Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ဗင်းဆင့်ရှာပုံတော်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

ဗင်းဆင့်ရှာပုံတော်

           သူ့ဘဝတစ်လျှောက်လုံး ဗင်းဆင့်ဗင်းဂိုးသည် အထက်ပါ အသိတည်း ဟူသော အကျဉ်းချခံနေရမှုကြားမှ ဖြတ်သန်းခဲ့ရသည်။ သူသည် ကမ္ဘာလောကနှင့် လူသားတို့၏ဘဝကို ချစ်မြတ်နိုးမှုနှင့် တွယ်တာမှုများကို အရင်းတည်ကာ ယင်းအသိတည်းဟူသော အကျဉ်းထောင်တွင်းမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဤကြားထဲမှပင် သာသနာပြုပုဂ္ဂိုလ်တစ်ဦး၏အလုပ်၊ လူအများအား ကူညီရန်အားထုတ်မှုနှင့် ပန်းချီအပေါ်၌ သံယောဇဉ်ကြီးမှုတို့သည် သူ့ အပေါ်လွှမ်းမိုးလာခဲ့၏။ ယင်းလုပ်ငန်းများ၏ ဖိနှိပ်တောင်းခံမှုများသည် အဆမတန် ကြီးမားလာခဲ့၏။ ယင်းတောင်းခံမှုများကြောင့် ဗင်းဆင့်သည် ဘဝတစ်လျှောက်လုံး ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းဒုက္ခဝေဒနာများကို ခံစားခဲ့ ရ၏။ နောက်ဆုံးတွင် ယင်းဒုက္ခများကြောင့် အသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ ရသည်။

           ဗင်းဆင့်အား ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒတ်ချ်ဘရား ဘန့်နယ် အတွင်းမှ ရွာလေးတစ်ရွာဖြစ်သော ဂရု -ဇွန်ဒတ်၌ မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ မာတင်လူသာ ခရစ်ယာန်ဂိုဏ်းဝင် လူသာရင် သင်းအုပ်ဘုန်းကြီး တစ်ပါးဖြစ်၏။ သူ့ဖခင်သည် ဗင်းဆင့်အား ပန်းချီကား အရောင်းအဝယ်သမား တစ်ယောက် ဖြစ်စေချင်သည်။ ထို့ကြောင့်လည်း ဗင်းဆင့်သည် အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် သူ့ဦးလေးတစ်ယောက် တည်ထောင်ထားသော ဂေါ်မစ်လ် ဂဲလားရီးစ် ပန်းချီအရောင်းအဝယ်လုပ်ငန်းကြီးထဲတွင် အလုပ်ဝင်ရောက်လုပ်ကိုင် ခဲ့သည်။

           သူသည် ပထမဆုံး လော့ဂ်မြို့လုပ်ငန်းဌာနခွဲ၌ ၁၈၇၀ ခုနှစ်နှင့် ၁၈၇၃ ခုနှစ်ကြား သုံးနှစ်တိတိ အရောင်းစာရေးလုပ်နေခဲ့ရသည်။ ထို့နောက် လက်ရှိဌာန ခွဲထက် ပို၍ကြီးသော လန်ဒန်မြို့တော်ဌာနခွဲ၌ နှစ်နှစ်တိတိ ပြောင်းရွှေ့ အမှုထမ်းခဲ့ ရသည်။ နောက်ဆုံးတွင် လုပ်ငန်းဌာနချုပ်ရှိရာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့ ၁၈၇၅ ခုနှစ်တွင် ပြောင်းရွှေ့ တာဝန်ယူခဲ့ရသည်။ သူသည် နာရီပေါင်းမြားစွာ ပန်းချီပြတိုက်များနှင့် ပန်းချီအရောင်းပြခန်းများအတွင်း၌ အချိန်ဖြုန်းခဲ့ရပြီး ထင်ရှားကျော်ကြားသော ပန်းချီဆရာကြီးများ၏ လက်ရာအမြောက်အများကို ကြည့်ရှုလေ့လာခွင့် ရနေခဲ့သော်လည်း ထို သူလုပ်နေရသည့် ပန်းချီကား အရောင်းအဝယ်လုပ်ငန်းအပေါ်တွင်မူ လုံးဝ စိတ်မဝင်စားခဲ့ပေ။

           သူ ဘာကို ဝါသနာပါပြီး ဘာကို လုပ်လိုသော ဆန္ဒရှိမှန်း ရေရေရာရာ မသိသေးသော ဗင်းဆင့်သည် ရုတ်တရက်ဖြစ်ပေါ်လာသောစိတ်ကူးအရ အလုပ်မှ ထွက်ကာ ၁၈၇၆ ခုနှစ်နှစ်ဆန်းပိုင်းတွင် မိဘရပ်ထံပြန်လာခဲ့သည်။ အိမ်ရောက် သည့်အချိန်မှစ၍ သူသည် စာအုပ်တွေ အများကြီးဖတ်သည်။ ပန်းချီပုံကြမ်းတွေ အများအပြားဆွဲသည်။ ဘာသာရေးဆိုင်ရာ အလုပ်များကို လုပ်လိုသောစိတ် အပြင်းအထန်ဖြစ်သည်။ ထို့နောက် သူသည် မငြိမ်မသက်ဖြစ်လွန်းသောစိတ်ဖြင့် တစ်နေရာမှ တစ်နေရာသို့ လျှောက်သွားသည်။

           ရှေးဦးစွာ သူသည် ရမ်းစ်ဂိတ်သို့ ဘာသာစကားသင်ကြားရန် သွားသည်။ ထို့နောက် အိုင်းစ်ဝတ်သ်သို့သွား၍ ခရစ်ယာန်လက်ထောက်ဘုန်းကြီး လုပ်သည်။ ဒေါဒရက်ချ်သို့သွား၍ စာအုပ်ဆိုင်တစ်ဆိုင်တွင် အရောင်းသမား ဝင်လုပ်သည်။ အမ်စတာဒမ်မြို့သို့သွား၍ ဘာသာရေးပညာကို သင်ယူသည်။ ထို့နောက် ဘရပ်ဆဲလ်မြို့သို့ သွားရောက်ပြီး ဓမ္မဆရာသင်တန်းတက်သည်။

           ၁၈၇၉ ခုနှစ် ဇန်နဝါရီလထဲတွင် သူ့အား သာသနာပြုအဖြစ် ခန့်အပ်ပြီး ဘယ်လ်ဂျီယံနိုင်ငံရှိ ကျောက်မီးသွေးတွင်းဒေသဖြစ်သော ဘိုးရင်း စိတ်ချ်သို့ စေလွှတ်ခြင်းခံရသည်။ ထိုဒေသ၌ နေထိုင်စဉ်အတွင်း၊ ဆင်းရဲဒုက္ခ ဆိုသည်မှာ ဘယ်လိုဟာလဲ, ဟူသောအချက်ကို ရှာဖွေတွေ့ရှိခဲ့ရပါသည်ဟု သူကိုယ်တိုင်က ထုတ်ဖော်ပြောပြဖူးသည်။ သူသည် ကျောက်မီးသွေးတွင်းတူး အလုပ်သမားများနှင့်အတူ အခက်အခဲများနှင့် ဆင်းရဲမွဲတေခြင်း ဒုက္ခများကိုပင်ပန်းကြီးစွာ မျှဝေခံစားသည်။ သူ့တွင် ရှိသမျှ အစားအစာနှင့် ငွေကြေးပစ္စည်း အသုံးအဆောင်များကို အလုပ်သမား မိသားစုများအား စွန့်ကြဲပေးကမ်းပစ် သည်။ သူကိုယ်တိုင်ပင်ဆင်းရဲငတ်ပြတ်ခြင်းဒဏ်ကို ပြင်းထန်စွာခံစားရသည်။ စိတ်ရောကိုယ်ပါ ဆင်းရဲခဲ့ရ၏။ ထိုအချိန်က သူခံစားခဲ့ရသော ဆင်းရဲဒုက္ခများကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးချို့တဲ့မှုသည် နောင်အချိန်အထိ ပြန်လည်၍ တိုးတက်ကောင်းမွန်လာခြင်း မရှိတော့ပေ။

           ၁၈၈ဝ ခုနှစ် နွေရာသီကာလ ဘိုးရင်းနိတ်ချ်၌နေ့စဉ်အတွင်း ဗင်းဆင့် သည် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချမှတ်လိုက်သည်။ သူ့ အတွက် အကောင်း ဆုံးသောနည်းလမ်းမှာ သူ့ဘဝအား ပန်းချီဆွဲသည့် အလုပ်ထဲ၌ နှစ်မြှုပ်ရန် ဖြစ်သည်ဟု တွေးမိသည်။ သူ့ ဆန္ဒကို သူ့ညီ သီအိုထံသို့ စာတစ်စောင်ဖြင့် ရင်ဖွင့်သည်။ သူ့တွင် ဘဝတစ်လျှောက်လုံး မှီခိုအားထားခဲ့ရသည့်လူမှာ သူ့ညီ သီအိုတစ်ယောက်တည်းသာရှိ၏။ သူ့စိတ်ထဲပါလာသမျှ ခံစားမှုများကို လည်း သူ့ညီ သီအိုမှတစ်ပါး တခြားဘယ်သူ့ကိုမှ ထုတ်ဖော်ပြောပြလေ့မရှိပေ။

           ဗင်းဂိုး၏ ပန်းချီပညာသင်ဘဝမှာလည်း ယခင် တစ်ကြိမ်သာသနာပြု ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ရောက်အောင်ကြိုးစားခဲ့စဉ်က အတိုင်းပင်ဖြစ်သည်။ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပြန်၏။ သူ ဘိုးရင်းစိတ်ချ်၌ နေစဉ်အတွင်း သူ၏ မှတ်စုစာအုပ်များထဲ၌ ကျောက်မီးသွေးတွင်းတူး အလုပ်သမားများနှင့် မိသားစု များ၏ပုံကို အမြဲတစေဆွဲထားခဲ့သည်။ ယင်းတို့၏ နေထိုင်ဆက်ဆံမှု ဘဝများကို လည်း ပုံကြမ်းများဖြင့် မှတ်တမ်းတင်ထားခဲ့၏။

           ထို့နောက် သူသည် ၁၈၈၀ ခုနှစ်အတွင်းမှာပင် ဘရပ်ဆဲလ်မြို့သို့ ရောက်သွားသည်။ ထိုမြို့တွင် သူသည် ခန္ဓာဗေဒ ဘာသာရပ်နှင့် ရှုခင်းတစ်ခု၏ အနီးအဝေးမြင်ကွင်း ဘာသာရပ်များကို သင်ကြားလေ့လာသည်။ ထို့နောက် မကြာသေးခင်ကမှ မိဘများပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အက်တင်းမြို့သို့ လိုက်သွားခဲ့သည်။ သူ ပန်းချီဆရာဖြစ်ရန် ကြိုးပမ်းအားထုတ်မည်ဟူသော ရည်မှန်းချက်ကို မိသားစုက သဘောမတူခြင်း၊ ဒုတိယချစ်ရေးချစ်ရာကိစ္စက အဆင်မပြေခြင်း စသည်တို့ကြောင့် သူသည် ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းဒဏ်ကို ခံရပြန်သည်။ သူ တွေ့ခဲ့ရသည့် ဒုတိယချစ်သူမှာ သူ့မိသားစုနှင့် လာရောက် နေထိုင်လျက်ရှိသော သူ့ဝမ်းကွဲနှမ မုဆိုးမဖြစ်သည်။

           ဗင်းဆင့်အနေဖြင့် ၁၈၇၄ ခုနှစ် လန်ဒန်တွင်နေစဉ်က ခံစားခဲ့ရသည့် အချစ်ဝေဒနာမျိုးကို အပြင်းအထန် ခံရပြန်သည်။ သူသည် အချစ်ရေးကိစ္စကို လက်မြှောက်အရှုံးပေးကာ ၁၈၈၁ ခုနှစ် ဆောင်းရာသီတွင် လော့ဂ်မြို့သို့ထွက်ခွာလာ ခဲ့သည်။ ပထမဆုံးအကြိမ် သူ့ဝမ်းကွဲအစ်ကို အင်တွန်မောဗီး” ၏ ကြီးကြပ်မှအောက်၌ နေထိုင်ကာ ပန်းချီဆွဲသည်။ ထို့နောက် သူသည် ခရစ္စတင်း-အမည်ရှိ ပြည့်တန်ဆာတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့သည်။ သူ့တွင် ငွေကြေးမပြည့်စုံ မှုကြောင့် ခရစ္စတင်းနှင့် ခွဲခွာပြီး မိဘများပြောင်းရွှေ့ နေထိုင်သည့် နူနင်မြို့သို့ ထွက်ခွာခဲ့သည်။ သူသည် မိဘများနှင့်အတူနှစ်နှစ်မျှ နေထိုင်ခဲ့ရာ ထိုကာလအတွင်း ပန်းချီဆွဲသည့်အလုပ်ကို ပြင်းထန်စွာ လုပ်ကိုင်ခဲ့သည်။ ဤအတွင်းမှာပင် အိမ်နားနီးချင်းတစ်ဦးဖြစ်သော မားဒေါ့ဘီဂျီမန်းနှင့် မေတ္တာမျှခဲ့၏။ သို့သော် လည်း မိန်းကလေး၏ မိဘများက လုံးဝသဘောမတူခဲ့သဖြင့် မားဒေါ့သည် သူ့ကိုယ်သူ သတ်သေရန် အားထုတ်ခဲ့သည်။ ယင်းအဖြစ်သည် ဗင်းဆင့်၏စိတ်ကို များစွာ ထိခိုက်စေခဲ့၏။

           ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားခြင်းသည် ဗင်းဆင့်အတွက် အားကိုးရာမဲ့ဖြစ်ရပြန်သည်။ အမြဲတစေ ကြုံတွေ့ နေရသော ငွေကြေးအခက်အခဲကြောင့် သူ့တွင် ဒုက္ခရောက်ရပြန်၏။ သူသည် အန်တဝပ်မြို့ သို့ ၁၈၈၅ ခုနှစ် ဆောင်းရာသီတွင် ထွက်ခွာလာခဲ့သည်။ ထို့နောက် မလွှဲမရှောင်သာတော့ သဖြင့် ပါရီမြို့ရှိ သူ့ညီသီအိုထံသို့ သွားရောက်ကာ နှစ်နှစ်ကြာ နေထိုင်ခဲ့ရပြန် သည်။ ဤကာလအတွင်း ပန်းချီနှင့် ပတ်သက်သောသူ၏ နည်းပညာများသည် များစွာတိုးတက်လာသည်။ နောက်ပိုင်းတွင် ဆွဲလာသည့် သူ၏ ထူးခြားထင်ရှားသော ပန်းချီကားများအတွက် နည်းပညာများကို ပါရီမြို့၌ နေစဉ်အတွင်း ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ။

           ပါရီ၌ နေစဉ်အတွင်း သူသည် ကာမွန်၏ ပန်းချီပညာသင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ဤကျောင်းမှာပင် သူသည် တော်လိုဆီ-လောထရက်၊ဘားနတ်” နှင့် အခြားလူငယ် ပန်းချီဆရာများအား သိကျွမ်းလာခဲ့သည်။ သူသည် ယင်းပန်းချီဆရာများနှင့် ပန်းချီနည်းပညာများအကြောင်းကို အမြဲတစေ ဆွေးနွေးငြင်းခုံခွင့်ရခဲ့သည်။ အထူးသဖြင့် အင်ပရက်ရှင်းနစ် ပန်းချီဆရာတို့၏ ရေးဟန်များ အကြောင်းကို အငြင်းအခုံဖြစ်ကြရသည်။

           သူသည် ပစ်ဆာရို-၊ ဆောရက်၊ ဆစ်ဂနက်နှင့် ဂေါ်ဂင် စသော ပန်းချီဆရာများနှင့်လည်း အလွန်ရင်းနှီးခင်မင်ခဲ့သည်။ အထူးသဖြင့် ဂေါ်ဂင် သည် သူအခင်ဆုံးနှင့် သံယောဇဉ်အတွယ်ဆုံး လူတစ်ယောက်ဖြစ်လာခဲ့သည်။ သူ အားလ်စ်မြို့သို့ ရောက်သွားသည့်အခါ ဂေါ်ဂင်အား သူနှင့်အတူ လာရောက် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဂေါ်ဂင်သည် ၁၈၈၈ ခုနှစ်အောက်တိုဘာလထဲတွင် အားလ်စ်မြို့သို့ ရောက်လာသည်။ ပန်းချီဆရာနှစ်ယောက်သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ပန်းချီများကို ရေးဆွဲကြသည်။

           မည်သို့ပင်ဖြစ်စေ အတူတူနေထိုင်ခဲ့သည့် နှစ်လတာကာလအတွင်း သူတို့နှစ်ယောက်သည် အမြဲတစေ ငြင်းခုံကြသည်။ ရန်ဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် အကျင့်စရိုက်ချင်း မတူကြသည့် အားလျော်စွာ အတွေးအမြင် ချင်းလည်း မတူကြချေ။ မဆုံးနိုင်သောငြင်းခုံမှုများကြောင့် နောက်ဆုံးတွင် ဗင်းဆင့်ဘက်မှ သည်းမခံနိုင်အောင်ဖြစ်လာခဲ့သည်။ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လိုက်သည့် စိတ်ဝေဒနာကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဗင်းဆင့်သည် ဂေါ်ဂင်အား ဓားနှင့်ထိုးရန် နှစ်ကြိမ်မျှ အားထုတ်ခဲ့သည်။ ယင်းအားထုတ်မှုသည် ဗင်းဆင့်ကိုယ်တိုင် သူ့နားရွက်ဖျားကို ဓားနှင့်လှီးပစ်ခြင်း အားဖြင့် အဆုံးသတ်သွားခဲ့၏။ စိတ်ဝေဒနာနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာသည့် ရောဂါဝေဒနာ၏ အရိပ်လက္ခဏာဖြစ်ပေသည်။

           ၁၈၈၉ ခုနှစ် မေလတွင် သူ့အား စိန့်-ရီမီ-ဒီပရောဗင့်စ် စိတ္တဇဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ခဲ့ရ၏ ။ သူ့အား အနီးကပ်စောင့်ကြပ်ကြည့်ရှုကုသ ပေးရန် လိုအပ်သည်ဟု ယူဆ၍ဖြစ်သည်။ သို့သော်လည်း သူ၏ စိတ်ကျန်းမာရေး အခြေအနေမှာ တိုးတက်မလာချေ။ ဤဆေးရုံ၌ တစ်နှစ်မျှနေပြီးနောက်ဩဗားစ်-ဆာကွိုက်ဆီ” စိတ်ရောဂါ အထူးကုဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းဆေးရုံတွင် သူသည် အက်ပရက်ရှင်းနစ် ပန်းချီဝါသနာရှင် ဒေါက်တာ ဂါးချက်- နှင့် ဆုံမိကြသည်။

           တစ်နှစ်မျှကြာသောအခါ သူ၏စိတ်ရောဂါသည် အတော်အသင့်သက် သာလာသည်။ သူသည် သီအိုနှင့်ခဏတစ်ဖြုတ်နေထိုင်ရန် ပါရီမြို့သို့ ရောက်လာ ခဲ့သည်။ အရာရာတိုင်းသည် ဗင်းဆင့်အတွက် အဆင်ပြေနေပြီဟု ယူဆရ၏။ သို့သော်လည်း စိတ်ရောဂါ၏ ပြင်းထန်သော တိုက်ခိုက်မှုကိုခံရသဖြင့် သူ့ကိုယ်သူ သေနတ်နှင့် ပစ်ခဲ့သည်။ နှစ်ရက်မျှအကြာ ၁၈၉၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ သူ့အချစ်ဆုံးညီသီအိုနှင့် သူ့အခင်ဆုံး မိတ်ဆွေဂါးချက် တို့သည် သူ့ဘေး၌ ရှိနေကြ၏။