Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်သာချို - စိတ်ကူး

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အဓိပ္ပာယ်စိတ်ကူး

(တစ်)

ငါ့ဘဝက ဘာမှ အဓိပ္ပာယ်မရှိဘူး။ မင်းဘဝက အဓိပ္ပာယ်ရှိတယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ကို ငါ နားမလည်ဘူး။ အဓိပ္ပာယ်မရှိတာကို လာ မပြောနဲ့။ အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို မလုပ်စမ်းပါနဲ့။ အဓိပ္ပာယ်မရှိတဲ့ လူ။ အော်... နိစ္စဓူဝ လူမှုဆက်ဆံရေး ယန္တရားကြီးထဲမှာ အခါခါ အလီလီ ကြားနေခဲ့ကြရတဲ့ စကားသံများ။ အဓိပ္ပာယ်တဲ့။ ဆောင်းအိပ်မက်သဖွယ် ဝိုးတဝါးနိုင်လွန်းလှပါဘိ။

လူ့ဘဝအဓိပ္ပာယ်နဲ့ ပတ်သက်လို့ ကိုယ်ရပ်တည်ရာ ရှုထောင့်ကနေ.. ကိုယ့်အတွေး၊ ကိုယ့်အမြင် ကိုယ့်အထင်တို့ကို ဖွင့်ဆိုကြပုံတွေကတော့ အမျိုးမျိုး အထွေထွေပါပဲ။ ဘဝ ဆိုတာ ပေးဆပ်ခြင်းတဲ့။ ဘဝဆိုတာ ရယူခြင်းတဲ့။ ဘဝ ဆိုတာ တိုက်ပွဲတဲ့။ ဘဝဆိုတာ ရှင်သန်ခြင်းတဲ့။ ဘဝ ဆိုတာ ဒုက္ခဆင်းရဲတဲ့။ ဘဝ ဆိုတာရသတဏှာတဲ့။ ဘယ်အဓိပ္ပာယ် ဖွင့် ဆိုချက်က အမှန်နဲ့ အနီးစပ်ဆုံးလည်း မသိ။ ဘဝ ဆိုတာ အဓိပ္ပာယ်ရှိ၊ မရှိနဲ့ ပတ်သက်လို့ နိုင်ငံကျော် စာရေးဆရာကြီးနှစ်ယောက်ကို မေးကြည့်ခဲ့ ဖူးပါတယ်။ သူတို့ဖြေပုံက

တကယ်ကတော့... ဘဝဆိုတာ ဘာမှ အဓိပ္ပာယ်ရှိလှတာ မဟုတ် ဘူးဗျတဲ့။ ကိုယ့်ဘာသာကိုယ် ကြံဖန်ပြီး အဓိပ္ပာယ်ရှိအောင် လုပ်နေကြရတာတဲ့။ ကဗျာဆရာဒေါင်းနွယ်ဆွေက “နောက်ဆုံး ရထား”ဆိုတဲ့ ကဗျာထဲမှာ ရေးခဲ့သလိုပေါ့။

အလှကို ရှာ

ဘယ်မှာ မတွေ့။

တစ်နေ့မှ အချိန်တန်တော့

ဆူညံညံ ငိုသံကြားရတယ်

ရထား ရွေ့ရွေ့ ။

ဆိုတာမျိုး နေမှာပေါ့ ။

ကမ္ဘာကျော် စာရေးဆရာကြီး အန်းနက်စ် ဟဲမင်းဝေး (Ernest Hemingway)က ပင်လယ်ပြာနဲ့ တံငါအို (The old man and the sea) ဝတ္ထုထဲမှာ ရေးခဲ့သလိုပေါ့ ။ ပင်လယ်ပြင်မှာ ဧရာမငါးကြီးကို ဖမ်းမိတဲ့ စန်တီယာဂို ဆိုတဲ့ အဘိုး အို.. ငါး နဲ့ လူတိုက်ပွဲဝင်ကြရင်းက ကမ်းခြေ ရှိရာဆီလည်း ပြန်ရောက်ရော ငါးက အရိုးပဲ ကျန်တော့တဲ့ အဖြစ်မျိုးပါ။ နိဂုံးချုပ်လိုက်တော့လည်း ဘာမှ မဟုတ်ပါဘူးကွာ ဆိုတဲ့ ကောက်ချက်မျိုး နဲ့ပေါ့ ။

ဒါပေမဲ့ လူဟာ သူ ဖြစ်တည်ရှင်သန်ခွင့်ရတဲ့ နှစ်ပေါင်း ငါးဆယ် တစ်ရာ အတောအတွင်းမှာ သူကိုယ်သူအဓိပ္ပာယ်ရှိအောင်နေတဲ့သတ္တဝါ အမျိုးအစားပါ။ ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်ရှိအောင် လုပ်တဲ့ နည်းလမ်း တွေကလည်း အမျိုးမျိုးအထွေထွေပဲပေါ့။

(နှစ်)

အခုအခါ ကင်ဆာ ဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပြီး ဖြစ်တဲ့ ကင်ညာ နိုင်ငံသူ မာထိုင်း (Miss wangri Maathi) ၂ဝဝ၄ တုန်းက ငြိမ်းချမ်းရေး နိုဗယ်ဆု ရခဲ့သူမာထိုင်းဟာ အဓိပ္ပာယ်ရှိသလားလို့ မေးခဲ့ရင် ဘယ်လိုဖြေကြ မလဲ မသိ။ သူက သစ်ပင် သုံးသန်းကျော် စိုက်ပျိုးခဲ့တဲ့ ကင်ညာနိုင်ငံသူ အမျိုးသမီးကြီးပေါ့။ ကမ္ဘာကြီး အေးမြအောင်လို့တဲ့။ အဲဒါ အဓိပ္ပာယ်ရှိအောင် လုပ်သွားတာ မဟုတ်ဘူးလား။ ။

ယူဂိုဆလားဗီယား နိုင်ငံသူ မာသာထရီဆာ (Mother Teresa)ဆိုရင်လည်း ကမ္ဘာကျော် အမျိုးသမီးကြီး တစ်ယောက်။ နိုင်ငံပေါင်း (၇၁) နိုင်ငံ၊ ဒုက္ခသည် စခန်းပေါင်း (၃၅၀)၊ အိန္ဒိယနိုင်ငံတစ်ခုတည်းမှာကိုပဲ ဂေဟာပေါင်း (၁၄၆) ခု။ အနုတွေ၊ အငတ်တွေ၊ အကျိုးအပဲ့၊ အဆွိ အအတွေ။ မိဘမဲ့တွေ၊ မိဘစွန့်ပစ်တာခံရသူတွေ။ ကမ္ဘာပေါ်က ဘုမသိ ဘမသိ မျက်ရည်ကျနေသူအတွက် သူ့ဘဝကို ပေးဆပ်ခဲ့လေသတဲ့..၊ အဲဒါကရော သူ့ဘဝကို သူ အဓိပ္ပာယ်ရှိအောင် လုပ်နေတာ မဟုတ်ဘူးလား။

ကမ္ဘာကျော် ကွန်ပျူတာ လုပ်ငန်းရှင် သူဌေးကြီး ဘီလ်ဂိတ် (Bill Gates) ကမ္ဘာ့ အချမ်းသာဆုံးလူသားအဖြစ် ဆယ်နှစ်ကျော် စံချိန်တင်ခဲ့တဲ့ ဘီလ်ဂိတ်။ နံပါတ်တစ်ဘီလျံနာ ဘီလ်ဂိတ်။ သူက သူ့ရဲ့ ကြွယ်ပိုးကြွယ်ဝ ပိုက်ဆံတွေကို ဘာလုပ်သတဲ့လဲ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတဲ့။ AIDS တိုက်ဖျက်ရေးတဲ့။ ဘီလျံနဲ့ ချီတဲ့ပိုက်ဆံတွေကို သူ ပိုင်ဆိုင်ထားပုံက အဓိပ္ပာယ်ရှိလိုက်တာ။

မြန်မာနိုင်ငံတော်အတွက် ပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်၊ အိန္ဒိယနိုင်ငံအတွက် ပေးသွားတဲ့ မဟတ္တမဂန္ဒီရဲ့ အသက်၊ အဓိပ္ပာယ် မရှိဘူးလား။ လူဖြူလူမည်း တန်းတူညီမျှရေးအတွက် ထောင်ထဲ မှာ ဘဝကို ပေးဆပ်သွားခဲ့တဲ့ နယ်လ်ဆင် မင်ဒဲလားကရော အဓိပ္ပာယ် မရှိဘူးလား။ ။

သည်လိုတွေ လျှောက်ပြောနေခဲ့တဲ့အတွက် ထင်ရှားကျော်ကြားနေသူ တွေဖြစ်မှပဲ ဘဝက အဓိပ္ပာယ် ရှိမှာတဲ့လား။

မန္တလေးမြို့က သမီး ခုနစ်ယောက်ရဲ့ ဖခင် ဦးငွေ ဆိုတဲ့ ဆိုက်ကား ဆရာကြီး၊ သစ်ပင် ၅၀၀ ကျော် စိုက်သွားခဲ့တာကို ဘယ်လိုပြောကြမလဲ။ နာရေး ကူညီမှုအသင်းမှာ အလောင်း ထမ်းနေတဲ့ လူငယ်၊ မိဘမဲ့ ကလေး တွေကို စာသင်ပေးနေတဲ့ စေတနာဆရာမ၊ ကလေး ဆေးရုံပေါ်က ဝေဒနာ ရှင်ကလေးတွေကို ပုံ ပြောပြနေတဲ့ ပရဟိတတက္ကသိုလ်ကျောင်းသား... အော် .. အဓိပ္ပာယ် ရှိလိုက်ကြတာ။

(သုံး)

လူဟာ အဓိပ္ပာယ်ရှိတဲ့ စိတ်ကူးကို ကူးရပါတယ်။ ပြီးရင်... အဲသည့်စိတ်ကူးကို အကောင်အထည်ဖော်ရပါတယ်။ အဲသည့်အခါမှာ အဲသည့် လူအဓိပ္ပာယ်ရှိသော လူဖြစ်ပြီပေါ့။

စာဖတ်သူ အခု ဘာတွေစိတ်ကူးနေပါသလဲ။ အဲဒါကို အခြေခံပြီး စာဖတ်သူ အဓိပ္ပာယ်ရှိတဲ့လူ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ အဖြေ ထွက်လာ မှာလေ။

ကဲ... ကူးကြဦးစို့ရဲ့ စိတ်တွေ။

စိတ်ကူး စကား

အိုင်ဒီယာ (Idea) မဂ္ဂဇင်းက စိတ်ထဲ၌ ရှိတာကလေး များကို ရေးပေးဖို့ တောင်းဆိုသည့်အခါ တောင်ရေးမြောက်ရေး ကျွန်တော် လျှောက်ရေးမိပါသည်။ အိုင်ဒီယာ (Idea) ဟု ဆိုသဖြင့် “စိတ်ကူး” ဟူသည့် စကားလုံးကလေးစိတ်ထဲသို့ ဝင်လာကာ စိတ်ကူးနှင့် အခြားသော အရာများ တွဲစပ်လျက် တိုနံ့နံ့စာကလေးများ ရေးဖြစ်ပါသည်။ ။

လေးနက်သော စာဖတ်သူများက ပေါ့ပါးသည့် စိတ်ကူး များကို ခွင့်လွှတ်စေလိုပါသည်။ မှတ်ဉာဏ်ပေါ့ဆမှုကြောင့် ထပ်သွားသည့် စိတ်ကူးတချို့ကို ဖယ်ပစ်လိုက်ကာ ဤ စာအုပ် ငယ်ကလေးကို စီစဉ်တင်ဆက်ခြင်း ဖြစ်ပါသည်။ ။

ကျွန်တော့်စာတိုနံ့နံ့ကလေးများကို ဖတ်၍ တောင်ရောက် မြောက်ရောက် စိတ်ကူးနိုင်ကြပါစေကုန်။

မောင်သာချို ရန်ကုန်မြို့။

သူရဲကောင်း စိတ်ကူး

(တစ်)

အရပ်ထဲက လေနဲ့မေးမယ်ဆိုရင်တော့ မင်း ဘာဖြစ်ချင်သလဲပေါ့။ စာသံပေသံလေး နည်းနည်းပါအောင် လုပ်ပြီး မေးရင်တော့ မင်း အိပ်မက်ကဘာလဲပေါ့။ ပညာတတ် လေကလေး မတောက်တခေါက် စွက်ပြီး မေးကြ လေတဲ့အခါမှာတော့ မင်းရဲ့ ခရေစီ (Crazy) က ဘာလဲပေါ့။ ။

ဒါဟာ လူငယ်တိုင်းနဲ့ ပတ်သက်တဲ့ မေးခွန်းပါ။ ပတ်လည်း ပတ် သက်သင့်တဲ့ မေးခွန်းပါ။ ဒီလိုမေးခွန်းမျိုးကို တခြား လူတစ်ယောက်က ကိုယ့်ကို လာမေးတာမျိုး ဖြစ်နိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူများက မေးမေး၊ ကိုယ့်ဘာသာကိုယ် ပြန်မေးမေး၊ ဒီ မေးခွန်းမျိုးနဲ့ မဆုံဘူး၊ မကြုံဘူးတဲ့သူဟာ အနာဂတ် မပြည့်ဖြိုးနိုင်ပါဘူး။

အခု စာဖတ်နေတဲ့ သူကရော သည်မေးခွန်းမျိုးနဲ့ ဆုံဖူးကြုံဖူးပါလေစ။

(နှစ်)

ဘာဖြစ်ချင်သလဲဆိုတဲ့ မေးခွန်းနဲ့ ဆက်စပ်တဲ့စကားလုံးတွေ အများ : ကြီး ရှိပါတယ်။ Hero တဲ့ Self-image တဲ့။ Model တဲ့။  Role Model တဲ့။  Ideal Character တဲ့။

ဘယ်လိုပဲ စကားလုံးအသုံးအနှုန်းပရိယာယ်တွေ ထွေပြားထွေပြား အနှစ်ချုပ်ကတော့ ဘာဖြစ်ချင်သလဲ ဆိုတာပါပဲ။

လူဟာ တစ်ယောက်ယောက် ဖြစ်ချင်ဖို့ လိုအပ်ပါတယ်။ တစ် ယောက်ယောက်လို့ ဆိုတာကြောင့် ဘယ်လိုနယ်ပယ်မျိုးကမဆို ဖြစ်နိုင်ပါ တယ်။ မာသာထရီဇာ (Mother Teresa) လို ပရဟိတသမား၊ သခင် အောင်ဆန်းလို နိင်ငံရေးသမား၊ အဲလ်ဘတ်အိုင်စတိုင်းစ (Albert Einstein) လို သိပ္ပံပညာရှင်၊ သခင်ကိုယ်တော်မှိုင်းလို ကဗျာဆရာ၊ ဗန်းမော်တင်အောင် လို စာရေးဆရာ၊ မြို့မငြိမ်းလို ဂီတပညာရှင်၊ ဗင်းဆင့်ဗန်ဂိုး (Vincent Vangogh)လို ပန်းချီဆရာ၊ ဘီလ်ဂိတ် (Bill Gates)လို ကွန်ပျူတာသူဌေး၊ ချာလီချက်ပလင် (Charlie Chaplin) လို ရုပ်ရှင်သရုပ်ဆောင်။

အခုလို လျှောက်ပြောနေတဲ့အတွက် နာမည်ကျော်မှ နာမည်ကြီးမှ အားကျရမယ့် ပုဂ္ဂိုလ်လားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ သာမန် အညတရတွေထဲမှာလည်း ဖြစ်ချင်စရာတွေက အများကြီးပေါ့။ တချို့က ကိုယ့်အဖေကို အားကျ၊ ကိုယ့်ဆရာကို အားကျ၊ ကိုယ့် သူငယ်ချင်းကို အားကျ၊ ကိုယ့် ဆရာတော်ဘုရားကို အားကျ၊ ကိုယ့်အရာရှိကို အားကျ။

တစ်ယောက်ယောက်ကို အားကျတယ်ဆိုတာဟာ လူငယ်တစ် ယောက်အဖို့ ဘယ်ကို သွားမလဲဆိုတာကို လမ်းပြလိုက်တဲ့ ပန်းတိုင်ပါပဲ။ ဘယ်သူ့ကိုမှ အားမကျဘူးဆိုတဲ့ သူဟာ ဘယ်ကိုမှ မရောက်မယ့် လူငယ် ပေါ့။ သူဟာ ဘယ်ကို လျှောက်ရမယ်မှန်း မသိတာမို့ ကြုံရာကျရာ လျှောက် သွားနေတဲ့အခါ ကြုံရာကျရာကိုပဲ ရောက်ရှိသွားစမြဲပေါ့ ။ | လူဟာ ငါဖြစ်ချင်တာ ဘာလဲ ဆိုတဲ့ စိတ်ကို ကူးရပါတယ်။

(သုံး)

ဘာဖြစ်ချင်သလဲဆိုတဲ့ စိတ်ဟာ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ဆန် နေတတ်ပြီး ကြီးလာတော့ လက်တွေ့ကျ လာတတ်ပါတယ်။

မကောင်းသူပယ် ကောင်းသူကယ်တဲ့ စူပါမင်း (Superman) လို၊ ပင့်ကူလူသား (Spider man) လို လူတွေ ဖြစ်ချင်တဲ့စိတ်ဟာ စိတ်ကူးယဉ် အိပ်မက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ချင်တယ်၊ သခင်ကိုယ်တော်မှိုင်း ဖြစ်ချင်တယ် ဆိုတာမျိုးကကျတော့ လက်တွေ့ အိပ်မက်ပေါ့။

အရေးကြီးတာက အလင်းနဲ့ အမှောင်ပါ။ အမှောင်ထဲက လူတွေကိုသွားပြီး စိတ်မကူးမိဖို့ပါ။ ဒဿဂီရိ ဖြစ်ချင်တယ်။ ဒေဝဒတ် ဖြစ်ချင်တယ်။ ဟစ်တလာဖြစ်ချင်တယ် ဆိုတာမျိုး ဖြစ်မသွားဖို့ပါ။

ငါ ဘာဖြစ်ချင်တာလဲ စိတ်ကူးကြတဲ့အခါ ဖြစ်သင့်ဖြစ်ထိုက်တာကို စိတ်ကူးတာနဲ့ ဖြစ်နိုင်ခြေကို စိတ်ကူးတာလို့ နှစ်မျိုးရှိပါတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာမျိုး စိတ်ကူးတာကို preferable future လို့ ခေါ်ပါတယ်။ ငယ်ငယ်ကတည်းက စာအုပ် စာပေနဲ့ နီးစပ်၊ ဖတ်မှတ် လေ့လာမှု အားကောင်းတဲ့သူက စာပေနဲ့ အသက် မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးတာမျိုးပါ။ ဖြစ်နိုင်ခြေကို စိတ်ကူးတာမျိုးပါ။ ဖြစ်နိုင်ခြေကို စိတ်ကူးတာမျိုးကို ကျတော့ possible future လို့ ခေါ်ပါတယ်။ ဆေးတက္ကသိုလ်ဝင်ခွင့်ရတဲ့ သူက အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်လာဖို့ စိတ်ကူးတာမျိုးပါပဲ။

လူဟာ ကိုယ့်အိပ်မက်၊ ကိုယ့်စိတ်ကူးကို အစားထိုးတတ်ရပါတယ်။ ဥပမာကိုယ်က သီချင်းဆိုဖို့ ဝါသနာပါတယ်။ အသံက မကောင်းဘူး။ ဒါဆို အောင်မြင်တဲ့ သီချင်းရေးသူ၊ တူရိယာပစ္စည်း တီးခတ်သူ လုပ်လို့ မရနိုင်ဘူးလား။ ရုပ်ရှင်လောကကို စိတ်ဝင်စားတယ် ဆိုပါတော့။ ရုပ်ရည်က သရုပ်ဆောင်တစ်ယောက် ဖြစ်လောက်အောင် မရှိဘူးဆိုပါတော့။ ဒါရိုက် တာဖြစ်အောင်၊ ဇာတ်ညွှန်းဆရာဖြစ်အောင် လုပ်လို့ မရနိုင်ဘူးလား။ လူဟာ တစ်ခုခုကို တိုက်ရိုက် စိတ်ကူးခွင့်မရတာတောင်မှ သွယ်ဝိုက်ပြီးတော့ အဲ့သည့်နယ်ပယ်ကို စိတ်ကူးလို့ရတာမျိုးပါ။

(လေး)

အခု စာဖတ်သူ ဘာဖြစ်ချင်သလဲလို့ မေးတာမျိုးနဲ့ ကြုံဖူးခဲ့ပြီလား။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရော ပြန်မေးကြည့်ဖူးခဲ့ပြီးပြီလား။ အဖြေရှိပါလေစ။ ဘာဖြစ်ချင်မှန်း မသိဘူးလား။ ဘာမှ မဖြစ်ချင်ဘူးလား။ အဲ့ဒါ | ဆို စိတ်ချလိုက်တော့။ ဘယ်သူ့ကိုမှ အားကျတဲ့ စိတ်ကူးမရှိတဲ့ သူဟာ ဘာမှ ဖြစ်လာစရာအကြောင်း မရှိဘူးဆိုတာပါပဲ။