Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်သာချို - စိတ်ကူးစိတ်သန်း

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

ဆင်းရဲချမ်းသာ စိတ်ကူး

ဆင်းရဲချင်သလား၊ ချမ်းသာချင်သလားဆိုတဲ့ မေးခွန်းကို အမေးခံရပြီ လို့ ဆိုပါတော့။ လူတိုင်းလူတိုင်း ဖြေချလိုက်မယ့် အဖြေက ရှင်းရှင်းကလေး။ ဘယ်သူမှ ဆင်းရဲချင်တယ်လို့ အဖြေမပေးဘူး စိတ်ချ။ ချမ်းသာချင်တယ် လို့ပဲ လူတိုင်းကိုယ်စီက အဖြေပေးကြမှာ။ ကမ္ဘာပေါ်မှာ ကြိုးစားတယ်ဆိုတဲ့ လူတိုင်းဟာ ဘယ်သူကမှ တစ်နေ့ ငါဆင်းရဲသားဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားနေတယ်ဆိုတဲ့လူ တစ်ယောက်မှမရှိဘူး။ ငါချမ်းသာစေရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားရုန်းကန်နေတဲ့ သူတွေချည်းပဲ။ ။

ဒါပေမဲ့ သိပ်ပြီး ဆင်းရဲလွန်းတဲ့ဘဝ၊ သိပ်ပြီး ချမ်းသာလွန်းတဲ့ ဘဝမျိုးတွေကျပြန်တော့လည်း လူဖြစ်ရတာ မတန်သလို၊ အဓိပ္ပာယ်မရှိသလို ကြီးပဲ။

အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန် (Jack London) ရဲ့ စာအုပ်တစ်အုပ်ရှိတယ်။ “The people of the Abyss” ဆိုတာ။ အသူတစ်ရာ နက်တဲ့ ချောက်ကမ်းပါးကြီးထဲက လူသားများ လို့ဆိုတဲ့ စာအုပ်ပေါ့။ မြန်မာ လိုတောင် ဘာသာပြန်ရှိသေးရဲ့ ။ အဲသည့်အထဲက အောက်ဆုံးအလွှာအလုပ်သမားတွေကို ဂျက်လန်ဒန်က စားသောက်ဆိုင်ကြီးထဲ ခေါ်သွားပြီး ကြိုက်ရာ သုံးဆောင်ကြဖို့ ခွင့်ပေးတဲ့အခါ သူတို့ ဝမ်းသာအားရ မှာကြတာက ပေါင်မုန့် နဲ့ ကော်ဖီကြမ်းဆိုလား။ အဲသည့်အပြင် ဘာမှမမှာတတ်ကြဘူးတဲ့။ စားလည်း မစားဖူးဘူးတဲ့။ ပိုက်ဆံတွေ ပုံချပေးထားပြီး ကြိုက်တာစားစမ်း ဆိုတာတောင် မှ လောကမှာ အကောင်းဆုံးစားစရာ၊ အကောင်းဆုံးသောက်စရာ ဘာရှိလို့ ရှိမှန်း မသိကြရရှာတဲ့ ဘဝတွေအထိ နိမ့်ကျဆင်းရဲလွန်းတာမျိုးကျတော့ လည်း အလိုမရှိအပ်ဘူးပေါ့။

ဒါဆို ချမ်းသာလွန်းတာကျတော့ရော။ စာရေးဆရာကြီး သော်တာဆွေ က မိုးကုတ်မြမောင်ဆိုတဲ့ မိုးကုတ်က ပတ္တမြားသူဌေးကြီး ဦးမြမောင် အကြောင်းကို စာတွေရေးဖူးပါတယ်။ “ငွေကိုလေလိုသုံးသူ” ဆိုတဲ့ ခေါင်းစဉ် နဲ့တောင် ရေးဖူးသေးတဲ့ဥစ္စာ။ ရေလိုသုံးတာ မဟုတ်ဘူးတဲ့။ ရေကခပ်နေရသေးတယ်တဲ့။ လေလိုသုံးတာတဲ့။ ဘာမှ အားမစိုက်ရဘဲ၊ ဘာမှ လုပ်စရာ မလိုဘဲ သုံးချင်သလို သုံးတာတဲ့။ ကြိုက်သလိုစား၊ ကြိုက်သလိုသွား၊ ကြိုက် သလိုနား၊ ကြိုက်သလိုသုံး၊ ကြိုက်သလိုဖြုန်း၊ ကြိုက်သလိုကဲ၊ ကြိုက်သလို သည်။ တစ်ရက်တော့ မိုးကုတ်ဦးမြမောင်က ဆရာသော်တာဆွေရဲ့ ရှေ့မှာ ငိုတယ်ဆိုတာပါပဲ။ ဆရာသော်တာဆွေရဲ့ဘဝက အဓိပ္ပာယ်ရှိလို့တဲ့။ သူက ဘာမှ အဓိပ္ပာယ်မရှိဘူးတဲ့။ သူ ဘာလုပ်ရမှန်းလည်း မသိဘူးတဲ့။ အဓိပ္ပာယ် ရှိရှိလေးနဲ့ ဘယ်လိုနေရရင် ကောင်းမလဲဆိုတာလည်း မတွေးတတ်ဘူးတဲ့။ ဝမ်းနည်းပြီး ရှိုက်လို့ရှိုက်လို့ကို ငိုနေလိုက်တာတဲ့။ အဲသည်လိုမျိုးကျတော့ လည်း ပိုက်ဆံတွေချမ်းသာလွန်းပြီး ဘာမှမဟုတ်သလိုပဲနော်။ ကမ္ဘာပေါ်က ဆင်းရဲသား သန်း ၃၆ဝဝ ပိုင်တာနဲ့ ကမ္ဘာ့သူဌေးကြီး ရှစ်ယောက်ပိုင်တာနဲ့ အတူတူပဲလို့ဆိုတဲ့ ၂၀၁၇ ခုနှစ် ဆွစ်ဇာလန်မှာလုပ်တဲ့ ညီလာခံရဲ့ အဆို အတိုင်းဆိုရရင် အဲသည့်သူဌေးကြီးရှစ်ယောက်ကရော ဘဝကို ပျော်ရွှင်ကျေနပ်နေကြသလား သိချင်လိုက်တာ။ အကောင်းဆုံး မော်တော်ကား၊ အကောင်းဆုံး နာရီ၊ အကောင်းဆုံး ဝီစကီ၊ အကောင်းဆုံး စံအိမ်တော်တွေ ပေါ်မှာ ဘဝဟာ ပျော်စရာကောင်းပါစ။

ကျွန်တော်ကတော့ ဆင်းရဲလွန်းတာလည်း မကြိုက်၊ ချမ်းသာလွန်း တာလည်း မကြိုက်သလိုပဲ။

ကျွန်တော်က လူလတ်တန်းစားလို့ခေါ်တဲ့ Middle classကို ပိုကြိုက် တယ်။ လူလတ်တန်းစားတွေက လူ့လောကကြီးကို ဖွံ့ဖြိုးတိုးတက်စေတာ လို့ ဆိုတာကိုး။

သိပ်ဆင်းရဲလွန်း၊ သိပ်ချမ်းသာလွန်းတဲ့သူတွေဟာ စာမဖတ်ဘူး။ မဖတ်နိုင်ဘူး။ သီချင်းအရသာကို မခံစားဘူး။ မခံစားနိုင်ဘူး။ ရုပ်ရှင်ကောင်းကောင်း၊ ပြဇာတ်ကောင်းကောင်း၊ ပန်းချီကားကောင်းကောင်းတွေကို အရသာ ခံပြီး မကြည့်ဘူး။ မကြည့်တတ်ဘူး။ ဒါမှမဟုတ် ကြည့်ချိန်မရဘူး။ ပညာ ရေးတို့၊ နိုင်ငံရေးတို့လို လုပ်ငန်းဆောင်တာတွေမှာလည်း ဆင်းရဲလွန်းသူတို့၊ ချမ်းသာလွန်းသူတို့ဟာ သိပ်ပြီး နှစ်နှစ်မြှုပ်မြှုပ်ကြီး လုပ်နိုင်ခဲ့ကြပါတယ်။

ယေဘုယျပြောရရင် လူလတ်တန်းစားတွေကပဲ ကမ္ဘာကြီးကို ဖွံ့ထွား စည်ပင်လာအောင် လုပ်ခဲ့ကြတာပါ။

လူလတ်တန်းစားဆိုလို့ သူ့ကို ဖွင့်ဆိုတာတွေကလည်း များလိုက်တာ။

တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာကနေ လေးဒေါ်လာကြားကို Lower middle class တဲ့။ လေးဒေါ်လာနဲ့ ၁၀ ဒေါ်လာကြား ဝင်တဲ့သူတွေကိုတော့ Middle class တဲ့။ ၁၀ ဒေါ်လာနဲ့ ဒေါ်လာ ၂၀ ကြား ဝင်တဲ့ သူတွေကိုကျတော့ Upper middle class တဲ့။

တစ်လဝင်ငွေ ဒေါ်လာ ၄၇ဝ ကနေ ၉၂ဝ ကြားရှိပြီး တီဗွီ၊ ဗွီစီဒီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ မိုက်ကရိုဝေ့ဖ်မီးဖို၊ ခရက်ဒစ်ကတ် (credit card) တွေနဲ့ ကျင်လည်သူကိုမှ လူလတ်တန်းစားလို့ ဆိုသူတွေကလည်း ရှိပါရဲ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လူလတ်တန်းစားပဲ ဖြစ်ချင်ပါတယ်။ သိပ်လည်းမမွဲ၊ သိပ်လည်းမချမ်းသာ၊ စာလေးလည်း ဖတ်လိုက်၊ သီချင်း လေးလည်း နားထောင်လိုက်၊ ရုပ်ရှင်လေးလည်း ကြည့်လိုက်၊ သင့်တင့်လျောက်ပတ်တဲ့ စားစရာ သောက်စရာနဲ့၊ မော်တော်ကားကလေးနဲ့ ၊ သာရေး နာရေးကိစ္စတွေနဲ့ နေရတဲ့ဘဝမျိုးကိုပဲ တောင့်တမိတာပါ။

စာဖတ်သူကရော ဘယ်လိုမျိုး ဖြစ်ချင်ပါလိမ့်။ လက်နဲ့ထိလိုက်သမျှ ရွှေဖြစ်တဲ့ ဘဝမျိုးလား။ လူတွေနဲ့အတူ လူတန်းစေ့ ထိတွေ့ဆက်စပ် ရှင်သန်မောင်သာချို နေရတဲ့ ဘဝမျိုးလား။ သေချာတာက သိပ်ပြီး ဆင်းရဲလွန်းတဲ့ဘဝမျိုးကိုဖြင့် ဘယ်သူကမှ တောင့်တလိမ့်မယ် မဟုတ်ဘူး ဆိုတာပါ။