Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်သော်က - သံန္နိဌန်ကျွန်းပေါ်မှမောင်ညို

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

(၁)

          ရဲဘော် မောင်ညိုသည် သန္နိဋ္ဌာန်ကျွန်းပေါ်၌ ကျဆုံးလေတော့ သတည်း။ ။

          ရဲဘော်မောင်ညိုသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ကျွန်း၏ တစ်နေရာ ကျောက်တုံးများကြားတွင် ကောင်းကင်သို့ မျက်နှာမူကာ လဲကျနေခြင်း ဖြစ်သည်။ သူ၏ ကျောပြင်မှာ မညီမညွတ်ဖြင့် မာကျော ကြမ်းတမ်းလှသော ကျွန်း၏ မြေမျက်နှာဖြင့် ထိတွေ့နေရသောကြောင့် မလူးလွန့်ရဲအောင် ရှိနေရှာသည်။ သူ၏ ဒူးတစ်ဖက်မှာ ကွေးထောင်နေ လျက် တစ်ခါတစ်ရံတွင် သူသည် ရှိသမျှ အားများကို ဖျစ်ညှစ်ကာ မျက်နှာကို ရှုံ့မဲ့လျက် အံခဲကာ ထရန် ကြိုးစားသေးသည်။ သို့သော် ဆုတ်ယုတ်ကုန်ခန်းနေပြီဖြစ်သော အားများက သူ၏ ကိုယ်ခန္ဓာကို အထောက်အကူ မပြုသောအခါ ပြန်လည်လဲကျသွားရှာသည်။ ထိုအခါ မျိုးတွင် သူ၏ ခြောက်သွေ့နေသော လည်ချောင်း၊ ပူလောင်နေသော ရင်အုံနှင့် ကွဲအက်နေသော နှုတ်ခမ်းများမှ မပီမသ ညည်းညူသံများ မချိတင်ကဲ ထွက်လာတတ်ပေသေးသည်။

          တစ်ခါက ဖြူစင်ခဲ့ဟန်တူသော အဝတ်အစားများမှာ အဝတ်ဟု မခေါ်ထိုက်အောင်ပင် စုတ်ပြတ်နေတော့၏။ စီးနင်းထားသော သားရေ ဖိနပ်မှာလည်း သားရေများ အစိတ်စိတ်အမြွာမြွာ ထွက်နေသည်။ စုတ်ထွက်သွားသော သားရေဖျားနေရာမှ ထွက်ပေါ်နေသည့် ခြေဖဝါး ခြေချောင်းများမှာ ဓားနှင့် မွှန်းထားသကဲ့သို့ပင် ဒဏ်ရာများအတိ ပြီးနေ သည်။ ဒဏ်ရာအချို့မှာ သပြေသီးမှည့်ကဲ့သို့ ညိုမည်းနေကာ အချို့မှာ မန်းများဖြင့် ရောင်ကိုင်းနေတော့သည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာလွတ် သည့်နေရာ မရှိသလောက်ပင်။

          ညာဘက်ရင်အုံတွင်ကား ထုတ်ချင်းပေါက်ထွက်သွားဟန် တူ သော ဒဏ်ရာတစ်ခုသည် အရိုးများကိုပင် ကျိုးထွက်သွားစေခဲ့ကြောင်း တွေ့ရသည်။ ဒဏ်ရာမှ ညှီစို့စို့ သွေးနံ့များကြောင့် တောခြင်ရိုင်းကြီးများ နှင့် မှက်ခြင်ရိုင်းကြီးများမှာ မည်းနေအောင် ဝိုင်းအုံနေကြသည်။ သူသည် ခြင်ရိုင်းများကို မောင်းရန်မျှပင် စွမ်းအားလည်း မရှိတော့။

          သန္နိဋ္ဌာန်ကျွန်းမှာ အကြင်နာကင်းမဲ့ဆုံးသော သမုဒ္ဒရာအလယ်မှ ကျွန်းတစ်ခု ဖြစ်သည်။ ဂါလာပါဂို ကျွန်းစုများအနက် တောင်ဘက် အကျဆုံးသော လူသူမနေသည့် ကျွန်းတစ်ခုဖြစ်ကာ တစ်ချိန်က မီးတောင် ဖြစ်ခဲ့လေသည်။ သို့ကြောင့်လည်း ကျွန်းမြေမျက်နှာပြင် တစ်ခု လုံးမှာ ဓားသွား၊ စဉ့်အိုးကွဲသွားကဲ့သို့ ချွန်ထက်မာကျောလှသော ချော်ခဲကျောက်ခဲအတိဖြင့်သာ ဖုံးလွှမ်းနေတော့သည်။ သစ်ပင်ဟူ၍လည်း အလွန်မာကျောသည့် မြေနေရာတွင် အသက်ရှင်နိုင်သော ကျားလျှာ တန်းစောင်း ချုံစုများသာ ကျိုးတိုးကျဲတဲ တွေ့နိုင်သည်။ ချော်တုံး၊ စဉ့်တုံး၊ ကျောက်တုံးများ၏ အသွားထက်လှသော အစွယ်အတက်တို့မှာ မီး လောင်ဘနန်း ပူလောင်သော နေအရှိန်ကြောင့် တပြောင်ပြောင် တလက် လက်ဖြင့် မထိရဲ မကိုင်ရဲအောင် ရှိ၏။ ရဲဘော် မောင်ညို၏ ပြူးကြောင်ကြောင်ဖြင့် အဓိပ္ပာယ် ကင်းမဲ့လှသော မျက်လုံးများမှာ သူ့အပေါ်မှ စီးမိုးနေသော သန္နိဋ္ဌာန်ကျွန်း၏ အမြင့်ဆုံးသော တောင်စွယ် တစ်နေရာ သို့ ကြည့်နေဟန် တူသည်။

          ကမ်းစပ်တွင်မူ သောင်ပြင်ထက်၌ ပင်လယ်ကဏန်းများသည် ရွေ့ လျားသွားလာနေကြသည်။ တစ်ကောင်တစ်ကောင် နင်းကျော် တိုက်ခိုက်နေကြသည်။ မိုးကုပ်စက်ဝိုင်း ခပ်ဝေးဝေး တစ်နေရာဆီ၌ သမုဒ္ဒရာ ရေစီးကြောင်း တစ်ခုကြောင့် မြူးတူးနေသော ငါးအုပ်ကို ထိုး သုတ်ပျံဝဲလျက်ရှိသော ပင်လယ်ငှက်များကို တွေ့နိုင်သည်။

          ထိုမှအပ သက်ရှိသတ္တဝါ လူနှင့် အနီးစပ်ဆုံး တူသည့် အရာကား မောင်ညို တစ်ဦးပင် ရှိပါတော့သည်။ သန္နိဋ္ဌာန်ကျွန်းနှင့် မျက်စိ အလှမ်း ဆုံးရာ လောကတစ်ခုလုံးတွင် လူသားတို့ကို ကိုယ်စားပြုသော ကိုယ်စား လှယ်ကား ရဲဘော်မောင်ညို၏ အသွင်သာ ကျန်တော့သည်။ သို့သော် ရဲဘော်မောင်ညိုကား အသက်ငွေ့ငွေ့မျှသာရှိတော့လျက် မကြာမီ အတွင်း တွင်ပင် ဇီဝိန်ချုပ်ငြိမ်းကာ ဧကန်မလွဲ ကျဆုံးရရှာပေတော့မည်။

          နောင်နှစ်ပေါင်းများစွာ ကြာပြီး တစ်နေ့တွင် တစ်စုံတစ်ဦးသည် သန္နိဋ္ဌာန်ကျွန်းပေါ်သို့ ပေါက်ရောက်ခဲ့ပါမူ လူ၏ အရိုးစုများကို တွေ့ရ ပေမည်။ ထိုသူ၏ သုတေသနပြုချက်များသည် မည်မျှပင် နီးစပ်မှန်ကန် သည် ဆိုရစေဦးတော့၊ ထိုအရိုးစုများနှင့် ကမ္ဘာ့ရာဇဝင် မည်ကဲ့သို့ ဆက် စပ်နေသည်ကို ထုတ်ဖော်ရာ၌ မှန်မည်၊ မမှန်မည်ကိုကား အတိအကျ သိနိုင်ခွင့်ရမည် မဟုတ်ပါချေ။

( ၂ )

          ဇာတ်လမ်း၏ အစမှာ နှစ်ပေါင်း ၂၀ ကျော်ဆီသို့ ပြန်သွားရမည် ဖြစ်၏။

          ဗြိတိသျှ ဘုရင့်ရေတပ်မတော်မှ ဗိုလ်ကြီးဆားမားရက်စ်သည် ဂရင်းနစ်မြို့သို့ သွားရန်အတွက် မီးရထား တစ်စင်းပေါ်တွင် စီးနင်းလိုက် ပါလာသည်။ သူသည် ရှေ့လာမည့် ရက်များအတွင်း ဂရင်းနစ် ရေတပ်စစ်ဦးစီး တက္ကသိုလ်တွင် သင်တန်းတက်ရမည့် ရက်များကို စိတ်မပါလှ ဘဲ တွေးတော လိုက်ပါလာမိသည်။ ထို့အပြင်လည်း သူ့မှာ ရာထူးတိုး တက်ရန်အတွက် ကိုယ်ရေးကိုယ်တာများကို တစ်ပုံကြီး တွေးတောရန် ရှိနေသည်။ ဗိုလ်ကြီးဆားမားရက်စ်မှာ များစွာ အသက်မကြီးလှ၊ ငယ် ရွယ်နုပျိုတုန်းပင် ရှိသေးသည်။ သူ၏ ဆွေစဉ်မျိုးဆက် တစ်လျှောက်လုံး မှာလည်း ဗြိတိသျှ ရေတပ်ရာဇဝင်တွင် ထွန်းပြောင်ခဲ့သော အဆက် အနွယ်များပင် ဖြစ်ခဲ့သည်။

                    သို့သော် သူ၏ အတွေးကို ပြတ်တောင်းပြတ်တောင်း ဖြစ်စေရန် နှောင့်ယှက်နေသော အာရုံတစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်ခုံမှ အမျိုးသမီး ပင် ဖြစ်တော့သည်။ သူမမှာ လေးနက်တည်ကြည်ပုံရ၍ မယ်သီလရင် မျက်လုံးကဲ့သို့ ငြိမ်သက်သော အကြည့်မျိုးနှင့် သူ့ အား တစ်ခါတစ်ရံ စိုက်ကြည့်ပုံမှာ ဗိုလ်ကြီးအဖို့ စိတ်လှုပ်ရှားဖွယ်ရာပင် ဖြစ်တော့၏။

အမျိုးသမီးပျိုမှာ အင်္ဂလန်ပြည် တောမြို့ ကလေး တစ်မြို့မှ ဘုရား တရား ရိုသေကိုင်းရှိုင်းသော ကုန်စုံဆိုင်ပိုင်ရှင် လူကြီးလူကောင်း တစ်ဦး ၏ သမီးကြီး မစ္စအာဂါသာ ဘရောင်း ဖြစ်သည်။ အာဂါသာသည် ထူးခြားသော ထိုနေ့နံနက်တွင်မှ သူမ၏ ဘဝကံကြမ္မာကို ဖန်တီးမည့် မီးရထားပေါ်တွင် တစ်ယောက်တည်း လိုက်ပါမိလျက်သား ဖြစ်နေမိတော့သည်။ မီးရထားတွဲအတွင်း၌ အပူပိုင်းဒေသများမှ မကြာမီက ပြန်ရောက်လာဟန်တူလျက် နေလောင်နေသည့် အသားအရေတို့ကြောင့် အနည်းငယ် ရင့်ရော်သော်လည်း ငယ်ရွယ်သော ရေတပ်ဗိုလ် တစ်ဦးသာ အဖော်အဖြစ် တွေ့ရသည်။ ရေတပ်ဗိုလ်ကြီးအဆင့်ရှိသော ပခုံးတံဆိပ်ကို တပ်ထားသော်လည်း သူ၏ ရွှေရောင် ဆံပင်များမှာ ကလေးငယ် တစ်ဦး ကဲ့သို့ နုနယ်လှပေသည်။

          အာဂါသာသည် မစ္စတာဘရောင်း၏ သားသမီး သုံးဦးအနက် တွင် အကြီးဆုံး ဖြစ်သည်။ အငယ်နှစ်ဦးမှာ သားယောက်ျားများဖြစ်လျက် မစ္စတာဘရောင်း၏ဇနီး သေဆုံးပြီးကတည်းကပင်လျှင် အာဂါ သာ တစ်ယောက်တည်းသော သူတို့ အိမ်ထောင်စု၏ အိမ်တွင်းတာဝန် များကို နိုင်နင်းစွာ ထမ်းရွက်ခဲ့သည်။ တစ်ခါတစ်ရံတွင် အိမ်ထောင်ရှင်မ တစ်ဦးပမာ အစဉ်မပြတ် လုပ်နေရသော အာဂါသာသည် ဤသို့ပင် အနားယူတတ်လျက် အိလိန်း မြို့ရှိ သူမ၏ သူငယ်ချင်းဖြစ်သူ အက် ဒလင်းတို့ထံ သွားရောက်ပြီး တစ်ပတ်ခန့် နေထိုင်လေ့ ရှိသည်။ ယနေ့ လည်း အာဂါသာသည် အိမ်ကိစ္စအဝဝကို ရက်သတ္တတစ်ပတ်မျှ လိုလေ သေးမရှိအောင် စီမံခန့်ခွဲ ထားခဲ့ပြီးနောက် သားရေသေတ္တာငယ် တစ်ခုကို ဆွဲကာ မီးရထားဖြင့် စီးနင်းလိုက်ပါလာခဲ့ခြင်း ဖြစ်လေသည်။

          ဗိုလ်ကြီး ဆားမားရက်စ်သည် သူ၏ ရာထူးတိုးတက်ရေးကို စဉ်းစားရာမှ ရပ်လိုက်ပြီးနောက် ခရီးသွားဖော် အမျိုးသမီးဘက်သို့ လှည့် ကြည့်လိုက်သည်။ သူမ၏ အကြည့်များက သူ့ထက်ဦးစွာ ပြန်ကြည့်နေ သည်ကို တွေ့ရသောအခါ မနေတတ်အောင် ဖြစ်သွားပြီးနောက် မီး ရထား အပြင်ဘက်သို့ မျက်နှာလွှဲလိုက်ရသည်။ ခေတ္တမျှ ကြာသောအခါ မှ သူသည် စိတ်အားပြန်တင်းကာ သူမဘက်သို့ ကြည့်မိပြန်သည်။ သူမ၏ မျက်လုံးများက အသင့်စောင့်နေကြပြန်သည်။ ဗိုလ်ကြီး ဆားမား ရက်စ်သည် အတော် တုန်လှုပ်သွားခြင်းကြောင့် စီးကရက် တစ်လိပ်ကို ကယောင်ကတမ်း ထုတ်လိုက်မိသည်။ ထို့ နောက်မှ အရဲစွန့်၍

          “ကျွန်တော် ဆေးလိပ် သောက်နိုင်ပါသလား” ဟု ယဉ်ကျေး သော အမူအရာဖြင့် ခွင့်တောင်းလိုက်မိတော့၏။

          သူမသည် ကျက်သရေရှိလှသော အပြုံးကို ဆောင်လိုက်ပြီးမှ

          “သောက်ပါရှင်၊ သောက်ပါ။ ကျွန်မက ဆေးလိပ်နံ့ ခံနိုင်ပါ တယ်။ အမှန်မှာတော့ ရှင် ဆေးလိပ်မသောက်မှာကိုပဲ ကျွန်မက ကြောင့် ကြနေမိသေးတယ်” ဟု ပြန်ပြောသည်။

          “ဟုတ်ကဲ့၊ သောက်ပါ” ဟု ပြောလျှင် ပြီးနိုင်ပါလျက် ဤမျှ ရှည်လျားစွာ ဖြေကြားသောအခါ သူမ၏ ဖော်ရွေမှုကို ရိပ်စားမိသည့် အတွက် ဗိုလ်ကြီးခမျာ အတော်ပင် နေသာထိုင်သာ ရှိသွားတော့သည်။ ထို့ကြောင့် သူက မီးခိုးများကို မှုတ်ထုတ်ရင်း

          “အတော် အိုက်တာပဲဗျာနော်” ဟု အရဲစွန့် ပြောလိုက်သည်။

          “အတော်အသင့်ပါပဲ။ ဒါပေမဲ့ ရှင် ရောက်ခဲ့တဲ့ အပူပိုင်းဒေသတွေ နဲ့စာရင် တော်သေးတာပေါ့ မဟုတ်လား”

          သူ ဘယ်ကလာသည်ကို တွေးခေါ်နိုင်သည့် သူမ၏ ဉာဏ်စွမ်း ရည်ကို ဗိုလ်ကြီး မားရက်စ်က ချီးကျူးမိသည်။ ထို့ကြောင့်

          “ဟုတ်ကဲ့၊ ဟိုဒေသတွေနဲ့စာရင်တော့ အေးတာပေါ့လေ” ဟု အလိုက်သင့် ပြန်ပြောမိ၏။

          “တရုတ်ပြည် ရေတပ်စခန်းက ပြန်လာတယ် ထင်ပါရဲ့၊ ရှင်က...”

          သူမ၏ စကားခေါ်မှုနောက်တွင် ဗိုလ်ကြီးဆားမားရက်စ်သည် အတားအဆီး မရှိတော့ဘဲ ကြည်နူးနှစ်သိမ့်စွာ လိုက်ပါသွားမိတော့ သည်။ မီးရထားသည် တစ်ဘူတာပြီး တစ်ဘူတာ ကျော်ဖြတ်သွားနေ သည်။ သူတို့၏ စကားလက်ဆုံကျမှုမှာလည်း တစ်ဘာသာရပ်ပြီး နောက်တစ်ဘာသာသို့ ကူးပြောင်းသွားကြလျက် မကြာမီအတွင်းပင် နှစ်ဦးစလုံးမှာ ရင်းနှီးခင်မင်သည်ဟု ဆိုနိုင်လောက်အောင် ရှိသွားသည်။

          ဗိုလ်ကြီး ဆားမားရက်စ်သည် သူ့တစ်သက်တွင် တစ်ခါမျှ နက်နဲ စွာသော မိန်းမနှင့် မတွေ့ကြုံဘူးခဲ့ပေ။ တွေ့ကြုံခဲ့ရသော မိန်းမများမှာ လည်း ပေါ့ပြက်ပြက်နိုင်လှ၍ မည်သည့်စကားကိုမျှ လေးနက်စွာ မဆွေး နွေးတတ်သော အတွေးဉာဏ်တိမ်သည့် မိန်းမများသာ များပြားပေသည်။ မိန်းမများသည် ချောသော်လှသော်လည်း ဉာဏ်တိမ်သည်၊ စကားကိုပေါက်တတ်ကရ မလေးနက်သော အကြောင်းများသာ ပြောဖော်ရသည် ဟု သူ ထင်မြင်ခဲ့ခြင်းများမှာ ယခု အမျိုးသမီးကျခါမှ တစ်မူထူးခြားစွာ တွေ့ နေရသည်။

          သို့ကြောင့် ချာရင်းခရော့စ် ဘူတာ ရောက်ကာနီး၌ သူမက လက် ဆွဲသားရေအိတ်ကို လှမ်းကြည့်၍ ခရီးဆုံးရောက်တော့မည်ဟု သတိပြု မိသောအခါတွင် သူ့မှာ ခွဲခွာရမည်ကိုပင် ဝန်လေးသကဲ့သို့ ရှိလာသည်။ ဝမ်းနည်းလာသည်။ ဤမျှ စိတ်ဝင်စားစရာကောင်းသော အမျိုးသမီး တစ်ဦးကို ခဏတာ သိကျွမ်းလိုက်ရသည်ဆိုခြင်းမှာ ဆုံးရှုံးခြင်း တစ်ရပ် ပင် ဖြစ်ကောင်းဖြစ်မည်။ သို့ကြောင့် သူသည် မတ်တတ်ရပ်လိုက်ကာ

          “ကျွန်တော်လည်း ချာရင်းခရော့စ်မှာ ဆင်းမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မခွဲခင် တစ်နေရာမှာ ညစာစားရအောင် ဖိတ်ပါရစေ” ဟု ဆိုလိုက်သည်။

          အာဂါသာမှာ ငြင်းရခက်နေလောက်အောင် သူမကိုယ်တိုင်က ငြိတွယ်နေပြီ ဖြစ်တော့၏။ သူ၏ ဖိတ်မန္တကပြုပုံမှာ ကဗျာမဆန်လှသော် လည်း မုန့်စားချင်လျက် မတောင်းတတ်သော ကလေးငယ်ကဲ့သို့ သနား ဖွယ်ပင် ကောင်းသေးသည်ဟု သူမက ယူဆမိသည်။

          ခရီးဆုံးဘူတာသို့ ရောက်သောအခါတွင် သူတို့သည် ပါလာ သော သေတ္တာများကို ဘူတာရုံ၌ ခေတ္တအပ်ထားခဲ့ပြီးနောက် တက္ကစီ တစ်စီးကိုခေါ်ကာ ဗိုလ်ကြီး ဆားမားရက်စ်က ဟိုတယ်တစ်ခုသို့ မောင်း ရန် အမိန့်ပေးလိုက်သည်။ အာဂါသာမှာ ဟိုတယ်သို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက် မစားသောက်ဘူးပေ။ သူစိမ်းယောက်ျားတစ်ဦးနှင့် သွားရန် ကား သာ၍ပင် လမ်းဝေးသေးတော့သည်။ ။

          သို့သော် ယနေ့ညနေအဖို့မူကား သူမသည် ဘာဖြစ်နေသည် မသိ၊ ဗိုလ်ကြီး ဆားမားရက်စ်နှင့် သွားလာ စားသောက် စကားလက်ဆုံကျရမည်ကို ပျော်ရွှင်နေသည်။ ခွဲခွာရမည်ကို ပူပန်နေသည်။ ယင်းစိတ် နှစ်ခုက သူမကို ဆုပ်ကိုင်ကာ ဗိုလ်ကြီး ဆားမားရက်စ်နှင့် ပူးတွဲပေးနေ သည်။

          ဟိုတယ်မှာ စားသောက်သူ မများလှသောကြောင့် သူတို့သည် ချောင်ကျရာ စားပွဲတစ်ခုတွင် အနှောင့်အယှက်ကင်းမဲ့စွာ စကားပြောနိုင် ကြသည်။ သူမ၏ အာရုံများတွင် ဗိုလ်ကြီး ဆားမားရက်စ်အား ကလေး ဆိုးကြီး တစ်ယောက်ကဲ့သို့သာ သဘောရနေလျက် သူမ၏ ရင်ခွင်တွင် ဆွဲသွင်းကာ သူ၏ ရွှေရောင်ဆံပင်ကလေးများကို ပွတ်သပ်ပေးနေလိုစိတ် များ ဖြစ်ပေါ်လာသည်။ သူက သူမအား အာဂါသာဟု ခေါ်၏။ သူမက လည်း ရင်းနှီးစွာပင် သူ့အား ဒစ်ကီဟု ခေါ်ပြောကြလေသည်။

          စားသောက်ပြီး အတန်ကြာသောအခါတွင် ခေတ္တမျှ ဖုံးကွယ်ထား သော အတွေးများသည် ပြန်လည်ပေါ်ပေါက်လာကြပြန်သည်။ ခွဲရပေဦး တော့မည်၊ ခွဲရမှာ အသည်းနာလှသည်။ အာဂါသာမှာ ယနေ့ည ကိုးနာရီ ထက် ညဉ့်နက်ပြီးနေ၍ မသင့်တော်၊ သူမ၏ မိတ်ဆွေကို မည်သို့ အကြောင်းပြမည်နည်း။

          ဘူတာရုံသို့ အပြန်ခရီးတွင် သူတို့သည် အတွေးကိုယ်စီ နစ်မျော နေသဖြင့် များစွာ စကားမပြောနိုင်ကြ။ သို့သော် နှစ်ယောက်စလုံး၏ စိတ်မှာပင် အခြား တစ်ယောက်၏ ခံစားနေရချက်ကို သုံးသပ်မိပြီး ဖြစ်သည်။

          ကားနောက်ပိုင်း၏ မှောင်ရိပ်ဝယ် ဗိုလ်ကြီး ဆားမားရက်စ်သည် အာဂါသာ၏ လက်ဖမိုးနုနုကလေးကို အသာအယာ ဆွဲယူဆုပ်နယ် လိုက်မိသည်။ သူမ၏ လက်ဖမိုးများမှာ အလစ်တွင် သုတ်ထားသော မျက်ရည်စက်များကြောင့် စိုရွှဲနေသည်ကို စမ်းသပ်မိသည်။

          ထို့နောက်တွင်မူကား တောင့်တမွတ်သိပ်စွာ နမ်းရှုပ်သံများသည်မော်တော်ကား နောက်ပိုင်းတွင် အဆက်မပြတ် ပျံဝဲထွက်ပေါ်လာပေ တော့၏။

(၃)

          ချာရင်းကရော့စ် ဘူတာရုံမှ မီးရောင်များသည် ကားမှောင်ထု တွင်းသို့ တိုးဝင်လာသောအခါမှ သူတို့သည် လူချင်းခွာလိုက်ကြသည်။ အာဂါသာမှာ သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ ကွက်နေသော ပေါင်ဒါများကြောင့် ကားတွင်းမှာပင် ချောင်ကပ် ထိုင်နေသည်။

          ဗိုလ်ကြီး ဆားမားရက်စ်သည် အပ်ထားသော သားရေသေတ္တာ များကို သွားယူပြီး ကားဆီသို့ ပြန်လာသည်။ ဒရိုင်ဘာက ဆီးကြို၏။

          “ဘယ်ကို မောင်းရမလဲ ဆရာ”

          ဟု မေးလိုက်သည်။ သူသည် အဖြေကို ရုတ်တရက် ရှာမရသကဲ့သို့ တွေဝေနေမိ၏။

          “ဘယ်ကို သွားကြမလဲ ဒါလင်”

          “ဘယ်ကိုသွားမှာလဲ မောင်ရယ်၊ မောင့်သဘောပေါ့”

          အပျိုကြီး အာဂါသာမှာ အချစ်၏ နှောင်ကွန်ရက်တွင် မလှုပ်နိုင် တော့သော သားကောင်ငယ် ဖြစ်ခဲ့ရပြီတကား။

          ကားသည် ညင်သာစွာ လှိမ့်ထွက်၍ ဗိုလ်ကြီးဆားမားရက်စ်တို့ စုံတွဲအား ဟိုတယ်တစ်ခုဆီသို့ ယူဆောင်သွားနေသည်။ ဟိုတယ်တွင် သူတို့သည် ဗိုလ်ကြီးဆားမားရက်စ်နှင့် ဇနီး၏ အမည်ပေးသွင်းကာ နှစ်ယောက်အိပ် အခန်းတစ်ခန်းကို ငှားကြလေသည်။ မွန်မွန်ရည်ရည် ရှိလှသော အာဂါသာ၏ အချိုးအဆက်ကြောင့် မည်သူကမျှ သူတို့အား သံသယဖြစ်ဟန် မရှိပေ။

          ထို့နောက်တွင်ကား ဗိုလ်ကြီး ဆားမားရက်စ်နှင့် အာဂါသာမှာ ဟိုတယ်၏ သဉ္စာဆောင်ခန်းဝယ် ရက်သတ္တတစ်ပတ်လုံး အချစ်ရေယဉ် ကြော နစ်မျောလိုက်ပါကြပေတော့သတည်း။