Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - အငိုအစအပြုံးအလယ်အရယ်အဆုံး

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အခန်း (၁)

          အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသရှိ ပြည်နယ်တစ်နယ်မှ မြို့ တစ်မြို့တွင် ဖြစ်သည်။ မြို့ပေါ်တွင် ခေတ်မီတက္ကသိုလ်တစ်ခုရှိနေပြီ ဖြစ်သော် လည်း မြို့တော်ခန်းမကတော့ ခေတ်မမီတော့သည့် အဆောက်အအုံတစ်ခု ဖြစ်နေသည်။ မြို့တော်ခန်းမ၏စင်္ကြံလမ်းသည် ရှည်လျားသော်လည်း အလင်း ရောင် ကောင်းကောင်းမရ။ နံရံတွင် ကပ်ချထားသော ခုံတန်းလျားများပေါ် တွင် အမှောင်ရိပ်သည် ကျဆင်းလျက်ရှိ၏။ ခုံတန်းလျားတစ်လုံးစီ၏ ဘေးနား တွင် ကြေးထွေးခံတစ်လုံးချင်း စီချထားသည်။ ဆေးရွက်ကြီး ငုံသူ၊ ဝါးသူ အနည်းငယ်မျှသာ ရှိတော့သည့်ခေတ်ရောက်နေပြီဖြစ်သော်လည်း ကြေးထွေးခံ များ ချပေးထားသည့် စနစ်ကတော့ မပျောက်သေး။

          ခုံတန်းလျားတစ်လုံးပေါ်တွင် ကားလ် အမည်ရှိ လူငယ် ယောက်ျား လေးတစ်ယောက်နှင့် အင်နီ အမည်ရှိ မိန်းကလေးတစ်ယောက် ထိုင်နေကြ သည်။ အင်နီဘေးတွင် အသစ်စက်စက် အနီရောင် လက်ဆွဲသေတ္တာတစ်လုံး ချထားသည်။ အင်နီသည် သေတ္တာကလေးပေါ်တွင် အလွန်မြတ်နိုးတွယ်တာ ဟန်ရှိ၏။ မကြာခဏ သူ့လက်နှင့် ကိုင်ကြည့်လေ့ရှိသည်။ ကားလ်ကတော့ စီးကရက်တစ်လိပ် ဖွားလျက်ရှိလေသည်။

          ကားလ်ဘရောင်းသည် သူ့ဘဝကို ကာလ်တန် ဘရာယမ်အမည် ဖြင့် စခဲ့ရခြင်းဖြစ်၏။ ကာလ်တန်ဟူသော အမည်မှာ သူ့အဖေ၏ အလုပ်ရှင် နာမည်မှလာခြင်း ဖြစ်သည်။ သူ့အဖေ မစ္စတာ ဘရာယမ်သည် အသက် ဆယ့်နှစ်နှစ်သားကတည်းက မစ္စတာ ကာလ်တန်ထံ၌ အလုပ် လုပ်လာခဲ့သူ ဖြစ်သည်။ အလုပ်က ကြမ်းတမ်းသည်။ လုပ်ရသည့် အချိန်နာရီက ရှည်လျား သည်။ ပေးထားသည့် လုပ်ခက အဆမတန် နည်းသည်။

          မစ္စတာ ဘရာယမ်က လုပ်ခတိုးပေးဖို့ ကောင်းသည့်အခါတိုင်း မစ္စတာ ကာလ်ကန်သည် မစ္စတာ ဘရာယမ်၏ ပခုံးကို တရင်းတနှီးဖက်ကာ “မပူပါနဲ့ သားရယ်” ဟူသော စကားကို ပြောတတ်သည်။ “ဒါတွေအတွက် ငါ့တာဝန် ထားစမ်းပါ” ဟူသော သဘောမျိုးကိုလည်း ဆိုတတ်၏။ သူ သေသွားသည့် အခါ သူ့အာမခံသေတ္တာထဲရှိ စာချုပ်များပေါ်၌ ဝီလျံ ဘရာ ယမ်အား တစ်ခုခု ပေးဖို့တော့ ရေးသွားလိမ့်မည်ဟု ယူဆရ၏။

          မစ္စတာဘရာယမ်က မွေးသည့် သားငယ် ခြောက်နှစ်သားအရွယ်တွင် အလုပ်ရှင် မစ္စတာကာလ်တန်ကွယ်လွန်သည်၊ တာဝန်ရှိသူများက ကာလ်တန် ၏ အာမခံသေတ္တာကို ဖွင့်ကြည့်သည့်အခါ ဝီလျံဘရာယမ်အတွက် ဘာမှ မှာထားခဲ့သည်ကို မတွေ့ကြရ၊ မစ္စတာဘရာယမ်သည် မျှော်လင့်ထားသလို ဖြစ်မလာသဖြင့် စိတ်ထိခိုက်ခဲ့ရသည်။ သူ့ သားငယ်အားပေးထားသည့် “ကာလ် တန်” နာမည်အစား ကားလ်” ဟူသော နာမည်ကို အစားထိုးလိုက်သည်။

          ထို့နောက် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသည်။ လမ်းပေါ်၌ လူအများ စုဝေးကာ “ကိုင်ဇာဘုရင် ကျဆုံးပါစေ” ဟု အော်ဟစ်နေကြသည်။ ထိုအခါ ဂျာမနီနိုင်ငံ၌ မွေးဖွားကြီးပြင်းလာခဲ့ရသော မစ္စတာဘရာယမ်သည် သူ့နာမည် ကို “ဘရောင်း'ဟု ပြောင်းလိုက်လေရာ သူ့သားငယ်သည် “ကားလ်ဘရောင်း” ဟူသော အမည်ကို ရရှိလာခဲ့ရလေ၏။

          အင်နီကတော့ ထိုကဲ့သို့ မဟုတ်ပေ၊ ဂျာမနီနိုင်ငံသူဖြစ်သော အဘွား ဘက်မှ မျိုးရိုးနာမည်ကို ဆက်ခံခဲ့ရခြင်းဖြစ်၏၊ သူ့ အဘွား၏ နောက်ဆုံး အမည်မှာ မက်ဂေရီ” ဖြစ်သဖြင့် သူ့နာမည်သည် အင်နီ မက်ရီ ဖြစ်လာ ရခြင်းဖြစ်၏။ အမှန်တော့ သူ့အဖေဘက် ဂျာမန်သွေးနွယ်သော်လည်း သူ့အဖေ သည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့၌ ဖွေးဖွားခဲ့သူ ဖြစ်လေသည်။

          ကားလ်သည် လူချောလေးတစ်ယောက် ဖြစ်သည်။ အရပ်မြင့်မြင့်၊ ဆံပင်ရွှေရောင်း ယောက်ျားပီသသည့် မျက်နှာပိုင်ရှင် ဖြစ်၏။ တည်ငြိမ်လွန်း သော မျက်နှာလေးကြောင့် သူ့အား အများက အသက် နှစ်ဆယ်ကျော်ပြီဟုထင်ကြသည်။ အမှန်တော့ သူ့ အသက်သည် နှစ်ဆယ်နီးပါးမျှသာ ရှိပေသေး သည်။ သူ့ကိုယ်တွင် ဆင်ထားသည့် အဝတ်များသည် အပေါစား ချုပ်ထည် များ ဖြစ်သော်လည်း သပ်ရပ်ခံ့ညားအောင် ဝတ်ဆင်ထားသည်။ အားလုံးကို ခြုံကြည့်လိုက်သည့်အခါ ကားလ်သည် ဆွဲဆောင်မှုအပြည့်ရှိနေသော လူငယ် တစ်ယောက်ဖြစ်၏။

          အင်နီမှာ အသက် ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သော်လည်း သူ့ညီမထံမှ ငှား ဝတ်လာသည့် အဝတ်များကြောင့်လား မသိ၊ အသက် ဆယ့်လေးနှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် တူနေသည်။ သူသည် အရပ်ပုပု ကိုယ်လုံး ကိုယ်ထည် သေးသွယ်သွယ်၊ ချောမွတ်လှပသော အသားအရေနှင့် နုနယ်သောမိန်းကလေးဖြစ်သည်။ ပြာလဲ့လဲ့မျက်လုံးအစုံသည် ဆွေးရိပ်၊ လွမ်းရိပ် များ သန်းလျက်ရှိ၏။ ရုတ်တရက်ဆိုလျှင် သူလိုငါလို ရွက်ကြမ်းရေကျိုး ရုပ်ရည်မျိုး ဖြစ်သဖြင့် ဘယ်သူကမှ ဂရုပြုမိကြလိမ့်မည် မဟုတ်ပေ။ သို့သော် လည်း သူ စကားပြောလိုက်သည့်အခါတွင်မူကား လူတိုင်းလိုလိုပင် သူ့အပေါ် အာရုံစူးစိုက်သွားတတ်ကြလေသည်။

          လူငယ်နှစ်ယောက်သည် ပူးပူးကပ်ကပ် ထိုင်နေကြခြင်း ဖြစ်၏။ ပြီးတော့ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြသည်။ သူတို့ သည် လက်ထပ်ရန်စောင့်နေကြခြင်းပေတည်း။ ကားလ်သည် သောက်လက်စ စီးကရက်တိုသွားတိုင်း ထွေးခံထဲသို့ ပစ်ထည့်သည်။ မကြာခဏ ရဲခနဲမြည်သံ ကို ကြားရဘက်သည်။ ထိုအခါတွင် အင်နီက ကားလ်၏လက်ကို ဆတ်ခနဲ ညှစ်ကာ “ဘာလဲ စိတ်တွေ သိပ်လှုပ်ရှားနေသလား” ဟု တီးတိုးလေသံဖြင့် မေးလေ့ရှိသည်။

          “ဟင့်အင်း....၊ ဘာမှ မဖြစ်ပါဘူး။ အင်နီကော ဘယ်လိုနေသလဲ” ဟု ကားလ်က ပြန်မေးသည်။ ထိုအခါ အင်နီက “သိပ်တော့ မဖြစ်ပါဘူး၊ နည်းနည်းပါးပါးတော့ ဖြစ်တယ်” ဟု ဖြေသည်။

          ထိုအခိုက်တွင် သူတို့ဆီသို့ စာရေးမတစ်ယောက် လျှောက်လာနေ သည်ကို မြင်သဖြင့် ကားလ်က ထရပ်လိုက်သည်။ “ကျွန်တော်တို့ အချိန် အကြာကြီး စောင့်နေရမှာလား” ဟု သူ့ လက်ပတ်နာရီကို ငုံ့ကြည့်ပြီး ပြော သည်။ “ကျွန်တော်တို့ ဘောလုံးပွဲ မမီမှာ စိုးလို့ပါ”

          “တရားသူကြီး ကယ်လာမတ်စ်က စနေနေ့ဆိုရင် လာလေ့ မရှိဘူး”

          ဟု စာရေးမက ပြန်ပြောသည်။ “ဒါပေမဲ့ မင်းတို့ကိစ္စကိုတော့ ခြွင်းချက်အဖြစ် ထားပါတယ်။ နောက်မိနစ်အနည်းငယ်လောက်ဆိုရင် ရောက်လာမှာပါ။ မင်းတို့က ဘယ်ကလဲ”

          “ဘရွတ်ကလင်းမြို့ကပါ” ဟု ကားလ်က ပြောသည်။ “ဒါပေမဲ့ ကျွန်တော်က ဒီကို ရောက်နေတာ တစ်နှစ်နီးပါး ရှိသွားပြီ”

          “သူက ကောလိပ်ကျောင်း တက်နေတာ” ဟု အင်နီက ဂုဏ်ယူသော လေသံဖြင့် ဝင်ပြောသည်။ ။

          “ဥပဒေ သင်တန်းပါ” ဟု ကားလ်က ပြောသည်။

          “ကောင်းတာပေါ့”

          ဟု စာရေးမက အလိုက်သင့် ပြန်ပြောပြီး အင်ဖို့ ဘက် လှည့်မေးသည်။

          “မင်းကကော ဒီကို ရောက်တာ...”

          “နှစ်နာရီပဲ ရှိသေးတယ်”

           ဟု အင်နီက ပြန်ပြောသည်။

          “သူက ဒီနေ့မှ နယူးယောက်ကနေပြီး မီးရထားနဲ့ ရောက်လာတာ ပါ”

          ဟု ကားလ်က ရှင်းပြသည်။

          “ဒါဆိုရင်တော့ တို့များရဲ့ အနောက်အလယ်ပိုင်းဒေသဟာ မင်းမျက်စိ ထဲမှာ စိမ်းနေဦးမှာပေါ့ ”

          “အို..မဖြစ်ပါဘူး၊ ကျွန်မက “ဝိုင်စ်ဘတ်ဂ် အိုဟိုင်းယိုးနဲ့ မိန်းစထရိ” စာအုပ်တွေ ဖတ်ခဲ့ဖူးတယ်။ ဒါကြောင့်မို့ ကျွန်မ မျက်စိထဲမှာ အနောက် အလယ်ပိုင်း မြင်ကွင်းဟာ ဘရွတ်ကလင်းနဲ့ ဘာမှကွာခြားမှုမရှိပါဘူး”

          စာရေးမသည် အင်နီအား လူထူးဆန်း တစ်ယောက်ကို ကြည့်သည့် နှယ် ငေးကြည့်နေသည်။ “ဪ.. ဟုတ်လား.....” ဟု နှုတ်မှ ရေရွတ်လို သော်လည်း သူ့အသံသည် တစ်စုံတစ်ခုကို ဝေခွဲမရ၍ စိတ်ရှုပ်နေသည့်လေသံ ဖြစ်၏။ ရုံးခန်းဘက်သို့ ပြန်သည့်အခါ နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး “တရားသူကြီးက ရောက်တော့လာမှာပါ၊ သူ့မှာလည်း မမျှော်လင့်တဲ့ ပြဿနာ လေးတွေ ရှိနေလို့ ရုတ်တရက် ပေါ်မလာတာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

          “ကျွန်တော် နားလည်ပါတယ်” ဟု ကားလ်က ပြန်ပြောသည်။

          အင်နီသည် စဉ်းစားရခက်နေသည့် ပုံမျိုး ဖြစ်နေသည်။ “ဒီမယ် ကားလ်... အင်နီ စကားပြောတာ အမှားတစ်ခုခုပါနေသလား” ဟု စိုးရိမ် မကင်းသည့် လေသံဖြင့် မေးသည်။

          “မပါ ပါဘူး အချစ်ရယ်” ဟု ကားလ်က ဖြေသည်။ သူ့အနေဖြင့် အမှန်အတိုင်း မပြောချင်။ တကယ်တော့ စာရေးမသည် အင်နီ၏ စကားပြောပုံ လေယူလေသိမ်းကို အံ့သြကာ ငေးမောသွားခြင်း ဖြစ်၏။ အင်နီသည် ယခုအချိန်အထိ အင်္ဂလိပ်စကားပြောတိုင်း အိုင်းရစ်သံပေါက်ကာ ဝဲနေသည် မဟုတ်ပါလား။

          အင်နီသည် ကားလ်၏အမူအရာကိုကြည့်ကာ အခြေအနေကို ရိပ်မိ သည်။ “သူကကော ဘယ်လောက်များ ပီလို့လဲ။ သူ စကားပြောနေတဲ့ အသံ ကလည်း ရယ်စရာ ကောင်းတာပဲ” ဟု မလိုတမာသံဖြင့် ရေရွတ်သည်။

          “သူတို့နဲ့ စကားပြောဖန်များလာရင် နားထောင်ရတာ ကျင့်သားရ သွားမှာပါ အချစ်ရယ်။ ကြာလာရင် မင်းလည်း သူတို့လို ပီပီသသပြောနိုင် လာမှာပါ”

          ဟု ကားလ်က ပြောသည်။

          အင်နီကတော့ မကျေနပ်။ “တစ်ခါတလေ စကားပြောရင် အသံထွက် မမှန်တာ အင်နီ သိတယ်။ ဒါပေမဲ့ အင်နီက ပေါ့ပေါ့တန်တန် မနေဘူး။ အမြဲ သတိထားပြီး လေ့ကျင့်နေတာပါ။ အင်နီက ဘာကိုပဲ သင်သင် မြန်မြန် သိလွယ် တတ်လွယ်တယ် သိလား”

          အင်နီသည် နှုတ်ခမ်းကို စူထားသည်။ 'ဘာလဲ၊ ကားလ်က အင်နီ အတွက် ရှက်နေသလား” ဟု မေးရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ချက်ချင်းပင် သူ့စိတ်သူ ထိန်းကာ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ “ကားလ်က အင်နီအတွက် စိတ်ပူနေသလား” -

          “စိတ်ပူရမယ် ဟုတ်လား၊ ဘာပြုလို့ စိတ်ပူရမှာလဲ အင်နီရယ်၊ မင်းက တော်ပြီးသားပဲ ဟာ”

          “မလှောင်ပါနဲ့၊ ရပါတယ် ကားလ်ရယ်၊ အင်နီက ရှစ်တန်းအထိပဲ ကျောင်းနေခဲ့ရတာဆိုတော့ အထင်သေးမှာပေါ့။ ဒါပေမဲ့ စောင့်ကြည့်ပါ၊ အင်နီ လေ့လာပြမယ်”

          “သိပ်ပြီးတော့လည်း မလေ့လာလိုက်ပါနဲ့ကွယ်၊ ကိုယ်က ကိုယ့်မိန်းမ ကို လိုက်မမီတဲ့လူ ဖြစ်သွားမှာ စိုးလို့ပါ။ ပြီးတော့ ကိုယ်က မင်းကို အခုပုံစံ အတိုင်းပဲ မြင်ချင်ကြည့်ချင် ချစ်ချင်တယ်” ပြောပြောဆိုဆို ကားလ်က အင်နီ၏ ပါးတစ်ဖက်ကို ခပ်ဖွဖွလေး နမ်းသည်။

          “စောင့်ရတာ သိပ်ကြာတာပဲ၊ အင်နီ စိတ်မရှည်ချင်တော့ဘူးကွာ၊ အခုဘယ်နှနာရီ ထိုးပြီလဲ...ဟင်”

          “ဆယ့်တစ်နာရီ ထိုးပြီးလို့ ဆယ်မိနစ်တောင် ရှိသွားပြီ။ ခွကျတာပဲ ကွာ။ ဘောလုံးပွဲက တစ်နာရီခွဲ စ ကန်မှာ၊ ကိုယ်တို့ နေ့လယ်စာ စားဖို့က ရှိသေးတယ်”

          “အင်နီလည်း ဘောလုံးပွဲတော့ မီချင်တယ်” ဟု အင်နီက ပြောသည်။

          “အင်နီလေ ဘောလုံးပွဲကို တစ်ခါမှ မကြည့်ဖူးဘူး။ အခုပွဲဟာ အင်နီ ပထမ ဆုံး ကြည့်ရမယ့်ပွဲပဲ”

          အင်နီသည် သူ မီးရထားပေါ်မှ ဆင်းလျှင်ဆင်းချင်း သူ့ ကုတ်အင်္ကျီ ရင်ဘတ်၌ ကားလ် ထိုးပေးထားခဲ့သည့် အဝါရောင် ဂန္ဓမာပန်းပွင့်ကို လက်နှင့် အသာအယာပွတ်နေသည်။ ကားလ်က ပေးထားသည့် အပြာရောင်အလံ ကလေးကို မြှောက်၍ သုံးလေးချက်မျှ ဝှေ့ယမ်းလိုက်သည်။ ပါးစပ်မှလည်း တီးတိုးလေသံဖြင့် “ရား.. ရား... ရား..”ဟု ရေရွတ်လိုက်သည်။

          ထိုအခိုက်တွင် စောစောက စာရေးမ ရောက်လာပြီး တရားသူကြီး ရောက်နေပြီဟု သတင်းပေးသည်။ သူတို့သည် ဝမ်းသာအားရ ထလိုက် သွားကြသည်။

          သေးငယ်ကျဉ်းမြောင်းသော ရုံးခန်းလေးထဲတွင် တရားသူကြီး တစ်ယောက်တည်းနှင့် ပြည့်နေသည်ဟု ထင်ရသည်။ အင်နီသည် သူ ရုပ်ရှင် ဇာတ်ကားများထဲ၌ မြင်ခဲ့ရဖူးသလို ဝတ်ရုံရှည်ကြီး ဝတ်ထားသည့် လူကြီး တစ်ယောက် ထိုင်နေသည်ကို တွေ့ ရလိမ့်မည်ဟု မျှော်လင့်ခဲ့မိ၏။ အခုတော့ သူ ထင်သလို မဟုတ်။ သူ မြင်နေရသော တရားသူကြီးသည် ဘောင်းဘီ ရှည်ပွပွကြီးကို ဝတ်ထားသည်။ ကုတ်အင်္ကျီကြယ်သီးများကိုပင် တပ်မထား။တရားသူကြီးသည် စာရေးမအား တစ်နေရာသို့ လွှတ်၍ မစ္စဗွီ ဆိုသူ အား အခေါ်ခိုင်းသည်။ လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးဖို့ သက်သေ တစ်ဦး လိုနေသေးသည် မဟုတ်ပါလား။ ရုံးခန်းထဲမှ စာရေးမ ထွက်သွား သည့်အခါ တရားသူကြီးသည် ကားလ်ထံမှ လက်ထပ်စာချုပ်ကို တောင်းယူ ပြီး ကောင်တာနောက်သို့ လျှောက်သွားသည်။

          တရားသူကြီးသည် မျက်မှန်ကိုတပ်ကာ စာချုပ်ကိုဖတ်သည်။ တစ်လုံး ချင်းစီ စေ့စေ့စပ်စပ်ဖတ်နေခြင်းဖြစ်သည်။ ဖတ်နေရင်းမှာလည်း တစ်ချီ တစ်ချီ တွင် ခေါင်းကိုမော့၍ ကားလ်ကိုကြည့်လိုက် အင်နီကို ကြည့်လိုက် လုပ်သည်။

          ဤနှစ်ယောက်တွင် ဘယ်သူတရားခံလဲဟု စူးစမ်းနေသည့်နှယ် ရှိသည်။

          အင်နီ၏စိတ်သည်ပျံ့လွင့်နေသည်။ “အခုဖြစ်နေတာတွေဟာ တကယ် မှ ဟုတ်ရဲ့လား” ဟု တွေးသည်။ “ဘယ်မှာလဲ၊ သတို့သမီးဝတ်တဲ့ အဖြူရောင် ဝတ်စုံ..။ ဘုရားရှိခိုးကျောင်းလည်း မရှိပါလား..။ စန္ဒရားတီးသံလည်း မကြား ရဘူး..။ မေမေကော ဘယ်ရောက်နေလဲ...။ ဝမ်းသာလွန်းလို့ မျက်ရည် စက်လက်ဖြစ်နေတဲ့ မေမေ့ကိုလည်း မတွေ့ရဘူး”

          ဘုရားသခင်ကတော့ သိကောင်းပါရဲ့ ဟု တွေးသည်။ ထို့ အနေနဲ့ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ချင်လွန်းလို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ငါ့အနားမှာ မေမေရော...၊ ငါ့ မောင်လေးတွေရော... ရှိနေအောင် လုပ်ခဲ့တာပဲ။ ပြီးတော့ အာလင်းကို သတို့သမီးရဲ့ အပျိုရံအဖြစ်နဲ့ ပွဲထုတ်ဖို့ စိတ်ကူးခဲ့တာ ပါ။ ငါ မေမေ့ကို ပြောခဲ့သားပဲ။ ဒါပေမဲ့.....။

.           “မေမေ၊ သမီး ဆယ့်ရှစ်နှစ် ပြည့်တော့မယ်။ ကားလ်နဲ့ သမီး လက် ထပ်ချင်တယ်” ။

          “ပေါက်ကရတွေ မပြောနဲ့၊ နင်ဟာ ကလေးပဲ ရှိသေးတယ်”

          “သမီး ဆယ့်လေးနှစ်ပြည့်ကတည်းက ကလေးမဟုတ်တော့ဘူး။ အဲဒီ အသက်ကတည်းက သမီး အလုပ် လုပ်ခဲ့တာ။ သမီး လက်ထပ်ရင် ဘုရားရှိခိုး ကျောင်းမှာပဲ လက်ထပ်ချင်တယ်။ အမေလည်း အနားမှာ ရှိစေချင်တယ်”

          “နင် အဲဒီ စိတ်ကူးကို နှင့်ခေါင်းထဲက ထုတ်ပစ်ရမယ်။ နင် ဘုရား ရှိခိုးကျောင်းမှာလည်း လက်မထပ်ရဘူး။ တခြား ဘယ်နေရာမှာမှ လက် မထပ်ရဘူး”

          “မေမေရယ်..၊ သမီးကို တရားရုံးမှာ တစ်ယောက်တည်း လက်ထပ် ရအောင်တော့ မလုပ်ပါနဲ့”

          “တွေ့ကရာတွေ လာပြောမနေနဲ့ ။ နင် အဲဒီကောင်လေးနဲ့တွေ့တာ တစ်နှစ်တောင် မရှိသေးဘူး”

          “သူ မနှစ်က တစ်နွေလုံး ဒီမှာ ရှိနေခဲ့တာပါ မေမေရယ်”

          “ဪ...ဟုတ်လား။ နင်က အမေကို အသိမပေးဘဲ ဒီကောင်လေးနဲ့ ချိန်း ချိန်းပြီး ထွက်နေတယ်ပေါ့လေ၊ ဟုတ်လား”

          “သမီး မေမေ့ကို မပြောတာက မေမေ ဒန်း ကို ပြောလိုက်မှာ ကြောက် လို့ပါ မေမေရယ်”