Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်သိန်းဆိုင် - ပုဂံမြို့သူ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

[ ]

          စိတ်စောလျက် ရှိသောကြောင့်ပင် ထင်သည်။ တစ်နာရီ မိုင်လေး ဆယ်နှုန်းဖြင့် ပြေးနေသော ကားကိုပင် နှေးကွေးလွန်းသည်ဟု အထင်ရောက် မိသည်။

          ငလှိုင်းချောင်းသို့ မိုးမရွာမီ ရောက်လိုလျက်ရှိသော ခင်စောမူသည် တရိပ်ရိပ်တက်လာသော တိမ်သားထုကို လှမ်းကြည့်ရင်း မော်တော်ကား လီဗာကို ခပ်ဖိဖိနင်းမိသည်။

          အညာမိုးဆိုသည်က အခက်သားကလား။

          ချောင်းဖျားမှာ မိုးညိုပြီဆိုသည်နှင့်တစ်ပြိုင်နက် ရေသည် ချောင်း အတွင်း အတားအဆီးမရှိ ဝါးလုံးထိုး ကျလာတတ်သည်။ ရေကျလာလျှင် ချောင်းကို ဖြတ်ရန်မှာမလွယ်။ မော်တော်ကား လမ်းမှာ ထိုအခါ ပိတ်ဆို့ သွားတတ်သည်။ ချောင်းရေကျပြီး အတန်ကြာပြန်လျှင်ကား ရေဟူ၍ တစ် စက်ကလေးမျှ တင်ကျန်နေရစ်ခြင်းမရှိဘဲ ချောင်းမှာ ခြောက်ခန်းသွားတတ် ပြန်သည်။

          ညောင်ဦးမှ ထွက်မည်ပြုကတည်းက တရိပ်ရိပ်တက်လာသော တိမ်သားထုကို တွေ့ရသည်။ ချောင်းဖျားဆီသို့ တိမ်သားထု လွင့်တက်သွား သည်။ ထို့ကြောင့်ပင် ခင်စောမူသည် ကားကို ဆင်ဆင်ခြင်ခြင်နှင့် ဖြည်းဖြည်းဆေးဆေး မောင်းလေ့မောင်းထရှိသော ကိုကိုလွင့်အား ကား မမောင်းစေဘဲ သူမကိုယ်တိုင် မောင်းလာခဲ့သည်။

          မြကန်ချောင်း၊ ငလှိုင်းချောင်း စသည်တို့တွင် ရေကျလာပါက ဖေဖေ့အား ကြိုဆိုရန် အချိန်နောက်ကျနေလေရော့မည်ဟု ခင်စောမူ တွေး လျက်ရှိပါသည်။ ရေကျအသွားကို ချောင်းရိုးမှ ထိုင်စောင့်နေလိုစိတ်လည်း မရှိ။

          မော်တော်ကား၏အရှိန်ကြောင့် ထနောင်းပင်ပုကလေးများ၊ ထန်း ပင်များသည် နောက်တွင် တရိပ်ရိပ် လည်လျက်ကျန်ခဲ့သည်။ ကျောက်ပန်း တောင်းဘက်မှ တက်လာသော ကားများမှာ ခင်စောမူ၏ကားကို လွတ် အောင် ပွတ်ကာသီကာ ရှောင်၍သွားရသည်။ အချို့ သော ကားမောင်းသူတို့က ကျိန်ဆဲမည်ပင် ပြုကြသည်။ သို့ရာတွင် မိန်းမသားတစ်ယောက်ကား မောင်းလာ သည်ကို မြင်ကြရသောကြောင့် ဆဲကားမဆဲဖြစ်။ ထိုအရပ်ဆီမှာ မိန်းကလေးတစ်ယောက် ကားမောင်းလာသည်ကို မြင်လျှင် အံ့သြစရာအသွင် ဖြင့် ... မောကြည့်တတ်ကြသည်သာ ဖြစ်လေသည်။

          “မူနဲ့ လိုက်ခဲ့ရတာ ကိုယ်ဖြင့် လိပ်ပြာတောင်လွင့်ချင်လာပြီမူ” ကိုကိုလွင်က ခင်စောမူကို လှမ်းပြောသည်။

          “လွင့်ချင်လည်း လွင့်ရော ကိုကိုလွင်၊ မူ ဖေဖေ့ကို ဘယ်လောက် တွေ့ချင်နေတယ်ထင်သလဲ”

          “ကိုယ်လည်း ဦးနဲ့ တွေ့ချင်တာပါပဲ၊ ဒါပေမဲ့ မတွေ့ရခင် တစ်စုံ တစ်ခုဖြစ်မှာ စိုးလို့ပါ၊ မူရဲ့ ကားအရှိန်ကိုလည်း ပြန်ကြည့်ပါဦး”

          ဒါကိုတောင် နှေးတယ်ထင်မိသေးတယ် ကိုကိုလွင်”

          ကိုကိုလွင်သည် စိတ်ပျက်လက်ပျက် ဖြစ်ရသော အမူအရာကို တမင်ပင် လုပ်ပြလိုက်သည်။

          နေရာတကာတွင်ပင် ခင်စောမူသည် သူ့အား အနိုင်ကျင့်ခဲ့မြဲ ဖြစ်သည်။ သူမက ထာဝစဉ် အနိုင်ရမှ ကျေနပ်တတ်မြဲပင်။ ထို့ကြောင့်လည်း ကိုကိုလွင်သည် ဘာမှ ဆက်မပြောဘဲ နေခဲ့ခြင်း ဖြစ်လေသည်။

          ခင်စောမူက စကားဆက်သည်။

          “ပြီးတော့ ငလှိုင်းချောင်းဖျားမှာ မိုးတွေညိုနေတယ် မဟုတ်လားကိုကိုလွင်၊ ငလှိုင်းချောင်းရိုးကို မိုးမရွာခင် အရောက်သွားပြီး မိုးလွတ်ခဲ့ရင် ဟိုဖက်မှာ အေးအေးဆေးဆေး မောင်းလို့ရတယ် မဟုတ်လား”

          ကိုကိုလွင်က ပုပ္ပားတောင်ကလပ်ဆီသို့ ငေးကြည့်နေရာမှ ခင်စောမူဘက်သို့ လှည့်လိုက်သည်။ “ဟုတ်ကဲ့..

          ဒါကြောင့် ကျွန်တော်မျိုးကြီး အမိကို ဘယ်လိုမှ အပြစ် မတင်ခဲ့ပါဘူး၊ စိတ်တိုင်းကျသာ မောင်းပါတော့။ ဒါပေမဲ့ လိပ်ပြာလွင့်သွား ရင်သာ”

          ကိုကိုလွင်၏ စကားမဆုံးမီ ခင်စောမူက ဖြတ်၍ ပြောလိုက်သည်။

          “မူက ရန်ကုန်မှာဆိုရင် ကားကြိုကားကြားမှာ ကားမောင်းလာတဲ့ မိန်းကလေးပါ ကိုကိုလွင်”

          “အေးလေ...ဒါကြောင့် ကို ကိုကိုလွင်က အပြစ်မတင်ပါဘူးလို့ ပြောခဲ့ပြီကော”

          ကုန်တင်ကားတစ်စီးကို ကျော်တက်လိုက်သည်။ ပြီးနောက် ခင်စောမူက ပြောသည်။

          " အပြစ်သာမတင်သာ၊ စိတ်ထဲကတော့ သဘောမကျလှဘူး မဟုတ်လား "

          " စိတ်ထဲကလည်း သဘောကျပါသတဲ့ ကျောင်းအမရယ်၊ မူလုပ်တာ မှန်သမျှကို သဘောမကျတာ ဘာမှမရှိဘူး။ အခုကြည့်လေ ဒီနှစ်ကုန်ရင် လက်ထပ်မယ်ဆိုတာတောင် သဘောကျလို့ လိုက်လျောခဲ့ပြီ မဟုတ်လား”

          ခင်စောမူက ကိုကိုလွင့်ကို မျက်စောင်းထိုးကြည့်လိုက်သည်။

“တော်ပါ၊ ဒီစကားမျိုးကျတော့ အတော်ကြားချင်နေတယ်။ သူပဲ ဖေဖေ့ဆီမှာ အကျပ်ကိုင်ခဲ့ပြီး” ။

ကိုကိုလွင်က ခင်စောမူဘက်သို့ တိုးလာသည်။

          “ကိုကိုလွင်နော်... ထိုင်လက်စနေရာမှာ နေစမ်းပါ၊ နို့မဟုတ်ရင် မူ ကားကို ထိုးမှောက်ပစ်လိုက်မှာ”

          ခင်စောမူ၏ စကားကြောင့် ကိုကိုလွင် တစ်ဖက်သို့ ပြန်တိုးသွား ရသည်။

          ကားသည် ငလှိုင်းချောင်းရိုးသို့ ရောက်ရှိလာလေသည်။ “တော်ပါသေးရဲ့၊ ရေကျမလာသေးလို့”

          ခင်စောမူသည် တစ်ကိုယ်တည်းပြောသလို ပြောလိုက်သည်။ ငလှိုင်းချောင်းမှာ တောင်ကျချောင်း ဖြစ်သည်။ ညောင်ဦးနှင့် ကျောက်ပန်းတောင်း ကားလမ်းကို ကန့်လန့်ဖြတ်ထားသည်။ သာမန်အချိန်မှာဆိုလျှင် ဝါကြင့်သော သဲအပြင်သာရှိ၍ ရေကို မတွေ့ သာ။ အညာမှာ မိုးညိုလျှင် ကား ရေရောသဲပါ တစ်ရှိန်ထိုး ကျလာတတ်သည်။ အညာတောင်ကျ ချောင်းတို့ ထုံးစံအတိုင်း တံတားမရှိ၊ စင်စစ် တံတားလည်းမလိုပေ။ မြေပြင် မှာ သဲဖြင့် မာကျစ်နေတတ်သဖြင့် ရေကျရုံခဏသာ စောင့်ရသည်။ ပြီးလျှင် ကား အလွယ်တကူ ဖြတ်သန်း၍ရသည်။

          ခင်စောမူသည် ချောင်းကို စိတ်အေးလက်အေး ဖြတ်ကျော်ခဲ့သည်။

          တစ်စစဖြင့် ပုပ္ပားတောင်ကို ကွဲကွဲပြားပြား မြင်သာလာပေပြီ။ ကျောက်ပန်းတောင်းမြို့ကား မဝေးကွာလှတော့ပြီ။

          ပုပ္ပားတောင်သည် ကားလမ်းတစ်လျှောက် လိုက်ပါလာတတ် သည်။ လမ်း၏ ကွေ့ကောက်ခြင်း ဖြောင့်တန်းခြင်းအလိုက်၊ တစ်ခါ တစ်ခါ ဘေးတိုက်အနေအထား၊ တစ်ခါ တစ်ခါ ရှေ့တည့်တည့် စသည်ဖြင့် မြင်လာ သည်။ တိမ်သားထုက ယင်းနေရာတွင် အလှိုင်းလှိုင်းထနေသည်။

          ပုပ္ပားတောင်ကလပ်သည် တောင်မကြီးနှင့် သီးခြားကင်းလွတ် လျက် တမင်ပြုပြင် ဖန်တီးထားသည့်ပမာ တည်ရှိသည်။ မြေမှသည် မိုးသို့ မှိုအငုံသဖွယ် ထိုးထွက်လျက်ရှိသည်။

          အများအားဖြင့် ဝန်းကျင်တစ်ခုလုံးမှာ ခြောက်သွေ့ပြီး မြေပြန့် သဖွယ်ရှိနေရာမှ ပုပ္ပားတောင်တစ်ဝိုက်မှာသာ စိမ်းစိုလန်းဆန်းပြီး မြင့်မောက် နေရခြင်း ဖြစ်သည်။ သည်တော့လည်း သာယာမှုအလုံးစုံမှာ ပုပ္ပားတောင်တွင် ရှိနေသည့်အသွင် ဖြစ်သည်။

          သည်တစ်သက်တွင် သာယာမှုအလုံးစုံကို ဖေဖေတစ်ယောက်သာ လျှင် မိမိအတွက် ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်ဟု ခင်စောမူ ထင်သည်။

          မိတဆိုးဖြစ်သော ခင်စောမူသည် ဖခင်အပေါ် ဆိုးခဲ့နွဲခဲ့သည်။ သူမ ဆိုးနွဲ့မှုကို ဖခင်ဖြစ်သူက အကြည်အသာ ခံယူသည်ပင် ဖြစ်ပါသည်။

          ယခုတစ်ခေါက် အညာသို့ ခရီးထွက်ဖြစ်ခြင်းမှာလည်း ခင်စောမူ၏ ဆိုးနွဲ့ မှုကြောင့်ပင် ဖြစ်သည်။

          ပထမပိုင်းက ကိုကိုလွင်နှင့် ၎င်း၏မိခင် ဒေါ်စောမြင့်ကို အဖော် ပြုကာ မေမြို့၊ မန္တလေး၊ မုံရွာ စသည်တို့သို့ ရောက်ခဲ့သည်။ ထိုမှတစ်ဖန် ပုဂံ၊ ညောင်ဦးသို့ ခင်စောမူတို့ ခရီးဆက်ခဲ့ကြသည်။ ဖေဖေ့အား ပုဂံတွင် ဆုံကြရန် သံကြိုးရိုက်ခဲ့သည်။

          စင်စစ်တွင် သင်္ဘောအဆင်မပြေပါက ခင်စောမူတို့သည် ပုဂံသို့ ဖေဖေ့ထက် နောက်ကျပြီးမှ ရောက်ရဖို့ရှိပါသည်။ သင်္ဘောအဆင်ပြေသဖြင့် ဖေဖေ့ထက်စောရောက်သည်။ ညောင်ဦးဆိပ်ကမ်းသို့ သင်္ဘောဆိုက်လာလျှင် ခင်စောမူကား ဖေဖေ့ကို ကျောက်ပန်းတောင်းအထိ ဆင်းကြိုရန် ချက်ချင်း အကြံရသည်။ ဒေါ်စောမြင့် တားနေသည့်ကြားမှ အတင်းထွက်ခဲ့သည်။ ပျဉ်းမနား-ကျောက်ပန်းတောင်းရထားမှာ ကျောက်ပန်းတောင်းသို့ ဆယ့်နှစ် နာရီတွင် ဆိုက်ကပ်မည်ဖြစ်ရာ အချိန်က မဝေးလှတော့။ ထို့ကြောင့်ပင် ခင်စောမူ တက်သုတ်နှင်နေခြင်း ဖြစ်သည်။

          ဘူတာတွင် ဆုံကြရန် ကြိုတင်စာရေးထားခြင်းမရှိ၍ ဖေဖေ့အနေ နှင့် သူမတို့လာအကြိုကိုမစောင့်ဘဲ ထွက်လာမည်စိုးသည်ကတစ်ချက်၊ လမ်းမှာ ချောင်းရေကျမည်ကို စိုးသည်ကတစ်ချက်၊ ပြီး ဖေဖေ အံ့အားသင့် သွားအောင် အရင်ရောက်နှင့်ချင်သည်ကတစ်ချက်ကြောင့် သည်မျှ စိတ်စော နေမိခြင်း ဖြစ်သည်။

          ကိုကိုလွင်သည် ပိုမိုပေါများလာသော ထန်းပင်များကို စိုက် ကြည့်နေသည်။ ခင်စောမူ မောင်းသော ကားပေါ်တွင် အကြိမ်ကြိမ် အတန်တန် လိုက်ပါ ဖူးပြီမို့ ကြောက်စိတ်ကား မရှိလှ။ မကျွမ်းကျင်သော လမ်းဖြစ်၍သာ အမှားအယွင်းတွေ့မည်ကို စိုးရိမ်မိသည်။

          ကိုကိုလွင်သည် ညောင်ဦးသားစစ်စစ် ဖြစ်လေသည်။ သူ့ကို စစ် အတွင်းက ညောင်ဦးမှာ မွေးဖွားခဲ့သည်။

          ကိုကိုလွင်၏မိခင် ဒေါ်စောမြင့်မှာ ခင်စောမူ၏ မိခင် ဒေါ်စောလှိုင် နှင့် ညီအစ်မဝမ်းကွဲ တော်စပ်သည်။ ထို့ကြောင့် ကိုကိုလွင်နှင့် ခင်စောမူ မှာ မောင်နှမဝမ်းကွဲ ဖြစ်လေသည်။

          ကိုကိုလွင်နှင့် ခင်စောမူတွင် ဘဝတူသော အချက်တစ်ချက်ရှိသည်။ ၎င်းမှာ နှစ်ယောက်စလုံး မိတဆိုးနှင့် ဖတဆိုးဖြစ်နေကြခြင်းပင်။

          ကိုကိုလွင်၏ ဖခင်သည် စစ်ဒဏ်ကြောင့် သေဆုံးခဲ့သည်။ ခင်စောမူ၏မိခင်မှာ ခင်စောမူငယ်စဉ်ကပင် ဆုံးပါးခဲ့သည်။ ထို့ကြောင့်ပင် မိဘများက ကိုယ့်သား သူ့သမီးဟူ၍ ခွဲခြားမှုမရှိဘဲ နှစ်ယောက်စလုံးကို မိမိရင်နှစ်ပမာ ချစ်မြတ်နိုးခြင်း ရှိသည်။ ထိုမှစ၍ပင် သည်မောင်နှမကို လက်ထပ်ပေးရန် အကြံရခဲ့ခြင်း ဖြစ်မည်ထင်ရပေသည်။

          ယခုတစ်ခေါက် အညာခရီးကား ခင်စောမူအဖို့ အပျိုဘဝ၏ နောက်ဆုံးခရီး ဖြစ်ချေသည်။

          ယခင်က တစ်နှစ်တစ်ခေါက်ဆိုသလို ညောင်ဦးသို့ ခင်စောမူ ရောက်လာတတ်မြဲပင်။ သူမမိခင်၏ အုတ်ဂူကို တစ်နှစ်တစ်ခေါက် အကန် တော့ ရောက်ခဲ့မြဲ ဖြစ်သည်။

          ခင်စောမူ၏ မိခင်မှာ ပုဂံသူဖြစ်သည်။ သူမ၏ ဖခင်ကား ရန်ကုန် သားဖြစ်လေသည်။ စစ်ပြေးရင်း ညောင်ဦးသို့ ရောက်ရှိလာရာ ခင်စောမူ၏ မိခင်နှင့် ချစ်ကြိုက်ပြီး ညားခဲ့ခြင်း ဖြစ်သည်။ မိခင်၏မျိုးရိုးတို့အနက် ယခု အခါ ထင်ထင်ရှားရှားရှိသူကား နည်းပါလှချေပြီ။ သွေးအနီးဆုံးဆို၍ ဒေါ်စောမြင့်တစ်ယောက်သာ ရှိပေတော့သည်။ ဒေါ်စောမြင့်သည်ပင် ရန်ကုန် မှာ အနေများလာသည်ဖြစ်ရာ ပုဂံသို့ တမင်တကာ မလာဘဲနှင့် ရောက်ရှိ နိုင်ရန် ခဲယဉ်းနေပေသည်။

          မည်သို့ပင်ဆိုစေ မိခင်၏အသွေးများသောကြောင့်လား မပြော တတ်။ ခင်စောမူသည် ပုဂံကိုချစ်၍ ညောင်ဦးကို သံယောဇဉ် တွယ်တာ သည်။ အနည်းဆုံး တစ်နှစ်တစ်ခေါက်ရောက်ရမှ ကျေနပ်သည်။ ရောက်နိုင် အောင်လည်း ကြိုးစားသည်။

          ကျောက်ပန်းတောင်းမြို့ကို မြင်သာ၍ လာလေပြီ။

          ပန်းခြင်းတောင်းသဖွယ် အဆင့်ဆင့်တည်ရှိနေသော ကျောက်တုံး များပေါ်မှ ထုံးဖြူစေတီများကို လှမ်းမြင်နေရသည်။ သည်နေရာတစ်ဝိုက်၌ ထန်းပင် ပိုမိုများပြားလာသည်။ မြေအပြင်မှာလည်း ပိုမို၍ ညီညာသည်။ ပြောင်း၊ မြေပဲနှင့် နှမ်းကိုင်းများမှာ စိမ်းမြလျက်ရှိသည်။

          ပုပ္ပားတောင်မှ စမ်းကျရေကို ပိုက်ဖြင့်သွယ်၍ ရေပေးနိုင်ကတည်းက ကျောက်ပန်းတောင်းမြို့မှာ စိမ်းမြဝေဆာသောအဆင်းဖြင့် သာသာယာယာ ဖြစ်လာသည်။ ယခင်ကဆိုလျှင်ကား ခြောက်သွေ့နေသော မြို့တစ်မြို့သာ ဖြစ်ခဲ့သည်။ ရေတောင်းလာလျှင် ရေအစား ထန်းရည်ကိုသာ ပေးရလောက် အောင် ရေရှားသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။

          ခင်စောမူသည် မြို့နှင့်နီးကပ်လာသည့်တိုင်အောင် မော်တော်ကား အရှိန်ကို လျှော့ချမပစ်ခဲ့။ လီဗာကို ခပ်ဖိဖိနင်းလျက်ပင် ရှိသည်။ သို့နှင့် ကျောက်ပန်းတောင်းမြို့ ဆင်ခြေဖုံးရပ်ကွက်သို့ ဝင်ရောက်လာခဲ့သည်။

          ညောင်ဦး-မြင်းခြံလမ်းဆုံသို့ အရောက်တွင် အရှိန်ကိုလျှော့ရန် သတိမရဘဲ စတီယာရင်းကို ဆွဲကွေ့ လိုက်မိသည်။

          “ဟေ့...သတိထား”

          နံဘေးမှ ကိုကိုလွင့်အသံ ထွက်ပေါ်လာသည်။

          ခင်စောမူ၏ မျက်စိများ ပြာဝေသွားသည်။ လီဗာကို လွှတ်၍ ဘရိတ်ကို နင်းလိုက်မိသည်။

          အကြောင်းမူ တံတောင်ဆစ်ချိုးပမာ ဖြစ်နေသော လမ်းချိုးမှ ရုတ်တရက် ထွက်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးကို မြင်ရသောကြောင့် ဖြစ်သည်။

          မော်တော်ဆိုင်ကယ်သမားအဖို့ မှာလည်း ခင်စောမူ၏ကားကို ရုတ်ခြည်း မျက်နှာချင်းဆိုင်လိုက်ရဟန်တူသည်။ သူသည် ဘရိတ်ဖမ်းရန်ပင် အခွင့်ရလိုက်ဟန်မတူဘဲ ကားနှင့်လွတ်ရန် လမ်းဘေးသို့ ထိုးချလိုက်ရသည်။ လူနှင့် မော်တော်ဆိုင်ကယ်မှာ တခြားစီဖြစ်သွားကာ ချုံပုတ်တစ်ခုအတွင်းသို့ ထိုးကျသွားသည်။

          မော်တော်ကား ရပ်လျှင်ရပ်ချင်း ကိုကိုလွင်က ကားတံခါးကို ဖွင့်ဆင်းရန် သတိရသည်။ မော်တော်ဆိုင်ကယ်မှောက်ရာသို့ ပြေးသွားသည်။ ခင်စောမူသည် ရုတ်တရက်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလျက် ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ တုန်တုန်ယင်ယင်နှင့်ပင် ကားတံခါး ဖွင့်၍ ဆင်းလိုက်သည်။ သွေးသံရဲရဲရှုခင်းကို မြင်တွေ့ ရလေတော့မည်လား ဟု စိတ်မှာ ချောက်ချောက်ချားချား ဖြစ်သွားမိသည်။

          ကိုကိုလွင်သည် ချုံပုတ်အတွင်း လွင့်စင်သွားသော မော်တော်ဆိုင် ကယ်စီးသူကို တွဲထူလာသည်။ ခင်စောမူသည် ထိုသူကို မကြည့်ဝံ့ ကြည့်ဝံ့ ကြည့်နေမိသည်။

          ဒဏ်ရာအနာတရ များများစားစား ရဟန်ကားမတူ။ သို့ရာတွင် သူ၏ကိုယ်မှ အဖိုးတန်ဂျာကင်အင်္ကျီမှာ စုတ်ပြဲလျက်ရှိသည်။ နဖူးပြင်ကို လက်နှင့်ဖိထားသည်။ ထိုနေရာတွင် သွေးစသွေးနများ ရှိနေသည်။

          မော်တော်ဆိုင်ကယ်သမားသည် ခင်စောမူ၏ အပါးသို့ ရောက်ရှိ လာသည်။ သူက ခင်စောမူ၏ မျက်နှာကို အဝေးမှပင် အကဲခတ်သလို ကြည့်လျက်ရှိကြောင်း တွေ့ရသည်။ အနီးသို့ ရောက်သည့်တိုင်အောင် မျက်လွှာချမသွား။

          ခင်စောမူနှင့် မျက်နှာချင်းဆိုင် ရပ်မိသည်။ သူ၏နှုတ်မှ မမျှော်လင့်သော စကားတစ်ခွန်း ထွက်လာသည်။

          “ဪ...ဘယ်သူများလဲလို့ ၊ လက်စသတ်တော့ မစောလတ်ကိုး”

          ယင်းစကားကို ကြားရသည့်အတွက် ခင်စောမူစိတ်မှာ ထူးခြား သည် ထင်မိ၏။ ထိုမျှသာမက မျက်နှာချင်း ဆိုင်မိလေလျှင် အပြစ်တင် စကားနှင့် ခြိမ်းခြောက်စကားတို့ကိုသာ ကြားရလိမ့်မည် ထင်ထားရာမှ ယင်း စကားမျိုးကို မကြားရသည့်အတွက် အံ့အားသင့်မိသည်။

          သူ၏မျက်နှာထားကလည်း ထူးခြားလှပါဘိ။ ။

          ခင်စောမူ၏ မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေသောသူ၏ မျက်ဝန်းများက တောက်ပလှသည်။ သူ၏မျက်နှာမှာ အပြုံးကို မြင်တွေ့ ရ၏။ တစ်နေရာမှာ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းဝင်ဝင် သိခဲ့သည့်ပုံမျိုး။

          “ကျွန်...ကျွန်မရဲ့ အပြစ်ပါ၊ ကားက အရှိန်သိပ်ပြင်းနေလို့ပါ”