မောင်လှမျိုး(ချင်းချောင်းခြံ) - UG18
သေရင်အာဇာနည်
ရှင်ရင်သူရဲကောင်း
ဦးစွာပထမ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွက်၊ ကောင်းမြတ် မှန်ကန်သည့်စိတ်ဓာတ်ဖြင့် အသက် သွေး ချွေးတို့ကို၊ ရဲဝံ့စွန့်စားစွာ၊ ပေးဆပ်ခဲ့ကြကုန်သော၊ ကျဆုံးခဲ့ကြကုန်သော ရဟန်း ရှင် လူ၊ ကျောင်း သား ကျောင်းသူတို့နှင့်တကွမည်သည့်လူတန်းစားကိုမဆို၊ မည်သည့် လူမျိုးကို မဆို၊ ဤစာမျက်နှာများမှ တစ်ဆင့် နှလုံး သည်းပွတ်ဖြင့်၊ တ,သကြေကွဲစွာ တမ်းတ,လျက်၊ မြတ်နိုးကျိုးစွာ၊ အလေးပြုပါသည်။
ထို့ပြင်တစ်ဝ၊ ယနေ့ထက်တိုင် (နောင်အနာဂတ်တိုင်အောင်)၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ဘဝအနစ်မွန်းခံကာ၊ စွမ်းစွမ်းတမံ၊ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြကုန်သော မြန်မာ ပြည်ချစ်သူရဲကောင်းများ ကိုလည်းကောင်း ဟို .. ရှေးပ၀ေသဏီ မင်းအဆက်ဆက်၊ ခေတ်အဆက် ဆက်မှ သည် ယနေ့ထက်တိုင် မြန်မာနိုင်ငံတော်အတွက် အသက်ပေး စတေးခဲ့ကြကုန်သော၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်၊ ရတန်းအာဇာနည်၊ လူအာဇာနည်တို့အား လည်းကောင်း၊ လက်အုပ်ချီမိုး ရှိခိုးလျက်၊ ရိုသေလေးမြတ်စွာ ဂါရဝပြုပါသည်။
အမှန်က ဒီဝတ္ထုကို သေရင်အာဇာနည် ရှင်ရင် သူရဲကောင်းလို့ အမည်ပေးချင်တာပါ။ ဒါပေမဲ့ .. ဘ၀, နေနည်းနဲ့သက်ဆိုင်တဲ့၊ စာအုပ်တစ်အုပ်ကို နာမည် ပေးပြီးပြီ ဖြစ်တဲ့အတွက် ဒုတိယ အလိုက်ဖက်ဆုံး၊ (အနှစ်သက်ဆုံး)၊ အမည်ဖြစ်တဲ့ UG18 - လို့ပဲ အမည်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
ပြည်သူကို ဒုက္ခပေးမှ၊ ဖောက်ပြန်ရေးသမား မဟုတ်ရသည့် ဘဝ, ဖြစ်သည့်အခြေနှင့် မတင်းတိမ်နိုင်ဘဲ၊ မိမိ အခွင့်အာဏာ၊ ရာထူး ဌာရကို အမှီပြုလျက်၊ ကျိကျိတက် ကြွယ်ဝ,အောင် ဆောင်ရွက်နေကြ သူများသည်လည်းကောင်း၊ ရသည့်လစာထက်၊ ပိုမိုကြွယ်ဝနေကြသူ များသည်လည်းကောင်း ဖောက်ပြန်သူများ ... ဟု၊ ငယ်စဉ်ကတည်းက ကျွန်တော် ရိုးစွပ်ခဲ့ပါသည်။
ကိုယ့်ကိုယ်ကိုယ် အခွင့်အာဏာကို အသုံးပြုသူတို့နှင့် ပူးပေါင်းလျက်၊ ကိုယ့်ဘဝ ကြွယ်ဝ,အောင် လုပ်ခဲ့မိလေသလား ဟု လူမှန်းသိစကတည်းက၊ အစဉ် .. ဆန်းစစ်ခဲ့ရသည်။ မည်သူမဆို၊ လက်မောင်း ကြွက်သားကြီး ညှစ်ထုတ်ပြလျက်၊ တိုင်းပြည်အတွက်၊ ဘာမျှမစွမ်းဆောင်နိုင်ခဲ့သော်ငြား၊ ကိုယ့်လစာ၊ ကိုယ့်အရည်အသွေးလောက်နှင့် အပိုအလိုမရှာ၊ နွမ်းပါးစွာ “ဘဝ” ရပ်တည်ခဲ့ကြသူတို့သည်လည်း၊ တိုင်းပြည်သူရဲကောင်းများ၊ အာဇာနည်များအဖြစ်၊ (ကျွန်တော်အအဝင်) အားလုံးက အသိအမှတ်ထားကာ အလေးအမြတ်ပြုရမည်ပင် ဖြစ်သည်။
ပြည်ကျိုးကို မဆောင်နိုင်သည့်တိုင်၊ ကိုယ်ကျိုးကို မရှာခဲ့ကြ ရှာသော မည်သူ့ကိုမဆို အာဇာနည်သူရဲကောင်းများအဖြစ်၊ ကျွန်တော် လှိုက်လှဲစွာ၊ အလေးပြုလိုပါသေးသည်။
ဤ- (အပြော) ဝတ္ထုစာအုပ်သည်။ ၁၉၈၈-ခုနှစ်က၊ ကျွန်တော် ... သေဆုံးခဲ့လျှင် ကျွန်တော် ရေးသားဖြစ်လိမ့်မည်မဟုတ်ပါ။ ကျွန်တော်သည် သမိုင်းထဲက လူ (သာမန်) တစ်ဦးအဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ခံယူ လျက် ဤစာအုပ်ကို ရေးသားပါသည်။ ထို့ကြောင့် ဤ (အပြော) ဝတ္ထု စာအုပ်သည် (စကားပြောပုံစံဖြင့် ရေးသားတင်ပြထားသော စာအုပ် သည်) နိုင်ငံတစ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်လွန်းသော သမိုင်းကြောင်းကြီးထဲမှ၊ ဆယ်ကျော်သက် လူငယ်တစ်ဦး၏။ သမိုင်းနှင့် ထိတွေ့ခဲ့ရသည့် သာမန် မှတ်တမ်းငယ်လေးမျှသာ ဖြစ်ပါသည်။ (နိုင်ငံရေးသမ္မာကျမ်းစာကြီးတစ် စောင်ပမာ၊ ပဖတ်ရှုမိစေရန်၊ ရိုသေလေးမြတ်စွာ၊ ပန်ကြားလိုပါသည်။)
ကျွန်တော့် ဘဝလုံခြုံရေးအရ၊ (သိမ်းဆည်း မြတ်နိုးခဲ့ရသော နေ့စဉ်မှတ်တမ်းနှင့် အခြားသော အမှတ်တရ) ပစ္စည်းများကို လွန်ခဲ့သော နှစ်များစွာကပင်၊ ဖျောက်ဖျက်ပစ်ခဲ့ရသည့်အတွက်၊ ဤ (ဝတ္ထု) စာတမ်းများတွင် နေ့, ရက် ကာလ, ဒေသများ၊ အဖြစ်အပျက်များသည် မူလ သမိုင်းကြောင်းနှင့် လွဲချော်ခဲ့သည်ရှိသော်၊ ဖြည့်ဆည်းနားလည် ဖတ်ရှု ပေးစေလိုပါသည်။ ဆယ်ကျော်သက် လူငယ်တိုင်း၊ တိုင်းရေးပြည်ရေးကိုစိတ်ဝင်စားစေလိုသော၊ အဓိက ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဤတအုပ် ကို ရေးခြင်း ဖြစ်ပါသည်။
ရန်မျိုးအောင် ... ဟု အမည်ပေးလိုက်သော၊ ဇာတ်ကောင်သည် တော်လှန်ရေး ခေါင်းဆောင်လည်းမဟုတ်၊ နိုင်ရေး ပညာရှင်လည်း မဟုတ် သော၊ သမိုင်းထဲက၊ သာမန်လူ တစ်ဦးသာ ဖြစ်ပါသည်။ ထို လူ (သာမန်) တစ်ဦး၏။ စိတ် ခံစားမှုစိတ်ဆန္ဒ(လက်လှမ်းမီသလောက် ထမ်းရွက် ခဲ့သည့်) သမိုင်းပေးတာဝန်တို့ကို တင်ပြဖော်ဆောင်ရာ၌၊ ထိုခေတ် ထိုအခါက၊ ပြည်သူလူထု၏၊ ကိုယ်ပွားငယ်တစ်ခုအဖြစ် ပေါ်လွင်ခဲ့သည်ဆိုရုံမျှဖြင့်၊ ဤစာအုပ်ကို ရေးသားရကျိုး နပ်ပြီ .. ဟု ကျွန်တော် ခံယူပါသည်။ ထိုအခါကာလကတရားမျှတမှုကို လိုလားသော၊ လူငယ်ထုအားလုံးကို ကိုယ်စားပြုသည် ဟုလည်း မှတ်ယူစေလိုပါသည်။ လူငယ် များကို၊ တိုင်းရေးပြည်ရေးထဲ ဝင်မပါအောင် ဟန့်တား သင်အံပေးခဲ့ ကြသော၊ မည်သူ့ကိုမဆို၊ အနာဂတ်ကို လုပ်ကြံသူဟု၊ ကျွန်တော် ယိုးစွပ်ဖူးသကဲ့သို့၊ လမ်းအမှားယုံကြည်မှုအမှား.. များဆီသို့ တွန်းပို့လေ့ရှိသူများကိုလည်း၊ အနာဂတ်ကို၊ မှိုင်းတိုက်သူ .... ဟု၊ ကျွန်တော်ထင် မြင်ခဲ့ဖူးပါသည်။ ထို... လူ (၂) မျိုးစလုံးထဲတွင် ကျွန်တော် မပါဝင်လိုပါ။
လူငယ်သည် နိုင်ငံ၏ အနာဂတ်ဟု၊ ဆိုထားကြပါလျက် လူငယ် ကို ငြိုငြင်ခြင်း၊ ပိတ်ပင်ခြင်း၊ အာရုံမှားခြင်းသည် တိုင်းပြည်နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းသာ ဖြစ်ပါသည်။
တိုင်းပြည် ငြိမ်းချမ်းပါက လူငယ်တွေ၏ နေရာကျယ်ပြန့်ပါသည်။ တိုင်းပြည် ယိမ်းယိုင်က လူငယ်တွေ၏ ဘ၀ယိမ်းယိုင်တတ်ပါသည်။ ကျွန်တော်ဇာတ်ကောင်း ရန်မျိုးအောင်၏ ဘ၀ မယိမ်းယိုင်အောင်သူ ဘာတွေ ဘယ်လို လေ့လာ သိမြင် ရခဲ့သလဲ ဆိုတာ ကျွန်တော်မဖော်ညွှန်းနိုင်ခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် ထိုစဉ်အခါက၊ သူ့ဘဝကို၊ မည်သည့် နိုင်ငံရေး ဦးဆောင်စနစ်ကမှ လမ်းပြ ဖော်ညွှန်းပေးနိုင်ခဲ့ခြင်း မရှိသော ကြောင့် ဖြစ်ပါသည်။
သို့သော် .. ရန်မျိုးအောင်သည် ကိုယ် ယုံကြည်ချက်နှင့် - ကိုယ်၊ ကိုယ့် မျှော်လင့်ချက်နှင့် ... ကိုယ်၊ သမိုင်းထဲမှာ ဆက်လက်ရှင်သန် နိုင်စွမ်းရှိခဲ့၏။ ထို့ကြောင့် သူသည် ... သမိုင်း၊ သမိုင်းသည် သူအဖြစ်၊ကျွန်တော် မြင်အောင် ရေးသားခဲ့ရသည် ။မည်သို့ပင်ဖြစ်စေ တိုင်းနိုင်ငံအတွက်၊ အသက် ဘဝတို့ကို၊ စတေးခဲ့ကြသူများအားလုံးတို့အား၊ သေရင် အာဇာနည်၊ ရှင်ရင် သူရဲကောင်း အဖြစ် ရိုကျိုး တန်ဖိုးထားလျက်၊ ကျွန်တော် ... လေးမြတ်စွာ ဂါရဝပြုနေပါဦးမည်။ “တသစွာ၊ အလေးပြုလိုက်ပါသည် ... '
လွန်ခဲ့သော ကာလများက ရေးသားခဲ့ဖူးသည့် အမှာစာတချို့တွင်း “ကျွန်တော် မပျော်နိုင်သေးပါ" ....ဟု ' ကျွန်တော်၊ ရင်ဖွင့်တင်ပြခဲ့ဖူးပါသည်။ ရေးချင်ရာ -- ကို ရေးသားခွင့် မရရှိသေးသဖြင့်၊ မပျော်နိုင် သေးခြင်း ဖြစ်ကြောင်း၊ မိတ်ဆွေ (စာဖတ်သူ) များ ခန့်မှန်းသိရှိကြ ပေလိမ့်မည် . . ။
ယခု .. ရေးချင်ရာ - ရေးလို့ ရပြီ .. ဟုယူဆချင်သဖြင့်ကျွန်တော် .... စိတ်တထင့်ထင့်ဖြင့် ရေးသားလိုက်မိပေပြီ။
အားလုံး နှင့်တကွ၊ ကျွန်တော် ... ပျော်ပိုက်ရွှင်မြူးချင်ပေပြီ ..။
လေးခင်မင်လျက်
မောင်လှမျိုး(ချင်းချောင်းခြံ)
2012 - June 19
10:46 (a.m)
(က)
UGO(ယူဂျီ) ဆိုတာ၊ (Under Ground) ဆိုတဲ့၀ေါဟာရ ရဲ့ အတိုကောက် စာလုံးဆိုပါတော့၊ မြန်မာ အဓိပ္ပာယ်၊ မြေအောက် တော်လှန်ရေးလို့ပဲ ခေါ်မလား၊ မပြောတတ်ပါဘူး။ . . တိုင်းပြည်တစ်ပြည်ရဲ့၊ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူ မင်းအစိုးရကို (ကိုလိုနီ အစိုးရကိုပဲ ဖြစ်ဖြစ်၊ အမျိုးသား အစိုးရကိုပဲ ဖြစ်ဖြစ်)၊ ဆန့်ကျင်, တော်လှန် (တိုက်ခိုက် ကြတော့မယ်ဆိုရင်ထင်ထင်ပေါ်ပေါ် တိုက်ခိုက်တော်လှန်တာမျိုး ရှိသလို ဗျူဟာသဘော တရားအရပဲ ဖြစ်ဖြစ်၊ အားအင်မမျှတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် UG(UnderGround) မြေအောက်တော်လှန်ရေးအဖွဲ့ မျိုး၊ ဖွဲ့စည်း ပြီး၊ စည်းရုံးတာ လှုံ့ဆော်တာ စီမံတာမျိုးလည်း ရှိကြရတယ်။
ကျွန်တော်တို့ ဘာကို တော်လှန်ခဲ့ကြသလဲ။
ဘာလို့ တော်လှန်ခဲ့ကြသလဲ။
ဘာကြောင့် တော်လှန်ခဲ့ကြသလဲ။
ဘယ်လို တော်လှန်ခဲ့ကြသလဲ။ (အောင်ရော... အောင်မြင်ခဲ့ကြရဲ့လား)။
ကျွန်တော့် နာမည် ရန်မျိုးအောင်။
U.G(18) လို့ခေါ်တဲ့ မြေအောက်တော်လှန်ရေးအဖွဲ့ ရဲ့၊ အဖွဲ့ဝင်၊
အသက် (၂၁)။
ဒီအသက် ဒီအရွယ်လေးနဲ့ ဒီအဖွဲ့ထဲဝင်ပြီး၊ ကျွန်တော်တို့ ဘာကြောင့်၊ ဒီ တော်လှန်ရေးအလုပ်ကို လုပ်ခဲ့ကြတာလဲ။
အသက်လေးမှ၊ (၂၁) နှစ်တည်းပါဗျာ၊ ကိုယ့်အိမ်အလုပ် ကိုယ် ...ကူလုပ်။ ကိုယ့်ရည်းစားနဲ့ကိုယ် လျှောက်သွား၊ ပျော်ပါး၊ ကိုယ့်ကျောင်းကိုယ်တက်၊ ကိုယ့်ဘဝကို ထူထောင်ရမယ့် အရွယ်လေးပါ။
လမ်းဘေးမှာ ဂစ်တာတီး သီချင်းတွေ အော်ဆိုး အ၀တ် အစား ဒီဇိုင်းအသစ်တွေနဲ့၊ တကိုယ်လုံး ဆင်မြန်းပြီး လူပျိုလှည့် ရမယ့် အရွယ်ပါ။ ဒါပေမဲ့ ... ကျွန်တော်တို့ လူပျိုလှည့်ဖို့ အချိန် မရခဲ့ဘူး။
ကိုယ် နင်းထားတဲ့ မြေကြီး၊ ကိုယ်ရှင်သန်တဲ့ တိုင်းပြည် ကို ဘယ်သူ အုပ်စိုးပြီး ဘာတွေလုပ်နေသလဲ သိမိလိုက်တဲ့ အချိန်မှာပဲ ဇာတိသွေးတွေ တဖွားဖွား အုံကြွလာပြီး တော်လှန်ရေး စိတ်ဓာတ်တွေ၊ တဝုန်းဝုန်းထလာရတော့တာပေါ့။
တစ်ခုတော့ ဝန်ခံပါတယ်ဗျာ။ အမေ့ဝမ်းက ကျွတ်ကျွတ်ချင်းတော့ တော်လှန်ရကောင်းမှန်း ဘယ်သိမှာလဲ။ တော်လှန်တယ်... ဆိုတာ၊ ဖိနှိပ်မှု ရှိမှ၊ သူ့အလိုလို ထကြွလာတဲ့ မွေးရာပါ .. လူသား စိတ်ပါ။ "
“ပိတ်ပင်တားဆီးထားတယ် ... ဆိုတာ၊ မသိမချင်း၊ လူဆို ထား ကိုယ့်ကိုယ်ကိုယ်၊ လွတ်လပ်နေတယ် ... လို့ ထင်မိတတ်တယ်လေ၊ ဖိနှိပ်ချုပ်ချယ်တာ ခံနေရပြီလို့ သိပြီဆိုတာနဲ့ အပိတ်အပင် အတားအဆီးတွေကြားထဲမှာ နေနေရသူလို့ ကိုယ့်ကိုယ်ကိုယ် သိလိုက်ရပြီဆိုတာနဲ့ လူဆိုတာ ရုန်းထွက်ဖို့၊ ကြိုးပမ်းရတော့တာပါပဲ။
အသိဉာဏ် မြင့်မားတဲ့ “လူ” မဆိုထားနဲ့ အသိဉာဏ်နိမ့် တဲ့ တိရစ္ဆာန်တောင်၊ ဖိနှိပ်ချုပ်နှောင်ထားရင်၊ ဘယ်ငြိမ်ခံ မှာလဲဗျား ရသလောက်တော့ ရုန်းကြ ကန်ကြ တိုးကြ ကြတယ် မဟုတ်လား။
ကျွန်တော်တို့က လူလေးဗျာ။
ဦးဆောင်သူ နောက်က ငြိမ်ငြိမ်လေး လိုက်နေပါလျက်၊ ဦးဆောင်သူ ညံ့ဖျင်းရင်၊ (ဒါမှမဟုတ်) ဦးဆောင်သူ မတရားရင်၊ ဒါမှမဟုတ်၊ ဦးဆောင်သူ လှည့်ဖြားရင် အဲဒီ ဦးဆောင်သူရဲ့ နောက်က ဆက်လိုက်ဖို့ မဖြစ်နိုင်တော့သလို အဲဒီဦးဆောင်မှုရဲ့ အောက်မှာ ငြိမ်ခံနေဖို့ အစီအစဉ် မရှိတော့ဘူး။
စေတနာ မေတ္တာနဲ့ ဦးဆောင်ကာ မှန်ရင်တောင်၊ လမ်းအမှားဘက်ကို မှားပြီး ... ခေါ်ဆောင်နေပြီဆိုတာ သိလျက်နဲ့ ကျွန်တော်တို့ လမ်းအမှားထဲဆက်လျှောက်ကြမှာ မဟုတ်ဘူး။
ဆက်မလျှောက်ချင်တာကို ငြင်းဆန်ပါလျက်နဲ့၊ အမိန့်၊ အာဏာနဲ့၊ ငါ ဦးဆောင်သူငါ့ကို ဘယ်သူမှ ဆန့်ကျင် ခွင့် မရှိဘူး ... လို့ ငါ တကောကောမယ်ဆိုရင်တော့ အဲဒီဦးဆောင် သူကို ကျွန်တော်တို့ သေချာပေါက် ဆန့်ကျင်ကြရမှာပါပဲ။
ဆန့်ကျင်မှုကို ပိတ်ပင်ဦးမယ်ဆိုရင်လည်း အဲဒီပိတ်ပင်မှု ကို တော်လှန်ရမှာပဲ။ တော်လှန်ရေးဆိုတာ လူတစ်ယောက်ရဲ့ မွေး ရာပါ ဗီဇတာဝန်ပဲ... လို့ ကျွန်တော် နားလည်ချိန်မှာ ကျွန်တော့် အသက် (၁၈) နှစ်၊ စွန်းစွန်းလေးပဲ ရှိပါသေးတယ်။
ကျွန်တော့်ရဲ့တော်လှန်လိုစိတ်က အမေမွေးကတည်းက ပါလာတာ မဟုတ်ပါဘူး။ မွေးပြီးမှ လူမှန်းသိခါစ,ကနေ၊ တဖြည်း ဖြည်း သမိုင်းဖြစ်စဉ်က,နေ၊ ရင်ထဲကို စီးဝင်လာခဲ့တာပါ။
တကယ်တော့ လူဆိုတာ၊ လူ့သမိုင်းထဲက ဇာတ်ကောင် တစ်ကောင်ပါပဲ။ အထူးသဖြင့်၊ အစိုးရတွေ ညံ့ဖျင်းရင်၊ လူငယ်ဆိုတာ၊ သမိုင်းရဲ့ , ဓားစာခံလေးတွေပါ။ မြေစာပင်လေးတွေပါ။