Skip to product information
1 of 2

Other Websites

မောင်မိုးသူ - အထွတ်အထိပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

          အာမက်ဟီလ်မာကို သတ်လိုသူများသည် အလေးအနက်သမားများ ဖြစ်ကြပါ သည်။ သူတို့သည် တူရကီနိုင်ငံမှ ထွက်ပြေးလာကြရသူများ ဖြစ်၏။ သူတို့သည် တူရကီသံရုံး သံအဖွဲ့ဝင်တစ်ဦးကို လုပ်ကြံနိုင်ခဲ့ကြပြီး ဖြစ်သည်။ သူတို့သည် တူရကီလေကြောင်းအရာရှိတစ်ဦး၏ အိမ်ကိုလည်း ဗုံးနှင့်ခွဲခဲ့ကြပြီးဖြစ်သည်။

          သူတို့၏ နောက်ထပ်ပစ်မှတ်အဖြစ် အာမက်ကို ရွေးချယ်ခဲ့ခြင်းမှာ အာမက်သည် တူရကီပြည်အာဏာရှင်ကို ထောက်ခံသူတစ်ဦးဖြစ်ပြီး ပါရီမြို့တွင် ချမ်းချမ်းသာသာ နှင့် နေထိုင်သူဖြစ်သောကြောင့်ဖြစ်ပါ၏။

          အာမက်၏အိမ်နှင့် ရုံးခန်းသည် တကယ်ပင် လုံလုံခြုံခြုံ စောင့်ကြပ်ထားလျက် ရှိပြီး၊ အာမက်စီးနင်းသော မော်တော်ကားသည်လည်း ကျည်ဆန်ကာမှန်များ တပ်ဆင် ထားသည့် ကျည်ဆန်ပြီးမော်တော်ကားဖြစ်သည်။

          သို့သော် လုပ်ကြံလိုသူ ကျောင်းသားများ၏ ယုံကြည်ချက်မှာ လူတိုင်းတွင် ပျော့ကွက် အားနည်းချက်ရှိသည်။ အားနည်းချက်သည် များသောအားဖြင့် လိင် ကိစ္စတွင်ဖြစ်တတ်၏။ ထိုအာမက်ဟီလ်မာတွင် ထိုတွက်ချက်မှုသည် မှန်ကန်ပေသည်။ ရက်သတ္တပတ် သုံးလေးပတ်မျှ အာမက်ဟီလ်မာကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုလေ့လာ ကြသောအခါ တစ်ပတ်တွင်နှစ်ကြိမ်သုံးကြိမ်ခန့်အာမက်သည်အိမ်ဖော်များ ဈေးဝယ် ရာ၌အသုံးပြုလေ့ရှိသော ရေနာ့စတေရှင်ဝက်ဂွန်ကားကိုထုတ်စီးပြီးတစ် ယောက် တည်းအပြင်ထွက်လေ့ရှိသည်။ ထွက်သောအခါတွင် ချောင်ကျကျ ၁၅ ရပ်ကွက်လမ်းကြားကလေးရှိ အိမ်တစ်အိမ်သို့ သွားလေ့ရှိသည်။ ထိုအိမ်တွင်တူရကီမ ချောချောလေးတစ်ယောက်ရှိသည်။ အာမက်နှင့် ထိုမိန်းကလေးတို့ဖြစ်နေကြပုံရ၏။

          လုပ်ကြံမည့် လူငယ်များသည် အာမက်တစ်ယောက် ထို ၁၅ ရပ်ကွက်ရှိ အိမ်ကလေးထဲမှာ အမျိုးသမီးလေးနှင့် ပျော်ပါးနေစဉ် အပြင်မှာရပ်ထားသော ရေ မော့ကားကို ဗုံးထောင်ထားရန် ဆုံးဖြတ်လိုက်ကြ၏။

          လူငယ်များအဖွဲ့ သည် ဖောက်ခွဲရန်ဗုံးကို ဘယ်သူ့ထံမှရနိုင်မည်ကိုသိ၏။ ပက်ပီဇိုဇီထံမှ ဖြစ်သည်။ ပက်ပီဇိုဇီသည် ကော်စီကန်လူမျိုး မာဖီးယားခေါင်းဆောင် မီမီဇိုဇီ၏ သားများထဲမှ တစ်ယောက်ဖြစ်သည်။

          ပက်ပီသည် မှောင်ခိုလက်နက်ရောင်းသူဖြစ်၏။ ပက်ပီသည် မှောင်ခိုလက်နက် ဝယ်သူမှန်သမျှကို ရောင်းချလေ့ရှိသည်။ သို့သော် နိုင်ငံရေးယုံကြည်ချက်ရှိသူများကို ပို၍ရောင်းချလိုသည့် သဘောရှိ၏။ ပက်ပီက “ယုံကြည်ချက်သမားများသည် လက် နက်ဝယ်ရာ၌ ငွေပိုပေးလေ့ရှိသည်”ဟု ပြုံးပြုံးကြီး တွက်ချက်ပြသပြောဆိုဖူး၏။ 

          ထိုလူငယ်အဖွဲ့အား ယခင်အကြိမ်များကလည်း ပက်ပီလက်နက်ရောင်းချခဲ့ပြီး ဖြစ်သည်။

          ထိုကဲ့သို့ မော်တော်ကားကို ဗုံးထောင်မည့်ကိစ္စတွင် ပြဿနာလေးတစ်ခုက ရှိနေ၏။ အာမက်ဟီလ်မာ၏ ထုံးစံအတိုင်းလုပ်ရပ်မှာ သူသည် အမျိုးသမီးလေးအိမ် မှ တစ်ယောက်တည်းပြန်လေ့ရှိသည်ပင်။ သို့သော် အမြဲတမ်းတော့ မဟုတ်ပေ။

          တစ်ခါတစ်ရံ အာမက်သည် အမျိုးသမီးလေးကို အပြင်သို့ခေါ်ထုတ်သွားပြီး ညစာကြွေးသည့် အခါမျိုးလည်းရှိ၏။ မကြာခဏဆိုသလို အမျိုးသမီးလေးတစ် ယောက်တည်း အပြင်ထွက်လာပြီး ရေနော့ကားနှင့် တစ်နေရာရာသို့ နာရီဝက်တစ်နာရီ ထွက်လေ့ရှိ၏။

          ပြန်လာသောအခါတိုင်း ပေါင်မုန့်များ၊ အသီးအနှံများ၊ ဝိုင်အရက်များ ပါလာ တတ်သည်။ အာမက်တို့နှစ်ယောက် အိမ်ထဲတွင် စားသောက်ပွဲလေး ပြုလုပ်စား သောက်ကြပုံရ၏။ ရံဖန်ရံခါတွင် အာမက်သည် ထိုအိမ်မှ တက္ကစီကားနှင့် ပြန်သွား လေ့ရှိပြီး ရေနော့ကားလေးကို အမျိုးသမီးထံ၌ တစ်ရက်နှစ်ရက်တန်သည် ထားခဲ့ လေ့ရှိ၏။

          လုပ်ကြံမည့် ကျောင်းသားလူငယ်အဖွဲ့မှာ လူငယ်များပီပီ စိတ်ကူးယဉ်မှုလေး ရှိနေကြ၏။ သူတို့သည် အကြမ်းဖက်အဖွဲ့ဖြစ်သည့်အတွက်အာမက်ကိုလုပ်ကြံရန်အတွက်မူခိုင်ခိုင်မာမာဆုံးဖြတ်ပြီးသားဖြစ်သည်။

          သို့သော် လှပသော မိန်းကလေးတစ်ယောက်၊ တူရကီအမျိုးသားတစ်ဦးကိုရိုးရိုးသားသား ချစ်ခင်စုံမက်နေသည့် မိန်းမပျိုလေးတစ်ယောက်ကို မှားယွင်းလုပ်ကြံ မိမည်ကိုလည်း စိုးရိမ်နေကြ၏။

          ထို့ကြောင့် သူတို့အဖွဲ့သည် ထိုအရေးအခင်းနှင့်ပတ်သက်၍ အချင်းချင်း ပွင့်ပွင့်လင်းလင်း ဒီမိုကရေစီအပြည့်ဖြင့် ဆွေးနွေးကြ၏။ သူတို့သည် အဆုံးအဖြတ် ကို မဲပေး၍ ဆုံးဖြတ်ချက်ပေးမည်။ မည်သူ့ကိုမှ ခေါင်းဆောင်မှုထားခြင်း လက်မခံ ဟု သတ်မှတ်ထား၏။

          သို့သော် ထိုသို့ ခေါင်းဆောင်မထားကြေး သတ်မှတ်ထားကြသည့်တိုင် ထူး ခြားပြောင်မြောက်သော ကိုယ်ရည်ကိုယ်သွေးကြောင့် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်သည် ထိုအဖွဲ့လေးထဲတွင် ထင်ထင်ရှားရှားကြီး ခေါင်းပြူထွက်နေ၏။ သူ၏ အမည်မှာ ရာမီကော့စကွန်ဖြစ်၏။

          ရာမီသည် ခန့်ညားသော ဥပဓိရုပ်ရှိသူ လူငယ်တစ်ဦးဖြစ်ပြီး ထူထဲသော နှုတ်ခမ်းမွေးများရှိ၏။ သူ့မျက်လုံးများတွင် ကြီးကျယ်အောင်မြင်မည့် အရောင်များ တောက်ပြောင်နေသူတစ်ဦးဖြစ်၏။

          ပြီးခဲ့သော ဖောက်ခွဲလုပ်ကြံမှု နှစ်ခုစလုံးမှာ အခက်အခဲများ၊ ပြဿနာများအ ကြားမှ ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့တွင် ရာမီ၏ ခိုင်မာ သောဆုံးဖြတ်ချက် လှုပ်ရှားမှုများကြောင့်ပင် ဖြစ်ပါ၏။ ယခု ကြုံတွေ့နေရသော ကားဗုံးထောင်ရေး ပြဿနာတွင် ရာမီကော့စကွန်က ဗုံးကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ရန် အကြံပြုလာ၏။

          ထိုအကြံကို အဖွဲ့သားများက ပထမ လက်မခံချင်ကြပေ။ သူတို့က ဘယ်သူ့ ကို ဘယ်ဗုံးကျွမ်းကျင်သူကို သူတို့ယုံကြည်စိတ်ချစွာ တိုင်ပင်နိုင်မည်နည်းဟု မေးခွန်းထုတ်ကြ၏။ ရာမီက `အီလစ်သေလာ”ကို တိုင်ပင်မည်ဟု အကြံပြုလာ၏။

          အီလစ်သေလာသည် အမေရိကန်လူမျိုးတစ်ဦး ဖြစ်သည်။ သူ့ကိုယ်သူ ကဗျာ ဆရာတစ်ဦးဟု ကြေညာထား၏။ သို့သော် တကယ့်တကယ်တမ်းတွင်မူ သူသည် အင်္ဂလိပ်ဘာသာစကား သင်ကြားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦး ဖြစ်သည်။ အီလစ်သည် ဗီယက်နမ်ခစ်ပွဲကာလတုန်းက လက်နက်ကျွမ်းကျင်သူ တစ်ဦးအဖြစ် အမှုထမ်းခဲ့ဖူးသူ ဖြစ်သည်။

          ရာမီသည် အီလစ်နှင့်တစ်နှစ်နီးပါးမျှ သိကျွမ်းခင်မင်ခဲ့ပြီးဖြစ်သည်။ သူတို့နှစ် ဦးသည် သက်တမ်းတိုတိုလေးသာ ထုတ်ဝေဖြန့်ချိနိုင်ခဲ့သော `ကမောက်ကမ အမည် ရှိ တော်လှန်ရေးသတင်းစာ ထုတ်ဝေရေးလုပ်ငန်းတွင် အတူတကွ လုပ်ကိုင်ခဲ့ကြ ဖူးသည်။ သူတို့နှစ်ဦးပူးတွဲ၍ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ဦးအဖွဲ့ ရန်ပုံငွေရရှိရေးအတွက် ကဗျာရွတ်ဆိုပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ကြဖူး၏။

          အီလစ်သည် ရာမီတို့လို အဝေးရောက်တူရကီနွယ်ဝင်များ၏ ဒေါသကို နားလည်သည်။ တူရကီပြည်ကို အနိုင်အထက် အုပ်ချုပ်နေသော အာဏာရှင်စနစ်၏ ရက်စက်မှုများကိုလည်း စာနာနားလည်နိုင်သူ တစ်ဦးဖြစ်၏။

          ရာမီတို့အဖွဲ့ဝင်လူငယ် ကျောင်းသားတချို့သည် အီလစ်ကို နည်းနည်းပါးပါးသိ ကြ၏။ သူတို့သည် အီလစ်ကို ဆန္ဒပြပွဲပေါင်းများစွာ၌ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သည်ကို တွေ့မြင်ဖူးကြ၏။ သူတို့စိတ်ထဲတွင် အီလစ်သည် ဘွဲ့ရပြီးသား ပုဂ္ဂိုလ် တစ်ဦး၊ သို့တည်းမဟုတ် ခံယူချက်ရှိသော ပါမောက္ခတစ်ဦးဖြစ်ရမည်ဟု နားလည် ယုံကြည်ထားကြ၏။

          သို့တိုင်အီလစ်ကဲ့သို့သော တူရကီနွယ်ဖွား မဟုတ်သူတစ်ဦးကို ယုံယုံကြည် ကြည်နှင့် သူတို့၏အကြမ်းဖက်လုပ်ငန်းတွင် တိုင်ပင်ညှိနှိုင်းရန် တွန့်ဆုတ်နေကြ၏။ သို့သော် ရာမီ၏ ခိုင်ခိုင်မာမာ တိုက်တွန်းအကြံပေးမှုကြောင့် နောက်ဆုံးတွင် သဘောတူလိုက်ကြလေ၏။

          သူတို့ကိစ္စကို ဖွင့်ဟတိုင်ပင်လိုက်သောအခါ အီလစ်သည် ချက်ချင်းအဖြေရှာ ၍ ပေးလေသည်။ အီလစ်က ဖောက်ခွဲရမည့်ဗုံးမှာ အဝေးမှခလုတ်နှိပ်၍ ဖောက်ခွဲ ရမည့်ဗုံးဖြစ်သင့်သည်။

          ဖောက်ခွဲမည့် ရာမီသည် မိန်းကလေး၏ အိမ်နှင့်မျက်နှာချင်းဆိုင်အိမ် ပြတင်း ပေါက်တစ်ခုမှသော်လည်းကောင်း၊ သို့မဟုတ် မျက်နှာချင်းဆိုင် လမ်းပေါ်မှ ကား တစ်စီးပေါ်မှလည်းကောင်း စောင့်ဆိုင်းနေရမည်။ ရာမီလက်ထဲတွင် မော်တော် ကား ဂိုဒေါင်တံခါးများကို အဝေးမှ အော်တိုမက်တစ် လှမ်းဖွင့်နိုင်သည့် စီးကရက် ဘူးခွံလောက်ရှိမည့် လျှပ်စစ်ခလုတ်တစ်ခု ရှိနေမည်ဖြစ်၏။

          အကယ်၍ အမြဲထုံးစံအတိုင်းလိုလို အိမ်ကလေးထဲမှ အာမက်ဟီလ်မာတစ် ယောက်တည်းထွက်လာပြီး ကားပေါ်တက်ခဲ့ပါက.. အာမက် ကားပေါ်ရောက်ပြီး စက်နှိုးလိုက်သည်နှင့် ရာမီက လျှပ်စစ်အဝေးထိန်းခလုတ် (ရီမုတ်ကွန်ထရိုး)ကို

          နှိပ်လိုက်ရန်သာဖြစ်သည်။ တပ်ဆင်ထားသော ဗုံးမှာ ခလုတ်နှိပ်လိုက်သည်နှင့် ဝုန်းခနဲ ပေါက်ကွဲသွားမည်သာဖြစ်၏။

          သို့သော် အကယ်၍ မိန်းကလေးက အပြင်ထွက်လာပြီး ကားပေါ်သို့တက်လာပါက ရာမီသည် ခလုတ်မနှိပ်ဘဲ နေလိုက်ရုံသာရှိ၏။ မိန်းကလေးသည် ဗုံးဆင်ထားသည့် ၄င်းမော်တော်ကားကို ဘာအန္တရာယ်မှမရှိဘဲ လိုရာခရီးကို မောင်းနှင်သွားနိုင် မည်သာဖြစ်၏။

          မော်တော်ကားတွင် တပ်ဆင်ထားသည့်ဗုံးသည် အဝေးခလုတ်မနှိပ်မချင်း ဘာမှ အန္တရာယ်မရှိ၊ ပေါက်ကွဲခြင်းမရှိနိုင်ကြောင်း အီလစ်က ရှင်းပြ၏။ အီလစ်က ခလုတ်မနှိပ် ဗုံးမကွဲ ́ဟု ရှင်းပြသည်။

          အီလစ်တင်ပြသော အစီအစဉ်ကို ရာမီက သဘောကျသည်။ ထို့ကြောင့် ရာမီက အီလစ်အား ထိုသို့ဗုံးပြုလုပ်စီစဉ်နိုင်ရန် လက်နက်ရောင်းသည့် ပက်ပီဇီဇီနှင့် တိုင်ပင်ညှိနှိုင်းရန် ဖြစ်နိုင်သလားဟု မေး၏။

          အီလစ်က “ရပါတယ်။ ဖြစ်နိုင်ပါတယ်” ဟု အဖြေပေး၏။ သို့တိုင် ပြဿနာတစ်ခုက ရှိနေသေး၏။ ရာမီက "ကျုပ်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်၊ ဒီမိတ်ဆွေကအခုကိစ္စမှာ ပါဝင်လုပ် ဆောင်ကြမယ့်သူနှစ်ယောက်ဖြစ်တဲ့ အီလစ်နဲ့ ပက်ပီတို့နှစ်ယောက်စလုံးကို တွေ့ ချင်တယ်၊ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူနဲ့ခင်ဗျားကို တွေ့ကိုတွေ့မှဖြစ်မယ်၊ မတွေ့နိုင်ဘူးဆိုရင် မတွေ့ရဘူး ဆိုရင်တော့ ဒီဖောက်ခွဲ လုပ်ကြံမှုကြီးဟာ လုံးဝ ဖြစ်မှာမဟုတ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကျုပ် မိတ်ဆွေဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကျုပ်တို့အခုလုပ်မယ့်ကိစ္စ တစ်ခုလုံးအတွက် လက်နက် ပစ္စည်းဖိုး၊ သုံးရမယ့်ကားတွေရဲ့ အဖိုး၊ လာဘ်ထိုးစရာရှိတဲ့ငွေ၊ အစစ အရာရာ အားလုံး အကုန်အကျတွေအတွက် ငွေထုတ်ပေးမယ့်သူ ဖြစ်လို့ပါပဲ” အီလစ်နှင့် ပက်ပီတို့က သိချင်သည်။ သူတို့က “သူက ကျုပ်တို့နှစ်ယောက်ကို ဘာဖြစ်လို့ တွေ့ချင် ရတာတုံး” ရာမီက တောင်းပန်တိုးလျှိုးသော လေသံဖြင့်'သူ့အနေနဲ့ ခင်ဗျားတို့ပြုလုပ်မယ့်ဗုံးဟာ တကယ်ပေါက်ကွဲနိုင်တဲ့ဗုံး ဟုတ် မဟုတ်ကို သေချာချင်တယ် ပြီးတော့ ခင်ဗျားတို့နှစ်ယောက်လုံးဟာ ယုံကြည်စိတ် ချရတဲ့ လူနှစ်ယောက် ဟုတ်မဟုတ် သေချာချင်လို့ပါ”

          ရာမီက အားတုံ့အားနာလေသံဖြင့် ဆက်၍ “ခင်ဗျားတို့နှစ်ယောက် လုပ်ရမှာကတော့ ဖောက်ခွဲမယ့်ဗုံးကို ယူလာ၊ သူ့ကို ဘယ်လိုဖောက်ခွဲရမယ်ဆိုတာ ရှင်းပြ၊ ပြီးတော့ သူနဲ့လက်တွဲနှုတ်ဆက်၊ သူက ခင်ဗျားတို့ကို အကဲခတ်ပြီးကြည့်မယ်၊ ဒါလောက်ပါပဲဗျာ၊ ဒါလေးလောက်တော့ ခင်ဗျားတို့နှစ်ယောက်စလုံးအတွက် ဝန်မလေးလောက်ပါဘူး၊ ကျုပ်မိတ်ဆွေက ဒီကိစ္စတစ်ခုလုံးအတွက် ငွေကုန်ကြေးကျအားလုံး တာဝန်ယူထားရတဲ့လူမို့ပါ"

          အီလစ်က

          “ကျုပ်ကတော့ ရပါတယ်ဗျာ”

          ပက်ပီကမူ တွန့်ဆုတ်နေ၏။ သူသည် ဤဖောက်ခွဲမှုကိစ္စ လုပ်ရသည့်အတွက် ရမည့်ငွေကို လိုချင်သည်။ သူသည် ငွေရမည်ဆိုလျှင် ဘနဖူးကို သိုက်တူးမည့်သူ ဖြစ်၏။ သို့သော် သူစိမ်းတစ်ယောက်နှင့် တွေ့ရမည်ဆိုသောအခါတွင်မူ နောက်တွန့် နေမိ၏။ အီလစ်က ပက်ပီ၏ နောက်တွန့်နေမှုကို ရိပ်မိပြီးဝင်၍ရှင်းပြ၏။

          “ဒီမယ်ကိုယ့်လူ၊ ဒီကျောင်းသားလူငယ် အကြမ်းဖက်အဖွဲ့လေးဆိုတာ နွေဦး ပန်းပွင့်လေးတွေလိုပဲ၊ ခဏလေးပွင့်ပြီး ပျောက်သွားတတ်တာမျိုးဗျ၊ ရာမီတို့အဖွဲ့ ကလည်း ဘယ်တော့ပျောက်သွားမလဲ မသိဘူး၊ ဒါပေမယ့် ခင်ဗျားက ရာမီတို့ရဲ့ကျောထောက်နောက်ခံ “အဆက်အသွယ်လူ ́ကို သိထားတယ်ဆိုရင် ရာမီတို့အဖွဲ့ မရှိတော့ဘူး ဆိုတဲ့နောက်မှာလည်း လက်နက်အရောင်းအဝယ် ဆက်လုပ်လို့ရတာပေါ့”

          ပက်ပီသည် ထူးချွန်သော် အတွေးအခေါ်ရှိသူတစ်ဦးတော့ မဟုတ်ပါ။ သို့ သော် ဤသို့စီးပွားရေးဆန်စွာ၊ ရှင်းလင်းလွယ်ကူစွာ ရှင်းပြလိုက်သောအခါတွင်မူ ချက်ချင်းသဘောပေါက်သွား၏။ သို့နှင့်

          “ခင်ဗျားပြောတာ မှန်ပါတယ်” ဟုဆိုကာ သဘောတူလိုက်၏။

          ဤတွင် အီလစ်က ရာမီအား သူတို့နှစ်ဦးလုံး ရာသီ၏လူနှင့်တွေ့ဆုံရန် သဘော တူကြောင်း ပြောလိုက်လေ၏။

          ထိုအခါ ရာမီက သူတို့နှစ်ဦးစလုံး လာမည့်တနင်္ဂနွေနေ့တွင် မည်သို့မည်ပုံ တွေ့ဆုံကြမည်ကို အစီအစဉ်ပေး ချိန်းဆိုလိုက်လေ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)