မောင်လင်းရိပ် - သောင်ပြင်ပေါ်ပုံဆွဲခြင်း
အားလုံးလိုကျွံကျခဲ့ဖူး အိုမင်းဟောင်းနွမ်းအလွမ်းတွေနဲ့
သော်..... သင်္ကေတတွေနဲ့ အထာကျနေတဲ့ကမ္ဘာကြီးလေ
သင်္ကြန်ရေကစက်လက်
ပိတောက်တစ်ခက်ကိုကျိုက်ချပြီးစိတ်ကြီးဝင်နေလိုက်ပုံများ
တံဆိပ်အမှတ်အသားတို့ကလည်း တောက်တောက်ပပပြစားကြ
ကောင်မလေးကဝတ်စုံဖြူ ရေအစုံသားနဲ့
ပွဲတော်ရဲ့အသက်ရှူသံပြင်းပြင်းကြားရစဉ်
သရက်ပင်ပျိုလေးရဲ့အောက်မှာမှတိမ်တစ်စနှစ်စကိုကိုယ်ကငေး။
မိုးဝေးခဲ့တယ်
အပင်နွဲ့နွဲ့မှာအပွင့်တို့ဝေဝေ
လေထုဆီအရောင်တွေစွန်းလို့
အခွန်းတစ်ရာကိုယ်အော်ခေါ်ခဲ့ပြီးပြီပဲချစ်သူ
ဒီအငူမှာနက်ရှိုင်းသေချာတဲ့ခြေရာအစုံကျန်ခဲ့တယ်
အမေ့လျော့ခံတာမာဝေါ့ချီငှက်ကလေးကျန်ခဲ့တယ်
ငွေရောင်တက်တူးမျဉ်းကြောင်းဆယ့်တစ်ခုကျန်ခဲ့တယ်
တရားရိပ်သာတစ်ခုဆီကလာတဲ့ဣန္ဒြေရရဖုန်းခေါ်သံကျန်ခဲ့တယ် ကျန်ခဲ့တယ်ဆိုတာပဲကျန်ခဲ့တယ်လို့ထင်နေသူတစ်ယောက်ကျန်ခဲ့တယ်။
“လွှတ်လိုက်ပါတော့” စဉ်းစားပုံနဲ့ “တွယ်ဖက်ချင်ဆဲ” ခံစားပုံ
သေခါနီးလူရဲ့နှလုံးခုန်သံလို မြင်နေရတယ်
နောက်ဆုံးကျမျဉ်းတစ်ပြေးတည်းအမှတ်လမ်းပဲ
မျဉ်းလဲလို့မခေါ်ချင်တဲ့ပန်းချီဆရာမလေးရေ
မျဉ်းပြေးလို့ခေါ်လဲ သူကောင်းကင်ကို မော်မကြည့်နိုင်တော့ပါဘူးကွဲ။
ချစ်သူချင်းဝေးရတဲ့ဆင်းရဲ
ဆိုင်ဘာကမ္ဘာကြီးထဲမှာတောင် ဆုံခွင့်မရ
ဆဲလ်ဖုန်းကို အမှိုက်ပုံးထဲစွန့်ချ
ဖက်ရှင်ကျထားခဲ့တဲ့ အီးမေးလ်လိပ်စာကို ဖျက်သိမ်း
ကိုယ်ငြိမ်းမှုဆုံးအိပ်မက်တစ်ခုပေါ်မှာ
တစ်ခါတစ်ခါမင်းခွေးချေးလိုယောင်ယမ်းမိပုံ
“စောလုံ-ငါ့ကိုစောင့်ပါခလှဲ့”။
စကားဦး
သောင်ပြင်ပေါ် ပုံဆွဲခြင်းနဲ့ဆက်လျက် အတ္တထုပ္ပတ်စွန်းစက်ရင်းဆိုတာကို ဖြည့်စွက်ဖို့တွေးမိတယ်။ ဒါမှ ပိုပြီးပြည့်စုံ မှာပေါ့။ ကိုယ်တွေ့ကိုယ်ကြုံတွေကိုတော့ ဟိုနားဒီနား ထည့်ဆွဲဖြစ်မိတာကိုး။ ကျန်တာကတော့ ထိုးဇာတ်တွေပေါ့။ ဒီဇိုင်းတွေပေါ့၊ စိတ်ကူးစိတ်သန်းတွေပေါ့။ ဒါပေမဲ့ စိတ်စေတနာကိုတော့ မူရင်းဖြစ်အောင် ကြိုးစားရတာပါ။ ကိုယ့်ရဲ့ သညာစေတသိက်တွေအတိုင်းလည်း ဖြစ်နိုင်။ တစ်ခါတလေကျတော့လည်း ဘယ်သူများ ဝင်ရေးလေသလဲ။ နတ်ဒေဝီဖျားတာတွေကလည်း အရေးကြီးတဲ့အခါ ရှိချင်လည်း ရှိ ဒီလောက်ကျယ်ပြောတဲ့ သောင်ပြင်ကြီးကို | ရတာကိုပဲ ကျေးဇူးတင်စရာ အခွင့်အခါလို့ အောက်မေ့မိပါရဲ့၊ ကျွန်တော့်ရဲ့ ရည်ရွယ်ရင်းက တစ်စုံတစ်ရာ အရာထင်ခြင်းလည်း ပါချင်ပါမယ်။ မနေနိုင် မထိုင်နိုင် တွန်မိပုံလည်း ပါချင်ပါမယ်။ ဆွဲထားတဲ့ပုံမှာ ပါလာနိုင်ဖွယ် “သောဘဏ”အလှက ကျွန်တော့်ကိုယ်တိုင်ကို ကျေနပ်ပျော်ရွှင်စေနိုင်သလို ကြည့်သူကို ချမ်းသာမှုကလေး စိုးစဉ်းမျှ ဖြစ်စေပေးနိုင်ရင်လည်းဝမ်းသာစရာပဲ။ဓမ္မနဲ့မေတ္တာတို့ဟိန်းသံထွက်လာနိုင်မလားတတ်စွမ်းသမျှကြိမ်နှုန်းတွေကို ညှိယူပြီး ဟပ်ကြည့်လိုက်တာမျိုးလည်း လုပ်ကြည့်ဖို့ ရည်သန်ပါတယ်။ အစွန်းအစက်တွေအတွက် အားနာမိပါ
ကြောင်းနဲ့ အဲဒီ အက်ရာမဲ့တွေကပဲ မတူခြားနားတဲ့ သရုပ်နဲ့ စိတ်ဝင်စားစရာ ဖြစ်ကောင်းဖို့ကိုလည်း မရဲတရဲ မျှော်လင့်ပါကြောင်း၊
ချစ်ခင်လေးစားစွာ မလ၊ ရိပ် ၂၀၁၇ အောက်တိုဘာ၃၁