

          ဤအခန်းတွင် ပါဝင်ရေးသားသူများက သူတို့၏ ငွေရေးကြေးရေး အောင်မြင်မှုများကို ခြယ်မှုန်းရေးပြပြီး သူတို့၏ အောင်မြင်မှုများသည် ငွေသားစီးဆင်းမှု ကစားနည်းကြောင့်ဖြစ်ကြောင်း ဂုဏ်တင်ပြောဆိုသွား၏။

          ဤကစားနည်းကို ပါဝင်ကစားသူများသည် ငွေကြေးဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာရုံမကဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု များလည်း မြင့်မားလာစေပါသည်။

          ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် “အက်ဒ်'နှင့် ‘တယ်ရီကိုးလ် မန်း”တို့ကတော့ သည်ကစားနည်းကို ကစားပြီး အိမ်ခြံမြေလုပ်ငန်းကို စိတ်ဝင်စားလာသည်ဆို၏။ ငွေကြေး အာမခံချက်ရှိသော ဘဝကို ထူထောင်ခဲ့ကြသည့် သူတို့နှစ်ဦး၏ နည်းလမ်းသည် လူအများအတွက် လည်း နည်းယူဖွယ်ဖြစ်လိမ့်မည်ထင်ပါသည်။ သင်သည် သူတို့နှစ်ဦး ကဲ့သို့ ၁၉၆၀ ပြည့်နှစ်လွန်များတွင် နေထိုင်ကျင်လည်ခဲ့သည်ဆိုလျှင် သင်လည်း “ဟစ်ပီယဉ်ကျေးမှု’ လွှမ်းမိုးမှုခံခဲ့ရပါလိမ့်မည်။ ဟစ်ပီ ယဉ်ကျေးမှုတွင် ငွေကြေးဘဝ အာမခံချက်ရရေးသည် သူတို့၏ ရည်မှန်းချက် မဟုတ်။ သူတို့က အနှောင်အဖွဲ့ ကင်းစွာ နေထိုင်မည်။ ငွေအကြောင်း မေ့ထားမည်။ နောက်ပြီး ကိုယ်စိတ်ဝင်စားတာ ကိုယ်လုပ်မည်။ အနာဂတ် အရေး မျှော်တွေးခြင်းသည် အချိန်ဖြုန်းတီးခြင်းသာဖြစ်၏။

          အက်ဒ်နှင့် တယ်ရီတို့သည် ငွေနှင့်ပတ်သက်သည့် သူတို့၏ အမြင် ဟောင်းကို တော်တော်ကြီး ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မှန်မှန် တင်ပြ သွားသည်။ သူတို့မျိုးဆက်မှ လူအတော်များများနည်းတူ သူတို့သည် ခေတ်၏တောင်းဆိုချက်နောက်သို့ လိုက်ခဲ့ကြသည်။ ငွေရေးကြေးရေး အကြောင်း ပြောသူများကို အပြစ်ဆိုကြ၏။ သူတို့ ရှာလို့ရသည့်ငွေကို သူတို့ သုံးပစ်ကြသည်။ အနာဂတ်ဘဝအတွက် စီမံကိန်းရေးဆွဲတာတွေ ဘာတွေ လုပ်နေဖို့မလို။ (ယုတ်စွအဆုံး သူတို့၏သားကလေး ဂျိတ် မွေးဖွားလာချိန်အထိပေါ့။)

          ငွေကြေးစီမံကိန်းတစ်ရပ် လိုအပ်ကြောင်း သိမြင် သဘောပေါက် လာသောအခါ သူတို့ ရွေးချယ်မှုတော်တော်များများကို ရှာဖွေဖော်ထုတ်ကြ၏။ တချို့ ရွေးချယ်မှုများက အလုပ်ဖြစ်ပြီး တချို့က အလုပ်မဖြစ်။ သို့သော် သူတို့ လက်မလျှော့ကြ။ သူတို့ ဆက်လက် သင်ယူဆည်းပူး သည်။ ဘာကြောင့်ဆို ငွေကြေး အမှီခိုကင်းသည့် ဘဝထူထောင်ရေး နည်းလမ်းတစ်ရပ်ကို ရှာဖွေဖော်ထုတ်လိုသောကြောင့် ဖြစ်၏။

          နောက်ဆုံးတော့ အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းက ငွေရေး ကြေးရေး အမှီခိုကင်းသည့်ဘဝ ထူထောင်ရေးအတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်ကြောင်း သိမြင်လာသည်။ သူတို့ ဘာတွေ ဘယ်လို လုပ်သည်ဆိုတာနှင့် ခြေလှမ်းသေးသေးကလေးများမှသည် ခြေလှမ်း ကြီးကြီးများဖြစ်လာသည် ဆိုတာတွေ သင် တွေ့ရပါမည်။

          သင့်အသက်က သုံးဆယ်ကျော်နေပြီ။ ကြွေးတွေကလည်း လည်ပင်းခိုက်နေပြီး ငွေကြေးဖူလုံသောဘဝမျိုး သည်တစ်သက်ရပါဦး မည်လားဟု စိုးရိမ်သောက ပွားနေရသည်ဆိုလျှင်တော့ “ထရေစီရိုဒရစ်” ၏ (ကျွန်မတို့ ကိုယ့်ကိစ္စ ကိုယ်လုပ်သည်) ကို ဖတ်ပါ။ အခြားသူတွေ တော်တော်များများ လူမွဲအဖြစ်ကြေညာကြရသလို ထရေစီတို့ ဇနီးမောင်နှံ သည်လည်း ကြီးမားသော အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ၏။ သူတို့သည် အလုပ်ကို ကြိုးစားပမ်းစားလုပ်သူများ ဖြစ်၏။ သို့ဖြစ်သော်လည်း သူတို့သည် မလွှဲသာမရှောင်သာ ငွေကြေး အကျပ်အတည်း နှင့် ကြုံရတော့၏။ သူတို့အတွက် ငွေကြေးဖူလုံမှု အာမခံချက်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်းမှ အစပြုခဲ့၏။ ထိုသို့ တည်ထောင်ဖို့ စိတ်ကူးကိုမူ ငွေသားစီးဆင်းမှုကစားနည်းကို ကစားခြင်းမှ မြစ်ဖျားခံခဲ့သည်ဆို၏။

          သင်သည် အသက်ငါးဆယ်ကျော် ဖြစ်ကောင်းဖြစ်နေပါမည်။ နောက်ပြီး ငွေသားစီးဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တည်ထောင်ဖို့ ဆိုသည်မှာ သင့်အလုပ်မဟုတ်တော့ဟု ထင်မြင်ကောင်း ထင်မြင်နေပါလိမ့်မည်။ သင်နှင့် သက်တူရွယ်တူလူတွေ ပြောနေကျစကားများဖြစ်သည့် “ငါ့အတွက် သိပ်နောက်ကျနေပြီ” ဆိုတာမျိုး၊ “ငါကတော့ မတတ် နိုင်တော့ပါဘူးကွာ” ဆိုတာမျိုး၊ “ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရအောင် ကျုပ်က အသက်ကြီးလွန်းနေပါပြီ” ဆိုသည့် အပျက်မြင် စကားမျိုးတွေ ကျွန်တော် ကြားဖူးပါသည်။ သင်လည်း ထိုသို့ ယုံကြည် စွဲမှတ်နေသည်ဆိုလျှင် စက်စီလီယာမော်ရစ်ဆန်” ၏ (ဘယ်တော့မျှ နောက်မကျ) ကို ဖတ်ကြည့်ပါ။

          အက်ဒ်နှင့်တယ်ရီ၊ ထရေစီနှင့် စက်စီလီယာတို့ ဘယ်နည်းဘယ်ပုံ ဖြင့် ကိုယ့်ဘဝကိုယ် ပုံဖော်သွားသည်ဆိုသည့် ဇာတ်လမ်းများသည် သူတို့၏ ရွေးချယ်မှုများမှ ပေါက်ဖွားလာပါသည်။ သူတို့ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ဆက်လက်ချမှတ်မည့် ဆုံးဖြတ်ချက်များမှာ စိတ် လှုပ်ရှားတက်ကြွစရာ ကောင်းလှပါသည်။ သူတို့သည် ငွေကြေးဖူလုံသော ဘဝကို အောင်မြင်ရရှိသွားသူများ ဖြစ်၏။ သူတို့သည် ဘဝ ကစားပွဲတွင် အောင်နိုင်သူများပါတည်း။

 

အခန်း - ၁

မရှိမဖြစ်ငွေ

အက်ဒ်နှင့် တယ်ရီကိုးလ်မန်း

          ဆိုပါစို့။ ကျွန်တော်တို့ ရုပ်ရှင်တစ်ကားကြည့်ကြမည်။ ဇာတ်လမ်း က ၁၉၆၀ ပြည့်လွန်နှစ်များမှာ ကျင်လည်ခဲ့သည့် သီးခြားအတွေးရှင်များ (Free thinkers) şoa usos o opozoi saooze 8:93:67: coroas ရေးအတွက် အငှားချအိမ်ရှင်များဖြစ်လာပုံ ဟောလိဝုဒ် စိတ်ကူးယဉ် ရုပ်ရှင်တစ်ကားဆိုပါစို့။ သို့ပေမဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ လွန်ခဲ့သည့် သုံးနှစ်ကစပြီး တယ်ရီနှင့်ကျွန်တော်တို့ အိမ်ဝယ်သည့်အလုပ် ကို လုပ်ကိုင်ခဲ့ကြသည်။ ယခုဆိုလျှင် ပြည်နယ်သုံးခုတွင် ကျွန်တော်တို့ ပိုင်သည့် အိမ်ရှစ်လုံးရှိနေပြီ။ စုစုပေါင်းတန်ဖိုး ဒေါ်လာ တစ်သန်း ကျော်သည်။

          ကျွန်တော်တို့ ဘာကြောင့် ဘယ်လို စိတ်ပြောင်းလာကြသလဲ။ ကျွန်တော်တို့ အပြောင်းလဲကြီး ပြောင်းလဲခဲ့ကြ၏။ ငွေရေးကြေးရေး လုံးလည်ချာလည်လိုက်နေသည့်ဘဝမှ ငွေရေးကြေးရေးအရ တက်ကြွ လှုပ်ရှား အောင်မြင်သောဘဝသို့ ကူးပြောင်းခဲ့ကြ၏။ ဤကား ကျွန်တော် တို့ မျိုးဆက်တွင် လူတွေ ဘယ်လောက် ပြောင်းလဲလာသလဲဆိုတာဖော်ပြနေသည့်ဇာတ်လမ်း ဖြစ်ပေသည်။

          ရိုက်ကွက်တစ်

          အိမ်မြေအရောင်းအဝယ်လုပ်ငန်း မလုပ်ကိုင်မီ ကျွန်တော်တို့၏ အခြေအနေမှ သိပ်ထူးထူးခြားခြား မရှိလှပါ။ ကျွန်တော်တို့အိမ်တွင် ငွေအကြောင်း ထိပ်တန်းတင်ပြီးပြောလေ့မရှိ။ ဆွေးနွေးလေ့ မရှိ။ သည်တော့ ငွေကြေးနှင့်ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးခြင်းခံရဖို့ ဝေးလို့ ငွေကြေးအကြောင်းပင် သိပ်သိလှသည်မဟုတ်ပေ။ ငွေနှင့် ပတ်သက် လာလျှင် ကျွန်တော်သည် တာဝန်မဲ့သူတစ်ဦးဟု ဖေဖေနှင့် မေမေက ယူဆသည်။ ကျွန်တော်က လက်ထဲ ပိုက်ဆံရောက်လာသည်နှင့် သုံးဖြုန်း ပစ်တတ်သူ။ ဆန့်ကျင်ဘက်အားဖြင့် တာဝန်သိတတ်”သည့် ကျွန်တော့် ညီမလေးကတော့ သူ့ပိုက်ဆံကို အမြဲတမ်း စုစုဆောင်းဆောင်းရှိသည်။

          ပညာရေးဆိုသည်မှာ တတ်အပ်သောအရာဖြစ်သည်၊ ကောင်း သော အရာဖြစ်သည်ဟု သဘောထားကြသည်။ သို့ပေမဲ့ ဘဝလမ်းကြောင်း ဖြောင့်ဖြူးစေရေးအတွက် ခိုင်ခိုင်မြဲမြဲ အလုပ်တစ်ခုရစေရန် ပညာကောင်းကောင်းတတ်ရမည်ဆိုသော သွန်သင်မှုမျိုးတော့ တစ်ခါမျှ အပြောမခံရ။ စွယ်စုံရသူတစ်ဦးဖြစ်ရေးအတွက် ပညာတတ်ဖို့ လိုအပ် သည်။ ကျွန်တော့်ညီမကလေးက ကောလိပ်မှ ဘွဲ့ ရသည်။ ကျွန်တော် ကတော့ ကောလိပ်တက်ပြီး သုံးနှစ်အကြာတွင် ကျောင်းထွက်ခဲ့သည်။

          ကျွန်တော် လော့စ်အိန်ဂျလိစ်တွင် အခြေချနေခိုက် တယ်ရီက နယူးယောက်မှာ။ သို့ ဖြစ်သည့်တိုင် သူမက ကယ်လီဖိုးနီးယားရှိကောလိပ်တွင် နှစ်နှစ်တိတိ ကျောင်းလာနေသည်။ ကျွန်တော်တို့ ၁၉၈၀ တွင် ဆုံစည်းပြီး ၁၉၈၇ တွင် လက်ထပ်ကြသည်။ နှစ်ယောက်စလုံး ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များတွင် ခေတ်စားသောဟစ်ပီနေမှုပုံစံဖြင့် နေထိုင်ကြသည်။ ပိုက်ဆံဆိုသည်မှာ ရွံရှာ စက်ဆုပ် စရာကောင်းသော အရင်းရှင်အကျင့်ယုတ်များ” သုံးစွဲသည့် စနစ်တစ်ခုဟု ကျွန်တော်တို့ ယူဆကြသည်။ ပိုက်ဆံဆိုတာ အရေးမကြီး။ ကျွန်တော်တို့ မျိုးဆက်၏ လူငယ်တော်တော်များများက ငွေကို မခုံမင်၊ မမက်မော။ ငွေကို ခုံမင်မက်မောခြင်းသည် ရှက်စရာဟု သဘောထားသည်။ တစ်လ နှင့် တစ်လ အလျဉ်မီအောင် အသက်ဆက်နေထိုင်ခြင်းသည် ကျွန်တော် တို့အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်၏။ ငွေတွေ အများကြီးရအောင် စုဆောင်းဖို့ ဆိုသည့် ရည်မှန်းချက်သည် ကျွန်တော်တို့ဦးခေါင်းထဲသို့ သိုးကာသီကာ ပင် ဝင်မလာ။ လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်ခြင်းသည် ကျွန်တော် တို့ခေတ်၏ လူနေမှုပုံစံတစ်မျိုး ဖြစ်၏။ တိုတိုပြောရလျှင် ငွေရေးကြေးရေး ဆိုတာကို ကျွန်တော်တို့ တစ်လုံးတစ်ပါဒမျှ နားမလည်၊ မသိ။ နားလည် အောင်၊ သိအောင်လည်း အားထုတ်ဖို့ စိတ်မကူး။

          လွန်ခဲ့သည့်ငါးနှစ်ကဆို ကျွန်တော်တို့၏အသက်တွေက သုံးဆယ် ကျော်တွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည်။ ရုပ်ရှင်လုပ်ငန်းထဲသို့ ကျွန်တော် ရောက်လာခြင်းကတော့ မတော်တဆ ရောက်လာခြင်း ဖြစ်၏။ ကျွန်တော့်ဖေဖေက ချီကောက်လိုက် ကင်မရာ သမားနှင့် ဒါရိုက်တာဖြစ်သည့်အတွက် မထင်မှတ်ဘဲ ကျွန်တော် လက် ထောက် ကင်မရာသမား ဖြစ်လာသည်။ ကျွန်တော် သင်ထားသည့်ပညာ က ဂရပ်ဖစ်ပန်းချီနှင့် ဓာတ်ပုံပညာဖြစ်ရာ ကျွန်တော် ဝါသနာပါသည့် အလုပ်ကို လုပ်ခွင့်ရခဲ့သည်။ ကျွန်တော် ငွေရရေးတစ်ခုတည်းအတွက် အလုပ်လုပ်ခြင်း မဟုတ်တော့။

          တစ်နေ့တွင် ရိုက်ကွင်းသို့ တယ်ရီလိုက်လာသည်။ မိတ်ကပ် သမားများ၏ အထူးပြုလုပ်ချက်များကို တွေ့သွားသည်။ သည်ပညာကို သူမ သဘောကျသွားပြီး သူလည်း မိတ်ကပ်ပညာရှင် ဖြစ်လာတော့၏။

          ကျွန်တော်တို့ စီးပွားရေးကြော်ငြာတွေ အများကြီးရိုက်ရသည်။ နောက် ဆက်တွဲအဖြစ် ခရီးတွေအများကြီးထွက်ရသည်။ ဟိုတယ်တွေမှာ တည်း ရသည်။ ပြောရလျှင်တော့ အထက်တန်းကျကျ နေနိုင်ကြသည်။ ကျွန်တော်တို့နှစ်ယောက် အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်ကြသည်။ ဆယ့်ငါးနာရီ အလုပ်ချိန်ရှိသည့်နေ့တွေ များစွာများစွာ။ တစ်လလျှင် ထိုနေ့မျိုးတွေ ဆယ်ရက်မှ ရက်နှစ်ဆယ်အထိ ရှိသည်။ သို့ပေမဲ့ ကျန် အချိန်များက ကျွန်တော်တို့၏ ကိုယ်ပိုင်အချိန်များ ဖြစ်သည်။ ကမ်းခြေသောင်ပြင်သို့ သွားကြသည်။ မဟုတ်လို့ တင်းနစ်ရိုက်ချင်တော့လည်း တင်းနစ်ရိုက်ကြရုံပေါ့ ။ ကျွန်တော်တို့၏ ရည်မှန်းချက်ပန်းတိုင်က ငွေ သုံးရေး။ ငွေဖြုန်းရေး။ ကျွန်တော်တို့ တဒင်္ဂမှ တဒင်္ဂသို့ ကူးပြောင်းပြီး ပျော်ရွှင်ခံစားကြသည်။ ဘဝဆိုတာ ပျော်စရာကြီးပါကလား။

          အပေါ်ယံအားဖြင့် ကျွန်တော်တို့ဘဝသည် လွတ်လပ်သောဘဝ။ အနှောင်အဖွဲ့ ကင်းသောဘဝ။ အေးချမ်းသာယာသောဘဝ။ သို့သော် လွန်ခဲ့သည့် ဆယ့်လေးနှစ်လောက်က သားတော်မောင် ဂျိတ်ကို မွေးလာတော့ ကျွန်တော်တို့၏ ဘဝနေဟန် ပြောင်းလဲသွားသည်။ လောကထဲ သို့ သူရောက်ရှိလာခြင်းက ကျွန်တော်တို့ကို အလန့်တကြား နိုးလာစေ ၏။ ကျွန်တော်တို့မှာ အနာဂတ်အတွက် စီမံကိန်းမျှမရှိ။ နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်ဆိုလျှင် ဘာတွေဖြစ်လာမည်လဲ။ သားကလေးအတွက် ဝေးလို့ ကျွန်တော်တို့လင်မယားအတွက်ပင် စီမံချက်မရှိ။ တွက်စစ်ကြည့်တော့ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေမရှိ။ ရပိုင်ခွင့်ပစ္စည်းတွေ မရှိ။ ရင်းနှီးမြှုပ်နှံမှုတွေမရှိ။ ကျွန်တော်တို့ကြုံနေရသည့် ထိတ်လန့်ကြောက်မက်စရာ အကျပ်အတည်းထဲမှ ထွက်ပေါက်မရှိ။ “ကဲ ... ငါတို့ ဘာလုပ်ကြမလဲ” ဟု ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မေးမိကြသည်။ ကျွန်တော်အလုပ်ဆင်းနေချိန်တွင် တယ်ရီက ဂျိတ်နှင့် အိမ်မှာနေသည်။

          ကံဆိုးချင်တော့ ကျွန်တော့်အလုပ် အစီအစဉ်များက ပရမ်းပတာနိုင်လှ သည်။ တစ်ခါတစ်ခါတွင် သီတင်းပတ်ပေါင်းများစွာ ခရီးထွက်ရသည်။ ဂျိတ်တစ်ယောက် အရွယ်ကလေးရလာပြီး အိမ်တွင်ကျွန်တော်မရှိကြောင်း သတိပြုတတ်သောအခါ “ဖေဖေ ဘယ်မှာလဲ” ဟု မေးတော့၏။ သည်တော့ ကျွန်တော်တို့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့။ ရုပ်ရှင် လုပ်ငန်းကို ကျွန်တော် မစွန့်လွှတ်နိုင်။ စွန့်လွှတ်လို့မဖြစ်။ သည်လုပ်ငန်း က ကျွန်တော် ထဲထဲဝင်ဝင် သိနားလည်သည့်လုပ်ငန်း။ တခြားလူတစ်ဦး ဦးက အလုပ်ပေးသည့်တိုင် တခြားလုပ်ငန်းတစ်ခုခုမှာ အလုပ်ဝင်ရေးကို ကျွန်တော် စဉ်းစားလို့ပင်မရ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမည်ဆိုတာ သိနေသည်။ သို့ပေမဲ့ ဘယ်နေရာကစပြီး ပြုပြင် ပြောင်းလဲရမလဲ။

          ကျွန်တော်တို့ လူကြီးသူကြီးတွေလို တွေးတောကျင့်ကြံဖို့ အချိန် ကျနေပါပြီကော။

          ရိုက်ကွက်နှစ်

          သင့်အတွက် ရိုက်ကွင်းတစ်ကွက် ဆင်ပေးပါရစေ။ ၁၉၉၂ ခုနှစ် ရောက်တော့ ကျွန်တော်တို့၏ အနာဂတ်စီးပွားရေးကို အလေးထားဆောင်ရွက်ဖို့ အသင့်ဖြစ်နေသော တယ်ရီနှင့် ကျွန်တော်သည် ယခင်နှင့် မတူ တစ်မူထူးခြားတာ တစ်ခုခုစမ်းလုပ်ကြည့်ချင်နေကြပြီ။ ကယ်လီဖိုး နီးယား၏ နေသာသော နံနက်ခင်းတစ်ခုတွင် ကျွန်တော်သည် ပန်းခြံထဲရောက်နေသည်။ ဂျိတ်ကို ဒန်းပေါ်တင်ပြီး လွှဲပေးနေသည်။ တခြား ကလေးအဖေတစ်ဦးသည်လည်း ကျွန်တော့်နည်းတူ ကလေးထိန်းနေ သည်။ သည်နေ့ကတော့ တခြားနေ့များနှင့်အတူ တစ်မူထူးခြားနေတာ သေချာနေပြီ။ ဘာကြောင့်ဆို သီတင်းပတ်ရက်တစ်ရက်တွင် ပန်းခြံတစ်ခု