မောင်သာလင်း - အမေ့ကမ္ဘာကလေးကဗျာ
အမေ့ကမ္ဘာ
အမေ့မျက်နှာ ထိန်ထိန်သာ
ထိန်သာပါဘိ ထိန်ပါဘိ
ဒါ့ထက်ထိန်သာ လင်းရောင်ဖြာ
ဘယ်မှာမရှိ ဘယ်မရှိ။
အမေ့ရင်အုံ နွေးထွေးပုံ
လုံခြုံပါဘိ လုံပါဘိ
ဒါ့ထက်လုံတာ သားတွက်တာ
ဘယ်မှာမရှိ ဘယ်မရှိ။
အမေ့ကမ္ဘာ ကျယ်ဝန်းဖြာ
တိုင်းတာမရှိ လွှမ်းခြုံပြည့်
ချမ်းမြေ့သာပါဘိ။
မောင်သာလင်း
လပြည့်ည
ဟာဟိုမှာ ကြယ်ပေါင်း
လပြည့်ည ထိန်ထိန်သာ
ကြည့်လိုက်စမ်းပါ။
ဖိုးလမင်း ပြည့်ဝိုင်းတာ
အားရှိစရာပါတကား။
ညလွန်မှာ အမောနဲ့
နှမျောမိသား။
အမေ့ရင်ခိုလှုံနွေး
ချမ်းမြေ့အေး လုံခြုံရာ
ကျယ်ဝန်းလှတာ၊
ဟိုမှာလည်း လမင်းသာ
ပဝင်းဖြာ ပြည့်ဝိုင်း၊
လနှစ်ဖြာ သာပါမိ
ရွှန်းပီတိ လှိုင်း။
မောင်သာလင်း
သားရဲ့လက်ဆောင်
လခြမ်းလှေကို ငါတို့လှော် .
ကောင်းကင်မြစ်ထဲ နော် ..
ငါတို့သိပ်ပျော် ညလုံးပေါက်
ကြယ်တွေခူးခြွေကောက်။
အိမ်ပြန်ရောက်တော့ ပေးမယ်လေ
ရော့...ရော့ ...ယူ အမေ
လ ကြယ်ပန်းကုံးတွေ လည်မှာဆွဲ
သားရဲ့ လက်ဆောင်ပဲ။
မောင်သာလင်း
စက္ကူလှေ
စမ်းချောင်းထဲမှာ စက္ကူလှေ
ရွက်လွှင့်မျှောမယ်လေ "
အောက်ခြေအစုန် ဘာကုန်များ
မြေပဲသနပ်ခါး။
စမ်းချောင်းထဲမှာ စက္ကူလှေ
ရွက်တိုက်ဆန်ခဲ့လေ
အောက်ပြေအောက်ရွာ သူ့ဒေသ
ငခြောက်တင်ခဲ့ပါ့။
မောင်သာလင်း
ငခြောက် = ငါးခြောက်
ရွှေသွေး
စံပယ်ဖြူဖွေး ကြူကြူမွှေး
မေ့သားရွှေသွေး သားရွှေသွေး
ကြွယ်ပေ့နှုတ်ရေး ကြက်တူရွေး
မေ့သားရွှေသွေး သားရွှေသွေး
ကြိုးဆွဲရုပ်သေး မျက်နှာပေး
ပြုံးချိုကြည်အေး မြင်သူငေး
မေ့သား သားရွှေသွေး။
မောင်သာလင်း
စကြဝဠာ
တစ် နှစ်
ဖေဖေချစ်
သုံး လေး
မေ့ ရွှေသွေး
ငါး ခြောက်
သား တစ်ယောက်
ခုနစ် ရှစ်
သား ရင်နှစ်။
ကိုး တစ်ဆယ်
တီတာ တွယ်
ကမ္ဘာလေးပေါ့ကွယ်
သေးငယ်ပေမဲ့ ကျယ်ဝန်းသား
မိုးအောက် နယ်တစ်လွှား
အများအပြား အသင်္ချေ
ဆက်သွယ်ပေါင်းစပ်နေ
ကမ္ဘာလေးတွေ ဘယ်လောက်ရှိ
စကြဝဠာ ထိ။
မောင်သာလင်း
ထိပ်ခေါင်
မေမေ့သား မေမေ့သား
အဆင်းလှတဲ့ မေမေ့သား
ဟင်္သာငှက် အလား။
မေမေ့သား မေမေ့သား
အသံချိုတဲ့ မေမေ့သား
ဥဩငှက် အလား၊
မေမေ့သား မေမေ့သား
အကကောင်းတဲ့ မေမေ့သား
ဥဒေါင်းငှက် အလား
ကမ္ဘာမြေပေါ်ရှိသမျှ သား
ထိပ်ခေါင် မေမေ့သား။
မောင်သာလင်း