Skip to product information
1 of 2

Other Websites

မောင်ထွန်းသူ - ရဲတိုက်(ပ)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ကုန်ခါနီး နေ့တစ်နေ့၏ မွန်းလွဲပိုင်းတွင် အတန်ငယ် နွမ်းပါးပုံရသော အင်ဒရူး မေဆန် အမည်ရှိ လူရွယ်တစ်ဦးသည် ဆွမ်ဆီးနယ်မှ ပီဒီးဝဲလ်တောင်ကြားသို့ သွားသည့် မီးရထားတစ်စီး၏ တတိယတန်းတွဲ တစ်တွဲပေါ်တွင် လိုက်ပါလာလေသည်။ ခရီးသည်များများစားစား မပါသဖြင့် ရထားတွဲတိုင်းလိုလိုပင် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ၏။ လူရွယ်သည် ရထားတွဲပြတင်းမှနေ၍ အပြင်ဘက်ရှိ တောတောင်ရေမြေ ပတ်ဝန်းကျင်အနေအထားများကို ငေးမောကြည့်ရှုရင်း အတွေးရေလျဉ်ကြောဝယ် နစ်မျောလျက်ရှိလေ၏။

အင်ဒရူး မေဆန်သည် တစ် နေ့ လုံးလိုလို ခရီးသွားခဲ့ရသဖြင့် စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ်လျက် ရှိသည်။ မြောက်ပိုင်းဒေသမှ စတင်ထွက်ခွာ လာကတည်းက ရထားပြောင်း၍ စီးခဲ့ရသည့် ကာလစ္စလီနှင့် ရှရူးစ်ဘူရီ၌သာ ခေတ္တခဏမျှ အညောင်းအညာဖြေခွင့် ရခဲ့သည်။ သူ၏ ခရီးလမ်းဆုံးဒေသ ဖြစ်သော တောင်ပိုင်းဝေလပြည်နယ်ထဲ ရောက်လာသည့် အချိန်ထိ မီးရထားပေါ်၌သာ အချိန်ကုန်ခဲ့ရလေ၏။

အလွန် ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော ခရီးလမ်း တစ်လျှောက်လုံးတွင် ဆရာဝန် တစ်ယောက်ဘဝဖြင့် သူပထမဦးဆုံး လက်ခံလုပ်ကိုင်ရတော့မည့် အလုပ်အကြောင်းကိုသာ ထပ်ခါတလဲလဲ စဉ်းစားလာမိလေ၏။

ဤနယ်မြေ ဤဒေသသည် သူ့အဖို့ ထူးဆန်းသော နယ်မြေဒေသဖြစ်၏။ တောတောင် ထူထပ်လွန်းသဖြင့် မြေမျက်နှာပြင် အနေအထားက မညီမညွတ်ရှိလှချေသည်။ ဤကဲ့သို့ လူသူအရောက်အပေါက် နည်းပြီး ခေါင်လွန်းလှသည့် အရပ်ဒေသမျိုးတွင် လုပ်ရမည့် သူ့အလုပ်သည် ချောချောမွေ့မွေ့မှ ရှိပါမည်လောဟု တွေးတော ပူပန်နေမိလေ၏။

မီးရထားလမ်း၏ ဝဲယာ တစ်ဖက်တစ်ချက်တွင် အစီအရီ တည်ရှိနေကြသော တောင်တန်းများသည် ပြင်းထန်စွာရွာသွန်းလျက်ရှိသော မိုးအရှိန်ကြောင့် မှုန်ရီမှိုင်းပြလျက်ရှိသည်။ တောင်ထိပ် တောင်ထွတ်များသည် ညိုမှိုင်းရီဝေလျက်ရှိသော မိုးသားတိမ်လိပ်၏နောက်ဝယ် ပုန်းကွယ်လျက်ရှိကြလေသည်။

လူသူ ကင်းမဲ့နေသော တောင်စောင်းများမှာ တိတ်ဆိတ်ခြောက်သွေ့ လျက်ရှိ၏။ သတ္တုများ တူးဖော်ထားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် တောင်စောင်းများမှာ အကျည်းတန်လှပေသည်။ ဟိုတစ်ပုံ သည်တစ်ပုံ အစုလိုက် အပုံလိုက် တည်ရှိနေသော ချော်တုံးချော်ခဲများကြောင့် သာယာလှပမှု ကင်းမဲ့ကာ ပို၍ အရုပ်ဆိုးလျက် ရှိလေသည်။

ညစ်ပတ်ပေရေလျက်ရှိသော သိုးတစ်အုပ်သည် ချော်တုံးချော်ခဲများပေါ်ဝယ် လှည့်လည်သွားလာနေသည်ကို တွေ့ရသော်လည်း စားကျက်မြေဟူ၍ မည်မည်ရရမမြင်ရချေ။ ချုံနွယ်ပိတ်ပေါင်းလည်းမရှိ၊ စိမ်းစိုလန်းဆန်းသော သစ်ပင်အစအနကိုလည်း မတွေ့ရှိ။ မှုန်ရီအုံ့ဆိုင်းနေသော ဝိုးတဝါးအလင်းရောင်အောက်တွင် မြင်တွေ့နေရသည့် သစ်ပင်များမှာလည်း ခြောက်သယောင်းလျက်ရှိသဖြင့် ကြုံလှီသေးကွေးသော မကောင်းဆိုးရွား မှင်စာက လေးများ ရပ်နေသည်နှင့် တူလှပေသည်။

မီးရထားအကွေ့တွင် စက်ရုံတစ်ခုဆီမှ ထွက် ပေါ်နေသော နီရဲတောက်ပသည့် အလင်းရောင်အောက် ဝယ် အကျီတုံးလုံးနှင့် အလုပ်လုပ်နေကြသော အလုပ်သမားများတစ်စုကို ရိပ်ခနဲလှမ်းမြင်လိုက်ရလေသည်။ အလုပ်သမားများ၏ တစ်ကိုယ်လုံးမှာ ညစ်ပတ် ပေရေလျက် ရှိပြီး တစ်စုံတစ်ခုကို ထုရိုက် ရန် လက်များ မြှောက် နေကြ၏။ အင်ဒရူး မေဆန်၏ မျက်စိအောက်မှ မြင်ကွင်းသည် ချက်ချင်းပျောက်ကွယ်သွားသော်လည်း အလုပ်သမားများ အားမာန် အပြည့်နှင့် လှုပ်ရှားနေသည့် သဏ္ဌာန်မှာမူ သူ ၏ စိတ်အာရုံဝယ် စွဲထင် ကျန်ရစ်ခဲ့လေ၏။ ။

အင်ဒရူး မေဆန်သည် သက်ပြင်းတစ်ချက် လိုက်သည်။ သူ့စိတ်သည် စောစောကနှင့် မတူတော့ပေ။ ပေါ့ပါးတက်ကြွသလိုဖြစ်လာသည်။ သူ့အလုပ်သည် အလားအလာရှိတန်ကောင်းပါရဲ့ ဟူသော အတွေးသည် ဝင်လာပြန်သည်။ ထိုအတွေးသည် မျှော်လင့်ချက် ရောင်ခြည်ကလေး သန်းလာစေသည် ဖြစ်ရာ သူ၏ အနာဂတ် ကာလသည် သာတောင့်သာယာ ရှိလိမ့်မည်ဟူ သော ယုံကြည်စိတ်ချမှုကလေးသည် သူ့ရင်တွင်း၌ မသိမသာကိန်းအောင်း လာပြန်လေ၏။ အမှောင်ရိပ်များသည် ကျဆင်းစပြုလာချေပြီ။

နာရီဝက်ခန့် အကြာတွင် မီးရထားသည် ဒရင်းဖီးဘူတာ ရှေ့ဝယ် ပင်ပန်း မောဟိုက်စွာဖြင့် ထိုးဆိုက် လိုက်လေ၏။ သူ၏ ခရီးသည် လမ်းဆုံးသို့ ရောက်ခဲ့ပေပြီ။

အင်ဒရူး မေဆန်သည် သူ့ လက်ဆွဲသေတ္တာကို ဆွဲယူကာ ရထားပေါ်မှ ခုန်ဆင်းလိုက်ပြီး စကြံတစ်လျှောက် ခပ်သုတ်သုတ် လျှောက်သွားရင်း သူ့ အား ကြိုလာမည့် သူနှင့် တွေ့ လို တွေ့ငြား ဝဲယာ တစ်လျှောက် ကြည့်သွားလေ၏။ ။

ဘူတာရုံ ထွက်ပေါက်အနီးရှိ မီးတိုင် အောက်တွင် လေးထောင့်စပ်စပ် ဦးထုပ်ကို ဆောင်း၍ မိုးကာအကျီရှည်ကြီး ဝတ်ထားသော အသားဝါဝါ မျက် နှာပိုင်ရှင် အဘိုးအိုတစ်ဦးရပ်နေလေသည်။ အဘိုးအိုသည် နနွင်းရောင်ပေါက်နေသော မျက်လုံးအစုံ ဖြင့် မေဆန်အား လှမ်းမျှော် ကြည့်ရှုနေရာမှ တွန့်ဆုတ်ဆုတ်အသံ ဖြင့် လှမ်းမေးလေသည်။

“ခင်ဗျား ဒေါက် တာ ပိတ်ချ်ရဲ့ လက်ထောက်ဆရာဝန် လုပ်မယ့် လူ မဟုတ်လား” “ဟုတ်ပါတယ် ခင်ဗျာ၊ ကျွန်တော် မေဆန်ပါပဲ၊ အင်ဒရူး မေဆန်လို့ ခေါ်ပါတယ်”

“ဟူး ... ကျုပ် နာမည်က သောမတ်၊ အဘိုးကြီးသောမှတ်လို့ ခေါ်တာ များတယ်၊ ကျပ်မှာ မြင်းရထား ပါလာတယ်၊ လာပါ လာပါ၊ အင်း .... မြင်းရထားသာ မပါလာလို့ ဒီအတိုင်း လမ်းလျှောက်သွားရမယ် ဆိုရင်တော့ ခင်ဗျား ရေကူးနေရမှာ သေချာသဗျ”

မေဆန်သည် သူ့ သေတ္တာကို မြင်းရထားပေါ်သို့ လှမ်းတင်လိုက်ပြီး အသာတက်၍ ထိုင်လိုက်သည်။ မြင်းနက်ကြီးမှာ အားကောင်းမောင်းသန်နှင့် သန်မာထွားကျိုင်းလှသော်လည်း ရထားလုံးကမူ ပုံမကျပန်းမကျနှင့် ဟောင်းနွမ်းအိုမင်းလှပေသည်။ သောမတ်သည် မြင်းဇက် ကြိုးကို တစ်ချက် ဆောင့်၍ဆွဲလိုက်လေသည်။

“ဟဲ့ .... မြင်း” မြင်းရထားသည် မြို့တွင်းသို့ ဝင်လာခဲ့လေပြီ။

အင်ဒရူး မေဆန်သည် မြို့အနေအထားကို ဂရုပြု၍ ကြည့်ပါသော်လည်း ပြက်ပြက်ထင်ထင် မမြင်ရချေ။ သဲသဲမဲမဲ ရွာနေသော မိုးကြောင့် မြင့်မားသော တောင်တန်းတောင်စွယ်များ၏ အောက်ခြေဝယ် အစီအရီ ကုပ်ကုပ်ရုပ်ရုပ်တည်ရှိနေသော အိမ်များကို ခပ်ဝါးဝါးသာလျှင် မြင်တွေ့ရလေသည်။ ။

အဘိုးကြီး သောမတ်သည် အင်ဒရူး မေဆန်၏ မျက်နှာကို စူးစမ်းသည့်အနေဖြင့် မကြာခဏ လှမ်း၍ ကြည့်သော်လည်း စကားတစ်ခွန်းမှ မပြောချေ။ ( အင်ဒရူး၏ မျက်စိထဲဝယ် အဘိုးအို သောမတ်၏ ပုံပန်းမှာ ဝင်ငွေ အလွန်ကောင်းသည့် ဆရာဝန် တစ်ယောက် ၏ ကျွမ်းကျင်သော မြင်းရထားသမား ပုံမျိုး မပေါက်ပေ။ အဘိုးအို၏ ခန္ဓာကိုယ်မှာ ကြုံလှီ သေးကွေး လွန်းလှသည်။ နေပုံထိုင်ပုံ နှင့် ဝတ်စား ဆင်ယင်ပုံကလည်း သေသေ သပ်သပ် မရှိလှ။ သူ့ကိုယ်မှလည်း မြင်းချေးနဲ့ ထွက်လျက်ရှိသည်။ နောက်ဆုံးတွင် သူကပင် စကားစ၍ ပြောလာလေသည်။

ခင်ဗျား ဒီက ရေးလိုက်တဲ့စာ ရသလား” အင်ဒရူးက နှုတ်ဖြင့် ပြန်မဖြေ။ ခေါင်းညိတ်ပြသည်။ “အင်း ... ကျုပ်လည်း ထင်သားပဲ၊ ရလိမ့်မယ်လို့”

အဘိုးအို သောမတ်သည် တံတွေးတစ်ချက် ပက်ခနဲ ထွေးထုတ်သည်။ သူ၏ တွေးထင်ချက် မှန်ကန် သွားသဖြင့် ကျေနပ် အားရသွားဟန်လည်း တူ၏။ စောစောကထက် နှုတ်အာသွက်လာ လေသည်။

“နောက်ဆုံးလုပ်သွားတဲ့ လက်ထောက်ဆရာဝန်က လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက လစ်သွားတယ်၊ အများအားဖြင့် ဒီလိုချည်းပါပဲဗျာ၊ နောက်လူလာတဲ့အထိ မစောင့်ချင်ကြဘူး”

အင်ဒရူးက တစ်ချက်ပြုံးလိုက်ပြီး စုံစမ်းသည့်သဘောဖြင့် .... “ဘာပြုလို့ မစောင့်ချင်ကြတာလဲ” ဟုမေးလိုက်လေ၏။ “

အကြောင်းတစ်ခုကတော့ အလုပ်များလို့ ထင်ပါရဲ့” ဟု သောမတ်က ပြောပြီး စကားကို လက်စမသတ်ဘဲ ရပ်ထားသဖြင့် ဆိုပါဦး၊ နောက် တစ်ကြောင်းက” ဟု အင်ဒရူးက ထောက် ပေးလိုက်သည်။

“အင်းလေ၊ နောက်တစ်ကြောင်းကတော့ ခင်ဗျားဘာသာ ခင်ဗျား လုပ်ရင်းကိုင်ရင်း တွေ့ လာမှာပါဗျာ” ဟု သောမတ်က ဖြေလေသည်။

ခဏမျှအကြာတွင် မြင်းရထားသည် ဘုရားရှိခိုးကျောင်း တစ်ကျောင်းရှေ့သို့ ရောက်လာသည်။ သောမတ်က လက်ထဲမှ ကြာပွတ်ဖြင့် ခပ်လှမ်းလှမ်းရှိ အိမ်တန်းတစ်ခု၏ အစွန်ဆုံးမှ မီးခိုးတလူလူ ထွက်လာနေသော အိမ်တစ်လုံးဆီသို့ ညွှန်ပြသည်။ “အဲဒါ ကျုပ် နှင့် ကျပ်ဆရာ ဒေါက်တာ ပိတ်ချ်တို့ နေတဲ့အိမ်ပဲ”

သောမတ်၏ နှုတ်ခမ်းပေါ်ဝယ် လျှို့ဝှက်နက်နဲသည်ဟု ယူဆရသော အပြုံးရိပ်ကို မြင်နေရလေသည်။

..........................................

 

ဒီမှာ မေဆန်၊ ကျုပ်နားလည်တာက ခင်ဗျားဟာ လန်ဒန်မြို့ပေါ်က နေ လူသိများတဲ့ ဆရာဝန်တွေနှင့် ခွဲစိတ်ကု ဆရာဝန်တွေ နေတဲ့ ဟာလေလမ်းကို ရောက်ဖို့အတွက် အခုမှ ခရီးအစ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ လေ။ လောလောဆယ် ဒီအရပ် ဒီဒေသနှင့် ပတ်သက်ပြီး ခင်ဗျား သိထားသင့်တဲ့ အချက် နှစ်ချက် ရှိနေတယ်။ ကျုပ်ကတော့ ပြောသင့်တယ် ထင်လို့ ပြောတာပါ။ ဆရာဝန် တစ်ယောက် အနေနှင့် ကရုဏာတရား အပြည့်အဝထားပြီး စိတ်စေတနာ ဖြူဖြူစင်စင် ကောင်းကောင်းမွန်မွန်နှင့် ကုမယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်မျိုးနှင့်တော့ ဒီအရပ်မှာ အလုပ်လုပ်လို့ မရဘူးဆိုတာ ခင်ဗျား တွေ့ လာပါလိမ့်မယ်၊ မြို့မှာ

ဆေးရုံလည်းမရှိဘူး၊ လူနာတင်ကားလည်း မရှိဘူး၊ ဓာတ်မှန်ရိုက် ကိရိယာလည်း မရှိဘူး၊ အိုဗျာ ... ဘာဆိုဘာမှ မရှိဘူး၊ ခင်ဗျားအနေနှင့် ခွဲဖို့စိတ်ဖို့ ရှိလာရင် လူနာ ကို သူ့ အိမ်ထဲက မီးဖိုခန်းထဲမှာရှိတဲ့ စားပွဲပေါ်တင်ပြီး ခွဲရမယ်၊ ခွဲစိတ်ပြီးရင် ခင်ဗျားလက်ကို အိုးခွက်ပန်းကန် ဆေးကြောတဲ့ ခွက်ထဲမှာ ဆေးရမယ်၊ ရေကလည်း မသန့်ဘူး၊

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)