Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မောင်သော်က - စင်ပေါ်မှာစင်နောက်မှာ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

မြန်မာပြည် စာပေဟောပြောပွဲများ ရှုခင်း

          နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ရယ်လို့ မြန်မာပြည်မှာ သတ်မှတ်ကြတယ်။ ဝိသေသထူးတဲ့ ရက်တစ်ရက်ပါ။ အစကတော့ တစ်ရက်တည်းသာပဲ ကျင်းပလေ့ ရှိကြပါတယ်။ နောက်တော့ တစ်ပတ်။ နောက်တစ်ပတ်တည်းနဲ့ အားမရလို့ နတ်တော်လ တစ်လလုံး။ ခုတော့ဗျာ နတ်တော်လကို ကျော်လွှားပြီး ပြာသိုလည်း မရပ်၊ တပို့တွဲလ မနားနဲ့ ၊ စာပေ ဟော ပြောပွဲတွေ အနယ်နယ်အရပ်ရပ် မြို့ရွာဒေသရပ်ကွက်နဲ့ လမ်းစေ့လိုလို ကျင်းပနေကြတယ်။ သိပ်ကောင်းတဲ့ အလားအလာပါ။ လူတွေ စာပေဟောပြောပွဲ နားထောင်လာတတ်ပြီပေါ့။ စာရေးဆရာတွေလည်း ဝဖြိုး လို့ ဗိုက်ကို ခွေးနမ်းသည်ထိ စားရပါးရပြီပေါ့။ စာရေးဆရာကတော်ကြီးများလည်း လင်တော်မောင် စာရေး ဆရာ နယ်ကအပြန်မှာ သယ်လာတဲ့ လက်ဆောင် ပစ္စည်းတွေ ကြည့်ပြီး ပျော်တပြုံးပြုံး မော်မဆုံး ရှိနေကြ ပြီ။ သူ့လင်စာရေးဆရာကြီးကို တစ်နှစ်မှာ ဆယ်လ လောက် အထင်မကြီးခဲ့ပေမဲ့ နတ်တော်၊ ပြာသိုလ များမှာဆိုလျှင် ပိုလို့ပင် အချစ်တိုးနေကြပါတယ်။

          စာပေဟောပြောပွဲ လာဖိတ်တယ်ဆိုရင် ဘယ် အရပ်မှာလဲ၊ ဘယ်လောက် ဝေးသလဲ မေးမနေနဲ့ ။ ဘယ်ရက် ထွက်ရမှာလဲလို့ သွက်သွက်လက်လက် မေးလာကြပြီ။ ဒီအထဲမှာ မောင်သော်ကလည်း နည်း နည်းလောက်တော့ ပါချင်တယ်။ သိပ်အများကြီး မဟုတ်တောင်မှ နတ်တော် ပြာသိုခွာညိုသင်းပြီ ဆိုလျှင် ဖြင့် အိမ်မှာ ထိုင်နေရတာ ပျင်းတယ်။

          နယ်ကလူများ စာပေဟောပြောပွဲ ဖိတ်ဖို့ အတွက် ကြက်ကြောက်အိတ်တွေ လက်ကဆွဲလို့ ဝင် လာပြီဆိုမှဖြင့် သွားကြီးကို ဖုံးထားရတယ်။ ကတော် ကြီးကလည်း မျက်နှာကို သူ့အထင်ကရ အလှပဆုံး ပြုံးထားပြီး အဘိယာစက စကားဆိုလေ့ ရှိပါတယ်။ ခါတိုင်း ခပ်စူစူအောင့်အောင့်၊ ခပ်သိုးသိုးထားတတ်တဲ့ မျက်နှာပေါက်ဆိုးကို ဘယ်ချောင်ထိုးထားသလဲ မသိ တော့ပါဘူး။

          တစ်နှစ်ဆီကပေါ့ ။ နတ်မောက်တဲ့။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇာတိမြေက ဖိတ်ကြားလာတယ်။ မောင်သော်ကလည်း နတ်မောက်ဆိုတာ သမိုင်း စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ၊ ဘယ်နားမှာ ရှိတယ် ဆို တာ အတိအကျ မသိပါဘူး။ အထက်အညာ မြေလတ် ဒေသမှာ ရှိတယ် ဆိုတာလောက်ပဲ ပထဝီ ဗဟုသုတ ရှိတာ။

          ကောင်းပါပြီ။ အားပါတယ်။ လိုက်တာပေါ့ လေ၊ လွယ်လွယ်ပဲ အဖြေပေးလိုက်တယ်။ ပြောပုံကို ကြည့်တော့ နတ်မောက်ဆိုတာ မီးရထားလမ်းဘေးတွင် ပဲ။ ကပ်နေတာပဲ။ ကျောက်ပန်းတောင်းရထား စီးရ မယ်တဲ့။ မီးရထားပြောင်းဖို့ မလိုဘူးဆိုပဲ။ ဟန်ကျတာ ပေါ့။ အသက်က ကြီးတော့ ခရီးများ ကြမ်းသလား စိုးရိမ်မိသဗျာ။ အဟက် အဟက် အဟက်။

          ဒါထက် အတူ သွားဟောပြောကြမယ့် စာရေး ဆရာတွေက ဘယ်သူတွေလဲဗျာ။ ကိုးယောက်၊ များလှ ချေလား။ ဘာလဲ စာရေးဆရာတွေကို ယိမ်းကခိုင်း မလို့လား။ အမျိုးသမီး စာရေးဆရာမ နှစ်ယောက်။ စိန်ခင်မောင်ရီနဲ့ စတီရီယို ဘိုးအေကြီးလည်း ပါသေး တယ်ဆိုတော့ အဘိုးကြီးက နှစ်ယောက်၊ လူငယ် စာရေးဆရာက မောင်သာပြည့်ရယ်၊ မောင်သော်ကရယ် အဟက် အဟက် အဟက်။ အို... များလှချည်လား။ ရွှေတည်စံကြီးကော လိုက်ဦးမှာတဲ့လား။ တက္ကသိုလ်စိန်တင်လည်း ပါမယ် ဆိုတော့ လွန်တာ ပေါ့။ အားလုံးကတော့ ဖွန်ဂျာဝိုင်းချည်းပဲ။ နွမ်ဂျာသိုင်း မပါတာပဲ ရှိတယ်။

          စိတ်မပူပါနဲ့၊ လူငယ်တွေက ရိုးရိုးတန်းတွဲ စီး ပေမဲ့ ဆရာကြီးတို့လို သက်ကြီး လူမမာတစ်ပိုင်း စာရေးဆရာတွေအတွက် “အပ်ပါးကလပ်(စ်)”က စီစဉ် ပေးပါမယ်တဲ့။ နိပ်ဟ၊

          ဒါကြောင့် နတ်မောက်သားတွေ မဆိုးပါဘူးလို့ အပြောသားနဲ့။ တကယ်တမ်း လက် မှတ် ဝယ်ကြည့်တော့ အထက်တန်းက နှစ်စောင်ပဲ ရ ပါတယ်။ နှစ်ယောက်အိပ်စင်။ စိန်ခင်မောင်ရီနဲ့ ဦးသော်ကအတွက်ပါတဲ့။ ဖြစ်ချင်တော့လည်း ဒီနေ့မှာမောင်သော်ကဟာ ဦးသော်က ဖြစ်သွားပြန်ပြီ။ အေး ကွယ်၊ သာဓု သာဓု။ နတ်မောက်သားတွေ ကြီးပွားကြ ပါစေပေါ့ ။ အဟမ်း အဟမ်း အဟမ်း၊ ထွန်၊ ရုတ် တရက် အသက်ကြီးချင်ယောင်ဆောင်လိုက်ရသဗျ။ လူကတော့ ငယ်ပါသေးတယ်။

          ဒါနဲ့ မီးရထားနဲ့ ခရီးသွားဖြစ်ခဲ့ကြတယ်။ တခြားလူတွေက ရိုးရိုးတန်းမှာ တစ်စု၊ စိန်ခင်မောင်ရီနဲ့ ကျွန်တော်က အထက်တန်းတွဲ ထိုင် ၄၊ အိပ် ၂ မှာစမတ်ကျကျ၊ အခန်းထဲ ရောက်တာနဲ့ ဒုက္ခတွေ့ရတော့ တယ်။ ပြတင်းတံခါးက ဖွင့်မရဘူးဗျ။ ကျပ်နေတယ်။ ကျွန်တော်တို့ ဘယ်လို ကြိုးစားပေမဲ့ မရလို့ အတွင်း မှာ ပိတ်လှောင်နေတော့တာပါပဲ။ အဲဒီမှာ ဝတ်စုံပြာနဲ့ အလုပ်သမားကြီး တစ်ဦး ရောက်လာပြီး သူ ဖွင့်ပေးပါ ရစေလို့ ပြောတယ်။ သူလည်း အတော် ကြိုးစားဖွင့်မှ တံခါးပွင့်သွားလို့ သက်သာရာရတော့တယ်။ တော် ပါပေတယ် ရထားတွဲစောင့်ကြီးရယ်ပေါ့ ။

          နောက်ပြီး ရထားထိုင်ခုံတွေကလည်း ဖုန်ချည်း ပဲ။ ရထားတွဲစောင့်ကြီးက ဘယ်က သွားရှာလာသလဲ မသိပါဘူး၊ အဝတ်ပိုင်းတစ်စ သွားယူလာပြီး ဖုန်တွေ ကို သုတ်ပေးလို့သာ သန့်သန့်ရှင်းရှင်း ထိုင်ရတော့ တယ်။ တော်ပါပေတယ် ရထားတွဲစောင့်ကြီးရယ်ပေါ့။

          ရထားထွက်တော့ ကျွန်တော်တို့က အလုပ် စခန်း စကြတယ်။ ရန်ကုန်က ဝယ်လာတဲ့ ရမ်ပုလင်း က အဖုံးဖွင့်မရပြန်ဘူး။ အဲဒါလည်း ရထားတွဲစောင့် ကြီးက သူ့မှာ အသင့်ပါလာတဲ့ မောင်းချဓားနဲ့ လှီးပေး လို့ အဖုံးဖွင့်ရပြီး သောက်ရတော့တယ်။ သောက်မယ် ဆိုပြန်တော့ ခွက်က တစ်ခွက်ပဲ ပါတယ်။ ခွက်လှည့်သောက်နေရတာ ဇိမ်မရှိလှဘူး။ ရထားတွဲစောင့်ကြီးပဲ ဘယ်က ဘယ်က ရယူလာသလား မသိဘူး။ ဖန်ခွက်တစ်လုံး ယူလာလို့ ဇိမ်ဆွဲသောက်ရတော့တယ်။ ရ ထားတွဲစောင့်ကြီး တော်တာတွေတော့ ပြောမကုန်ပါ ဘူး။

          အဲ.. သူက ဒိပြင်တွဲစောင့်တွေလို အလုပ်သိပ် ရှိဟန်မတူဘူးဗျ။ ကျွန်တော်တို့နားမှာပဲ ရစ်ဝဲရစ်ဝဲနဲ့ နေတယ်။ ခိုင်းချင်ရင် လက်လှမ်းတမီမှာပဲ ရှိနေ တယ်။ စာကလေးကြော် ဝယ်ပေးစမ်းပါ။ မြည်းချင် လို့။ ဆီထမင်း ဝယ်ပေးစမ်းပါ။ ကြက်ဥပြုတ် ဝယ်ပေး စမ်းပါ။ ရေပုလင်းမှာ ရေကုန်နေလို့ ရေထပ်ဖြည့်ပေး စမ်းပါဦး။ ကျွန်တော်နဲ့ စိန်ခင်မောင်ရီတို့ အားမနာပါး မနာနဲ့ ခိုင်းလိုက်ကြတာ တွဲစောင့်ကြီးကို ခြေတိုပါရော။

          ညကျတော့ သူက ဘယ်သွားအိပ်သလဲ မသိ ဘူးဗျ။ ကျွန်တော်တို့ တွဲမှာ လုံခြုံမှုရှိမရှိကိုလည်း လာ ကြည့်ပေးသေးတယ်။ မနက်လင်းတော့ ဆရာတို့ သောက်ဖို့ဆိုပြီး လက်ဆွဲ လက်ဖက်ရည်သည် ခေါ် လာပေးတယ်။ ရေနွေးကြမ်း ရှာပေးတယ်။ တကယ် တော်တဲ့ တွဲစောင့်ကြီးပါပဲ။ ရှာမှရှားဆို ရှာမှ ရှားပါပဲ။

          နတ်မောက် ရောက်တော့မယ်။ ပစ္စည်းတွေ သိမ်းကြ ဆည်းကြတယ်။ နတ်မောက်ဘူတာထဲကို ဝင်တော့မယ်။ တွဲစောင့်ကြီး ဘယ်ပျောက်သွားသလဲ မသိတော့ဘူး။ ကျွန်တော်တို့လည်း သူ့ကို ရှာကြည့်မနေနိုင်ဘူး။ ပစ္စည်းတွေကို စစ်ဆေးကြည့်တော့ လား လား၊ တစ်ခုမှ မပျောက်ပါဘူး။ စုံစုံစေ့စေ့ ရှိပါတယ်။

          ဟော နတ်မောက်ဘူတာကို ဝင်ပြီ။ ဟာ ဘူ တာမှာ အိုးစည် ဒိုးပတ်တွေနဲ့ပါလား။ ပန်းစည်းဆက် ကြမယ့် ကညာပျိုလေးတွေလည်း တွေ့ရတယ်။ ဆိုင်း ဘုတ်ကို ထောင်ကိုင်ထားတဲ့ လူတွေလည်း ပါတယ်။ ကင်မရာသမားတွေကလည်း ကင်မရာတွေ တလွယ် လွယ်နဲ့ ကျွန်တော်တို့ ရထားတွဲနောက် ပြေးလိုက်နေ ကြတယ်။ “ဟေ့.. ဟေ့ စိန်ခင်မောင်ရီ။ နတ်မောက်ကတော့ အထူးအစီအစဉ်ပဲ ကိုယ့်လူ။ စာရေးဆရာတွေ ကို အိုးစည်ဗုံမောင်းနဲ့ ကြိုပြီး ပန်းစည်းဆက် ဂုဏ်ပြု ဦးတော့မယ် ထင်တယ်။ ဒုက္ခပါပဲ။ စောစောက ဒီလို မှန်းမသိ၊ ခေါင်းပြီးမထားလိုက်ရလား။ ကိုရင့် ဆံပင် ကတော့ ပြုံးစရာမှ မရှိတာ အရေးမကြီးပါဘူး”

          ဟော.. ရထားရပ်ပြီ။ ကြိုဆိုရေး ဆိုင်းဘုတ် ရှေ့မှာ တည့်တည့်ကို ရပ်တာ၊ နက်ပြာရောင် ပိတ်သား မှာ စာတန်းဖြင့် ရေးသားထားတာကတော့ နတ်မောက် မြို့၏ တစ်ဦးတည်းသော စံပြလုပ်သားကြီးအား လှိုက် လှဲစွာ ကြိုဆိုပါ၏” တဲ့။ ဟိုက်...။

          ကျွန်တော်တို့ ကြည့်နေဆဲမှာပဲ တစ်လမ်းလုံး ကျွန်တော်တို့တစ်တွေ ဖွတ်ဖွတ်ကြေအောင် လက်တိုလက်တောင်း ခိုင်းလာတဲ့၊ ကျွန်တော်တို့က ရထားတွဲ စောင့်လို့ ထင်ကြတဲ့ ဂုဏ်ပြုခံ စံပြလုပ်သားကြီးဟာ ရထားတွဲပေါ်က မဟာဣန္ဒြေကြီးနဲ့ ဆင်းသွားပါတော့ တယ်။ ပန်းကုံး စွပ်ခံတယ်။ ပန်းစည်းကို လက်ခံယူ တယ်။ အိုးစည် ဗုံမောင်းတွေ ခြိမ့်ခြိမ့်သဲ တီးကြတယ်။ ဒိုးပတ်အကသမားက ကွေးနေအောင် ကတယ်။ လှပျို ဖြူတွေက တစ်လှည့်စီ ပန်းစည်းဆက်ကြတယ်။ ကင် မရာ မီးတွေက ဝှီးခနဲ ဝင်းခနဲ ပွင့်သွားတယ်။ စံပြ လုပ်သားကြီးဟာ ဂုဏ်ပြုခံယူဆဲ၊ ဓာတ်ပုံ အရိုက်ခံဆဲ ကျွန်တော်တို့ဘက်ကို တစ်ချက်လှည့်ပြီး ပြုံးပြနှုတ် ဆက်သွားရှာပါသေးတယ်။ စိန်ခင်မောင်ရီက မချိသွား ဖြူလေးနဲ့ တော်ပါပေတယ် စံပြလုပ်သားကြီးရယ်။

ချယ်ရီ၊ မတ်၊ ၁၉၈၈