Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်နေဝင်း - မြန်မာဝထ္ထုတို

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
သူ့မယား၊ ဇော်ဂျီ
(၁)

          ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ် လေသည်။ မဖော့သည် မြို့သို့ တက်၍ ကုန်စိမ်း ရောင်းလေ့ရှိရာ နံနက်တိုင်းဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရလေသည်။ အရောင်းရတွင်လျှင် စောစောပြန်လာတတ်၍ အရောင်းရထိုင်းလျှင် နေစောင်းမှပြန်လာတတ်လေ သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက် သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ် သားစိတ်တို့သည် အလိုလိုပေါ်လာတတ် လေသည်။

          မဖော့သည် အရပ်ထောင်ထောင် မောင်း မောင်းဖြစ်သည်။ ဆံပင်မှာ နီကြန်ကြန်ဖြစ်၍ တစ် ထွာသာသာလောက်ရှည်သည်။ သွားအတန်ငယ် ခေါ်သည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမားဖြစ်သည်။ အို. ... ထိုင်စားသမားသက်သက်လည်း မဟုတ် ရှာပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ် သမီးငယ်များကို ထိန်းရသည်။ -

          ကိုဆင်သည် ငယ်စဉ်က သာမဏေဘဝနှင့် ကိုးနှစ်ခန့် နေခဲ့ဖူးသူဖြစ်သဖြင့် စာပေ၌ အတော်အတန်ခေါက်မိသည်။ စိတ်ထား သဘောထားကောင်းသည်။ ရယ်ရယ်မောမောနေတတ်သည်။ အလှူပွဲ၊ မင်္ဂလာပွဲများ တွင် ရှေ့တန်းကပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက်မမြင့်လှ။ ဆံပင်ကောင်းသည်။ နှုတ်ခမ်းမွေးရေးရေးရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။

          သူတို့နှစ်ယောက် ညားကြ၍ သားတစ်ယောက် ရသည်အထိ မဖော့သည် ဈေးလည်းထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက်နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန်မောပန်းလာတတ်သည်။ ကုန်ရှုံးသောအလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းညူသည်မရှိ။

          “အရှေ့ပိုင်းကမင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာသြဘာစကား ပြောပုံကို ညည်းလာပြီးနားထောင်စေချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်၊ ညည်း ယောကျာ်းပညာ ပြည့်ပါတယ်အေ့”ဟု မဖော့၏ သူငယ်ချင်းမတစ်ယောက်က ကိုဆင် ကို ချီးမွမ်းလေသည်။ ထိုအခါ မဖော့သည် အလွန်အားရသည်။ သူ၏စိတ်ထဲတွင် ကျက်သရေအပေါင်းနှင့် ပြည့်လျှမ်းနေသော လင့်၏မျက်နှာကို မြင်လာထင်လာလေ သည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ်အရွယ် သားအကြီးလေးက တံတားမှ ဆီးကြို ၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန် လေသည်။ “မောင်မင်းကြီးသားကြောင့် ဒီသားလေးကို အားထားရပေတယ်”ဟု တွေးမိ လေသည်။

          တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမားတစ်ယောက် ရောက်လာ၍ အိမ်ရှေ့ခုံပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိအား မထီမဲ့မြင်ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိတို့သည် အိမ်တွင်းသို့ ပြေးဝင်ကြလေ သည်။ အိမ်တွင်းက ကိုဆင်လည်း ကပျာကယာထွက်လာ၍ ခုံပြင်တွင် ခါးထောက် ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးနှစ်လုံးသည် ချာခနဲလှည့် ၍ ယိမ်းထိုးသွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားလေသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူကြည့်နေသော မဖော့သည် “မောင်မင်းကြီးသားသာ မရှိ ရင် ဒုက္ခအဖြစ်ပဲ” ဟု တွေးမိပြန်လေသည်။

          မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ်အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ ထက် ခြောက်နှစ်မျှကြီးသည်။

          ကိုဆင်သည် ဤအသက် ဤအရွယ်အထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ် မြောက်မြောက် မလုပ်မကိုင်ခဲ့ဖူးချေ။ “ထဘီနားခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြ လျှင် “အလို ဝေဿန္တရာမင်းကြီးပင်လျှင် မဒီ၏လုပ်စာကို ထိုင်စားသေးတာပဲ”ဟု ရယ်သလိုမောသလို ပြန်ချေလေ့ရှိသည်။ “ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်တာ မနာလို တိုရှည်မဖြစ်ကြနဲ့လေ” ဟုပင် နောက်ထပ်ဆက်လိုက်တတ်သေးလေသည်။ သို့ရာ တွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင်နာရသော်လည်း နာရမှန်းမသိ၊ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်သူပင် သူ ချီးမွမ်းလိုက်သေးသည်။

          မလိုသူတို့သည် စကားအတင်စီးခံကြရသဖြင့် သာ၍ မလိုစိတ်ပေါက်လာ ကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ ကြသည်။ ကိုဆင် အသက်အရွယ်ကြီး လာသောအခါ ပျိုရွယ်စဉ်က အမေးအခံရ၊ အမဲ့အရွဲ့ ခံရသော ဒဏ်ရာများသည် ကိုဆင်၏စိတ်ထဲတွင် ပေါ်လာကြလေသည်။

          ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်း သည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှားဆင်းထွန်ပြန်သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက် လောက် ကုရလေသည်။

 

          အနာကျက်သောနေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ်ပြည့်ပြီ။ အသားအနာက ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစပြုလာပြီ။

          မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းတော်ကြီးကျောင်းသို့ သွားလေသည်။ သားအလတ်နှင့် သမီးအထွေးတို့သည် အိမ်ရှေ့မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ခုံပြင်ဝယ် လက်ဖက် ရည်အဖန်သောက်လေသည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏အဖေသည် လက်သမားသေတ္တာကိုထမ်းကာ ထွက်သွားသည်။ ခြေရင်းအိမ်က မယားမီးယပ်သည်မ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးလေသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မခုတ်နေလေပြီ။

          လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည်အဖန်ကို တစ်ခွက်ပြီးတစ်ခွက် သောက်ကာ ကစားနေကြသော သားနှင့်သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့ တလှုပ်လှုပ်တရွရွ အလုပ်သွားကြ၊ အလုပ်လုပ်ကြသည် တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍မကြည်နူးနိုင်။ ထမင်းအိုးတည်ရမည် ဖြစ်သော သူ၏အလုပ်ကို သူသတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ ကြသောမျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။           

          ထို့ကြောင့် သူတို့ ကို မကြည့်ဘဲ ခေါင်းငုံ့ နေလိုက်သည်။ သူတို့ကိုကားမမြင်ရ။ သို့ရာတွင် သူ့ရှေး ဖြစ်တသီတတန်းကြီးကိုကား သူ့မျက်စိတွင် မြင်နေရသည်။ ရှင် လူထွက်သည့်အခါ မှစ၍ ပိုးပဝါတသသနှင့် လူပေါ်ကြော့လုပ်လာခဲ့ပုံ၊ မဖော့နှင့်ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ပင်တည်း။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝ နှင့် သူမနေချင်။ သူ ရုန်းထွက်ချင်သည်။ သူတွေးသည်မှာ ရဟန်းဝတ်ရလျှင် ကောင်း မည်။ ရဟန်းဖြစ်လျှင် သူထမင်းအိုး တည်ရတော့မည်မဟုတ်။ ရဟန်းဖြစ်လျှင် သူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။ မယား၊ သား၊ သမီးတို့လည်း သူ့ကို မှီ၍ ကုသိုလ်ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ အတွေးကား ဤသို့တည်း။

          ဪ... ထမင်းအိုး တည်စရာရှိပါသေး၏တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့်သမီးတို့လည်း ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင် သည် စားဖိုသို့ဝင်ရလေသည်။ ထိုအချိန်၌ပင် ဈေးတွင် ဈေးရောင်းနေသော မဖော့ သည် ကုန်စိမ်းများကို ရေပို၍ဆွတ်သည်။ အလေးချိန်ပို၍စီးလျှင် အမြတ်ငွေပို၍ ရစရာရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်းဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေလေသည်။ .

          ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကိုကောင်းစွာချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညက ချန်ထားသော ဟင်းနှင့်စားကြ လေသည်။ စားပြီးကြသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ထပ်မံ၍ ကောက်ပြန်လေသည်။ သူ ရဟန်းဖြစ်လျှင် နံနက်တိုင်းမဖော့အိမ်သို့ ဆွမ်းခံလာမည်။ မဖော့ဈေးသို့ မသွားသေးသဖြင့် မဖော့၏မျက်နှာ ကို သူမြင်ရမည်။ သူ့သားသမီးများ၏ မျက်နှာကိုလည်း မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်၊ သေလျှင် မဖော့အပါယ်ကျတော့မည်။ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။

          ဤသို့တွေး၍ ကောင်းနေတုန်းတွင် သားနှင့်သမီးတို့၏ငိုသံကို ကြားလိုက်ရာ အတွေးဆက်ပြတ်သွားလေသည်။ ညီမငယ်က အစ်ကို၏မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကိုငိုလေသည်။ တစ်ဖန် အစ်ကိုက ညီမငယ်၏ ဆံပင်ကိုဆွဲသဖြင့် ညီမငယ်ငို ပြန်လေသည်။

          “နင်တို့ ငါ့ကို အလွန်ဒုက္ခပေးတယ်။ အိမ်ထဲကို လာခဲ့ကြ။ နင်က ဒီတိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာ ချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာပြန်ထိုင်၍ အတွေးကို ပြန်ကောက်လေသည်။ ကောက် ၍မရတော့ချေ။ အတန်ကြာသောအခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့ သည် ငိုက်နေကြသည်။ ကိုအောင်လည်း သမ်းဝေလာလေသည်။

          “ဘယ်ကိုမှ ထမသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် လဲလျောင်း၍ မျက်စိတို့ကိုမှိတ်လေသည်။ ကိုဆင် မျက်စိမှိတ်သည် နှင့် တစ်ပြိုင်နက် ကလေးတို့၏မျက်စိများသည် ကျယ်လာကြသည်။ တစ်ယောက် ၏မျက်နှာကို တစ်ယောက်ကြည့်ကြသည်။ မျက်စိမှိတ်နေသော ကိုဆင်ကိုကြည့် ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ဆင်းကစားကြလိမ့်ဦးမည်။

          မည်မျှကြာသွားသည် မသိ၊ ကိုဆင်နိုးလာသောအခါ မဖော့၏အသံကို ကြားရ လေသည်။ မဖော့၏အသံကြောင့်လည်း ကိုဆင် နိုးလာရခြင်းဖြစ်လေသည်။ မဖော့ သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍ ...

          “ကြည့်စမ်း ဟိုကောင်လေး ဆင်းခဲ့၊ မြန်မြန်ဆင်းခဲ့၊ လိမ့်ကျရင် မခက်ပါလား။ ညီမလေး ဘယ်မှာလဲ”

          “ဟိုကမ်းနားမှာ”

          “အကျိုးနည်းကုန်ပါပြီတော်။ ကိုဆင်၊ ရှင်ဒီလိုပဲ ကလေးတွေကို ပစ်ထားရ သလား။ တယ်တော်တဲ့ အဖေပါလားရှင်”

          ထိုအခိုက်တွင် သမီးလည်း ရွံ့ ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားလည်း မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကိုနင်းမိပြီ။

          ကိုဆင်သည် ကလေးတို့ကို မျက်စောင်းဖြင့်ကြည့်၏။ ကလေးတို့သည် အမေ့ကို ကွယ်နေကြသည်။ “ရော့ ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံးခေါ်သွားလေသည်။ ကိုဆင်သည် စားဖို ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီးလက်များ ရေဆေးပေးသည်။ ထို့နောက် မိမိဝယ်လာခဲ့သော မုန့်ပဲများကို ကလေးတို့အား ထုတ်ကျွေးသည်။ ထို့ နောက် ကြမ်းပြင်ပေါ်တွင် ခြေဆင်း၍ ဆံပင်ကိုဖြေသည်။ ခါးကို ရှေ့သို့ ကုန်း လိုက်သည်။ ထိုအခါ တစ်ထွာသာသာရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။ “အမေ့ကျောကို တံတောင်နဲ့ ကြိတ် စမ်း” ဟုဆိုသဖြင့် သားသည် မုန့်ကိုပါးစပ်ထဲ၌ ကိုက်ကာ အမေ့ကျောကို တံတောင် နှင့်ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်းနေရာ ဆံပင် ဖျားလျားကျနေသော ခေါင်းလည်း ယိုင်ယမ်းနေလေသည်။ မဖော့ကို ကြည့်ရသည် မှာ သရဲအခြောက်ခံနေရသည်နှင့်ပင် တူလှတော့သည်။

          ကိုဆင်သည် မဖော့ကိုမြင်၏။ သက်ပြင်းချ၍ “ငါ သင်္ကန်းဝတ်မှဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ်လောင်းလိုက်ပြန်သည်။ သို့ရာတွင် မယားကို တော်တော်နှင့်မပြောဝံ့သေး။ နှစ်သစ်ကူးချိန်ရောက်မှ ပြောဝံ့၍ သူ့အကြံအထမြောက် သွားလေသည်။

 

          ပြောစဉ်က တစ်လလောက် သင်္ကန်းဝတ်လိုကြောင်းပြော၍ သင်္ကန်းဝတ် သည်။ သို့ရာတွင် သုံးလနီးပါးရှိလာပြီ၊ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော်ရှုဖော်အဖြစ်ဖြင့် လာရောက်နေထိုင်သော မဖော့၏ ဒွေး(ထွေး)လေးသည် သူ၏သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေး က “ဦးပဉ္စင်း ဘယ်တော့လူထွက်မှာလဲ” ဟု မေးလျှောက်လေသည်။ ဦးပဉ္စင်းသည် မေးလျှောက်သည်ကိုမဖြေ။ သင်္ကန်းအရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိ ဂါထာများကို ရွတ်ဆို၍ တရားဟောလေတော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး ၏နားသို့ ထိုတရားမဝင်။ သူ့ကို မတရားသဖြင့် အိမ်ပေါ်မှာခေါ်ထားသည်ဟု အောက်မေ့ ၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်းကြွသွားသောအခါ ဒွေးလေးသည်