Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - သွေးကန္တာရ

Regular price 9,500 MMK
Regular price Sale price 9,500 MMK
Sale Sold out

အဖွင့်

`          ဘုရားသခင်သည် မျက်လုံးအစုံကိုပင့်၍ ကြည့်လိုက်သည်။ သဲကန္တာရ ကြီးအား အစဉ်အမြဲ တထိန်ထိန်တည်းဖြစ်ကာ လှုပ်ရှားထကြွနေသည့် ကြက်သွေးရောင် ပင်လယ်ပြင်ကြီးအဖြစ်သို့ အသွင်ပြောင်းလိုက်ခြင်း ဖြစ်လေ သည်။

          အမြဲတစေ နေရာရွှေ့ ပြောင်းနေကြသော သဲများသည် မျှော်စင်ကြီး များသဖွယ် မြင့်မားလှသည့် သဲတောင်ကုန်းများဆီမှ လွင့်ထွက်ကာ ကုန်း တန်းများ၊ သဲချောင်းများနှင့် ထန်းရိုင်းပင်များဆီသို့ ဝှေ့ယမ်းပက်ဖျန်း နေကြ သည်။ စမ်းရေများဖြင့် သာယာအေးမြလျက်ရှိသော အိုအေစစ်အရပ်သည် ဂျာမန်နည်းပညာရှင်များနှင့် သူတို့၏လစ်ဗျားလက်ထောက်များ နေထိုင်ရာ ဆက်သွယ်ရေးနောက်ဆက်တွဲယာဉ်တစ်စီးနှင့် ရွက်ထည်တဲများအား အုပ်မိုး ကာကွယ်ပေးထားသည်။

          မီးဖိုများတွင် ဝိုင်းထိုင်ပြီး မီးလှုံနေကြသော စီဝမ်လူမျိုးစုနွယ်ဝင် ဘက်ဒိုအင်များသည် ဆိတ်နို့ ထောပတ်သုတ် ပေါင်မုန့်များကို စား၍ လက်ဖက်ရည်ပူပူကို သောက်နေကြသည်။ အမှတ် ဆယ့်ခြောက် ထရီပိုလီတပ်မဟာမှ အရာရှိများသည် ဆိုဗီယက်လုပ် တစ်ယောက်ထိုင်ခုံများပေါ်၌ ထိုင်ကာ ပြင်သစ် စီးကရက်များကို ဖွား၍ ကင်သန်ကော်ဖီကို သောက်နေ ကြသည်။

          အိုအေစစ် တစ်ဖက်အစွန်တွင် သီးခြားခွဲ၍ အနက်ရောင် ဆိတ်ရေဖြင့် ဆောက်ထားသော ရွက်ထည်တဲတစ်လုံး ရှိသည်။ ထိုတဲကို လက်နက်မျိုးစုံ အများအပြား ကိုင်ဆောင်ထားသည့် ကျားသစ်ကွက် ယူနီဖောင်းဝတ် အမျိုးသမီး ဆယ့်သုံးဦးက ဝိုင်းရံစောင့်ကြပ်လျက် ရှိ၏။

          ရုတ်တရက် ရွက်ထည်တဲတံခါး ဖွင့်သွားပြီး တစ်ကမ္ဘာလုံး၏ အန္တရာယ် အများဆုံးသော လူတစ်ယောက်သည် သဲကန္တာရ၏ အရုဏ်အလင်းရောင် တွင်းသို့ ခြေလှမ်းများကို ခပ်ကျဲကျဲ လှမ်း၍ ထွက်လာသည်။ သူ့ကိုယ်တွင် ခရီးသွား ဆာဖာရီဝတ်စုံ ဝတ်ထားပြီး ခြေထောက်တွင် ဘွတ်ဖိနပ်ကြီးများ စီးထားသည်။ တပ်ထားသည့် မျက်မှန်သည် သူ့မျက်လုံးအစုံအား ဖြည်း ဖြည်းချင်း တက်လာနေသော နေရောင်မှ ကာကွယ်ပေးထားသည်၊ သူ့ခေါင်း တွင် အနီရောင် ကဖာပဝါကိုပတ်၍ စည်းထားသည်။ ထူးခြားသော ဥပဓိ ရုပ်ပိုင်ရှင်၊ ရေနံကြွယ်ဝသော အမျိုးသားတို့၏ခေါင်းဆောင်သည် သူ့ ကိုယ်ရံတော်တပ်ဖွဲ့ မှ အမျိုးသမီး ဗိုလ်ကြီးအား ပြုံး၍ နှုတ်ဆက်သည်။ စကားတစ်ခွန်း နှစ်ခွန်းပြောသည်။ ဘုရားဝတ်ပြုသည့်အခါ ထိုင်သည့် ထိုင်ဖို့ကော်ဇောကို လက်တစ်ဖက်ဖြင့်ဆွဲကာ ခပ်တိမ်တိမ် သဲချောင်းတစ်ချောင်း ကို ဖြတ်၍ မြင့်မားသော သဲတောင်ကုန်းတစ်ကုန်းပေါ်သို့ သွက်လက် ဖျတ်လတ်စွာ တက်သွားသည်။

          သဲတောင်ကုန်းထိပ် ရောက်သွားသည့်အခါ အချိန်အတန်ကြာမျှ မလှုပ်မယှက်ရပ်ကာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ မျှော်ကြည့်နေသည်။ ကြီးမားကျယ်ပြန့်လှသော သဲကန္တာရ၏ နယ်မြေဒေသ ရှုခင်းသည် ဟိုတစ်စု သည်တစ်စု တည်ရှိနေကြသော ရေနံတူးသံ မျှော်စင်ကြီးများနှင့် လိုက်ဖက် ခြင်းမရှိ။ ကြည့်ရသည်မှာ အရုပ်ဆိုးအကျည်းတန်လျက် ရှိ၏။ ပိုလျှံ သဘာဝဓာတ်ငွေ့များ ရှိထားသည့် လိမ္မော်ရောင်မီးတောက်မီးလျှံများသည် တထိန်ထိန် တညီးညီး တောက်လောင်လျက် ရှိကြသည်။

          အာလာဘုရားသခင်သည် လစ်ဗျားနိုင်ငံ ပြည်သူများအား အဆမတန်များပြားလှသည့် ဥစ္စာဓနများကို ချီးမြှင့်ခဲ့ရုံမျှမက သဒ္ဓါတရား ကြီးမားစွာ ဖြင့် ရက်ရက်ရောရော ချီးမြှင့်ပေးအပ်ထားခဲ့သော ဘုရားသခင်၏ ယင်း ပစ္စည်းများကို တာဝန်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ပေးသွားရန် “မူအမ်မာ အယ်လ်ကဒါဖီ” ဟုခေါ်သော မိမိလက်ထဲသို့ ယုံကြည်စိတ်ချစွာဖြင့် အပ်နှံ ထားခဲ့သည် မဟုတ်ပါလား။ ။

          ကံကြမ္မာသည် မြောက်အာဖရိက နိုင်ငံကိုဖြတ်၍ အတ္တလန္တိတ်သမုဒ္ဒရာ မှ ပင်လယ်နီအထိ။ ထိုမှတစ်ဆင့် အခြားတစ်ဖက်ရှိ ပါကစ္စတန်နိုင်ငံအထိ ကျယ်ပြန့်သော အစ္စလာမ်အင်ပါယာကြီးတစ်ခု ဖန်တီးတည်ဆောက်ရန် သူ့အား ရွေးချယ်ထားခဲ့၏။ ထို့ကြောင့်လည်း သိုးထိန်းတစ်ယောက်၏ သားဖြစ်သောသူသည် အာရပ်လူမျိုးအားလုံးကို စုစည်းပြီး ဂျေရုဆလင် မြို့တော်အထိ ဦးဆောင်၍သွားရပေလိမ့်မည်။ အလွန်ကြီးကျယ်မြင့်မြတ် ပြီး ကျက်သရေမင်္ဂလာအပေါင်းခညောင်းသည့် ထိုနေရာတွင် သူ့အား အာရပ်အမျိုးသားတစ်ရပ်လုံး၏ ကယ်တင်ရှင်အဖြစ် ထုတ်ဖော်ကြေညာ ခြင်း ခံရလိမ့်မည်ဖြစ်၏။

          ထိုအချိန်အခါတွင် ပါလက်စတိုင်းနိုင်ငံ၌ ဂျူးလူမျိုးများ အခြေစိုက် ရေးဝါဒီအားလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက် မီးလျှံများ၏ ဝါးမျိုခြင်းကို ခံကြရလိမ့်မည်။ သူတို့၏မြို့အားလုံး မီးခိုး မီးငွေ့များကြားတွင် ပြာကျသွားကြလိမ့်မည်။ သူတို့လူမျိုးအားလုံး အပျက် အစီးများကြား၌ ဖုတ်သွင်းသဂြိုဟ်ခြင်း ခံကြရလိမ့်မည်။ နှစ်ပေါင်း နှစ်ဆယ့် တစ်နှစ်အတွင်း ချမှတ်ထားခဲ့သည့်စီမံကိန်းများသည် အကျိုးဖြစ်ထွန်းမှုများ ပေါ်ပေါက်လာပေတော့မည်။ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလာခဲ့ရသော ဤနှစ်များအတွင်း သူသည် ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးဆေးဆေး နေခဲ့သည်မဟုတ်။ နိုင်ငံပေါင်း လေးဆယ့်ငါးနိုင်ငံအတွင်း၌ ဖြစ်ပေါ်တည် ရှိနေသည့် တော်လှန်ပုန်ကန်မှု ဟူသမျှကို ထောက်ခံခဲ့သည်။ ကူညီအားပေး ခဲ့သည်။ ဤသို့ဖြင့် မဟာစေတန်ခေါ် မာရ်နတ်ကြီး၏ ပြင်းထန်သော ဒေါသ ကိုပေါက်ကွဲအောင် ပြုလုပ်ခဲ့မိ၏။

          အမေရိကန်များသည် ဆီဒရာပင်လယ်ကွေ့ ကိစ္စတွင် သူ့အား - စိန်ခေါ်ခဲ့ကြသည်။ ၁၉၆၈ ခုနှစ် ဧပြီလထဲတွင် အမေရိကန်တို့က ထရီပိုလီမြို့တော်ကို ဗုံးကြဲခဲ့ကြသည်။ ထိုဗုံးသံကြောင့် သူ၏မွေးစားသား သေဆုံး ခဲ့ရ၏။ အမှန်တော့ အမေရိကန်တို့၏ ဗုံးသည် သူ့အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အားထိခိုက်ခြင်းမရှိဘဲ သူ့အစား ကလေး တစ်ယောက်အား သတ်ဖြတ်ခဲ့သည်။

          အမေရိကန်တို့သည် ခေတ်မီလက်နက်များအပေါ် အားကိုးအားထား ပြုနေကြသည့် သူရဲဘောကြောင်သော လူမျိုးဖြစ်သည်။ သို့သော်လည်း အာလာအရှင်မြတ် ဗျာဒိတ်ထားသည့်အတိုင်းဆိုပါက ဤမိစ္ဆာဒိဋ္ဌိများသည် တစ်နေ့တစ်ချိန်တွင် မိမိတို့၏လက်တုံ့ပြန်မှုကို ခံကြရလိမ့်မည် ဖြစ်သည်။ သူတို့၏အမှတ်ခြောက်ရေတပ်သည် မိမိတို့၏ဖျက်ဆီးချေမှုန်းခြင်းကို မရှုမလှ ခံကြရလိမ့်မည်ဖြစ်သည်။

          သူတို့၏ မြို့များသည်လည်း မြေစာပင်ဘဝဖြင့် ပျက်စီးကြရလိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ကမ္ဘာကြီးသည် မြောက်အာဖရိကတိုက် အတွင်းမှ မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံ”ကို မျက်ဝါးထင်ထင် မြင်တွေ့ လာကြရလိမ့်မည် မဟုတ်ပါလော။

          တာဂျရာ၌ ဖွင့်လှစ်တည်ထောင်ထားသော အဏုမြူ သုတေသနစခန်း သည် ယူရေနီယမ်ဓာတ်သတ္တုများ အပြည့်အဝပါဝင်သည့် အဆင့်မြင့် လက်နက်များကို အချိန်မီထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ရာ နောက်ထပ် အချိန်ကြာကြာ စောင့်ဖို့မလိုတော့။ ပါကစ္စတန်ဗုံးအတွက် သူ၏ရင်းနှီး မြှုပ်နှံမှုသည် အလွန်ကြီးမားသော အကျိုးအမြတ်ကို ထုတ်လုပ်ပေးတော့ မည်ဖြစ်၏။ ကြီးမားသော အောင်မြင်မှုအတွက် ပျော်ရွှင်ဝမ်းမြောက်ရမည့် အချိန်သည် မိမိနှင့် လက်တစ်ကမ်းအကွာ၌ ရောက်နေပြီဖြစ်၏။

          အစ္စလာမ်မင်းသားသည် သူ၏ကော်ဇောထိုင်ဖုံကို ဖြန့်ခင်းလိုက် သည်။ ထိုင်ဖုံပေါ်တွင် ဒူးနှစ်ဖက်ထောက်ကာ ဆော်ဒီအာရေးဘီးယားနိုင်ငံ တွင်းရှိ မက္ကာမြို့ဘက်ဆီသို့ မျက်နှာမူ၍ ဝတ်ပြုသည်။ ငါးကြိမ်တိတိ ဘုရား ဝတ်ပြုအပြီးတွင် သူသည် ထိုင်ရာမှ ထရပ်ကာ သူ့အား စောင့်နေကြသည့်

          ဂျာမန်အတတ်ပညာရှင်များဘက် လှည့်၍ ဦးခေါင်းတစ်ချက် ဆတ်ပြီး - နှုတ်ဆက်သည်။

          အသက်ကြီးလှပြီဖြစ်သော်လည်း သွက်လက်ထက်မြက်ခြင်းကိုဖော်ပြနေသည့် မျက်နှာပိုင်ရှင် ဂျာမန်ဒုံးပျံသိပ္ပံပညာရှင်ဒေါက်တာ အလွိုက်စ် ဘရမ်းနားသည် မတ်စောက်သော သဲတောင်ကုန်းပေါ်သို့ တက်လာပြီး ကဒါဖီအား လှမ်းပြောသည်။

          “အားလုံး အဆင်သင့်ဖြစ်သွားပြီ။ အသံချဲ့စက်ကနေပြီး အချက်ပေး လိုက်”

          ကဒါဖီက ခေါင်းညိတ်ပြလိုက်ပြီး မျက်မှန်ကို ချွတ်လိုက်သည်။ လည်ပင်း၌ ဆွဲထားသည့်မှန်ပြောင်းကို ယူလိုက်သည့်အချိန်တွင် သဲကန္တာရ လေထဲ၌ တလွင့်လွင့်တက်လာနေသော သဲမှုန်များကို သတိထားလိုက်မိ၏။ လှည့်ကြည့်လိုက်သောအခါ အဖြူရောင်ခြုံထည်အင်္ကျီများနှင့် တောရက် လူမျိုးတစ်စုကို မြင်လိုက်ရသည်။ သူရပ်နေသော သဲတောင်ကုန်းနှင့် ကပ်လျက်တည်ရှိနေသည့် သဲတောင်ကုန်းပေါ်၌ ကုလားအုတ်ကိုယ်စီဖြင့် ရပ်နေကြခြင်းဖြစ်၏။ ကောင်းကင်ယံတွင်ပေါ်လာမည့် မီးတောက်ကြီးကို ကြည့်ရန် စောင့်မျှော်နေကြခြင်းပေတည်း။

          ကဒါဖီက တောရက်လူမျိုးစု၏ အကြီးအကဲဆီသို့ လက် ဝှေ့ယမ်းပြ လိုက်သည်။ အကြီးအကဲကလည်း သူ့လက်ထဲမှ ကုလားအုတ်နှင်တံကို မြှောက်၍ ဝှေ့ယမ်းပြသည်။

          သူတို့သည် စမ်းသပ်ပစ်လွှတ်မည့်အချိန်ကို သတိကြီးစွာထား၍ ရွေးချယ်ခဲ့ကြ၏။ အကယ်၍ သူတို့တွက်ဆထားသည့်အတိုင်း အစီအစဉ် များ မပြောင်းခဲ့ပါမူ အမေရိကန်တို့ လွှတ်တင်ထားသည့် ကေအိပ်ချ-၁ဝ ထောက်လှမ်းရေးဂြိုဟ်တုသည် ဂျာမားမြို့ အထက်ဘက်ရှိ ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့ ဝင်လာလိမ့်ဦးမည်မဟုတ်။

          အသံချဲ့စက်အတွင်းမှ အချက်ပေးရေရွတ်သံ ဆက်လက်ထွက်ပေါ် လာနေခိုက်တွင် ကဒါဖီသည် သူ့မှန်ပြောင်းဖြင့် အလွန်ပူပြင်းသော သဲကန္တာရ အတွင်းသို့ စေ့စေ့စပ်စပ်ကြည့်နေသည်။

          မြေအပြင်သည် တုန်ခါလာသည်။ သဲကန္တာရ မြေပြင်အောက်ဆီမှ အလွန်ပြင်းထန် ကျယ်လောင်သော အသံကြီးတစ်ခု အဆက်မပြတ် မြည် ဟည်းလာသည်။ မြေပြင်ထက်မှ စက်ဝိုင်းဆုံလည်တံခါးကြီး ပွင့်သွား သည်။ အလွန်ကြီးမားသော ဒုံးကျည်ကြီးတစ်ခုသည် မြေအောက်ကျင်းကြီးအတွင်းမှ အရောင်တလက်လက် ထွက်ကာ အပေါ်သို့ ထိုးတက်လာ သည်။ အမြီးပိုင်းမှ ထိုးထွက်လာနေသော မီးတန်းကြီးသည် တရှူးရှူးတရှဲရှဲ အသံပေးကာ မြည်ဟည်းလျက်ရှိ၏။ ဂျာမန်ဒီဇိုင်း အိုင်စီဘီအမ် ဒုံးပျံကြီး သည် အရှိန်ဖြင့် အမြင့်ပိုင်းသို့ လေးကန်စွာဖြင့် ထိုးတက်လာနေသည်။ ထို့နောက် ကမ္ဘာမြေကြီး၏ဆွဲငင်အားကို ရယူကာ ကောင်းကင်ဆီသို့ ဦးတည် ကာ အရှိန်အဟုန်ပြင်းစွာဖြင့် တက်သွားသည်။ ။

          ကဒါဖီသည် မှန်ဘီလူးဖြင့် မီးတန်းကြီးထိုးထွက်နေသော ဒုံးကျည် အမြီးပိုင်းကို မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေ သည်။ နောက် မိနစ်အနည်းငယ်မျှအကြာတွင် အသံလွှင့်စက်ဆီမှ ကြေညာသံ ထွက်ပေါ်လာသည်။ ပစ်လွှတ်လိုက်သော ဒုံးကျည်သည် စခန်း၏အရှေ့ဘက် မိုင်ခြောက်ရာအကွာရှိ ပစ်မှတ်အတုကို ချိန်ဆထားသည့်အတိုင်း တည့်တည့် မတ်မတ် ထိမှန်ကြောင်း ကြေညာလိုက်ခြင်းပေတည်း။

          ကဒါဖီသည် မှန်ပြောင်းကို ပြန်ချလိုက်ပြီး မလှမ်းမကမ်းမှ သဲသောင် ကုန်းဆီသို့ မျှော်ကြည့်သည်။ စောစောက ကုလားအုတ်ကိုယ်စီဖြင့် ရပ်ကြည့်နေကြသော တောရက်လူမျိုးများသည် သဲသောင်ကုန်းပေါ်၌ မရှိ ကြတော့ပေ။