မောင်သော်က - ကြက်ကန်းနှင့်ငါးပိအိုးဝထ္ထုတိုများ
ပြည်တော်သစ်ရိပ်သာ အခန်းအမှတ် ၂၅
ကိုသက်တင်သည် မြောက်လေ သုတ်ဖြူးစပြုပြီဖြစ်သော ဆောင်းဦး၏ ညဉ့်သန်းခေါင်ယံတွင် ခြေဦးတည့်ရာ လျှောက်လျက် ရှိသည်။ သူသည် ဘယ်ဆီသို့လျှောက်မည်ဟု စိတ်ပိုင်းဖြတ်ထားခြင်း လုံးဝမရှိဘဲ အိမ်မှ ထွက်လာကတည်းက သူ၏ ခြေများ သယ်ယူရာ သို့သာ ကိုယ်ခန္ဓာက လိုက်ပါလျက်နေခြင်းဖြစ်သည်။ ခြေထောက်များ ကလည်း မောင်းပြန်မြင်း၏အသိမျိုးဖြင့် ကမ်းနားဘက်ဆီသို့ ဆွဲဆောင် လျက်ရှိသည်။ ဒီလိုပင်လျှောက်ခဲ့ရသော ညပေါင်းကလည်း မနည်းလှ ပြီကိုး။
“ဟေ့.. မောင်သက်တင်၊ မင်းအခန်းကို ဒီနေ့ည ငါ အသုံးပြု ချင်တယ်ကွာ။ ဟဲ.. ဟဲ... ဟဲ.. ညနေ ၆ နာရီခွဲပွဲအပြီး လာခဲ့မယ် ပေါ့။ ဒီတော့ ၉ နာရီသာသာလောက်ဆိုရင် မင်း လစ်ပေတော့။ အခန်း သော့ကိုတော့ ခါတိုင်းနေရာမှာပဲ ထားခဲ့၊ ဟုတ်လား”
ညနေ ရုံးမဆင်းမီတွင် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးဘနီက သူ့ရုံးခန်းတွင် ခေါ်လျက် အမိန့်ရှိသောကြောင့် “ဟုတ်ကဲ့” ဟုသာ ပြောနိုင်ခဲ့သည်။
“ရော့... ရော့.. မင်း ငွေ ၂၀ ယူထား၊ တို့ တစ်ညလုံး နေချင် နေမှာ၊ မင်း ဆန်းရှိုင်းမှာ အိပ်ချင်အိပ်”
“နေပါစေခင်ဗျာ၊ ကျွန်တော့်မှာရှိပါတယ်”
“အို... မင်းကလည်း လုပ်မနေစမ်းပါနဲ့၊ ရော့ပါ ယူပါ”
ဦးဘနီက ဆယ်တန်နှစ်ချပ် ဇွတ်အတင်းပေးနေသည်ကိုလည်း ဆက်လက်မငြင်းသာဘဲ လက်ခံယူခဲ့ရသည်။ ဒီလိုပင် မန်နေဂျင်းဒါရိုက် တာလူကြီးများဖြစ်သော ဦးဘနီမှအစ ကုမ္ပဏီမှ ဒါရိုက်တာများ သူတို့၏ အသိမိတ်ဆွေ လူကြီးလူကောင်းဆိုသူများအတွက် အခန်းကို သုံးခွင့်ပြု ခဲ့ရသော အကြိမ်ပေါင်းကလည်း မနည်းလှပြီ။ ။
“ဒီဟာလေးက စပါယ်ရှယ်ဆိုပဲ။ ဒီပြင်ဟိုတယ်တွေ ဘာတွေ ခေါ်သွားဖို့ရာကလည်း သူ့အဆင့်အတန်းနဲ့ မကိုက်ဘူး ငါ့ညီရ၊ ဟဲ...ဟဲ...”
ဦးဘနီက ကြားသလိုလေသံဖြင့် ထုတ်ဖော်ပြောသည်ကိုပင် သူ့ မှာ ခံနေရအခက်၊ စိတ်ဆိုးရအခက်ဖြစ်တော့၏။
တစ်ခါတစ်ရံတော့ ကိုသက်တင်သည် သူ့ဘဝကို သူ စိတ်နာ မိသည်။ သူ့ဆန်စားရဲမှ ဆိုသကဲ့သို့ သူတို့ကုမ္ပဏီတွင် လခစားလုပ်နေ ၍ ကုမ္ပဏီအလုပ်ကို မည်မျှပင်ပန်းအောင် လုပ်ပေးရသည်ကို မမှုသော် လည်း ယခုကဲ့သို့ အခြေမျိုးရောက်အောင် ဆရာသမားကြီးများ၏ စိတ် ကြိုက် လိုက်လျောနေရခြင်းပင် သူ့အကျင့်စာရိတ္တကို ထိခိုက်စေသည် ဟု သူက ယူဆသည်။ ထို့ကြောင့် စိတ်ပေါက်သည့်အခါ မိမိရရှိထားသော အစိုးရပိုင် ပြည်သူ့ အိုးအိမ်ဌာနမှ တိုက်ခန်းကလေးကို ပြန်အပ် လျက် သင့်တော်ရာ တစ်အိမ်တွင်ကပ်နေမည်ဟု စိတ်ကူးပေါက်မိသည်။
သို့သော်လည်း လွတ်လွတ်လပ်လပ်နေချင်သော ဝါသနာနှင့် အားလပ် ချိန်ရသမျှ စာကြည့်နေရသော သူ့ဘဝအခြေတို့ကြောင့် အိမ်ခန်းကို လက် မလွှတ်ရဲဘဲရှိနေသည်။
နိုင်ငံရေးသမားများ ဘုန်းမီးနေလတောက်ချိန် ဖြစ်သည့် အလျောက် ကြီးပွားနေသော ငယ်သူငယ်ချင်း နိုင်ငံရေးသမားတစ်ဦး၏ စောင်မမှုကြောင့်သာ ဤတိုက်ခန်းကလေးကို ရတောင့်ရခဲ ရထားပြန်ရာ အိမ်ခန်းတစ်ခုကို စပေါ်အပျောက် မပေးနိုင်သော ကိုသက်တင်မှာ ရပြီး သား အိမ်ခန်းကို လက်မလွှတ်ရဲအောင်လည်း ရှိနေပြန်သည်။ ရန်ကုန် ရွှေမြို့တော်တွင် တစ်ကိုယ်ရေ တစ်ကာယ နေထိုင်ရသူတစ်ဦးအဖို့ နေထိုင်ရန် သပ်ရပ်သော တိုက်ခန်းတစ်ခုရထားခြင်းပင် ဧရာမလာဘ် လာဘကြီးမဟုတ်လော။ သို့ကြောင့် တစ်ကိုယ်ရေသမား လူပျိုကြီး ကိုသက်တင်မှာ မြာပွေသော လူကြီးများအတွက် အစဉ်ဓားစာခံ ဖြစ်ရ သည်။ တစ်ခါတစ်ရံ ညပိုင်းသာမက တနင်္ဂနွေနေ့များ၌ နေ့ခင်းပင် ရှောင်ပေးရသည်လည်း ရှိခဲ့သည်။
ဦးဘနီတို့ကဲ့သို့သော လူကြီးလူကောင်းဆိုသူများသည် ရလေ လိုလေ အိုတစ္ဆေဆိုသည့် အစားမျိုးထဲကဖြစ်သည်။ ဦးဘနီ၏ဇနီးကို ကုမ္ပဏီ၌ မကြာခဏတွေ့ဖူး၏။ ရုပ်ရည် သနားကမား လှပသူဖြစ် လျက် ကိုယ်လုံးကိုယ်ပေါက် ဖွံ့ဖြိုးကာ ရိုးသားစွာလှပသော အမျိုးသမီး တစ်ဦးပင်ဖြစ်သည်။ ဤမျှ ချစ်ဖွယ်ကောင်းသော ဇနီးကို ရရှိထားပါ လျက် နွားအို မြက်နုကြိုက် ဆိုသကဲ့သို့ ပြင်ပမှ ချောချောလှလှဟူသမျှ ကို ရမ္မက်အာသာငမ်းငမ်းဖြင့် ငွေကုန်ခံကာ လိုက်စားတတ်သော တဏှာ အိုးကြီးများကို ဒေါသဖြစ်မိသည်၊ ရွံမိသည်။ သို့သော် ကိုယ့်အလုပ်ရှင် ဖြစ်နေခြင်းကြောင့် မည်သို့မျှလည်း မပြောရဲအောင်ရှိသည်။
ကိုသက်တင်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဦးဘနီတို့၏ ‘ရွှေပြည်ငွေပြည်” ကုမ္ပဏီတွင် စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင် ရင်း တစ်ဖက်ကလည်း သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ဆည်းပူး နေရသူဖြစ်သည်။ ကုမ္ပဏီသို့ဝင်ရောက်ပြီး သုံးနှစ်တာမျှအတွင်း၌ ကိုသက်တင်မှာ ဌာနခွဲစာရေးကြီးအဖြစ် တိုးမြှင့်ခြင်းခံရကာ ဥပစာ အပိုင်း(ခ)ကိုလည်း အောင်မြင်ပြီးဖြစ်ပေသည်။ ယခုလည်း ဝိဇ္ဇာအပိုင်း (က) စာမေးပွဲဖြေဆိုရန်အတွက် အပူတပြင်း စာကျက်ဆဲဖြစ်၏။
ဆွေမရှိ မျိုးမရှိ ရန်ကုန်တွင် လာရောက်လုပ်ကိုင် ရှာဖွေစား သောက်ရင်း ပညာဆည်းပူးနေရသူ ကိုသက်တင်မှာ မိဘနှစ်ပါးလည်း ငယ်စဉ်က ကွယ်လွန်ခဲ့လျက် ဦးလေးဖြစ်သူတစ်ဦး၏ ကျွေးမွေးစောင့် ရှောက်မှုကြောင့် ၁၀ တန်းအောင်မြင်ခဲ့သူဖြစ်သည်။ သူသည် ၁ဝ တန်းအောင်မြင်ပြီးနောက် အညာဒေသရှိ ဦးလေး၏အရိပ်အာဝါသအောက် မှ ထွက်ခွာကာ မိမိဘဝကို ရုန်းကန်ကြိုးပမ်းနေသူတစ်ဦးမျှသာ ဖြစ် သည်။
ကိုသက်တင်သည် ပန်းဆိုးတန်းဆိပ်ကမ်းတံတား၌ ထိုင်ကာ မြစ်လယ်ရှိ သင်္ဘောကြီးများဆီသို့ ကြည့်ရင်း အတွေးနယ်ကျွံလျက် ရှိ သည်။ အသက်အစိတ်ပိုင်းသို့ ချဉ်းခဲ့ပြီဖြစ်သော ကိုသက်တင်မှာ ဘဝ တစ်သက်တာတွင် ချစ်ဖော်အမျိုးသမီးဟူ၍ တစ်ဦးတလေမျှ မည်မည်ရရ ရှိခဲ့သူမဟုတ်ချေ။ သူသည် အပြောအဆို ချေင်ပြေပြစ်လျက် ရုပ်ရည် အားဖြင့်လည်း ယောက်ျားပီသစွာ ချောသူတစ်ဦးဖြစ်ခြင်းကြောင့် မိန်းကလေးများက သူနှင့် မိတ်ဆွေဖြစ်ရခြင်းကို ပျူငှာစွာ ကြိုဆိုလင့် ကစား အခြေတကျမရှိသေးသော သူ့ဘဝအခြေခံကြောင့် မည်သို့မျှ တိုးတက်ခင်မင်အောင် မချဉ်းကပ်ခဲ့ဖူးချေ။ ထို့အပြင် အချစ်ရေးတွင် အချိန်ကုန်ခံနိုင်လောက်အောင် အခြေအနေမပေးခြင်းကြောင့်လည်း အေးအေးပင် နေခဲ့သည်။
သို့တိုင်အောင် မခင်ဝေတစ်ယောက်ကိုမူ မည်ကဲ့သို့ သဘော ထားရမည်မသိဖြစ်ခဲ့၏။ တစ်ခါတစ်ရံတွင် သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်ကြည့်မိသည်။ သူသည် မခင်ဝေအပေါ်တွင် များစွာ သံယော ဇဉ်ရှိမိပြီဖြစ်သည်မှာ မှန်၏။ အလားတူပင် မခင်ဝေကလည်း သူ့အပေါ် သံယောဇဉ်ရှိသည်ဟု ယူဆဖွယ်ရာအကြောင်းများကလည်း ရှိနေသည်။ မခင်ဝေကို ချစ်မိနေပြီလောဟု သူ့ကိုယ်ကို မမေးဝံ့ မေးဝံ့ဖြင့် မေးစမ်း ကြည့်မိသည်။ ချစ်နေသည်တော့ ဆိုရမည်။ သို့သော် အချစ်ဆိုသည်မှာ မည်ကဲ့သို့ ရှိ၍ မည်သို့ပြင်းထန်သည်ကို မသိရှိ၊ မခံစားဖူးသေးသူတစ် ယောက် ဖြစ်ခြင်းကြောင့် ဤအချစ်သည်ပင် မခင်ဝေအား ဖွင့်ဟပြောပြ အောင် လုံလောက်သည်ဟု မထင်မိပေ။ တစ်နည်းဆိုသော် သူ့အချစ် မှာ အစို့အညှောက်ပေါက်ခါစဖြစ်၍ မခင်ဝေအား ဖွင့်ပြောလောက်သည့် သတ္တိကိုလည်း သူ မရသေးချေ။
မခင်ဝေနှင့် “ရွှေပြည်ငွေပြည်” ကုမ္ပဏီတွင် စတင်အလုပ် ဝင် ရောက်သည်မှ အစပြုကာ ရင်းနှီးသိရှိခဲ့သည်။ မခင်ဝေမှာ ကုမ္ပဏီ၏ လက်နှိပ်စက် စာရေးမကလေးဖြစ်၏။ မြန်မာလက်နှိပ်စက်သင်တန်းကို တက်ရောက်ခဲ့လျက် လက်နှိပ်စက်စာရေးမအဖြစ် မိခင်အိုကြီးနှင့် မောင်ကလေးကို ရှာကျွေးနေရသူကလေးဖြစ်သည်။ အစ်ကိုဖြစ်သူမှာ တပ်မတော်မှ ရုံးတစ်ရုံးတွင် တပ်ကြပ်ကြီးစာရေးကြီးတစ်ဦးမျှသာ ဖြစ် လျက် သူ့အိမ်ထောင်နှင့် သီးခြားနေခြင်းကြောင့် မခင်ဝေတို့ကို အဝေး မှသာ စောင့်ရှောက်နိုင်သူဖြစ်သည်။ မခင်ဝေ ရှာဖွေရသမျှလေးကို သာလျှင် သားအမိသုံးဦး ခြိုးခြံသုံးစွဲရင်း မောင်အငယ်ဆုံးကို ကျောင်း ထားပေးနေရရှာသည်။
ရုံးတွင် မခင်ဝေနှင့် ကိုသက်တင်တို့စားပွဲမှာ နီးကပ်စွာရှိသည်။ နေ့လယ် ခေတ္တရုံးဆင်းချိန်တွင် ထမင်းစားထွက်လေ့ရှိသော ကိုသက်တင်သည် ထမင်းစားရာမှ ပြန်လာတိုင်း နေ့လယ်စာမစားဘဲ ကော်ဖီကို ဓာတ်ဘူးဖြင့် ထည့်ယူလာတတ်သော မခင်ဝေက သူ့အတွက် ကော်ဖီ တစ်ခွက်ချန်ထားမြဲဖြစ်သည်ကို တွေ့ရတတ်သည်။
“မခင်ဝေကလည်းဗျာ... ဒုက္ခရှာလို့၊ ကျွန်တော် အခုပဲ ထမင်းစား လာတဲ့ဥစ္စာ၊ ရော့ပါ... မခင်ဝေပဲသောက်ပါ” ။
“ကျွန်မ သောက်ပြီးပြီ ကိုသက်တင်ရဲ့။ ဒါ ကိုသက်တင်အတွက် တမင် အိမ်ကအပိုဖျော်ယူလာပြီး ချန်ထားတာ။ ဘာလဲ... မခင်ဝေ တိုက်တာကို မသောက်ချင်လို့လား၊ ဟုတ်လား”
“ဟောဗျာ.. ဘယ့်နှယ် မသောက်ချင်ရှိရမလဲ မခင်ဝေရယ်။ မခင်ဝေမှာ တစ်နေ့လုံး ထမင်းမစားဘဲ ကော်ဖီလေး၊ မုန့်လေးနဲ့ ပြီးနေ ရတာ။ ကျွန်တော်က ဝင်ရှယ်ယာခွဲလို့ ဘယ်မှာမျိုးကျပါ့မလဲ”
“အမလေး ဖြစ်နေလိုက်တာ၊ ကျွန်မက မနက်စာကို အိမ်က မထွက်ခင်ကတည်းက စားလာတာရှင့်။ ညနေပြန်ရင်လည်း မေမေက အသင့်ချက်ပြီးသား၊ ခူးစားရုံပဲ။ ရှင့်လို အိမ်မရှိ ယာမရှိမဟုတ်ဘူး”
“ဪ... ကလေကချေလေးများ တိုက်တယ်ဆိုပါတော့”
ကိုသက်တင်က ဝမ်းနည်းသံဖြင့် တမင်ပြောလိုက်ရာ မခင်ဝေ မှာ မျက်စိမျက်နှာပျက် သွားပြီး
“အို.. အို.. ကျွန်မက ဒီလိုဆိုလိုတာ မဟုတ်ပါဘူး ကိုသက်တင်ရယ်၊ စိတ်မဆိုးပါနဲ့နော်။ "
" ကျွန်မလေ ကိုသက်တင်တစ်ယောက်တည်း ဆွေမရှိ၊ မျိုးမရှိ နေရတာကို စိတ် မကောင်းလွန်းလို့ ပြောမိတာပါ၊ နော်.. နော်...”
မခင်ဝေက တိုးလျှိုးသံဖြင့် တောင်းပန်နေပြန်ရာ ကိုသက်တင် မှာ စိတ်မကောင်းဖြစ်သွားလျက်
“မလိုပါဘူး မခင်ဝေရယ်၊ မခင်ဝေ ဘယ်လိုစိတ်နဲ့ ပြောတယ်ဆို တာကို ကျွန်တော်သိပါတယ်။ တမင်ကျီစားတာပါ။ ကဲ... ပေး မနက်က ရိုက်နေတဲ့စာတွေ ပြီးသွားပြီလား”
ကိုသက်တင်က အလုပ်ဘက်သို့ စကားပြောင်းလိုက်မှ မခင်ဝေ မှာ မျက်နှာပြန်လည်လန်းဆန်းလာပြီး ရွှင်ရွှင်ပျပျဖြစ်လာတော့၏။ သည်လိုနှင့်ပင် သုံးနှစ်တာနီးပါးမျှ မခင်ဝေနှင့် ကိုသက်တင်တို့ ဆက်ဆံမှုမှာ ရှေ့မတိုး၊ နောက်မဆုတ်ရှိခဲ့သည်။ မခင်ဝေတို့ရုံးတွင် စာရေးလုပ်သူများမှာ မိမိအိုးအိမ်နှင့် အသက်အရွယ်ကြီးသူတွေသာ များလျက် မခင်ဝေနှင့် ကိုသက်တင်သာ လူငယ်ပိုင်းဟူ၍ရှိသည်။ သို့ကြောင့်လည်း တစ်ရုံးလုံးက မခင်ဝေတို့ ဆက်ဆံမှုကို မည်သူမျှ ငြိုငြင် ခြင်း၊ ဝန်တိုခြင်းမရှိကြဘဲ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်နေကြသူများသာ ဖြစ်ကြသည်။ မခင်ဝေမှာ တစ်နေ့လုံး လက်နှိပ်စက်စားပွဲတွင် တချောက်ချောက်ရိုက်နေလျက် တစ်ခါတစ်ရံ မန်နေဂျင်းဒါရိုက်တာ ဦးဘနီ အစရှိသော လူကြီးများက အကြောင်းကိစ္စရှိ၍ ခေါ်မှသာ သူတို့ အခန်းတွင်း သွားရောက်ရသည်။ မခင်ဝေကို မကြာခဏခေါ်၍ စာပေး၊ စာယူ၊ ပြန်စာများ နှုတ်တိုက်ချပေးလေ့ရှိသူမှာ ဦးဘနီသာ ဖြစ်လေသည်။
သက်ကြီးတက္ကသိုလ် ဥပစာအပိုင်း(ခ)ကို အောင်မြင်စွာ ဖြေဆို နိုင်ခဲ့ခြင်းမှာလည်း မခင်ဝေ၏ အားပေးမှု များစွာပါသည်ဟု ကိုသက်တင် က ဝန်ခံရပေမည်။ မခင်ဝေသည် ကိုသက်တင်၏ ပညာရှာမှီးမှု၌ များစွာ စိတ်ဝင်စားလျက် ယခုဘယ်အခြေသို့ ရောက်နေပြီ၊ ဘယ်ဘာသာရပ် များတွင် ကိုသက်တင် လျော့နေသည်ကို အစဉ်ဂရုတစိုက်မေးကာ အားပေးလေ့ရှိ၏။ စာမေးပွဲရက် နီးကပ်သောအချိန်များ၌ မျက်လုံး ဟောက်ပက်ဖြစ်အောင် အိပ်ရေးပျက်ခံ စာကြည့်၍ ရုံးလာတက်နေသော ကိုသက်တင်ကို မခင်ဝေခမျာ ကရုဏာသက်စွာဖြင့် ကြည့်နေတတ် သည်။
“အမယ်... ဒီနေ့ ကော်ဖီမဟုတ်ပါဘူး၊ မခင်ဝေ ဘာပြောင်း